Showing posts with label သတင်းရင်း(ခင်ဦးသာ). Show all posts
Showing posts with label သတင်းရင်း(ခင်ဦးသာ). Show all posts

Tuesday, October 18, 2011

ရပ်ရွာ အုပ်ချုပ်ရေးမှူးများကို အောက်ခြေအဆင့်ဆင့်မှ ရွေးချယ်မည်။

ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဗဟိုမှ တိုက်ရိုက်ရွေးချယ်မည် မဟုတ်တော့ဘဲ အောင်ခြေ အဆင့်ဆင့်က ရွေးချယ် တင်မြှောက်ရတော့မည်ဟု သိရသည်။

ယမန်နေ့က ကျင်းပခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေး၌ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ ထည့်သွင်း၊ အတည်ပြုသင့်သည့် အချက်များကို ကိုယ်စားလှယ် ၁၅ ဦးက ဆွေးနွေးခဲ့ကြကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

အမျိုးသားလွှတ်တော်၌ မနေ့က ဆွေးနွေး ဖြည့်စွက်ကြရာတွင် ရပ်ကွက်၊ ကျေးရွာများရှိ အိမ်ခြေ ၅၀ ရာခိုင်နှုန်းကျော်၏ ဆန္ဒဖြင့် တင်မြှောက်လိုသူ ရှိလျှင် တင်မြှောက်နိုင်ကြောင်း ၎င်းတို့ ရွေးချယ်တင်မြှောက်ထာသော အုပ်ချုပ်ရေးမှူးအား အယုံ အကြည် မရှိ၍ ဖယ်ရှားပေးရန် တင်ပြလျှင်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပယ်ဖျက်ပေးရမည်ဖြစ်ကြောင်း စာပုဒ်တချို့် ဖြည့်စွက်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ ကျေးရွာ၊ ရပ်ကွက် တချို့၌ လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှု စသည့် ဒုစရိုက်မှုများ ရှိနေတတ်သည့်အတွက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးအနေဖြင့် အရေးကြုံလာပါလျှင် ရှာဖွေနိုင်ရမည်၊ ဖမ်းဝရမ်း ထုတ်နိုင်ရမည် စသည့် အခွင့်အာဏာ တချို့ကို ဥပဒေကြမ်း၌ ထည့်သွင်း ပေးထားကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ဝါရှင်တန်အခြေစိုက် RFA အသံလွှင့်ဌာနကို ပြောဆိုခဲ့သည်။

“ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်းရေး ကိစ္စဟာ အခြေခံ အကျဆုံး ဖြစ်တဲ့အတွက် အရေးကြီးပါတယ်။ ဒီ ဥပဒေ မတိုင်ခင်ကဆိုရင် တချို့ ပါတီတွေနဲ့ နီးစပ်သူတွေ၊ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေကိုပဲ ခန့်ထားခဲ့ကြတာတွေ ရှိတယ်။ အခု ဆွေးနွေးကြတဲ့ အထဲမှာ အုပ်ချုပ်ရေးမှူး တဦးရဲ့ အရည်အချင်း၊ လုပ်ပိုင်ခွင့်တွေ ပေးထားပေမယ့် အာဏာ အလွဲသုံးစား မလုပ်နိုင်အောင် ထိန်းညှိပေးထားတာတွေလည်း ပါတယ်” ဟု ဒေါက်တာ အေးမောင်က ဆိုသည်။

အုပ်ချုပ်ရေးမှူးတို့၏ သက်တမ်းအား ကန့်သတ်ထားပြီး တာဝန်များ၊ လုပ်ပိုင်ခွင့်များ ကျော်လွန်ကာ အာဏာ အလွဲသုံးစား ပြုလုပ်ပါက ဥပဒေအရ အရေးယူနိုင်ရေးကို အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း၊ ထိုဥပဒေကြမ်းအား အမျိုးသား လွှတ်တော်၌ ဆွေးနွေး အတည်ပြုပြီးပါက ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် ယူရဦးမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်လက ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ် ခန့်အပ်ရာတွင် သက်ဆိုင်ရာ ဒေသခံ ပြည်သူလူထု၏ ဆန္ဒအတိုင်း မဲပေးရွေးချယ်ခန့်ထားရေး အဆိုကို တင်သွင်းခဲ့ရာ ပြည်ထဲရေး ၀န်ကြီး ဒု – ဗိုလ်ချုပ်ကြီး ကိုကိုက ပယ်ချခဲ့သည်။

