Wednesday, September 7, 2011

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်ခြင်း ကန့်ကွက်ခံရမှု နှစ်ဖက်ရှေ့နေများ အပြီးသတ်လျှောက်လဲ

အမွေဆိုင်မှု ဖြစ်ပွားနေသော နေအိမ်ကို ပြင်ဆင်မှုဖြင့် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ ကန့်ကွက်ခံရမှုကို သြဂုတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ နှစ်ဖက်ရှေ့နေများ အပြီးသတ် လျှောက်လဲချက် ပေးခဲ့ကြောင်း  ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက သြဂုတ်လ ၃၁ ရက်နေ့တွင် ပြောကြားသည်။ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် ကာလအတွင်း ဖြစ်ပေါ်ခဲ့သော နာဂစ် မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့ရသည့် နေအိမ် အစိတ်အပိုင်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ၂၀၀၉ ခုနှစ်အတွင်း ပြင်ဆင်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ပြင်ဆင်မှုကို ဦးအောင်ဆန်းဦးမှ တားဝရမ်း လျှောက်ထားပေးရန် တိုင်းတရားရုံးသို့ လျှောက်ထားခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ “နေအိမ်အမှုနဲ့ ဆက်နွှယ်ပြီး အမွေဆိုင်မှုရယ်၊ ပြင်ဆင်မှု ကန့်ကွက်ခံရမှုရယ်၊ မော်နီတာဂျာနယ်အပေါ် တရားစွဲထားတဲ့ အမှုဆိုပြီး သုံးမှုရှိပါတယ်။ တစ်မှုမှ မပြီးသေးပါဘူး။ ဒီအမှုကတော့ စီရင်ချက်ချဖို့ပဲ ကျန်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

No comments:

Post a Comment