ဧရာဝတီ  မြစ်ဆုံ ရေကာတာ စီမံကိန်းအတွက် တရုတ်နိုင်ငံမှ ဆောက်လုပ်ရေး  ပစ္စည်းများ  တင်သွင်းမှုကို ပိတ်ဆို့ခြင်း မပြုရန်နှင့် ကချင်လွတ်လပ်ရေး  တပ်မတော် (KIA)  တပ်ဖွဲ့ဝင်များကို    ဖယ်ရှားပေးရန် မြန်မာအစိုးရက  ပြီးခဲ့သည့်တပတ်တွင် သတိပေး ပြောကြားခဲ့သည်။
 ကချင်ပြည်နယ် မြစ်ကြီးနား-ကန်ပိုင်တီလမ်းမှ ဝင်လာသော တရုတ် ဆောက်လုပ်ရေးပစ္စည်းများ (ဓာတ်ပုံ - Kachin News Group)
တရုတ်-မြန်မာ   နယ်စပ်ရှိ လဖိုင် ခေါ် ကန်ပိုင်တီ စစ်ဆေးရေးဂိတ်အား KIA တပ်များ   ထိန်းချုပ်ခြင်းကို ဖယ်ရှားပေးရန် အစိုးရ အာဏာပိုင်များက   မြစ်ကြီးနားမြို့ရှိ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌ ဦးဆင်ဝါးနော်   မှတဆင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကော်မတီဝင် ဒု ဗိုလ်မှူးကြီး   ဦးဂျီးနောင်ထံ ဖုန်းဆက် အသိပေးခဲ့သည်ဟု KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က   ဧရာဝတီသို့ ပြောသည်။
“မဖယ်ရှားပေးဘူး ဆိုရင်တော့ စစ်ရေးအရ အရေးယူနိုင်တယ် ဆိုတဲ့ဟာမျိုးသတိပေးတဲ့ပုံစံမျိုး ပြောလာတာ ရှိတယ်” ဟု ၎င်း က ဆိုသည်။
အစိုးရအနေဖြင့် စစ်ရေးအရ တင်းကျပ်မှုများ ပြုလုပ်ခဲ့ပါက ယင်းဒေသအတွင်းတိုက်ပွဲများဆက် လက် ဖြစ်လာနိုင်ကြောင်း ဦးလနန်က ဆက်ပြောသည်။
မြစ်ဆုံ   စီမံကိန်းကို ကန့်ကွက်သည့် အနေဖြင့် KIA က အေးရှားဝေါလ်ကုမ္ပဏီအတွက်   တရုတ်ပြည်မှ တင်သွင်းလာသော ဘိလပ်မြေ၊ သံထည် စသည့် ဆောက်လုပ်ရေး   ပစ္စည်းများကို ပြီးခဲ့သည့် ဇွန်လမှ စတင်၍ ယနေ့အထိ ပိတ်ပင်ထားခြင်းဖြစ်သည်။
မြစ်ဆုံ   စီမံကိန်းကို မိုးရာသီကာလ ဖြစ်သောကြောင့် ခေတ္တ ရပ်နားထားပြီး   ပွင့်လင်းရာသီ၌ ပြန်လည် အကောင်အထည်ဖော်ရန်ရှိကြောင်း သတင်းများလည်း   ထွက်ပေါ်နေသည်။
ဤအတောအတွင်း မြစ်ဆုံ စီမံကိန်းတည်ဆောက်ရေး   နှောင့်နှေးရခြင်းသည် KIAတပ်ဖွဲ့ဝင်များက ဆောက် လုပ်ရေး ပစ္စည်းများကို   ပိတ်ပင်ထားသောကြောင့်ဟု မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရအာဏာ ပိုင်များ က   ပြောဆိုနေကြောင်း သိရသည်ဟု ဦးလနန်က ပြောသည်။ 
“ဒါကို   ကြည့်ခြင်းအားဖြင့် မြစ်ကြီးနားမြို့ပေါ်မှာ ပြောဆိုမှုနဲ့ ဦးဆင်ဝါးနော်   ကတဆင့် ပြောဆိုမှုက အဓိပ္ပာယ်ချင်း တူညီမှုရှိတယ်။ ဒါကြောင့်မို့   သူတို့ဖက်မှာလည်း တိုက်ခိုက်ဖို့ အလားအလာတော့ ရှိမယ်လို့ ထင်တယ်” ဟု ၎င်းက   ဆိုသည်။
စက်တင်ဘာလ ၁၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော   ရေအားလျှပ်စစ်စီမံကိန်းများ အလုပ်ရုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှု   ကော်မရှင် ဥက္ကဋ္ဌ၊ အမှတ် (၁) နှင့် (၂) စက်မှုဝန်ကြီး ဦးစိုးသိန်းက   အားလုံးတိုင်ပင်ပြီး လုပ်ဆောင်မှသာ အကျိုးများမည်ဟု ပြောဆိုခဲ့ပြီးစီမံကိန်းကို ပြန်လည် ဆန်းစစ်မည်ဟု ပြောဆိုခဲ့သည်။ သို့သော်   အစိုးရသတင်းစာများကမူ ဝန်ကြီးဦးစိုးသိန်း ပြောကြားချက် ကို ဖော်ပြခြင်း   မရှိခဲ့ပေ။
အဆိုပါ ဆွေးနွေးပွဲအတွင်း စီမံကိန်းနှင့်ပတ်သက်၍   ရေရာသည့်ဆုံးဖြတ်ချက် မချမှတ်နိုင်ခဲ့ကြောင်း၊ ဆက်လက် လုပ်ဆောင်မည်ဟု   ယူဆရကြောင်းနှင့် အစိုးရအဖွဲ့ အတွင်းတွင်လည်း မြစ်ဆုံအရေး အယူအဆ   အမျိုးမျိုး ရှိနေကြောင်း လေ့လာသူများက ထောက်ပြကြသည်။
ယခုနှစ်ဆန်းပိုင်တွင်   KIO က မြစ်ဆုံ ရေကာတာ စီမံကိန်းကို ရပ်တန့်ပေးရန် တရုတ်သမ္မတ   ဟူကျင်းတောင်ထံ စာပေးပို့ခဲ့ပြီး ထိုစာတွင် မြစ်ဆုံ စီမံကိန်းကို   ဆက်လက်တည်ဆောက် ပါက ပြည်တွင်းစစ် ဖြစ်ပွားစေမည်ဟု ပါရှိကြောင်း သိရသည်။
စာပေးပို့ခဲ့ပြီးနောက်ပိုင်း   ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင်တည်ရှိပြီး တရုတ်တို့   ပါဝင်ပတ် သက်နေသည့် တာပိန်ရေအားလျှပ်စစ် စီမံကိန်း အနီးတွင် KIA နှင့်   အစိုးရအကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။
မြစ်ဆုံ  စီမံကိန်း  ရပ်တန့်ရေးအတွက် ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင်  ဆန္ဒြုပမည်ဟု ယမန်နေ့က  သတင်းများ ထွက်ပေါ်ခဲ့ပြီး လုံခြုံရေး  တင်ကျပ်ထားခဲ့ကြောင်း၊ ယနေ့တွင်လည်း  အဆိုပါသတင်း ဆက်လက်  ထွက်ပေါ်နေသောကြောင့် သတင်းသမားများ ရောက်ရှိလာပြီး  လုံခြုံရေးလည်း ဆက်လက်  တင်းကျပ်ထားကြောင်း သိရသည်။
No comments:
Post a Comment