နှစ်  ၄၀ ကျော် သက်တမ်းရှိ ကားဟောင်းများကို ကားသစ်များနှင့်  အစားထိုးမည့်  အစီအစဉ်အား စက်တင်ဘာ ၁၉ ရက်နေ့က စတင်လိုက်ပြီ ဖြစ်သော်လည်း   လုပ်ထုံးလုပ်နည်း     အဆင့်များ သေချာတိကျစွာ ထုတ်ပြန်ထားခြင်း  မရှိသောကြောင့် ကားဟောင်းနှင့်  ကားသစ် လဲလိုသူများ အခက်အခဲဖြစ်နေရကြောင်း  သိရသည်။
ရန်ကုန်တိုင်း ကညန ရုံးတွင် ကားဟောင်းများအပ်နှံရန် စာရင်းသွင်းနေစဉ်ရန်ကုန်တိုင်း  ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ရုံးတွင်   ကားဟောင်းများ စတင် အပ်နှံနိုင်ပြီဆိုသည်နှင့် ကညနတွင် ကားကိုစစ်ဆေးကာ   မင်္ဂလာဒုံရှိ အမှတ် ၁ ယာဉ်သိုလှောင်ရေးတပ်တွင် သွားရောက်   အပ်နှံရမည်ဖြစ်ကြောင်း၊ ထိုသို့ စာရင်းအရ အပ်နှံပြီးပြီဆိုပါက အဆိုပါကားကို   ၃ လ စီးခွင့်ရှိမည်ဖြစ်ကြောင်း၊ ၃ လပြည့်၍ ကားသစ်ရရှိမှ ကားဟောင်းကို   ပြန်အပ်၍ ဖျက်ဆီးမည်ဖြစ်ကြောင်း ဝန်ကြီးများ၏ သတင်းစာရှင်းလင်းပွဲတွင်   ပြောခဲ့သော်လည်း ယခု အမှန်တကယ် ထိုသို့ မဟုတ်ကြောင်း ယမန်နေ့က ဘီ ၆၀၀   ကားဟောင်းသွားရောက် အပ်နှံသူ တဦးက ပြောသည်။
“ကားအပ်ပြီးရင်  သုံးလ  စီးခွင့်ရှိမယ်၊ ကားသစ်ရောက်မှ ကားဟောင်းကို ပြန်အပ်ပြီး  ဖျက်ဆီးမယ်လို့  ပြောခဲ့ပေမယ့် အခုကျတော့ မင်္ဂလာဒုံမှာ ကားအပ်ပြီးတာနဲ့  လုံးဝ ကားပြန်ယူလို့  မရတော့ဘူး၊ တခါတည်း ကားကို ထားခဲ့ရမယ်လို့  ထုတ်ပြန်ထားပြန်တယ်” ဟု သူက  ဆိုသည်။
ကားအပ်ပြီးသည့်နောက်  နေပြည်တော်သို့ သွားရောက်ကာ  ကားသွင်းခွင့် ပါမစ်လိုင်စင် လျှောက်ထားရမည်ဟု  သိရ သော်လည်း  ယူဆောင်သွားရမည့် စာရွက်စာတမ်းများကို သေချာစွာ  မသိရသေးကြောင်း၊  အမေရိကန်ဒေါ်လာ ၃၅၀၀ ထက် မပိုသော ကား တင်သွင်းခွင့်  လိုင်စင်အတွက်  နိုင်ငံခြားဘဏ် စာရင်းလိုအပ်သည်ဟု ဆိုသော်လည်း  မည်သို့မည်ပုံ ဘဏ် ငွေစာရင်း  ဖွင့်လှစ်ရမည်ကို မသိရှိကြောင်း၊  အခွန်ဆောင်ရာတွင်လည်း ဒေါ်လာနှင့်  ဆောင်ရမည် (သို့မဟုတ်) ကျပ်ငွေနှင့်  ဆောင်ရမည် ဆိုသည်ကို ရှင်းလင်းစွာ  ထုတ်ပြန်ခြင်းမရှိကြောင်း  ကားဟောင်းပိုင်ရှင်များက ပြောဆိုနေကြသည်။
“ကားအပ်ပြီးတာနဲ့   နေပြည်တော် လိုင်စင်သွားလျှောက်ခိုင်းတယ်။ ရန်ကုန်မှာပဲ တခါတည်း   ထုတ်ပေးလို့ ရရဲ့သားနဲ့ ထုတ်မပေး တာကလည်း အတော်ကိုအခက်အခဲ ဖြစ်စေပါတယ်။   နောက် ပြီး နိုင်ငံခြားဘဏ်ငွေစာရင်း ဖွင့်ထားရမယ် ဆိုတာလည်း ဘာမှ အသေအချာ   မသိဘူး။ ဒေါ်လာဝယ်ပြီး ဘဏ်ထဲ ထည့်လို့ရသလား၊ နိုင်ငံခြားကနေ ကားဘယ်လို   သွင်းရမလဲ ဆိုတာလည်း မသိဘူး။ အရမ်းကို စိတ်ညစ်ဖို့ကောင်းပါတယ်။ ကညနရုံးက   ၀န်ထမ်းတွေကို မေးတော့လည်း ဘာမှ ရေရေရာရာ မဖြေနိုင်ကြဘူး” ဟု ရန်ကုန်   လသာမြို့နယ်မှ ကားဟောင်း အပ်နှံသူတဦးက ဆိုသည်။