ပြည်သူ့လွှတ်တော်၌ ဆွေးနွေးခဲ့သော ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး ဆိုင်ရာဥပဒေကြမ်း၌ ကျေးရွာ၊ ရပ်ကွက်အတွင်းရှိ ဆယ်အိမ်မှူးများ အထဲမှ တဦးအား မဲပေးကာ သက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့က ရွေးချယ်ခန့်ထားမည်ဟု ပါရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အပုဒ် (၂၈၉) ၌ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအား ရွေးချယ် ခန့်အပ်ရာတွင် ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိ ရှိသည့် ပုဂ္ဂိုလ် တဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ်ရမည်ဟု ပါရှိပြီး ပါတီနိုင်ငံရေး ကင်းရှင်းသူ ဖြစ်ရမည် ဟုလည်း ဆိုထားသည်။

သို့သော် သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယူချိန်က ခန့်အပ်တာဝန်ပေးထားသော အုပ်ချုပ်ရေးမှူး အများစုသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၀င်များသာ ဖြစ်ကြောင်း သိရပြီး ထိုကိစ္စသည် အများပြည်သူအကြား အငြင်းပွားနေဆဲ ဖြစ်သည်။

ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တာဝန်အား ဒေသခံများ ကိုယ်တိုင် ရွေးချယ်ခွင့်၊ ပယ်ဖျက်ပိုင်ခွင့် အပြည့်အ၀ ရမှသာ ပြည်သူများအတွက် အဆင်ပြေမည်ဖြစ်ကြောင်း၊ ဥပဒေ ပြဌာန်းပြီး ထိုဥပဒေ အတိုင်း ဆောင်ရွက်ရန်၊ လေးစားလိုက်နာရန်  အရေးကြီးကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ဆိုသည်။

မွန်ပြည်နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးဖြစ်ရန် မြို့နယ်အာဏာပိုင်များထံ ကျပ်သိန်း ဆယ်ဂဏန်းချီ ပေးရသော်လည်း လုပ်ဆောင်လိုသူ များပြားကြောင်း သိရသည်။

“ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တယောက်ရဲ့ ၀င်ငွေက လစဉ် သိန်းနဲ့ချီ ၀င်နေတော့ လုပ်ချင်သူတွေများတယ်။ လက်ရှိမှာတော့ အာဏာ အလွဲသုံးစား မလုပ်တဲ့ အုပ်ချုပ်ရေးမှူး မရှိသလောက်ပါပဲ” ဟု နိုင်ငွေသိန်းက ဆိုသည်။

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် မြို့နယ် အဆင့် အာဏာပိုင်များနှင့် ပူးပေါင်းကာ လယ်ယာမြေ အဓမ္မ သိမ်းယူခြင်း၊ အခွန်အခများ မတရား ကောက်ခံခြင်း တို့အပြင် လောင်းကစားဝိုင်းများ၊ ပြည့်တန်ဆာ လုပ်ငန်းများကို အခကြေးငွေယူကာ ၎င်းတို့နှင့်နီးစပ်သူ များအား လုပ်ပိုင်ခွင့်ပေးထားကြောင်း ဒေသခံ တချို့ကတိုင်ကြား သော်လည်း အရေးယူမှု မရှိဟု ထားဝယ် ဒေသခံတဦးက ပြောသည်။

“ပြည့်တန်ဆာ လုပ်ငန်းက အရင်တုန်းက ကော့သောင်းမြို့ပေါ်မှာ များတာ။ အခုဆို ထားဝယ်မှာလည်း ကျယ်ပြန့်လာနေပြီ။ အာဏာပိုင်တွေ ကိုယ်တိုင် ပါဝင်ပတ်သက်နေတော့ တိုင်ပေမယ့်လည်း အရေးယူမယ့်လူမရှိဘူး” ဟု ၎င်းက ဧရာဝတီကို ပြောသည်။

