Sunday, September 18, 2011

မြစ်ဆုံဆည်တည်ဆောက်မှု့ကြောင့်လက်ရှိရင်ဆိုင်နေရသော ဒေသဆိုင်ရာဆိုးကျိုးများ။

မြစ်ဆုံဆည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ဆည်တည်ဆောက်အပြီးမှာ သဘာဝနဲ့ဆိုင်တဲ့ ဆိုးကျိုးတွေကို ဆည်နဲ့အနီးတဝိုက်မှာ နေထိုင်သူဒေသခံတွေ ခံစားရနိုင်တယ်ဆိုတာ ပညာရှင်များရဲ့ လေ့လာသုံးသပ်ချက်အရ လူအများသိကြရပေမဲ့ ပညာရပ်ပိုင်းဆိုင်ရာနဲ့ မပက်သတ်ဘဲ လူမှု့ရေးပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေကို ဆည်တည်ဆောက်မှု့ဧရိယာအနီးတဝိုက်မှာ နေထိုင်နေတဲ့ ဒေသခံတွေဟာ လက်ရှိအချိန်မှာပင် ဆိုးရွားစွာ ခံစားနေရပြီလို့ အမည်မဖေါ်လိုသူ လွတ်တော် ကိုယ်စာလှယ်တဦးရဲ့ အဆိုအရသိရပါတယ်။ သူရဲ့ပြောဆိုချက်ကတော့ စီမံကိန်းလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ တရုတ်အလုပ်သမားတွေဟာ စီမံကိန်းဧရိယာအတွင်းနဲ့ စီမံကိန်းနဲ့ မသက်ဆိုင်တဲ့ နေရာတွေမှာရှိတဲ့ သက်နူကျောက်စိမ်းတွေနဲ့ ပတ္တမြား ၊ အဖိုးတန် သစ်ဥသစ်ဖုများကိုပါ ဥပဒေမဲ့ တူးဖေါ်နေကြပြီး စမ်းသပ်မှု့လုပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တနေ့တနေ့ ကို ရာနဲ့ချီတဲ့ အလုံပိတ်ကားတွေနဲ့ အစစ်အဆေးမရှိ တရုတ်နိုင်ငံဖက်ကို သယ်ယူနေကြတာကို ဒေသဆိုင်ရာအာဏာပိုင်တွေ ကိုယ်တိုင်ကဘာမှ မပြောရဲကြဘဲ လက်ပိုက်ကြည့်နေကြ ရတယ်လို့ ဆိုပါတယ်။ ဒါအပြင် ကျွန်းသစ်ထက် အဆပေါင်းများစွာ ဈေးကြီးပြီ အလွန်ရှားပါးတဲ့ သစ်တမျိုးဖြစ်တဲ့ သစ်မင်းအပါအဝင် ရှားပါး တိရိစ္ဆာန် တွေဖြစ်တဲ့ ကျား၊သမင်နဲ့ မျောက်လွဲကျော်လို တရိစ္ဆာန်တွေကိုလည်း စီမံကိန်းအကြောင်းပြချက်နဲ့ ဥပဒေမဲ့ သက်ဖျတ် စားသောက်ခြင်းနဲ့ တရုတ်နိုင်ငံဖက်ကို သယ်ယူနေကြတာကို ဒေသခံတွေအနေနဲ့ ဘာမှပြောဆိုပိုင်ခွင့်မရှိဘဲ လက်ပိုက်ကြည့်နေကြရတယ်လို့ ဆိုပါတယ်။ နောက်အဆိုးဆုံးအချက်ကတော့ ထောင်ပေါင်းများစွာသော တရုတ်အလုပ်သမားတွေ နေထိုင်ရာနေရာတွေနဲ့ အလုပ်လုပ်ရာနေရာတိုင်းမှာ တရုတ်အလံလွင့်ထူထားပြီး တရုတ်နိုင်ငံ ပိုင်နက်နယ်မြေတခုကဲ့သို့ သွားလာလှုပ်ရှားနေကြပြီး ၎င်းတို့ထက် လူနေမှု့အဆင့်နိမ့်ကျတဲ့ ဒေသခံများပေါ်တွင်လည်း လေးစားမှု့မရှိဘဲ ၎င်းတို့၏အုပ်ချုပ်ခံများကဲ့သို့ဆက်ဆံနေကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အကယ်၍အစိုးရမှ မြန်မာပြည်သူများ၏ အသံကို နားမထောင်ဘဲ မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်းအား အတင်းအကျပ်ဆက်လက်လုပ်ဆောင်မည်ဆိုလျှင် စီမံကိန်းကာလအတွင်း တွင်ပင် ကချင်ပြည်နယ်သည် တရုတ်နိုင်ငံ၏ လက်အောက်ခံဒေသတခုကဲသို့ ပြောင်းလဲ သွားနိုင်သလို ကချင်ပြည်နယ်နဲ့ နီးစပ်ရာပြည်နယ်တိုင်းများသို့လည်း တရုတ်လူမျိုးများ ဥပဒေမဲ့ဝင်ရောက်လာနိုင်သောကြောင့် မြန်မာတိုင်းရင်းသားများ၏ ရေရှည် တည်ရှိမှု့ကိုပင် အန္တရာယ်ဖြစ်လာနိုင်သည်ဟု အဆိုပါလွတ်တော်ကိုယ်စာလှယ်မှ ပြောပြခဲ့ပါတယ်။

No comments:

Post a Comment