မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မလေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင်  နိုဝင်ဘာလ ၂၅ ရက်နေ့က နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မြန်မာအလုပ်သမား  ရာပေါင်းများစွာ လာရောက်တန်းစီစောင့်ဆိုင်းခဲ့ကြပြီး ၎င်းတို့အနက်မှ  မြန်မာအမျိုးသား လုပ်သားတစ်ဦးမှာ တန်းစီနေရာမှ လဲကျသေဆုံးခဲ့ကြောင်း  သံရုံးရှေ့တွင် သွားရောက်တန်းစီခဲ့သော မြန်မာအလုပ်သမားအများစုက The Voice  Weekly သို့ ပြောကြားသည်။ 
  မလေးရှားနိုင်ငံတွင်  တရားမဝင်နိုင်ငံခြားသား အလုပ်သမားများအားလုံးကို မလေးရှားအစိုးရက  လွတ်ငြိမ်းချမ်းသာခွင့်ပေးထားပြီး တရားဝင်အလုပ်သမားများ အဖြစ်  လျှောက်ထားခွင့်ပြုနေကြောင်း၊ အဆိုပါ အစီအစဉ်အရ တရားမဝင် မြန်မာအလုပ်သမား  အများစုမှာ တရားဝင်အလုပ်သမားများအဖြစ် လျှောက်ထားနိုင်ရန်  ကွာလာလမ်ပူမြို့တော်ရှိ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင်  နိုင်ငံကူးလက်မှတ်များ လာရောက်လျှောက်ထားကြကြောင်း၊ နေ့စဉ်  နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် သံရုံးရှေ့တွင် မြန်မာ ၃၀၀ မှ ၅၀၀ ကြား  လာရောက် တန်းစီလျှောက်ထားနေကြကြောင်း၊ နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းတွင်  နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် မတ်တတ်ရပ်တန်းစီစောင့်ဆိုင်းနေကြာသော  မြန်မာအလုပ်သမားများ အနက်မှ အသက် ၃၀ ကျော်အရွယ် အလုပ်သမားတစ်ဦး  လဲကျသွားခဲ့ကြောင်း၊ အဆိုပါ အလုပ်သမားကို နီးစပ်ရာဆေးရုံသို့  ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့က  မြန်မာသံရုံးရှေ့တွင် နိုင်ငံကူးလက်မှတ်ရရှိရန် သွားရောက်တန်းစီးခဲ့သူ အသက်  ၃၀ ရွယ် မြန်မာအလုပ်သမားတစ်ဦးက ရှင်းလင်းပြောကြားသည်။ 
   "ဆုံးသွားတဲ့ အလုပ်သမားက ဘာကြောင့်သေသွားခဲ့တယ်ဆိုတာတော့ တိတိကျကျ မသိဘူး။  ဆေးရုံရောက်တော့ အသက်မမီတော့ဘူး" ဟု ယင်းအလုပ်သမားက ဆိုသည်။
   မြန်မာသံရုံးရှေ့တွင် နိုင်ငံကူးလက်မှတ်ရရှိရန် မြန်မာအလုပ်သများ အများစု စောင့်ဆိုင်း နေသည့် လူတန်းရှည်ကြီးကို နေ့စဉ်လိုလို  တွေ့မြင်နေရကြောင်း မလေးရှားရောက် မြန်မာအလုပ်သမားများက ပြောဆိုသည်။ 
   "လူတွေက အလုပ်ဖျက်ပြီး နေ့တိုင်းလိုလို သွားတန်းစီနေရတာပဲ။  နိုင်ငံကူးလက်မှတ်ရဖို့က အတော်ကို မလွယ်ကူလှဘူး။ သံရုံးဘက်အပိုင်းက  လူတန်းရှည်ကြီး မဖြစ်အောင် မြန်မြန်လုပ်ပေးနိုင်ရင် သိပ်ကောင်းမယ်။  သံရုံးဘက်ကလည်း အများနဲ့လုပ်ပေးရတဲ့ ကိစ္စဆိုတော့ မလွယ်ဘူးဆိုတာသိပါတယ်။  ဒါပေမဲ့လည်း ကိုယ့်နိုင်ငံသားတွေ အဆင်ပြေပြေ နိုင်ငံကူးလက်မှတ်ရအောင်  ဘယ်လိုလုပ်ပေးရမလဲဆိုတာ သိသင့်ပါတယ်။  ကိုယ့်နိုင်ငံသားတွေ အဆင်ပြေပြေ   နိုင်ငံကူးလက်မှတ်ရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ စီမံချက်လိုမျိုး  သေသေချာချာဆွဲပြီး လုပ်ရင် လူတန်းရှည်ကြီးတွေ ဖြစ်စရာအကြောင်းမရှိဘူးလို့  ထင်ပါတယ်။ စီမံခန့်ခွဲမှုပိုင်း အားနည်းတယ်လို့ထင်ပါတယ်" ဟု  မလေးရှားနိုင်ငံတွင် နှစ်ပေါင်း ၁၅ နှစ်ကျော်ကြာ ရောက်ရှိ  အလုပ်လုပ်ကိုင်နေသော အသက် ၅၀ အရွယ် မြန်မာအလုပ်သမားတစ်ဦးက ပြောကြားသည်။ 
   မြန်မာအလုပ်သမား အများစုသွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသော  မလေးရှားနိုင်ငံတွင် တရားမဝင်နိုင်ငံခြား အလုပ်သမားများကို  တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုလိုက်ပြီဖြစ်သောကြောင့် မလေးရှားနိုင်ငံသို့  မြန်မာအလုပ်သမား ပို့ဆောင်မှုလုပ်ငန်းများ နှေးကွေးလျက်ရှိကြောင်း  ရန်ကုန်မြို့တော် အခြေစိုက် ပြည်ပအလုပ်အကိုင်ဈေးကွက်အတွင်းမှ  စုံစမ်းသိရှိရသည်။ 
No comments:
Post a Comment