ရခိုင်ပြည်နယ် အတွင်းရှိ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး အများစုမှာလည်း အာဏာအလွဲသုံးစား လုပ်ကာ အခွန်ကောက် ခံခြင်း၊ အစိုးရ၏ ချေးငွေများကို ခေါင်းပုံဖြတ်တောက် ခြင်းများ လုပ်ဆောင်နေကြဆဲ ဖြစ်ကြောင်း ရခိုင်ဒေသခံများ ထံမှ သိရသည်။

Thursday, October 13, 2011

မြစ်ဆုံ အတွက် တရုတ်ကို နစ်နာကြေးပေးမည်။

ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဆိုင်းငံ့လိုက်ရခြင်းကြောင့် မြန်မာနိုင်ငံဘက်က တရုတ်နိုင်ငံသို့ နစ်နာကြေးအရတခြား သော စီမံကိန်းများ လုပ်ဆောင်ပေးသွားဖွယ်ရှိကြောင်း သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ် က ပြောဆိုသည်။
“ဒီလို ရပ်ဆိုင်းလိုက်ရတဲ့အတွက် နစ်နာမှုတော့ရှိတာပေါ့၊ ဒီအတွက်လည်းပဲ တခြားစီမံကိန်း၊ လုပ်ငန်းတခုခုတော့ ဆောင်ရွက် ပေးသွားဖို့ရှိပါတယ်၊ ငွေကြေး အလုံးအရင်းနဲ့ လျော်ပေးရတာမျိုးတော့ မရှိပါဘူး”ဟု ၎င်းက ဧရာဝတီ ကိုပြောသည်။


 
               မြစ်ဆုံစီမံကိန်းတစိတ်တပိုင်းအားတွေ့ရစဉ်။(ဓါတ်ပုံ ဧရာဝတီ)


ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဆိုင်းငံ့လိုက်ရခြင်းကြောင့် မြန်မာနိုင်ငံဘက်က တရုတ်နိုင်ငံသို့ နစ်နာကြေးအရတခြား သော စီမံကိန်းများ လုပ်ဆောင်ပေးသွားဖွယ်ရှိကြောင်း သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ် က ပြောဆိုသည်။
“ဒီလို ရပ်ဆိုင်းလိုက်ရတဲ့အတွက် နစ်နာမှုတော့ရှိတာပေါ့၊ ဒီအတွက်လည်းပဲ တခြားစီမံကိန်း၊ လုပ်ငန်းတခုခုတော့ ဆောင်ရွက် ပေးသွားဖို့ရှိပါတယ်၊ ငွေကြေး အလုံးအရင်းနဲ့ လျော်ပေးရတာမျိုးတော့ မရှိပါဘူး”ဟု ၎င်းက ဧရာဝတီ ကိုပြောသည်။

တရုတ်ကုမ္ပဏီများ၏ နစ်နာမှုအတွက် မြန်မာဘက်က လုပ်ဆောင်ပေးသွားမည်ဟု ဆိုသော်လည်း မည်ကဲ့သို့ စီမံကိန်း၊ လုပ်ငန်း အမျိုးအစားများဖြင့် ဖြေရှင်းပေးသွားမည်ဆိုသည်ကိုမူ ပြောဆိုခြင်း မရှိပေ။
“မြစ်ဆုံတခုတည်းရပ်တာနဲ့ တရုတ်-မြန်မာ ဆက်ဆံရေးမထိခိုက်ပါဘူး၊ တရုတ်ကရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းတွေ အများကြီး ကျန်ပါသေးတယ်၊ ဥပမာ-ဂက်(စ်)ပိုက်လိုင်းလို စီမံကိန်းကြီးတွေပေါ့၊ ပိုက်လိုင်း ကိစ္စက ရပ်တန့်ထားဖို့ အစီအစဉ် မရှိပါဘူး၊ ဆက်လုပ်သွားမှာပါ”ဟုလည်း သမ္မတ အကြံပေး ဦးနေဇင်လတ် က ဆိုသည်။
မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ထားပြီးနောက်ပိုင်းတွင် တရုတ်အစိုးရသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံသို့ သွယ်တန်း မည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများကို အလေးထားလုပ်ဆောင်နေပြီး ကျောက်ဖြူ ရေ နက် ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများကို မြန်ဆန်စွာ ပြီးစီးရေး လုပ်ဆောင်နေကြောင်း သိရသည်။
မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ထားရန် သမ္မတဦးသိန်းစိန် ကြေညာပြီးနောက်တနေ့၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့ကုမ္ပဏီ များ၏ အကျိုးစီးပွားအတွက် ထည့်သွင်းစဉ်းစားပေးရန် ထုတ်ပြန်ကြေညာခဲ့သည်။
စီမံကိန်း၌ အများဆုံးရင်းနှီးမြှုပ်နှံထားသော တရုတ်အစိုးရပိုင် China Power Investment(CPI)ကုမ္ပဏီ၏ ဥက္ကဋ္ဌ Mr.Lu Qizhpuကလည်း ၎င်းတို့နစ်နာကြေးအတွက် နိုင်ငံတကာ ဥပဒေအရ ရင်ဆိုင်ဖြေရှင်းသွားမည်ဟု China Daily သတင်းစာနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သေးသည်။
ဦးနေဇင်လတ်က“ဒီကိစ္စတွေက အကုန်လုံးပြေလည်သွားပါပြီ၊ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စရာမရှိပါဘူး၊ ဒီကိစ္စတွေ ကို သမ္မတ က တရုတ်သံအမတ်ကြီးနဲ့ တွေ့တုန်းက ရှင်းပြလိုက်ပါပြီ”ဟု ဆက်ပြောသည်။
တရုတ်နိုင်ငံ၏ တုံ့ပြန်မှု၊ နိုင်ငံတကာ၏ ဝေဖန်မှုများထွက်ပေါ်ပြီးနောက် သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံ အမတ်ကြီး မစ္စတာ လီကျွင်းဟွာနှင့် အောက်တိုဘာလ ၇ ရက်နေ့တွင် တွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရေး၊ အကျိုးတူ စီးပွားရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း အစိုးရ သတင်းစာများက ရေးသားထားသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Yang Jiechi နှင့် အောက်တိုဘာ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ၏ အကျိုးစီးပွား ပိုမိုပူးပေါင်းလုပ်ဆောင်သွားရန် သဘော တူခဲ့ကြကြောင်း ဆင်ဟွာ သတင်းက ဖော်ပြသည်။

ဦးဝဏ္ဏမောင်လွင်သည် သမ္မတဦးသိန်းစိန်၏ အထူးကိုယ်စားလှယ်အဖြစ် တရုတ်နိုင်ငံသို့သွားရောက်ခဲ့ခြင်း ဖြစ်ပြီး တရုတ် ဒု သမ္မတ ကျီရှင်းဖျင်(Xi Jinping)နှင့်လည်း တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံအကျိုးစီးပွား၊ မဟာဗျူဟာမြောက်ဆက်ဆံရေး ကိစ္စများကို
နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့သည်ဟု တရုတ်သတင်းများက ဆိုသည်။

သမ္မတ ဦးသိန်းစိန်နှင့် တရုတ်သံအမတ်တို့တွေ့ဆုံခြင်း၊ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ် ခေါင်းဆောင် ဆက်တိုက် တွေ့ဆုံဆွေးနွေးမှုများဖြစ်ပေါ်လာခြင်းသည် ဖိအားပေးမှုကြောင့် မဟုတ်ဟု ဦးနေဇင်လတ်က ဆိုသည်။
ဒီမိုကရေစီစနစ် ကူးပြောင်း၍အပြောင်းအလဲများလုပ်ဆောင်နေသော မြန်မာအစိုးရသည် နိုင်ငံတ ကာနှင့်ဆက်ဆံရေး ကောင်း မွန်ရန်အတွက် သံတမန်နည်းလမ်းအရ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘက်မလိုက်ကြားနေ၀ါဒ ဆက်လက်ကျင့်သုံးသွားမည်ဟု လည်း ၎င်းက ဆက်ပြောသည်။
တရုတ်အစိုးရသည် မြစ်ဆုံစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး မေခ၊ မေလိခ မြစ်များပေါ်ရှိ ရေကာတာ စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံထားသည်။
မြန်မာ အစိုးရ အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနနှင့် တရုတ် CPI တို့တည်ဆောက်နေသော မြစ်ဆုံစီမံကိန်း ပြီးစီးပါက လျှပ်စစ် ဓာတ်အား မီဂါဝပ် ၆၀၀၀ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုစီမံကိန်းများကို၂၀၀၆ ခုနှစ်တွင် နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး၂၀၀၉ ခုနှစ်တွင် CPI ကုမ္ပဏီက ဦးဆောင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

