ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ  ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက ပြည်ပလွှမ်းမိုးမှု ရှိသော  ပါတီတခုကြောင့်မြန်မာနိုင်ငံအပေါ် ပြည်ပက လွှမ်းမိုးလာမည်ကို အထူးစိုးရိမ် သည် ဟု ပြောလိုက်ကြောင်း သတင်း ရရှိသည်။

လွှတ်တော်တက်နေသည့် တောင်ဥက္ကလာပလွှတ်တော် ကိုယ်စားလှယ်၊ ကြံ့ဖွံ့ပါ တီ၏ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း (ဓာတ်ပုံ - ဧရာဝတီ)
ဦးအောင်သိန်းလင်းက ရန်ကုန်အခြေစိုက် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီနှင့်  ဒီဇင်ဘာလ ၄ ရက်နေ့က ရန်ကုန်မြို့ အင်းလျားကန် မြကျွန်းသာ စားသောက်ဆိုင်တွင်  တွေ့ဆုံ၍ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းနှင့်  တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီ ခေါင်းဆောင်တဦးက ပြောသည်။
“သူပြောသွားတာက သူတို့က စာမဖတ်ဘူး၊ နိုင်ငံရေးအတွေ့အကြုံမရှိဘူး၊  အထက်အမိန့်ပဲ နားထောင်တတ်တဲ့ ဗိုလ်ချုပ် ဟောင်းတွေဖြစ်တယ်၊ ညွှန်ကြားတာကိုပဲ  လုပ်တတ်တယ်တဲ့၊ အဲဒီတော့ သူတို့အနေနဲ့ တခြားနိုင်ငံရေး ပါတီတွေနဲ့  ပူးပေါင်းလိုတယ်၊ လိုအပ်တဲ့ အကူအညီတွေ ပေးမယ်ပေါ့။ လောလောဆယ်  မြန်မာ့နိုင်ငံရေးကို ပြည်ပက လွှမ်းမိုးမှုရှိလာမယ့် အရိပ်အရောင်တွေ  မြင်နေရတယ်လို့လည်း ပြောတယ်” ဟု သူက ဆိုသည်။
ဦးအောင်သိန်းလင်း ပြောသည့် ပြည်ပလွှမ်းမိုးမှု ရှိနေသော ပါတီ ဆိုသည်မှာ  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ဆိုလိုခြင်းဖြစ်ကြောင်း၊  ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီနှင့် တွေ့ဆုံပြီး ကမ်းလမ်းမှုများ  ပြုလုပ်လာခြင်းမှာ တကျော့ပြန် နိုင်ငံရေးတွင် NLD ပါဝင်လာမှုကို တန်ပြန်သည့်  သဘောဖြစ်ကြောင်း ပြည်တွင်းနိုင်ငံရေးအသိုင်း အ၀န်းက ပြောဆိုနေကြသည်။
“ကြံ့ဖွံ့အနေနဲ့ အခုအခြေအနေမှာ ပါတီလှုပ်ရှားမှု မရှိသလောက် ဖြစ်နေတယ်။  ဂျာနယ်တွေ မှာကလည်း တနေ့ တနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD သတင်းတွေကိုပဲ  အဓိက ဦးစားပေးကြတော့ ဦးဌေးဦးတို့၊ ဦးအောင်သိန်းလင်းတို့ ကိုယ်တိုင်စိတ်မသက်မသာ ဖြစ်နေတယ်ဆိုတာ သူတို့ကိုယ်တိုင် ထုတ်ဖော်  ပြောခဲ့တာမျိုးရှိတယ်။ 
သူတို့အနေနဲ့ NLD သာ ရွေးကောက်ပွဲ ၀င်လာရင်  ယှဉ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုကလည်း အတော်ကြီးလာတယ်။ ဒါကြောင့်  သူတို့ဘက်မှာ ခိုင်မာအောင် မဟာမိတ်ဖွဲ့ဖို့ ပါတီတွေကို စပြီး  တွေ့တဲ့သဘောလို့ ထင်ပါတယ်။ NLD က ၉၀ ရွေးကောက်ပွဲမှာ နိုင်ခဲ့တယ်၊  လူထုထောက်ခံခဲ့တယ်။ အခုလည်း ထောက်ခံမှု ရှိနေတာတွေ့နေရဆဲပဲ” ဟု ၂၀၁၀  ပြည့်နှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ နိုင်ငံရေးသမား တဦးက  ဆိုသည်။
ပြည်တွင်း သတင်းဂျာနယ်များတွင် ကြံ့ဖွံ့ပါတီနှင့်  ဒီမိုကရေစီမိတ်ဆွေပါတီများ ပူးပေါင်းမည်ဆိုသော ဦးအောင်သိန်းလင်း၏ အဆိုကို  ကိုးကား ရေးသားခဲ့သော်လည်း အဆိုပါသတင်းများ မမှန်ကြောင်း၊ အလွတ်သဘော  တွေ့ဆုံခြင်းသာ ဖြစ်ကြောင်း ဒီမိုကရေစီ ပါတီများက သတင်းစာ ရှင်းလင်းပွဲ  ကျင်းပ၍ ပြန်လည် ရှင်းလင်း ခဲ့ကြရသည်။
ကြံ့ဖွံ့ပါတီက လာမည့်ရွေးကောက်ပွဲများတွင် တခြားသော အင်အားနည်း  ပါတီများကို ငွေကြေးအရ ကူညီခြင်းများ ရှိလာနိုင်ပြီး တရားဝင်  မဟာမိတ်ပုံစံဖြင့် NLD ပါတီကို ယှဉ်ပြိုင်လာနိုင်ကြောင်း  သုံးသပ်မှုများကလည်း နိုင်ငံရး အသိုင်းအ၀န်းတွင်ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက် ရှိသည်။
“တချို့ပါတီတွေ ဘက်က ရုံးတွေဖွင့်ဖို့ နေရာ အကူအညီတောင်းတာမျိုး၊  ကားသွင်းခွင့်ရဖို့ တောင်းတာမျိုး တွေလည်း ရှိနေတယ်လို့ သိရပါတယ်။  နောက်ပိုင်း ရွေးကောက်ပွဲမှာ ပြိုင်ဖို့ ငွေရေးကြေးရေး ကူညီတာ မျိုးလည်း  လုပ်လာနိုင်ပါတယ်။ အင်အားနည်းတဲ့ ပါတီတွေနဲ့ ကြံ့ဖွံ့ပါတီက  တရားဝင်မဟာမိတ်ဖွဲ့တာမျိုး လုပ်နိုင်ပါတယ်” ဟု ဒီမိုကရေစီမိတ်ဆွေ ၁၀  ပါတီအဖွဲ့ဝင် နိုင်ငံရေးပါတီတခုမှ တာဝန်ရှိသူ တဦးက ဆိုသည်။
ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီတွင် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)၊  ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ မွန်ဒေသလုံးဆိုင်ရာ  ဒိမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊  ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊  ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဖလုံစဝေါ်  ဒီမိုကရက်တစ် ပါတီတို့ ပါဝင်သည်။
No comments:
Post a Comment