ပြီးခဲ့သည့်   စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ်  ရွာသွန်းမှုကြောင့်   ထိုင်း-မြန်မာ နယ်ခြား သောင်ရင်းမြစ်ရေ မြင့်တက်လာပြီး  မဲဆောက်နှင့်   မြဝတီရှိ    ရပ်ကွက်များ ရေမြုပ်ကာ နယ်စပ်ကုန်သွယ်ရေး  ရပ်ဆိုင်းသွားသည်။
မြန်မာနိုင်ငံဘက်အခြမ်း   မြဝတီမှ မြို့ခံတဦးက “ဒီနှစ်မိုးတွင်းမှာ  ရေကြီးတာ လေးခါရှိပြီ။   အခုရေကြီးတာ အဆိုးဆုံးပဲ။ အနိမ့်ပိုင်း  ရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၁၊ ၂၊ ၅   ရပ်ကွက်တွေ ရေမြုပ်တာ  အိမ်ခြေရာနဲ့ချီပြီး ရှိတယ်။ ၂ ရက်ရှိပြီ၊   ကိုယ့်ဖာသာပဲ ကိုယ်ထူကိုယ်ထ  ပြောင်းရွှေ့နေရတယ်။ ဘယ်က အကူအညီမှ မလာသေးဘူး”   ဟု ပြောသည်။
မြဝတီ မြို့လယ်တွင်လည်း ရေကြီးနေပြီး   မီးသတ်ရုံးရှေ့တွင် ဆိုင်ကယ်၊  ကားများ သွားလာ၍ မရကြောင်း၊ မိုးထပ်ရွာလျှင်   ဆက်လက်  ဒုက္ခရောက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထိုင်းဘက်အခြမ်း   မဲဆောက်မြို့တွင် သောင်းရင်းမြစ်ရေ ကြီးမှုကြောင့်   ကမ်းနားပိုင်းရပ်ကွက်များ  ရေမြုပ်နေကြောင်း၊ နယ်စပ်ကုန်သွယ်ရေးလည်း   ရပ်ထားရကြောင်းနှင့် ချစ်ကြည်ရေး  တံတားအနီးရှိ ဈေးရုံကြီးကိုလည်း   ပိတ်ထားရသည်မှာ ၂ ရက်ရှိပြီဖြစ်ကြောင်း  ထိုင်းဆိုင်ပိုင်ရှင်တဦးက   ပြောသည်။
မြန်မာအလုပ်သမား ခေါင်းဆောင်  ကိုနိုင်က  “နယ်စပ်ကုန်သွယ်ရေး  ရပ်ဆိုင်းသွားတဲ့အတွက် နှစ်ဖက်နယ်စပ်မှာ   အလုပ်လုပ်ကိုင်နေကြတဲ့  မြန်မာအလုပ်သမား ၁၀၀၀ ကျော်ဟာ အလုပ်တွေ   ရပ်နားထားရတယ်” ဟု ဆိုသည်။
ယခုနှစ် ဇွန်လကလည်း  မိုးသည်းထန်စွာ  အဆက်မပြတ် ရွာသွန်းမှုကြောင့်  ကရင်ပြည်နယ်  မြ၀တီ-ကော့ကရိတ်သွား  ဒေါနတောင်ကျော် ကားလမ်းတွင်  မြေပြိုမှုများ ဖြစ်ပြီး  လမ်းပိတ်ဆို့နေ၍  ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး  ရပ်ဆိုင်းသွားခဲ့ဖူးသည်။
မဲဆောက်-မြဝတီ   ချစ်ကြည်ရေးတံတားအောက်ရှိ ၂ ဧကခန့် ကျယ်ဝန်းသော  မြန်မာပိုင်   ရေလယ်ကျွန်းမှာ ရေနစ်မြုပ်သွားပြီး ကျွန်းကို မှီခို၍  ထိုင်းဘက်သို့   မြန်မာကုန်ပစ္စည်း ရောင်းချနေသည့် မြန်မာ ၂၀၀ ကျော်  ရေဘေးလွတ်ရာသို့   ပြောင်းရွှေ့သွားကြကြောင်း သိရသည်။
ချစ်ကြည်ရေးတံတားကို ၁၉၉၇  ခုနှစ်  သြဂုတ်လ ၁၅ ရက်နေ့က  စတင်ဖွင့်လှစ်ခဲ့ပြီး ယမန်နှစ် ဇူလိုင်လမှစ၍   နယ်စပ်လုံခြုံရေး  အကြောင်းပြချက်ဖြင့် မြန်မာဘက်က ချစ်ကြည်ရေးတံတား အပါအ၀င်    တံတားဘေးဝဲယာရှိ လှေဆိပ် ၂၀ ကျော်ကို ပိတ်လိုက်သဖြင့် နယ်စပ်ကုန်သွယ်ရေး    ရပ်တန့်ခဲ့သည်။
သို့သော် နှစ်ဘက်ကုန်သည်များက   ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကုန်သွယ်ကြရာ  လစဉ် ထိုင်းဘက်မှ ကုန်ပစ္စည်း ဘတ်ငွေ   သန်း ၇၀၀ ဖိုးခန့် မြ၀တီဘက်သို့  တင်ပို့ကြပြီး မြန်မာဘက်မှ မြန်မာ   ကုန်ပစ္စည်း ဘတ် သန်း ၄၀၀ ဖို့ခန့်ကို  မဲဆာက်ဘက်သို့ တင်သွင်းကြကြောင်း   သိရသည်။
No comments:
Post a Comment