“ပြည်တွင်း  ငြိမ်းချမ်းရေးကို ဆန့်ကျင်နေတဲ့ သူတွေ ရှိတယ်။ တပ်ထဲမှာလည်း ရှိတယ်။  အပြင်မှာလည်း ရှိသလားတော့ မသိဘူး။ ခပ်ဝါးဝါး ထင်တာကတော့ ရှိတယ်လို့ ထင်တယ်”  ဟု မဇ္ဈိမကို ပြောသည်။
ယခုနှစ်အတွင်း ပြန်လည်သည်းသန်လာသည့်  ပြည်တွင်းစစ်မီးအား ပိုမိုရှည်လျားသွားမည်ကို စိုးရိမ်ကြောင်းလည်း “ခု  ပြန်ဖြစ်တယ်ဆိုတာ ကျနော်စိုးရိမ်တာက ဇာတ်ရှည်ကြီးဖြစ်မှာကို။  နှစ်ပိုကြာလာမှကို ကျနော်က မကြိုက်ဘူး။ ငြိမ်းချမ်းရေးကို  ဆန့်ကျင်တာမှန်သမျှ ကျနော်က ဘာမှမကြိုက်ဘူး” ဟု ပြောသည်။
၁၉၅ဝ-၆ဝ  စုနှစ်များအတွင်းက ပြည်တွင်း ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး  လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သည့် အသက် ၉၄ နှစ်အရွယ် ဒဂုန်တာရာ  အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးတွက် လုပ်နိုင်သည့် အခြေအနေများ  တွေ့ရှိနေရပြီး မျှော်လင့်ချက် ရှိကြောင်းလည်း ပြောသည်။

“ငြိမ်းချမ်းရေးကို ဆန့်ကျင်တာမှန်သမျှ ကျနော်က ဘာမှမကြိုက်ဘူး” ဟု ဆိုသည့် ငြိမ်းချမ်းရေး လှုပ်ရှားသူ စာရေးဆရာကြီး ဒဂုန်တာရာ (ဓါတ်ပုံ မဇ္ဈိမ)
တကမ္ဘာလုံး  အတိုင်းအတာဖြင့် တရက်တာ အပစ်အခတ် ရပ်စဲရန် ကုလသမဂ္ဂမှ သတ်မှတ်ထားသည့်  စက်တင်္ဘာ ၂၁ ရက်နေ့ ‘ကမ္ဘာ့ငြိမ်းချမ်းရေးနေ့’ မှသည် အမြဲတမ်း အပစ်အခတ်  ရပ်စဲဖို့ လိုအပ်ကြောင်းလည်း “ငယ်ငယ်တုန်း ကတော့ ငြိမ်းချမ်းရေးဆိုတာ  ခပ်ဝါးဝါး၊ ခပ်ထွေးထွေးနဲ့။ ခုတော့ ငြိမ်းချမ်းရေးဆိုတာ ပြတ်ပြတ်သားသားနဲ့  ထင်ထင်ရှားရှား သိလာရတာ။ ငြိမ်းချမ်းရေး မရှိရင် ဘာမှလုပ်လို့ မရဘူး ဆိုတာ။  အမြဲတမ်း အပစ်အခတ် ရပ်စဲရေး ဖြစ်စေချင်တယ်” ဟု ဒဂုန်တာရာက ပြောသည်။
သမိုင်းခေတ်များအား  ဖြတ်သန်းခဲ့ရသည့် ဒဂုန်တာရာက သူ၏ ငြိမ်းချမ်းရေးလှုပ်ရှားမှု  အတွေ့အကြုံများအား ‘ကြာပန်းရေစင်’ ဟူ၍ ဝတ္ထုတအုပ် ၁၉၆၃ ခုနှစ်က  ရေးသားခဲ့ဖူးပြီး ဤစာအုပ်အား ပြန်လည် ထုတ်ဝေရန် စီစဉ်နေကြောင်း သိရသည်။
ထို့ပြင် ‘ငြိမ်းချမ်းရေး’ ခေါင်းစဉ်ဖြင့် ပိတောက်ပွင့်သစ် မဂ္ဂဇင်း အထူးထုတ်လည်း အောက်တိုဘာလအတွင်း ထုတ်ဝေရန် စီစဉ်နေကြောင်း သိရသည်။
“မည်သည့်အာဏာ၊  မည်သည့် ဖိနှိပ်မှုနဲ့မှ ငြိမ်းချမ်းရေးကို ရယူလို့ မရဘူး။ စကားပြောမှ  ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့၊ ဦးသန့်တို့  ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ၊ ပျက်ပြားခဲ့ရတာတွေ အပြင် ဒီဘက်ခေတ်အထိ  စစ်ပွဲတွေ ကိစ္စတွေရောပေါ့” ဟု အယ်ဒီတာ မောင်စိမ်းနီက မဇ္ဈိမကို ပြောသည်။
မြန်မာ  တနိုင်ငံလုံးရှိ စာပေအနုပညာရှင်များ၊ ဂီတပညာရှင်များအပြင်  လက်လုပ်လက်စားများ၏ ငြိမ်းချမ်းရေးအပေါ် ခံစားချက်၊ ဖြတ်သန်းမှု  အတွေ့အကြုံများအား မှတ်ချက်တိုများ၊ လက်မှတ်များဖြင့် ဖော်ပြသွားမည်  ဖြစ်သည်။
ပိတောက်ပွင့်သစ် မဂ္ဂဇင်းသည် ဧရာဝတီ၊ ချင်းတွင်း၊  သံလွင် ကဲ့သို့ မြန်မာပြည်၏ အရေးပါသော မြစ်ကြီးများ ထိန်းသိမ်း  စောင့်ရှောက်ရေး အတွက် အထူးထုတ်များလည်း ထုတ်ဝေခဲ့ပြီး ဖြစ်သည်။
No comments:
Post a Comment