Tattoo ရေးထိုးခြင်းနဲ့ ပတ်သက်ပြီး ရှေးယခင် ကရော၊ ယခုအချိန် အထိပါ အမြင် အမျိုးမျိုး၊ ခံယူချက် အမျိုးမျိုးများ ရှိခဲ့ပါတယ်။ Tattoo ရေးထိုး လျှင် မိုက်မဲ ဆိုးသွမ်းသူဟူသော တစ်ဖက်စောင်းနင်း အမြင်တွေဟာ ခေတ်ကာလ တိုးတက် ပြောင်းလဲလာတာနဲ့အမျှ တဖြည်းဖြည်း မှေးမှိန်ပျောက် ကွယ်သွားပါပြီ။ တချို့သော သူများ၏ အမြင်က လူဆိုး၊ သူခိုး၊ လူရမ်း ကားများ၏ ခန္ဓာကိုယ်တွင်ရေးထိုးသော ဆေးမှင်ကြောင်အဖြစ်၊ သတ်မှတ်ချက် အမျိုးမျိုး ထင်မြင်ယူဆချက်အမျိုးမျိုး ပေးခဲ့ပါတယ်။
ရှေးယခင် Tattoo ဆေးမှင်ကြောင်ထိုးသော ရည်ရွယ်ချက်က ရဲစွမ်း သတ္တိနဲ့ပြည့်စုံသော အမှတ်အသား အဖြစ်လည်း ကောင်း၊ ရန်သူများ ကြောက် ရွှံ့စေရန် အတွက်လည်းကောင်း၊ အလှအပ အဖြစ်လည်းကောင်း ရည်ရွယ်ပြီးထိုးကွင်း မင်ကြောင် များ ထိုးခဲ့ကြတာပါ။ ဘုရင့် နောင်၊ အလောင်းမင်း တရားကြီးတို့ လက် ထက်တွင် မြန်မာစစ်သည် သူရဲကောင်း များဟာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံသော ပြယုဂ် အဖြစ်၊ အင်းအိုင်၊ ခါးလှည့်၊ လက်ဖွဲ့ များရေးထိုးခဲ့ကြပြီး ဂုဏ်ယူအားကျ အတု ယူစရာဖြစ်စေခဲ့ပါတယ်။
ရှေးယခင်မြန်မာ အမျိုးသားများဟာ အကြမ်းပတမ်း အလုပ် လုပ်ကိုင်ရာ တွင်ဖြစ်စေ၊ စစ်ထွက်ရာတွင် ဖြစ်စေ၊ ခါးတောင်းအောက်ပိုင်း ကျိုက်လေ့ ရှိခြင်းကြောင့် အမြင်လှပတင့်တယ်စေရန် နှင့် ယောကျာ်း ပီသခြင်း ကို ပြသရန် Tattoo ဆေးမှင်ကြောင်များ ရေးထိုးခဲ့ ခြင်း ဖြစ်ပါတယ်။ တချို့ကလည်း ဘုရား ဆေး၊ ဂိုဏ်းဂဃ၊ အဆောင်၊ အင်း ပုရပိုက်များ ရေးထိုးပြုလုပ်သကဲ့သို့ ယခု အချိန်ထိလည်း ထိုးကွင်း မင်ကြောင်ထိုး ခြင်းများ တည်ရှိနေခဲ့ပါတယ်။ ယခင်က နှစ်ခွစုတ်၊ လေးခွစုတ်များ ဖြင့်ထိုးနှံသော်လည်း ယနေ့တိုးတက် ပြောင်းလဲလာသော အိုင်တီခေတ်ကြီးတွင် ခေတ်မီ Tattoo စက်များဖြင့် နာကျင်မှု သက်သာစွာ ရေးထိုး လို့ရနေပါပြီ။ ရှေး ယခင်က ဆေးမှင်ကြောင်ထိုးထားပါ က အလွယ်တကူပယ်ဖျက်လို့ မရဘူးဆိုသော ခေတ်လည်း ကုန်ဆုံးခဲ့ပါပြီ။