ကားဟောင်းများအား   ကားသစ်များနှင့် အစားထိုး လဲလှယ်ရန် ၀န်ဆောင်မှုပေးမည့် ကုမ္ပဏီ တချို့လည်း   ပေါ်ပေါက်လာပြီး ကားဟောင်းအပ်ပြီးချိန်မှ ကားသစ် လက်ထဲရောက်သည်အထိ   ၀န်ဆောင်မှုပေးမည်ဟု ဆိုကာ အကျိုးဆောင်ခ ကျပ်သိန်း ဆယ်ဂဏန်းချီ   တောင်းယူကြကြောင်း သိရသည်။
“ကိုယ်မလုပ်တတ်လို့ ၀န်ဆောင်မှု   ပေးမယ်ဆိုတဲ့ ကုမ္ပဏီကို အပ်မလို့ သွားစုံစမ်းတာ။ ကုမ္ပဏီက ကားလက်ထဲ ရောက်မှ   ၀န်ဆောင်ခ အပါအ၀င် ကုန်ကျစရိတ်တွက်ပြီး ပေးရမယ်ပြောတယ်။ ကုန်ကျစရိတ်  အတိအကျ  မပြောပြဘူး။ ၀န်ဆောင်ခကလည်း သိန်း ဆယ်ဂဏန်းချီ ကျမယ်ပြောတယ်” ဟု   စီးပွားရေးသမားတဦးက ပြောသည်။
ကားဟောင်း အများစုသည်   မူလကားပိုင်ရှင်များ လက်ထဲတွင် မရှိတော့ဘဲ ငွေကြေးတတ်နိုင် သူများက   ဈေးအဆမတန်ပေး ၀ယ်ယူ ထားကြကြောင်း သိရှိရသည်။ ယခင်က ကျပ် သိန်း ၂၀   ခန့်ဈေးရှိသည့် ဘီ ၆၀၀ လေးဘီးကား တစီးလျင် ယခု ကျပ် ၆၅သိန်းအထိ   ဈေးမြင့်တက်သွားပြီး ငွေများများ လက်ဝယ်ရှိသူတို့က ကားဟောင်းများကို အစီး   ၂၀၊ ၃၀ အထိပင် ဝယ်ယူ ကြကြောင်း သိရသည်။
“ပိုက်ဆံရှိတဲ့  သူတွေက  ကားတွေလိုက်ဝယ်၊ ယာဉ်ပိုင်ရှင် အမည်ပြောင်း လုပ်ကြတယ်။ အဲဒီလို  ပြောင်းတဲ့  အခါကျတော့ ကညန နဲ့ ပြည်တွင်းအခွန်များရုံးက ကားတစီးကို ကျပ် ၃  သိန်း  လောက်ယူပြီး အမည်ပြောင်းပေးတယ်။ မြန်မြန် လုပ်ချင်တဲ့ သူတွေက   ပွဲစားနဲ့ချိတ်ဆက်ပြီး ၀န်ထမ်းတွေကို ငွေပေး လုပ်ကြတာပဲ” ဟု လသာမြို့နယ်မှ   ကားပိုင်ရှင်က ဆိုသည်။
ကညန ရုံးတွင် ၀န်ထမ်းများအား   ငွေပိုမပေးရန်နှင့် လာဘ်ပေးလာဘ်ယူမှု ရှိလာပါက တိုင်းဦးစီးမှူးထံ   ဖုန်းနံပါတ် ၀၁ - ၅၆၂၇၅၇ သို့ တိုင်ကြားရန် ကြေညာချက် ထုတ်ထားသည်။
“၀န်ထမ်းတွေကလည်း   ပေါ်တင်ကြီး ပိုက်ဆံပေးဆိုပြီး တောင်းတာမဟုတ်ဘူး။ အပြင်မှာ ပွဲစားက   မြန်မြန်လုပ်ပေးမယ် ဆိုပြီး တခါတည်းချိတ်ပြီး လုပ်ကြတာ။   တိုင်ကြားနိုင်သည်လို့ စာတန်း ကပ်ထားလည်း အလကားပဲ” ဟု အထက်ပါ ကားပိုင်ရှင်က   ရှင်းပြသည်။
အစိုးရက ကားသစ်တစီးလျှင် ကညနအခွန်အဖြစ်  ကားတန်ဖိုး၏  ၁၀၀ ရာခိုင်နှုန်း၊ အကောက်ခွန် ၄၀ ရာခိုင်နှုန်း၊ ကုန်သွယ်  လုပ်ငန်းခွန် ၂၅  ရာခိုင်နှုန်း၊ စုစုပေါင်း ၁၆၅ ရာခိုင်နှုန်း ကောက်ခံမည်ဟု  အစိုးရပိုင်  သတင်းစာများတွင် ဖော်ပြထားသည်။
ကားဟောင်းများကို  ကားသစ်အစားထိုးရေး  အစီအစဉ်အား ၂၀၁၁ စက်တင်ဘာလ ၁၉ ရက်မှ ၂၀၁၂ မတ်လ အထိ  ကားဟောင်းသက်တမ်း အလိုက်  အဆင့်ဆင့် လုပ်ဆောင်သွားမည်ဟု အစိုးရက  သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment