ပြည်သူ့လွှတ်တော်   ဥက္ကဋ္ဌ သူရဦးရွှေမန်းက  အမေရိကန် အစိုးရ၏  မြန်မာနိုင်ငံဆိုင်ရာ အထူး   ကိုယ်စားလှယ် မစ္စတာ ဒဲရက် မစ်ချယ် နှင့်  မကြာသေးမီက တွေ့ဆုံစဉ် ဒဏ်ခတ်     ပိတ်ဆို့များ ရုပ်သိမ်းပေးရန်  တောင်းဆိုခဲ့ကြောင်း ယနေ့ထုတ်   အစိုးရသတင်းစာတွင်   ဖော်ပြထားသည်။
“ပြည်သူများ  ဒုက္ခရောက်စေသော အမေရိကန်၏ မူဝါဒကို ပြန်လည်   စဉ်းစားသုံးသပ်စေလိုကြောင်း”  ဦးရွှေမန်းက မစ္စတာ ဒဲရက် မစ်ချယ် နှင့်   စက်တင်ဘာ ၉ ရက်နေ့တွင် တွေ့ဆုံစဉ်  ပြောလိုက်သည်ဟု ဆိုသည်။
မစ္စတာ  ဒဲရက်မစ်ချယ်က  အမေရိကန်အစိုးရ၏ မူဝါဒပိုင်းနှင့် ပတ်သက်၍   အကူအညီအထောက်အပံ့များ လိုအပ်ပါက  သိလိုကြောင်း ပြောဆိုချက်ကို ဦးရွှေမန်းက   တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်  နာယက  ဦးခင်အောင်မြင့်ကလည်း အမေရိကန်  အထူးကိုယ်စားလှယ် ပြောဆိုသော   မြန်မာနိုင်ငံအပေါ် ကူညီမှု ဟူသည်မှာ  လွန်ခဲ့သော နှစ် ၂၀ ကတည်းက ဖြစ်သင့်သော   ကိစ္စဟု ဆိုသည်။
သတင်းကောင်း တရပ်မှာ အပစ်ရပ်သူပုန်အဖွဲ့. ၂  ခုနှင့်  ပဏာမ  ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိသွားပြီ ဖြစ်၍  အမျိုးသားစည်းလုံး   ညီညွတ်ရေးအတွက် ဆက်လက် ဆွေးနွေးသွားမည့်အစီအစဉ်  ဖြစ်သည်ဟု  ဦးရွှေမန်းက   မစ္စတာ ဒဲရက် မစ်ချယ်ကို ပြောဆိုခဲ့သည်။
မစ္စတာ  ဒဲရက်မစ်ချယ်က သူ၏ ၅  ရက်ကြာ မြန်မာပြည် ခရီးစဉ်  နောက်ဆုံးနေ့ဖြစ်သော  စက်တင်ဘာ ၁၄ ရက်နေ့က  ရန်ကုန်လေဆိပ်တွင်  သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး  ကြေညာချက်တစောင်  ထုတ်ပြန်ခဲ့သည်။
အစိုးရနှင့် တွေ့ဆုံစဉ်  ပြည်တွင်းငြိမ်းချမ်းရေး၊   အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက်  နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်   လွှတ်ပေးရေး၊ လက်နက်ကိုင်ပဋိပက္ခများ  ဖြေရှင်းရေး၊ တိုင်းရင်းသားဒေသ    အမျိုးသမီးများ၊ ကလေးများအပေါ်  လူ့အခွင့်အရေး ချိုးဖောက်နေမှု ကိစ္စများကို   စုံစမ်းဖော်ထုတ်၍ စနစ်တကျအရေးယူ  ဆောင်ရွက်ရေး တို့ကို ပြောဆိုခဲ့ကြောင်း   ထုတ်ပြန်ချက်တွင် ရေးထားသည်။
မြန်မာနှင့်မြောက်ကိုးရီးယား   နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး  အပိုင်းတွင် ပွင့်လင်းမြင်သာမှု   နည်းပါးနေခြင်းအပေါ်   စိုးရိမ်မကင်းဖြစ်မိကြောင်း၊    ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ နျူကလီးယား  မပြန့်ပွားရေးဆိုင်ရာ သဘောတူညီချက်   နှင့် အပြည်ပြည်ဆိုင်ရာ ၀တ္တရားများကို  လေးစားလိုက်နာရန် တိုက်တွန်းကြောင်း   အထူး ကိုယ်စားလှယ်က ပြောသည်။
အမျိုးသားပြန်လည် သင့်မြတ်ရေး ဆောင်ရွက်ရာ၌ ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍက မရှိမဖြစ် လိုအပ်သည်ဟုလည်း အထူးကိုယ်စားလှယ်က ပြောသည်။
အမေရိကန် အထူးကိုယ်စားလှယ်သည် ခရီးစဉ်အတွင်း ရန်ကုန်အခြေစိုက် နိုင်ငံရေးသမား အများအပြားနှင့်လည်း တွေ့ခဲ့သည်။
အမေရိကန်က    မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံမှု တိုးမြှင့်လာသကဲ့သို့    စီးပွားရေးပိတ်ဆို့မှုကို ဆက်လက် ကျင့်သုံးသွားမည် ဖြစ်ကြောင်း    အထူးကိုယ်စားလှယ်က ရှင်းပြသွားသည်ဟု အတိုက်အခံနိုင်ငံရေးသမားတဦးက ပြောသည်။
“စီးပွားရေးပိတ်ဆို့မှု   ရုပ်သိမ်းရေးကိစ္စက မြန်မာအစိုးရရဲ့  လက်တွေ့ကျတဲ့ လုပ်ရပ်၊   အပြောင်းအလဲတွေပေါ်မှာ မူတည်ပါတယ်၊ အစိုးရရဲ့  အပြောင်းအလဲပေါ်မှာ   မူတည်ပြီးတော့မှ ဆောင်ရွက်သွားဖို့ အမေရိကန်ရဲ့  သဘောကို ပြောခဲ့ပါတယ်” ဟု   ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)၏  အတွင်းရေးမှူး ဦးအေးသာအောင်က   ဆိုသည်။
“အဓိကတော့ နိုင်ငံရေး လွတ်လပ်ခွင့်ကို  ဘယ်အတိုင်းအတာထိ  လုပ်ခွင့်ရမလဲ၊  ဘယ်လောက်ထိ ဒီမိုကရေစီကျမလဲ ဆိုတာတွေကို   စောင့်ကြည့်သွားမယ်လို့  မစ္စတာဒဲရက်မစ်ချယ်က ဆိုသွားတယ်” ဟု ဦးအေးသာအောင်က   ပြောပြသည်။
မြန်မာအာဏာပိုင်တို့က လူ့အခွင့်အရေး  ချိုးဖောက်မှုများ   ကျူးလွန်နေခြင်းကြောင့် အမေရိကန် နှင့်    အနောက်နိုင်ငံများ၏အရေးယူပိတ်ဆို့မှုများ ၁၉၉၇ ခုနှစ်တွင် စတင်    ပေါ်ပေါက်လာသည်။
No comments:
Post a Comment