ယခုဆို လျှင် အလွယ်တကူဖျက်လို့ရသော ခေတ်လည်း ရောက်နေပါပြီ။ ကမ္ဘာနဲ့အဝှမ်း Tattoo ရေးထိုးခြင်းကို အနုပညာ အသွင်သဏ္ဌာန် အဖြစ် လက်ခံလာကြတာ ဝမ်းသာစရာပါ။ သတင်းကောင်း တစ်ခုကတော့ လူစိတ်ရဲ့ အမျိုးမျိုးပြောင်းလဲတတ်တဲ့ သဘော သဘာဝကြောင့် တစ်ချိန်ချိန်မှာ မကြိုက် တော့ဘူးဆိုရင် မူရင်းရေးထိုးထားသော ပုံကို တခြားလိုက်ဖက်သော Tattoo Design ပုံပြောင်းလဲ ရေးထိုးနိုင်သလို၊ မလိုချင်တော့တာ သေချာရင်လည်း အလွယ်တကူဖျက်လို့ရပါတယ်။ ချွင်း ချက် အနေနဲ့ မူရင်းပုံပြောင်း လဲချင်ရင် ဖြစ်ဖြစ် ဖျက်ချင်ရင်ဖြစ်ဖြစ်၊ အသစ်တစ်ခု ရေးထိုးတာထက် ပိုမိုကုန်ကျပါတယ်။
ဒါကြောင့် “ဆေးမှင်စုတ်ထိုး၊ အိမ်ထောင် မှု၊ ဘုရားတည်၊ ဤသုံးမျိုး အချက်မပိုင် က နောင်ပြင်ရန်ခက်တဲ့အမျိုး”ဆိုတဲ့ စကားပုံကို ပြုပြင်ပြောင်းလဲ လို့ရနေပါပြီ။ တစ်ဆက်တည်းမှာပဲ ခေတ် လူငယ်များ အကြိုက် ဆုံးဖြစ်နေတဲ့ Bio Tattoo အကြောင်းကို နည်းနည်းပြော ချင်ပါတယ်။ ဂျပန် Tattoo Design ၊ တရုတ် Tattoo Design ၊ အီဂျစ် Tattoo Design များကိုသာ လူကြိုက် များခဲ့ရာမှ အခုနောက်ပိုင်းလူငယ်များ အကြိုက်တွေ့ နေသော Bio Tattoo အကြောင်းပါ။ နိုင်ငံခြားပန်းချီပညာရှင် HR GIGER ရဲ့ ပန်းချီလက်ရာများမှ ပြန့်ပွားဆင်းသက်လာသော အနုပညာ တစ်ခုဆိုရင် မမှားပါဘူး ။ Bio Tattoo လို့ဆိုပေမယ့် တကယ်တော့ Shurealisum Art နဲ့ YJTattoo Art ကို ကွန်ဘိုင်နေးရှင်း (Combination )ပြုလုပ်ထားခြင်းဖြစ်ပါ တယ်။
Bio Tattoo မှာ animals Bio? Planet Bio ? Mechine Bio ဆိုပြီး သုံးမျိုးရှိပါတယ်။ ဇီဝဖြစ်စဉ်တွေကို အနု ပညာနဲ့ပေါင်းစပ်ပြီး Creat လုပ်ထားခြင်း ဖြစ်ပါတယ်။ Tattoo Design တွေထဲက လူကြိုက်အများဆုံး Design တစ်ခုအဖြစ် ရေပန်းစားနေတဲ့ Bio Tattoo အကြောင်း ကို Tattoo စိတ်ဝင်စားသော မိတ်ဆွေ များအတွက် ရည်ရွယ်လိုက်ပါတယ်။ ဒါကြောင့်ခေတ်မှီတိုးတက်လာတာနဲ့အမျှ အနုပညာ အသွင်ဆောင် လာသော Tattoo Design များကို မိမိကြိုက်နှစ်သက် ရာ၊ မိမိကိုယ်ပိုင် ခံယူချက်၊ ကိုယ်ပိုင် ယုံကြည်ချက်များနဲ့ ကိုယ်တိုင်ဆုံးဖြတ်ပြီး ရေးထိုးကြပါလို့ပြောပါရစေ။
No comments:
Post a Comment