Friday, October 7, 2011

တနင်္သာရီ ၀န်ကြီးချုပ် ပြင်းထန်စွာ သတိပေးခံရ။

တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော်နှင့် အစိုးရအဖွဲ့သည် အဂတိလိုက်စားမှု ကိစ္စများနှင့်ပတ်သက်ပြီး ယခုရက်ပိုင်းအတွင်း၌ သမ္မတ ဦးသိန်းစိန် ၏ ပြင်းထန်စွာ သတိပေးခြင်း ခံရကြောင်း သိရသည်။

တနင်္သာရီတိုင်း အတွင်း ဆန်တင်သွင်းခွင့် ချုပ်ကိုင်ထားမှုနှင့် ပတ်သက်သည့် ဦးခင်ဇော် ၏ အဂတိ လိုက်စားမှုများကို ပြီးခဲ့ သည့် လများအတွင်း ဧရာဝတီက နှစ်ကြိမ်တိုင် ထုတ်ဖော် ရေးသား ခဲ့သည်။


 

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော် (ဓာတ်ပုံ - အားကစားဝန်ကြီးဌာန)


ဦးခင်ဇော်အား ဒေသခံ ပြည်သူများ နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးခန့် စုပေါင်း၍ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ဗဟို) သို့ တိုင်ကြားသောကြောင့် ယခုကဲ့သို့ သတိပေးခံရခြင်းဖြစ်သည်ဟု ဒေသခံ လွှတ်တော် ကိုယ်စား လှယ်များက ပြောဆိုကြသည်။

တိုင်းဝန်ကြီးချုပ်သည် ၎င်း၏ လုပ်ပိုင်ခွင့် အာဏာအသုံးပြုကာ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်နေ ပြီး ဒေသခံပြည်သူများ၏ အကျိုးအတွက် လုပ်ဆောင်ခြင်းမရှိ၍ ယင်းသို့တိုင်ကြားခံ ရခြင်းဖြစ်ကြောင်း တိုင်းဒေ သကြီး လွှတ်တော် ကိုယ်စားလှယ် တဦး က ဆိုသည်။

ဦးခင်ဇော် သည် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်ကန့်သတ်ထားကာ ၎င်းနှင့်နီးစပ်သည့် မန္တလေး၊ မြိတ် စသည့် ဒေသများမှ စီးပွားရေးလုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့်အများ အပြားချပေး ခဲ့ကြောင်း ဒေ သခံ စီးပွားရေးလုပ်ငန်းရှင် တစ် ဦး ကလည်း ပြောပြသည်။

တနင်္သာရီတိုင်းအတွင်းသို့ ဆန် တင်သွင်းခွင့်ကို ဦးခင်ဇော်က မန္တလေးအခြေစိုက် အောင်မြင်သူကုမ္ပဏီသို့ တစ်ဦးတည်း လုပ်ပိုင်ခွင့်ပေးခဲ့သည်ဟူသော သက်ဆိုင်ရာသို့ တိုင်ကြားမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် ဦးခင်ဇော်သည် ထားဝယ်မြို့ရှိ အစိုးရဧည့်ဂေဟာအား ဟိုတယ်ဆောက်လုပ်ရန်အတွက် သတ္တုတူးဖော်ရေး လုပ် ငန်းများ လုပ်ကိုင်သည့် ကြယ်နီလာ ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးထားမှုနှင့် ထားဝယ်မြို့ အမှတ်၂ အထက်ကျောင်း ၏ ဘော လုံးကွင်းနေရာကို သိမ်းယူ၍ ဟိုတယ်ဆောက်ရန် စီစဉ်မှုများကိုလည်း ဒေသခံများက ကန့်ကွက်ခံထားကြကြောင်း သိရသည်။

