ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  အောက်တိုဘာလ (၇)ရက်နေ့ နံနက် (၉)နာရီအချိန်တွင် ပြည်ထောင်စု သမ္မတ  မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ  လီကျွင်းဟွာအား နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံ ခဲ့ကြောင်း  အောက်တိုဘာလ (၈)ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ  သိရသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ  နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အမှတ်(၁)  လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းတို့  တက်ရောက်ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့  သမ္မတနိုင်ငံ    သံအမတ်ကြီး မစ္စတာ လီကျွင်းဟွာနှင့်အတူ တရုတ်  ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ထို့အပြင်  မစ္စတာ လီကျွင်းဟွာသည် ယင်းနေ့ ညနေ ၃ နာရီတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ  သူရဦးရွှေမန်းအား နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်  ဧည့်ခန်းမဆောင်၌ သွားရောက်တွေ့ဆံခဲ့ကြောင်းလည်း သိရသည်။
ထိုသို့  တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ဒုတိယဥက္ကဋ္ဌ  ဦးနန္ဒကျော်စွာနှင့် ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ  ဦးတီခွန်မြတ်တို့ တက်ရောက်ကြကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဉ်  နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာရေးနှင့် နှစ်နိုင်ငံ  အကျိုးတူစီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ  ဆွေးနွေးကြကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။
“တရုတ်အနေနဲ့ မြန်မာပြည်က ရနိုင်မယ့် အကျိုးစီးပွားတွေ  အမြောက်အများ ရှိနေပါသေးတယ်၊ ဒီမြစ်ဆုံကိစ္စဟာ တရုတ်အတွက်တော့     ကင်းခြေများ ခြေတစ်ချောင်း ကျိုးတာလောက်ပဲ ရှိမှာပါ၊ ဒါကြောင့်  တရုတ်အနေနဲ့ သံတမန်ယဉ်ကျေးမှု ထုံးစံအရ ကန့်ကွက်တာကလွဲလို့ ဒီကိစ္စ       အပေါ်မှာ အလျော့ပေးပါလိမ့်မယ်၊ အံ့သြဖို့ကောင်းတာက သမ္မတကြီးက ဒီကိစ္စကို  တရုတ်ကို လုံးဝအသိမပေးဘဲ ရပ်တန့်လိုက်တဲ့ကိစ္စပါ၊ ဒါဟာ မြန်မာနိုင်ငံဟာ  တရုတ် သြဇာခံ မဟုတ်ဘူးဆိုတာ ထင်ထင်ရှားရှား ပြလိုက်တဲ့ လုပ်ရပ်ပါပဲ၊  အမေရိကန်တောင် တရုတ်နဲ့ အဲ့ဒီလောက် ထိပ်တိုက်  တွေ့လေ့ မရှိဘူး” ဟု ၂၆နှစ်  အရွယ်ရှိ သတင်းထောက် လူငယ်တစ်ဦးက ၎င်း၏ အမြင်ကိုပြောပြသည်။
“ကတယ်တော့  တရုတ်က သူရဲ့ကိုယ်ပိုင်သဘာဝပတ်ဝန်ကျင်ကာကွယ်တဲ့ ဥပဒေကို ချိုးဖောက်တာ။  BANCA ရဲ့report မှာလည်း ဆွေးနွေး   ထားတယ်။ ဒါကြောင့် ဒီစီမံကိန်း  မလုပ်ဖြစ်တော့လို့ မြန်မာကို တရားစွဲမယ်ဆို၊ မြန်မာကလည်း  တရားပြန်စွဲသင့်တယ်။ တရားစွဲသင့်တာ ကြာပြီ ဒါပေမယ့် နိုင်ငံတော်က  လက်ခံလုပ်နေတာ ဆိုတော့။ ပြည်တွင်းကလူတွေက တရားစွဲလို့မရဖြစ်နေတာ။  ဒါကြောင့်အခုတော့ တရားဆွဲမယ်ဆို တရုတ်       ဥပဒေအရကိုက တရားစွဲလို့ရတယ်။  အခုလက်ရှိလုပ်နေတဲ့ တရုတ်ရဲ့စီမံကိန်းတွေကိုပါ သေသေချာချာစီစစ်ပြီး  တရားစွဲသင့်တယ် ထင်တယ်”ဟု မြန်မာ့ နိုင်ငံရေး လေ့လာနေသူ သုတေသီတစ်ဦးက  ပြောကြားသည်။
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ပြီဆိုသော  သတင်းနှင့်ပတ်သက်ပြီး တရုတ်အစိုးရ သတင်းဌာနဖြစ်သည့် ဆင်ဟွာက တရုတ်စွမ်းအင်     ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီ (CPI) ဥက္ကဋ္ဌလူကျိရှိုကို မေးမြန်းခဲ့ရာ  မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားသည် ဆိုခြင်းမှာ တည်ဆောက်မှုများ  ရပ်ဆိုင်းသည်ဟု ဆိုလိုပါက ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့် အခြေအနေများသို့  ဦးတည်သွားမည် ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။
No comments:
Post a Comment