“သတင်းလာယူကြတဲ့  သတင်းထောက်တွေလည်း   ရောက်နေတယ်။ ဧရာဝတီကို ကယ်တင်ကြဆိုတဲ့ တီရှပ်တွေ  ၀တ်ထားတဲ့  ၂ ယောက် ၃  ယောက်တော့ တွေ့တယ်။ လုံထိန်းကား ၄ စီးလောက်က  ပတ်ဝန်းကျင်မှာ  နေရာယူထားတာတွေ့ရတယ်” ဟု သံရုံးရှေ့တွင် ရှိနေသော  ရန်ကုန်မှ လူငယ် တဦးက  ဧရာဝတီကို ပြောသည်။
ဆန္ဒပြသည့်အခါ  ပူးပေါင်း ပါဝင်နိုင်ရန်အတွက်  တချို့ကလည်း  သံရုံး မျက်နှာချင်းဆိုင်ရှိ  ကလေးဆေးရုံနှင့် သံရုံးအနီးရှိ  လက်ဘက်ရည်ဆိုင်များတွင် မနက်ကတည်းက  ရောက်ရှိနေကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ   လူစည်ကားရာနေရာများဖြစ်သော  မြို့တော်ခန်းမရှေ့၊ အောင်ဆန်းကွင်းနှင့်   လမ်းဆုံတချို့တွင်လည်း  လုံခြုံရေး ထူထပ်စွာချထားကြောင်း ရန်ကုန်   ဒေသခံတဦးက ဆိုသည်။
တရုတ်သံရုံးကလည်း ဆန္ဒပြမည်ဆိုသည့် သတင်း အခိုင်အမာရရှိထားသည့် အတွက် သံရုံးဝန်ထမ်းများအား အပြင် မထွက်ရန် တားမြစ်ထားသည်ဟု သိရသည်။
တရုတ်သံရုံးရှေ့   ဆန္ဒပြကြမည်ဟု သတင်း ထွက်နေရခြင်းမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး   ပညာရှင်များနှင့်  မြန်မာနိုင်ငံသားအများအပြား ကန့်ကွက်နေသော်လည်း   မြစ်ဆုံစီမံကိန်းကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း အမှတ် ၁ လျှပ်စစ်   ၀န်ကြီး ဗိုလ်မှူးကြီးဟောင်း ဇော်မင်း၏ မကြာသေးမီက ပြောဆိုချက်နှင့်   ဆက်စပ်နေသည်ဟု ရန်ကုန်ရှိ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဟိန်းလတ်က ဆိုသည်။
“ဧရာဝတီကိစ္စက   လူတိုင်း စိတ်ဝင်စားနေကြတာ။ ဟိုတလောက ၀န်ကြီး ပြောလိုက်တာကို  မကျေနပ်သံတွေ  ထွက်တာ သတိထားမိတယ်။ မနေ့က အလုပ်ရုံဆွေးနွေးပွဲကလည်း  အဖြေထွက်တဲ့ သဘော  မရှိလို့ တချို့ လူငယ်တွေကများ လုပ်ဖို့ ပြင်သလားမသိဘူး”  ဟု ကိုဟိန်းလတ် က  ဧရာဝတီကို ပြောသည်။
စနေနေ့က  နေပြည်တော်တွင်   မြစ်ဆုံစီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရာ  တက်ရောက်သော  ပညာရှင်များက စီမံကိန်းကို အတတ်နိုင်ဆုံး ဟန့်တားကြကြောင်း၊  ပြည်ထောင်စု  ဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော် သမ္မတရုံး၏ ထောက်ခံမှုရှိသော  ကြေညာချက်  တရပ် ထုတ်ပြန်ရာတွင် အားလုံး တိုင်ပင်ပြီး လုပ်ဆောင်မှသာ  အကျိုးများမည်ဟု  ပြောဆိုပြီး စီမံကိန်းကို  ပြန်လည် ဆန်းစစ်မည်ဟု  ပြောဆိုခဲ့ကြောင်း သိရသည်။
သို့သော်  ဆွေးနွေးပွဲက  စီမံကိန်းနှင့်ပတ်သက်၍ သိသာထင်ရှားသည့် ဆုံးဖြတ်ချက်   မချမှတ်နိုင်ခဲ့ကြောင်း၊ ဆက်လက် လုပ်ဆောင်မည်ဟု ယူဆရကြောင်း၊ အစိုးရအဖွဲ့   အတွင်းတွင်လည်း မြစ်ဆုံအရေးနှင့်ပတ်သက်၍ အယူအဆ အမျိုးမျိုး ရှိနေကြောင်း   လေ့လာသူများက ထောက်ပြသည်။