ထားဝယ်ဒေသတွင် လုပ်ငန်းလုပ်ကိုင်လိုသော လုပ်ငန်းရှင်များအနေဖြင့် ဦးခင်ဇော်နှင့် တွေ့ ဆုံဆွေးနွေး လိုပါက အနည်းဆုံး ကျပ် သိန်း ၂၀ နှင့် ညီမျှသော ‘ရွှေ’ ပေးရကြောင်း၊ တိုင်းအစိုးရ အဖွဲ့ဝန်ကြီးများကို လုပ်ပိုင်ခွင့်မပေးဘဲ ဦးခင်ဇော် တဦးတည်း က ချုပ်ကိုင်ထားကြောင်း အထက်ပါ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် က ရှင်းပြသည်။

တိုင်းအဆင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လွင် ဦးဆောင်၍ တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာ ၅၃ ရွာ အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်နေသော မလေးရှားနိုင်ငံ Petronas  ရေနံ ကုမ္ပဏီ၏ ရဲတံ ခွန် ဒေ သ ဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ဦးခင်ဇော်က ၎င်း၏ အမိန့်ဖြင့် ဇွန်လက ရပ်နားခိုင်းခဲ့ကြောင်း သိရသည်။

“အခုတော့ ဒီလုပ်ငန်းတွေကို ဗဟိုအစိုးရ ရဲ့ ညွန်ကြားချက်နဲ့ ဆက်လုပ်နေကြပြီ”ဟု လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ထားဝယ် ဒေသခံတဦးက ပြောသည်။

ဦးခင်ဇော်သည်၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖြိုးရေးပါတီ ကိုယ်စားပြု၍ မြိတ်ဒေသ မဲဆန္ဒနယ်မှ ရွေးချယ်ခြင်းခံခဲ့ရကာ တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ်မှ ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။

Thursday, September 15, 2011

ပိတ်ဆို့မှုရုပ်သိမ်းရန် ဦးရွှေမန်း တောင်းဆို။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက  အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဒဲရက် မစ်ချယ် နှင့် မကြာသေးမီက တွေ့ဆုံစဉ် ဒဏ်ခတ် ပိတ်ဆို့များ ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင်   ဖော်ပြထားသည်။


“ပြည်သူများ ဒုက္ခရောက်စေသော အမေရိကန်၏ မူဝါဒကို ပြန်လည် စဉ်းစားသုံးသပ်စေလိုကြောင်း” ဦးရွှေမန်းက မစ္စတာ ဒဲရက် မစ်ချယ် နှင့် စက်တင်ဘာ ၉ ရက်နေ့တွင် တွေ့ဆုံစဉ် ပြောလိုက်သည်ဟု ဆိုသည်။

မစ္စတာ ဒဲရက်မစ်ချယ်က အမေရိကန်အစိုးရ၏ မူဝါဒပိုင်းနှင့် ပတ်သက်၍ အကူအညီအထောက်အပံ့များ လိုအပ်ပါက သိလိုကြောင်း ပြောဆိုချက်ကို ဦးရွှေမန်းက တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်ကလည်း အမေရိကန် အထူးကိုယ်စားလှယ် ပြောဆိုသော မြန်မာနိုင်ငံအပေါ် ကူညီမှု ဟူသည်မှာ လွန်ခဲ့သော နှစ် ၂၀ ကတည်းက ဖြစ်သင့်သော ကိစ္စဟု ဆိုသည်။

သတင်းကောင်း တရပ်မှာ အပစ်ရပ်သူပုန်အဖွဲ့. ၂ ခုနှင့် ပဏာမ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိသွားပြီ ဖြစ်၍ အမျိုးသားစည်းလုံး ညီညွတ်ရေးအတွက် ဆက်လက် ဆွေးနွေးသွားမည့်အစီအစဉ် ဖြစ်သည်ဟု  ဦးရွှေမန်းက မစ္စတာ ဒဲရက် မစ်ချယ်ကို ပြောဆိုခဲ့သည်။

မစ္စတာ ဒဲရက်မစ်ချယ်က သူ၏ ၅ ရက်ကြာ မြန်မာပြည် ခရီးစဉ် နောက်ဆုံးနေ့ဖြစ်သော စက်တင်ဘာ ၁၄ ရက်နေ့က ရန်ကုန်လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

