Friday, September 16, 2011

ငွေအလစ်သုတ်သူ တူရကီနိုင်ငံသား နှစ်ဦးအား ရွှေဘိုတွင် ဖမ်းထားပြီ။

မြို့ကြီးအချို့တွင် ငွေများလိမ်လည် အလစ်သုတ် ခိုးယူမှု ကျူးလွန်ခဲ့သည့် နိုင်ငံခြားသားများကို လုံခြုံရေး မှတ်တမ်းများအရ ရွှေဘိုရဲစခန်းမှ လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရာ စက်တင်ဘာ ၇ ရက်နေ့တွင် နေပြည်တော် တိုးဂိတ်၌ ဖမ်းဆီးရမိခဲ့ကြောင်း  သိရသည်။ ဖြစ်စဉ်မှာ အဆိုပါ ဖမ်းဆီးရမိသည့် နိုင်ငံခြားသား များသည် စက်တင်ဘာ ၅ ရက်က ရွှေဘိုမြို့သို့ ရောက်ရှိလာခဲ့ပြီး ရွှေဘိုမြို့ အမှတ် ၃ ရပ်ကွက်၊ လမ်းမတော်လမ်းရှိ ကြွယ်လျှပ်စစ်ပစ္စည်း အရောင်းဆိုင်သို့ ည ၆ နာရီခွဲခန့်က ရောက်ရှိလာခဲ့ရာ မီးပူ ဝယ်ယူလိုကြောင်း ပြော၍ ဝယ်ယူကြောင်း၊ ယင်းနောက် ကျသင့်ငွေ ပေးချေရာတွင် ပိုငွေကျပ် ၂၀၀၀ ကို ကျပ် ၁၀၀၀ တန် အရွက်ကြီး လိုချင်ကြောင်း ပြော၍ ကောင်တာအနောက်ဝင်ကာ အံဆွဲထဲမှ ငွေများအား မွှေနှောက်ကြောင်း၊ ယင်းနောက် စာရေးမလေးက ငွေကို အနောက်ခန်းမှ ယူပေးရန် သွားရာတွင် လိုက်သွားပြီး ယင်းနေရာ၌လည်း ငွေအုပ်များအား ဖြည်၍ဖြန့်ကာ မွှေနှောက်ကြောင်း၊ ၎င်းနောက် ရွှေထည်ပစ္စည်း ထည့်ထားသည့်အိတ်ကို ကိုင်ရန်ကြိုးစားရာတွင် ဆိုင်ရှင်မှ အတင်းအကျပ် တား၍ အမ်းငွေနှင့် မီးပူယူပြီး ဆိုင်တွင်းမှ ပြန်ထွက်သွားခဲ့သည်။ ၎င်းတို့ ပြန်ထွက်သွားပြီးနောက် ငွေအပြည်များအား ရေတွက်ကြည့်ရာ ၂၁ သိန်းကျော် ပျောက်ဆုံးနေသည်ကို တွေ့ရသဖြင့် ရဲစခန်းအား အကြောင်းကြား၍ လုံခြုံရေး မှတ်တမ်းများအား ဖြန့်ဝေရှာဖွေ စုံစမ်းခဲ့ရာ စက်တင်ဘာ ၇ ရက်တွင် နေပြည်တော်တိုးဂိတ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူအံဆွဲထဲကို မွှေနေတုန်းက ဘာအလိုရှိလို့လဲ၊ ဘာများလိုသလဲ၊ ဒီမှာ လုံခြုံရေးကင်မရာရှိတယ်၊ ပြန်ကြည့်ပြီး ပြောလို့ရတယ် ဆိုတော့ သူက လက်ကာပြတယ်။ မွှေတာတော့ ကျွန်တော်တို့ရှေ့မှာပဲ အထဲမှာ ငွေအုပ်တွေဖြည်ပြီး ဖွတာလည်းရှေ့မှာပဲ။ ကျွန်တော်တို့ ကြည့်နေတာပဲ။ အဲဒီကြားထဲကငွေကို ဘယ်လိုယူသွားလဲ မသိဘူး” ဟု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကြုံတွေ့ခဲ့ရမှု အပေါ် ကြွယ်လျှပ်စစ်ဆိုင်မှ ပိုင်ရှင် ကိုမျိုးမင်းသိန်းက