အစိုးရသစ်လက်ထက်တွင်  ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့်  ဒေါ်အောင်ဆန်းစုကြည်တို့ တတိယအကြိမ်မြောက်အဖြစ် စက်တင်ဘာ ၃၀ရက်နေ့  မွန်းလွဲပိုင်းက တွေ့ဆုံခဲ့ကြပြီး လွတ်ငြိမ်းချမ်းသာခွင့် အပါအ၀င်  အကြောင်းအရာလေးရပ်အား ဆွေးနွေးခဲ့ကြကြောင်း သ တင်းရရှိပါသည်။ 
တွေ့ဆုံဆွေးနွေးမှုကို စက်တင် ဘာလ ၃၀ရက်နေ့ မွန်းလွဲ ၁နာရီမှ ၂နာရီ  ၁၇မိနစ်အချိန်အထိ ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးမှုအပြီးတွင်  သတင်းထုတ်ပြန်ချက်ကို ဦးအောင်ကြည်မှ ကြေညာခဲ့ကာ သတင်းထောက်များနှင့်လည်း  တွေ့ဆုံခဲ့ပါသည်။
ဆွေးနွေးမှုအပြီး ထုတ်ပြန်ခဲ့သော ကြေညာချက်ကို ပြည်ထောင်စုဝန်ကြီး  ဦးအောင်ကြည်က ဖတ်ကြားခဲ့ရာ၌ ''ယနေ့ပြုလုပ်သည့် ဆွေးနွေးမှုတွင်  နိုင်ငံတော်သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားဆောင်ရွက်နေသည့်  ကိစ္စ၊ ဧရာဝတီ မြစ်ကြောင်းထိန်းသိမ်းရေးအတွက်  နှစ်ဖက်ပူးပေါင်း  ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိစ္စ၊ ဥပဒေပြင်ပတွင် လက်နက်ကိုင်ဆောင်  ဆန့်ကျင်နေကြသူများကို ဥပဒေဘောင်အတွင်း လာရောက် ငြိမ်းချမ်းရေး  တည်ဆောက်ကြရန် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့်ကိစ္စများနှင့်  ပြည်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက်  ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတို့ကို ဆွေးနွေး ခဲ့ကြပါသည်။ တွေ့ဆုံ  ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြပါသည်''ဟူ၍  ပါရှိခဲ့ပါသည်။
 ထို့နောက် သတင်းထောက် များက မေးခွန်းမေးမြန်းခဲ့ရာ ရိုက် တာ သတင်းဌာနမှ  ဦးအောင်လှ ထွန်းက ''လွန်ခဲ့တဲ့တစ်ပတ်က ဦး ခင်အောင်မြင့်က ကမ္ဘောဒီးယား မှာ  ပြောသွားပါတယ်။ အစ်မသာ ပါလီ မန်ထဲကို ၀င်လာခဲ့မယ်ရင် လက်  ကမ်းကြိုဆိုမယ်လို့ ပြောသွားပါ တယ်။
အစ်မ၀င်လာဖို့ကျတော့ကျွန် တော်တို့သိတာက  technically က နည်းနည်း အဆင်မပြေဖြစ် နေတာ တွေ့ရပါတယ်။ အစိုးရဖက်က အဲ  တာကို ၀င်ဖို့အဆင်ပြေအောင် လုပ် ပေးနိုင်မယ့်အနေအထားရှိပါသလား။ ဒါကတော့  ၀န်ကြီးကို မေးတဲ့ မေး ခွန်းပါ။  နောက်တစ်ပိုင်းကတော့  အစ်မကိုမေးတဲ့မေးခွန်းပါ။ တကယ် လို့ အစိုးရဖက်ကသာ နည်းနည်း ပါးပါး  ပြုပြင်ပေးမယ်ဆိုရင် NLD ကို registration လုပ်ပြီးတော့လာ မယ့် Byelection   မှာဝင်ဖို့ရှိပါသလား။အစ်မကိုယ်တိုင် ၀င်ဖို့ရောမှန်း ထားတာရှိပါသလား''ဟု  မေးမြန်းခဲ့ ပါသည်။ 
ထိုမေးမြန်းချက်ကို ဦးအောင် ကြည်က'' ကျွန်တော့်အနေနဲ့  ဦးစွာဖြေရမယ်ဆိုရင် ဥပဒေနဲ့အညီ ကျွန်တော်တို့  မှတ်ပုံတင်ပြီးသွားတဲ့အချိန်မှာ ကျွန်တော်တို့ NLD  နဲ့အတူ လက်တွဲပြီးတော့  ဆောင်ရွက်သွားဖို့အတွက် အမြဲတန်းကြိုဆိုလျက်ရှိပါ တယ်ဆိုတဲ့အကြောင်း  ဖြေကြားလို ပါတယ်'' ဟု ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ '' NLD က တော့၊ ကျွန်မက NLD အတွက်၊ အားလုံးအတွက်  ပြောပေး လို့မရဘူးလေ။ CEC ကို ပထမတင် ပြရဦးမှာ။ CEC ကိုတင်ပြပြီးမှ  ကျွန်မတို့ ဘယ်လိုဖြေမလဲဆိုတာ ပြောချင်ပါတယ်။ ကျွန်မတို့ကရွေး  ကောက်ပွဲကိုမူအရ ကျွန်မတို့ဆန့်ကျင်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဆိုတာ  ဒီမိုကရေစီစနစ်ရဲ့ တစိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတာ ကျွန်မတို့  လက်ခံပြီးသားပါ။ဒီလို ရွေးကောက်ပွဲ ၀င်ပုံဝင်နည်း အခြေအနေ အခင်းအကျင်းအရ  ဒါကိုပဲကျွန်မတို့ကြည့်မှာ ဖြစ်ပါတယ်''ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။