အစိုးရနှင့် တွေ့ဆုံစဉ် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် လွှတ်ပေးရေး၊ လက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်းရေး၊ တိုင်းရင်းသားဒေသ  အမျိုးသမီးများ၊ ကလေးများအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှု ကိစ္စများကို စုံစမ်းဖော်ထုတ်၍ စနစ်တကျအရေးယူ ဆောင်ရွက်ရေး တို့ကို ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးထားသည်။

မြန်မာနှင့်မြောက်ကိုးရီးယား နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး အပိုင်းတွင် ပွင့်လင်းမြင်သာမှု နည်းပါးနေခြင်းအပေါ်  စိုးရိမ်မကင်းဖြစ်မိကြောင်း၊  ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ နျူကလီးယား မပြန့်ပွားရေးဆိုင်ရာ သဘောတူညီချက် နှင့် အပြည်ပြည်ဆိုင်ရာ ၀တ္တရားများကို လေးစားလိုက်နာရန် တိုက်တွန်းကြောင်း အထူး ကိုယ်စားလှယ်က ပြောသည်။

အမျိုးသားပြန်လည် သင့်မြတ်ရေး ဆောင်ရွက်ရာ၌ ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍက မရှိမဖြစ် လိုအပ်သည်ဟုလည်း အထူးကိုယ်စားလှယ်က ပြောသည်။

အမေရိကန် အထူးကိုယ်စားလှယ်သည် ခရီးစဉ်အတွင်း ရန်ကုန်အခြေစိုက် နိုင်ငံရေးသမား အများအပြားနှင့်လည်း တွေ့ခဲ့သည်။

အမေရိကန်က  မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံမှု တိုးမြှင့်လာသကဲ့သို့ စီးပွားရေးပိတ်ဆို့မှုကို ဆက်လက် ကျင့်သုံးသွားမည် ဖြစ်ကြောင်း အထူးကိုယ်စားလှယ်က ရှင်းပြသွားသည်ဟု အတိုက်အခံနိုင်ငံရေးသမားတဦးက ပြောသည်။

“စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးကိစ္စက မြန်မာအစိုးရရဲ့ လက်တွေ့ကျတဲ့ လုပ်ရပ်၊ အပြောင်းအလဲတွေပေါ်မှာ မူတည်ပါတယ်၊ အစိုးရရဲ့ အပြောင်းအလဲပေါ်မှာ မူတည်ပြီးတော့မှ ဆောင်ရွက်သွားဖို့ အမေရိကန်ရဲ့ သဘောကို ပြောခဲ့ပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)၏ အတွင်းရေးမှူး ဦးအေးသာအောင်က ဆိုသည်။

“အဓိကတော့ နိုင်ငံရေး လွတ်လပ်ခွင့်ကို ဘယ်အတိုင်းအတာထိ လုပ်ခွင့်ရမလဲ၊ ဘယ်လောက်ထိ ဒီမိုကရေစီကျမလဲ ဆိုတာတွေကို စောင့်ကြည့်သွားမယ်လို့ မစ္စတာဒဲရက်မစ်ချယ်က ဆိုသွားတယ်” ဟု ဦးအေးသာအောင်က ပြောပြသည်။

မြန်မာအာဏာပိုင်တို့က လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေခြင်းကြောင့် အမေရိကန် နှင့် အနောက်နိုင်ငံများ၏အရေးယူပိတ်ဆို့မှုများ ၁၉၉၇ ခုနှစ်တွင် စတင် ပေါ်ပေါက်လာသည်။

Tuesday, September 13, 2011

ထားဝယ်ဆိပ်ကမ်းအရေး လွှတ်တော်တွင် ဆွေးနွေး။

တနသာင်္ရီတိုင်း၊ ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းကြောင့် ထိုဒေသရှိ ရှေးဟောင်းနယ်မြေများ မထိခိုက်စေရေးနှင့် ပတ်သက်သော အဆိုကို အမျိုးသား လွှတ်တော်က အတည်ပြုပေး လိုက်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ရေးထားသည်။