ပြောသည်။ ဖမ်းဆီးထိန်းသိမ်းထားသူ နှစ်ဦးမှာ တူရကီနိုင်ငံသား Mehret Ali နှင့် Duyou Aular တို့ဖြစ်ပြီး မလေးရှားနိုင်ငံ မြန်မာသံရုံးမှတစ်ဆင့် ဗီဇာတောင်း၍ မြန်မာနိုင်ငံတွင်းသို့ သြဂုတ်လ ၁၉ ရက်က ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “အခု ကျူးလွန်တဲ့အမှုနဲ့ ပတ်သက်လို့ သူတို့ဖြေတာက အရက်မူးနေလို့ ယူမိတယ်လို့ ပြောတယ်။ သူတို့ဝယ်ထားတဲ့ မီးပူကိုလည်း အရက်မူးပြီး ဘယ်မှာထားခဲ့မှန်းလည်း မသိဘူးလို့ ပြောတယ်။ ပိုက်ဆံလည်း ဘယ်မှာထားခဲ့မှန်း မသိဘူးဆိုတဲ့ ပုံစံမျိုးပြောတယ်” ဟု အမှုစစ် ရဲအုပ်ကျော်ဆွေက ပြောသည်။
ဖမ်းဆီးရမိသူ ၅ ဦးမှာ မလေးရှားနိုင်ငံမှာ ကတည်းက တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်းသို့ အတူတူ ဝင်ရောက်လာခဲ့ကာ ရန်ကုန်မှ မန္တလေးသို့ အတူတူ လာရောက်ခဲ့ကြောင်း၊ မန္တလေးဟိုတယ်တွင် တည်းခိုရာမှတစ်ဆင့် ဧရာဝတီမြစ်ရှုခင်း (Ayeyarwaddy River View) ဟိုတယ်သို့ ပြောင်းရွှေ့ တည်းခိုခဲ့ကြောင်း၊ မန္တလေးမှ ရွှေဘိုသို့ လာရာတွင်မူ လက်ရှိ ပြစ်မှုကျူးလွန်သူ နှစ်ဦးတည်းသာ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကားကို ရန်ကုန်ကတည်းက ငှားရမ်းလာခြင်း ဖြစ်ကြောင်း သိရသည်။ “အဓိက လုံခြုံရေးမှတ်တမ်းကရတဲ့ ကားနံပါတ်နဲ့ လိုက်တာပေါ့။ ပထမ ကားတစ်စီး မှားဖမ်းမိသေးတယ်။ အဲဒီကနေ ဆက်လိုက်ရင်း စစ်ကိုင်းတိုးဂိတ်က လုံခြုံရေးမှတ်တမ်းမှာ တွေ့တဲ့ကားနဲ့ သွားတူနေတယ်။ အဲဒီက ဆက်လိုက်တော့ နေပြည်တော် တိုးဂိတ်မှာမိတာ” ဟု ဖမ်းဆီးရမိမှုအပေါ် တာဝန်ရှိသူ တစ်ဦးကပြောသည်။ ယခု ဖမ်းဆီးရမိသော တူရကီနိုင်ငံသား နှစ်ဦးသည် ဟင်္သာတမြို့တွင် လိမ်လည်အလစ်သုတ် သွားခဲ့သူများ ဟုတ်မဟုတ် ဆက်လက် စစ်ဆေးနေဆဲ ဖြစ်သည်။ ဖမ်းဆီးထားသူ နှစ်ဦးအား ပ ၃၅၀/၂၀၁၁ ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် ရွှေဘိုမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။



 
           တူရကီနိုင်ငံသား (Mehret Ali)
 
        တူရကီနိုင်ငံသား (Duyou Aular)
အခင်းဖြစ်ပွားခဲ့ရာ ရွှေဘိုမြို့ အမှတ် ၃ ရပ်ကွက်၊ လမ်းမတော်လမ်းရှိ ကြွယ်လျှပ်စစ်ပစ္စည်း အရောင်းဆိုင်

No comments:

Post a Comment