အမေရိကန်   အထက် လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်က အမေရိကန် အနေဖြင့်    မြန်မာနိုင်ငံအပေါ် မူဝါဒ ပြောင်းလဲရေးနှင့် ပျော့ပြောင်းရေး    တိုက်တွန်းလိုက်သည်။
မစ္စတာ ဂျင်မ်ဝက်ဘ်သည် မြန်မာအစိုးရနှင့်  အမေရိကန်အစိုးရအကြား   ဆက်ဆံရေးကောင်းမွန်ရန် အထူးလိုလားသူ  တဦးအဖြစ်လူသိများပြီး ယခုကဲ့သို့   တိုက်တွန်းသည့်အချိန်သည် အမေရိကန်အစိုးရ  အထူးကိုယ်စားလှယ်နှင့် မူဝါဒ   ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ်  မြန်မာနိုင်ငံသို့   ရောက်ရှိချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
မစ္စတာ   ဂျင်မ်ဝက်ဘ်က လက်ရှိ မြန်မာအစိုးရသစ်သည် ယခင်ကကဲ့သို့  စစ်အစိုးရမဟုတ်ဘဲ   ပြီးခဲ့သည့်နှစ်က ရွေးကောက်ပွဲ ကျင်းပပြီး တက်လာသည့်    အစိုးရဖြစ်ကြောင်းနှင့် မြန်မာအစိုးရသစ်နှင့် ထိတွေ့ဆက်ဆံရေး    အခွင့်အလမ်းသစ်များ ပေါ်ပေါက်နေပြီဖြစ်ကြောင်း ထောက်ပြ ပြောဆိုသည်။
မကြာသေးမီက   ပြုပြင်ပြောင်းလဲမှု တချို့နှင့် အပြုသဘောဆောင်သည့်   လုပ်ဆောင်ချက်များနှင့်  ပတ်သက်၍ မစ္စတာ ဂျင်မ်ဝက်ဘ်က “မြန်မာအစိုးရဆီမှာ   ပွင့်လင်းမှု အသစ်တွေကို  မြင်နေရပြီ၊ ဒါကြောင့် အမေရိကန် အစိုးရအနေနဲ့   မြန်မာနိုင်ငံအပေါ် မူဝါဒကို  ပြုပြင်ပြောင်းလဲဖို့ ပြင်ဆင်သင့်ပြီ” ဟု   ပြောသည်။
လက်ရှိအချိန်တွင်  မြန်မာအစိုးရသည်  လူမှုအဖွဲ့အစည်းများနှင့် ဆက်ဆံရေး၊  စစ်တပ်နှင့်  အစိုးရအဖွဲ့  အပြောင်းအလဲများကို ပြုလုပ်နေသည့် အဓိကကျသော   ပြုပြင်ပြောင်းလဲရေးကာလသို့  ရောက်ရှိနေသည်ဟု ၎င်းက ဆက်လက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်   မြန်မာအစိုးရ ဆက်ဆံရေးသည်လည်း  ဒီမိုကရေစီဖြစ်နှင့်   အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးပါသော  ခြေလှမ်းတရပ်အဖြစ်   ရှုမြင်ကြောင်း မစ္စတာ ဂျင်မ်ဝက်ဘ်က ဆိုသည်။
မစ္စတာ  ဂျင်မ်ဝက်ဘ်သည်  ၂၀၀၉ ခုနှစ်က ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့  လာရောက်ပြီး   စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ထိုစဉ်က   နေအိမ်အကျယ်ချုပ်  ကျနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်   ဒေါ်အောင်ဆန်းစုကြည်တို့နှင့်  သီးခြားတွေ့ဆုံခဲ့သည်။ ဒေါ်အောင်စုကြည်၏   နေအိမ်သို့ ဝင်ရောက်ခဲ့သော  အမေရိကန်နိုင်ငံသား ဂျွန် ယက်ထော   လွတ်မြောက်ရေးအတွက်လည်း လုပ်ဆောင်ခဲ့သည်။