“၀န်ကြီးက အဲဒီကိစ္စ  သတင်းထောက်တွေကို  ၀န်ခံပြောသွားတယ်လို့ သိရပေမယ့် မသဲကွဲသေးပါဘူး၊ ၂  နိုင်ငံကိစ္စ ရှိသေး  တယ်လေ” ဟု သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ NGO တခုဖြစ်သည့်  EcoDev ၏ အမူဆောင်  ဒါရိုက်တာ တဦးဖြစ်သူ ဦးဝင်းမျိုးသူ က ဧရာဝတီကို  ပြောသည်။
တရုတ်နိုင်ငံနှင့်  စာချုပ်ချုပ်ဆိုထားသည့်အတွက်  ယခုကိစ္စသည် လွယ်လွယ်နှင့် ဖြေရှင်း၍  မရနိုင်ကြောင်း၊ စီမံကိန်းကြီးကိုလည်း  စတင်ထားပြီး ဖြစ်သဖြင့် ဖြေရှင်းရန်  ခက်ခဲနေသေးကြောင်း သူက ဆက်လက်  ပြောကြားသည်။
စီမံကိန်း ရပ်တန့်ရေး  တောင်းဆိုမှုများသည်  မြန်မာနိုင်ငံ၌ တရုတ်အစိုးရဆန့်ကျင်ရေး ကျယ်ပြန့်  လာမှု၏  အစိတ်အပိုင်းတခုဖြစ်ကြောင်းလည်း လေ့လာသူတချို့က ထောက်ပြနေကြသည်။
၁၉၈၈   ခုနှစ် စက်တင်ဘာလတွင် အာဏာသိမ်းပြီးတက်လာသည့် စစ်အစိုးရသည် အမေရိကန်နှင့်   အနောက်အုပ်စုက  တားမြစ်၊ ကန့်သတ်မှုများကြောင့် တရုတ်အစိုးရနှင့်   နီးနီးကပ်ကပ် ဆက်ဆံခဲ့သည်။ နိုင်ငံတကာ ဖိအားများ ခံနေရသည့်    မြန်မာစစ်အစိုးရက တရုတ်၏ သံတမန်ရေးဆိုင်ရာ ကျောထောက်နောက်ခံပေးမှုကို   ရယူခဲ့သည်။ ထို့ပြင် တရုတ်ထံမှ လက်နက်များလည်း ၀ယ်ယူခဲ့သည်။
ယခု   အရပ်သားအစိုးရလက်ထက်တိုင် မြန်မာနိုင်ငံ၏ ကျွန်းသစ် အပါအ၀င်  အဖိုးတန်   သစ်တောထွက်ပစ္စည်းများ၊ တွင်း ထွက် ပစ္စည်းများကို တရုတ်ပြည်သို့   တင်ပို့နေဆဲဖြစ်သည်။
မြန်မာပြည် မြောက်ဖျားပိုင်းတွင်   တရုတ်နိုင်ငံမှ လာရောက် အခြေချသူ လူဦးရေ ၁ သန်းမှ ၂ သန်းကြား ရှိကြောင်း၊   ကျောက်စိမ်း ဈေးကွက်ကိုလည်း ပြည်ကြီး တရုတ်များက ချုပ်ကိုင်ထားသည့်အပြင် ၊   မန္တလေး၊  မြစ်ကြီးနား စသည့် မြို့ကြီးများ၏ စီးပွားရေး၊ လူမှုရေးတို့တွင်   လက်ဝါးကြီး အုပ်ထားကြကြောင်း The Economist  အင်တာနက်စာမျက်နှာတွင် ဇွန်လက   ဖော်ပြထားသည်။
မြစ်ဆုံဆည် စီမံကိန်းကြောင့် ကချင်ပြည်နယ် ဒေသခံ စုစုပေါင်း တသောင်းကျော် အတင်းအဓမ္မ နေရပ်ရွှေ့ပြောင်းပေးရကြောင်းလည်း ဖော်ပြထားသည်။
သို့သော်   မန္တလေးမြို့မှ စာရေးဆရာ တဦးဖြစ်သူ  ကျော်ရင်မြင့်ကမူ ဧရာဝတီမြစ်အရေးသည်   မြန်မာနိုင်ငံဖွား တိုင်းရင်းသားအားလုံးနှင့် သက်ဆိုင်ကြောင်း၊   တရုတ်ဆန့်ကျင်ရေးကဲ့သို့သော လူမျိုးရေး မုန်းတီးမှုနှင့် မဆိုင်ကြောင်း၊   သို့သော် ဧရာဝတီမြစ်ကြီးအတွက် စိုးရိမ်မိကြောင်း ပြောသည်။
“ဧရာဝတီမြစ်ကြီးက   အသက်ငင်နေတဲ့လူမမာနဲ့ တူနေပါပြီ။ အဲဒီလူမမာကို အခု သူတို့ မြစ်ဆုံမှာ   ဆည်ထပ်ဆောက်မယ် ဆိုတော့ လည်ပင်း ညှစ်သတ်လိုက်သလို ဖြစ်နေတာပေါ့” ဟု     ကျော်ရင်မြင့်က ဧရာဝတီကို ပြောသည်။

No comments:
Post a Comment