ထို့နောက်  ဆန်ကေးရှင်ဘွန်း သတင်းစာမှ ဒေါက်တာဇော်သန်းက  ဧရာဝတီမြစ်ဆုံစီမံကိန်းကို  သမ္မတကြီး ဦးသိန်းစိန်က ခေတ္တရပ်နားလိုက်ကြောင်း ပြောကြားခဲ့သည့်အပေါ်  ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအား မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က  ''ကျွန်မတို့ နားလည် သလောက်က ဒီမနက်ကနေပြီးတော့ လွှတ်တော်ကို သမ္မတကြီးဆီက  သ၀ဏ်လွှာပို့တယ်လို့ ပြောပါတယ်။ ဒီသ၀ဏ်လွှာမှာဆိုရင် သမ္မတကြီးက ပြည်သူလူထုရဲ့  စိုးရိမ်မှုတွေ၊ ကြောင့်ကြမှုတွေကို ထောက်ထားပြီးတော့  ဒီမြစ်ဆုံရေကာတာစီမံကိန်းကို ရပ်ဆိုင်းထားမယ်လို့ ဒီလိုမှာကြား  လိုက်တယ်လို့ ကျွန်မတို့ နားလည်ပါတယ်။ ဒါကတော့ ကျွန်မအမြင်မှာတော့  ပြည်သူရဲ့အသံကိုနားထောင်တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။  ဒီဟာဟာအစိုးရတိုင်း လုပ်ရမယ့်ကိစ္စပါ။ ပြည်သူရဲ့အသံကို နားထောင်ရမယ်။  ပြည်သူရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို တကယ်ပဲ လေးလေးနက်နက် ထားပြီးတော့  ဖြေရှင်းပေးရမယ်။ အဲတာကြောင့် ကျွန်မဒါကို ကြိုဆိုပါတယ်''ဟု ပြန်လည်  ဖြေကြားခဲ့ပါသည်။
ပြည်တွင်းသတင်းဂျာနယ်များ ကိုယ်စား မေးခွန်းကို Open News ဂျာနယ်မှ  ဦးသီဟစောက မေးမြန်းခဲ့ရာ ''လောလောဆယ် ပြည်သူတွေကနေပြီးတော့ သိချင်နေကြ၊  မျော်လင့်ကြတာရှိတယ်။ အခုပြောင်း နေတဲ့ Political Process ထဲမှာ  အန်တီစုတို့နဲ့ NLD က ဘယ်လောက် အထိ Inclusive  ဖြစ်ပြီလဲ။ ဘယ်လောက်အထိ  တရားဝင်ရပြီလဲ။နောက်တစ်ခုကတော့ နိုင်ငံရေး အကျဉ်းသားတွေကိစ္စ၊ နိုင်ငံရေး  အကျဉ်းသားတွေလွတ်ဖို့ အလားအလာ ဘယ်လောက်ရှိပြီလဲ။ နောက်တစ်ခုကတော့ Ethnic  Issue တွေမှာ တိုင်းရင်းသားကိစ္စတွေမှာ ဘယ်လောက်အထိ ငြိမ်းချမ်းရေးနဲ့  ပြေလဲမှု ရပြီလဲ။ အဲဒီကိစ္စတွေမှာ အန်တီစုနဲ့ NLD က ဘယ်လောက်အထိ ပါဝင်ခွင့်  ရနေပြီလဲ။ အချိန်တန်ရင် ပြောမယ်ဆိုတာ အဲဒီအချိန်အတွက် အချိန်အကန့်အသတ်တစ်ခု  အန်တီစုပြောလို့ရပြီလား''ဟု မေးမြန်းခဲ့ပါ သည်။
ထိုမေးမြန်းချက်ကို ဒေါ်အောင် ဆန်းစုကြည်မှ ပြန်လည်ဖြေကြားခဲ့ရာ၌  ''ခုနတုန်းက ၀န်ကြီးဦးအောင်ကြည်ဖတ်သွားတဲ့ အထဲမှာလည်း ပါပြီးပါပြီ။  ဒီကိစ္စတွေကို  ကျွန်မတို့ ဆွေးနွေးပြီး ဖြစ်ပါတယ်။ ကျွန်မတို့က  ဘယ်လောက်အတိုင်းအတာ အထိပါဝင်နေသလဲဆိုတာ၊  ကျွန်မ တို့က  ဒီဟာတွေမှာပြည်သူတွေအတွက် အကျိုးဖြစ်နိုင်တဲ့ အတိုင်းအတာအထိ ကျွန်မတို့  ဆောင်ရွက်သွားမှာပါ။ တတ်နိုင်သလောက် ကြိုးစားပြီးတော့မှ တိုင်းပြည်အတွက်  အကျိုးဖြစ်မယ်။ ပြည်သူတွေအတွက် အကျိုးဖြစ်မယ့်ကိစ္စတွေမှာ ဆိုလို့ရှိရင်  ကျွန်မတို့က အင်တိုက်အားတိုက် ပါဝင်ပြီး လုပ်မှာဖြစ်ပါတယ်''ဟု  ပြောကြားခဲ့ပါသည်။
အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့်  ဒေါ်အောင်ဆန်းစုကြည်တို့သည် ၁၂ကြိမ်မြောက် တွေ့ဆုံထားခဲ့ပြီး  အစိုးရသစ်လက်ထက် တတိယအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။
No comments:
Post a Comment