မြန်မာနိုင်ငံအပေါ်   ထားရှိသည့် အမေရိကန်နိုင်ငံ၏ မူဝါဒကို  ပြန်လည်သုံးသပ်ရန် သမ္မတ အိုဘားမားက   မစ္စတာ ဒဲရက် မစ်ချယ်ကို  ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသို့   ရောက်ရှိနေသည့် မစ္စတာ ဒဲရက် မစ်ချယ်၏ ၅ ရက်ကြာ  ခရီးစဉ်အတွင်း စက်တင်ဘာလ ၉   ရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ  ဦးခင်  အောင်မြင့်၊ နိုင်ငံခြားရေးဝန်ကြီး  ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာ   ၀န်ကြီးဋ္ဌာနနှင့် မြန်မာ့  စက်မှုဖွံဖြိုးရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး   သိန်းဌေး၊  အလုပ်သမားရေးရာဝန်ကြီးဋ္ဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်    ပြန်လည်နေရာချထားရေး ၀န်ကြီး ဦးအောင်ကြည်တို့နှင့် နေပြည်တော်တွင်    တွေ့ဆုံဆွေးနွေးသည်။
ယမန်နေ့က ဒီမိုကရေခေါင်းဆောင်   ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား  ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်   အမှုဆောင်များ၊ ပြည်သူ့လွှတ်တော်  ကိုယ်စားပြုကော်မတီ (CRPP)   အဖွဲ့ဝင်များနှင့် သီးခြားစီတွေဆုံပြီး  တိုင်းရင်းသားအရေး၊ နိုင်ငံရေး   အကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပညာရေး၊  လူမှုရေး ကဏ္ဍများတွင်   ပိုမိုအကူအညီပေးရေး ဆွေးနွေးခဲ့သည်။
ထို့အပြင် လူအခွင့်အရေး   ကာကွယ်မြှင့်တင်သူများကွန်ရက် (HRDP) အဖွဲ့မှ  ဦးမောင်မောင်လေး၊ NLD   ဥပဒေအထောက်အကူပြု အဖွဲ့မှ ရှေ့နေ ဦးအောင်သိန်း၊  ၈၈ မျိုးဆက်ကျောင်းသား   ကိုမြတ်သူ၊ နိုင်ငံရေးအကျဉ်းသားဟောင်း Hip Hop  အဆိုတော် ဇေယျာသော် တို့ကို   ရန်ကုန်မြို့ အမေရိကန်စင်တာတွင် တနာရီခန့်  တွေဆုံဆွေးနွေးခဲ့သည်။
HRDP   အဖွဲ့မှ ဦးမောင်မောင်လေးက “မစ္စတာ ဒဲရက်မစ်ချယ်က လက်ရှိ  မြန်မာပြည်ရဲ့   လူအခွင့်အရေး အခြေအနေကို အချက် ၄ ချက် မေးမြန်းတယ်” ဟု  ပြောသည်။
အစိုးရသစ်လက်ထက်   လူအခွင့်အရေးအခြေအနေ၊ အသစ်ဖွဲ့စည်းသည့်  မြန်မာနိုင်ငံအမျိုးသား   လူ့အခွင့်အရေးကော်မရှင်နှင့် ပတ်သက်၍ HRDP အဖွဲ့၏  သဘောထား၊ အဆိုးရွားဆုံး   လူအခွင့်အရေး ချိုးဖောက်ခံရသည့် ဖြစ်ရပ်များ၊  အစိုးရသစ်လက်ထက်   အပြောင်းအလဲများကို မစ္စတာ ဒဲရက် မစ်ချယ်က မေးမြန်းသည်ဟု  ဦးမောင်မောင်လေးက   ဆိုသည်။
အမေရိကန်အစိုးရအနေဖြင့် ချမှတ်ထားသည်  ဒီမိုကရေစီအရေး၊  လူအခွင့်အရေး၊  ဖွံဖြိုးတိုးတက်ရေးနှင့်  အမျိုးသားပြန်လည်သင့်မြတ်ရေး စသည့်  အခြေအနေများ  ထင်သာမြင်သာ  ပြောင်းလဲမှုမရှိလျှင် မြန်မာနိုင်ငံအပေါ်  ထားရှိသည့် သဘောထား   ပြောင်းလဲသွားမည်မဟုတ်ဟု မစ္စတာ ဒဲရက် မစ်ချယ်က  အစိုးရအဖွဲ့ဝင်   ၀န်ကြီးများနှင့် တွေ့ဆုံစဉ် ပြောပြခဲ့သည်ဟု  ဦးမောင်မောင်လေးက ပြောသည်။
No comments:
Post a Comment