ထိုအဆိုကို ကိုယ်စားလှယ် ၆ ဦးက ထောက်ခံ ဆွေးနွေးခဲ့ကြကြောင်း၊ ယဉ်ကျေးမှု နယ်မြေများ မထိခိုက်စေရေး အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနက ဆောင်ရွက်ထားသည်ဟု အမျိုးသားစီးမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်မှု  ၀န်ကြီး ဦးတင်နိုင်သိန်းက ပြောဆိုကြောင်း သတင်းစာက ဆိုသည်။

ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေး ဥပဒေအရ ၂၀၁၁ ခုနှစ်၊ သြဂုတ်လတွင် ရှေးဟောင်းသုတေသန အဖွဲ့က ဆောင်ရွက်ထားပြီး ဖြစ်သည်ဟု သတင်းစာက ဆိုသည်။

လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သူမှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ၏ ထားဝယ်ဒေသ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေဖြစ်ပြီး မောင်သန်းဆွေ (ထားဝယ်) အမည်ဖြင့် ဆောင်းပါးများ ရေးလေ့ရှိသူ ဖြစ်သည်။

လွှတ်တော်တွင် ဦးသန်းဆွေက ထိုသို့ အဆိုပြုခြင်းသည် သူ နှင့် အစိုးရတို့ နာမည်ကောင်း ရရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဒေသခံတချို့က ယူဆနေကြသည်။

“တကယ်တော့ စီမံကိန်းထဲမှာပါတဲ့ ရှေးဟောင်းဘုရားတွေ၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ အများအပြားဟာ ဖျက်ဆီးခံထားရပြီးပြီ၊ ဒီနယ်မြေကို ယဉ်ကျေးမှုနယ်မြေ ဆိုပြီးတော့လည်း အစိုးရက ကြေညာထားပြီးသားဖြစ်လို့ သူက မတင်ရင်လည်း ဘာမှ မဖြစ်ဘူး” ဟု ထားဝယ် ဒေသခံ သတင်းသမားတဦးက ပြောသည်။

ရှေးဟောင်းနယ်မြေ သာဂရမြို့ဟောင်း မပျက်စီးသော်လည်း စီမံကိန်း၏ ဗဟိုကျသည့် နဘုလယ်ကျေးရွာ အုပ်စုအတွင်းမှ ထားဝယ် သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်များ၊ သာသနိက အဆောက်အအုံများ ပျက်စီးပြီး၊ မုတ္တီးမြို့ဟောင်း၊ မြို့ရိုးတို့လည်း ပျက်စီးသွားကြောင်း ထားဝယ်ဒေသခံများက ဆိုသည်။

“နဘုလယ်ဒေသဟာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ခြေတော်ရာရှိတဲ့ နေရာလို့ ယုံကြည် ကိုးကွယ်ထားတဲ့ သာသနာ့ အဆောက် အအုံတွေ ရှိပြီးတော့ သာသနာ့နယ်မြေဒေသလည်း ဖြစ်တယ်” ဟု ထားဝယ်မြို့ခံ တဦးက ဆိုသည်။

ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် လယ်မြေ သိမ်းယူခံရခြင်း၊ ကျေးရွာများပြောင်းရွှေ့ရခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးခြင်း စသည့် ဒေသခံများက လက်ရှိ ကြုံတွေ့ ခံစားနေရသည့် အခြေ အနေများကို စနစ်တကျလေ့လာ၍ အစိုးရက မည်သို့ ဆောင်ရွက်ပေးမည် ဆိုသည်ကို ဦးသန်းဆွေက မေးခွန်း ထုတ်သင့်သည်ဟု ထားဝယ်ဒေသခံဖြစ်သူ  ကိုတိတ်နိုင်က ပြောသည်။

“ထိုင်းနိုင်ငံက ကုမ္ပဏီတချို့ဆိုရင် သူ့နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်၊ ပြည်သူတွေရဲ့ပညာရေး၊ စီးပွားရေးတွေ ထိခိုက်မှာ စိုးလို့ ဆိုပြီး ထားဝယ်ဒေသမှာ လာပြီးတော့ စက်ရုံ တည်ဆောက်နေတယ်၊ ဒီလို ကိစ္စမျိုးတွေကို ဒေသခံတွေ မထိခိုက်ရအောင် အစိုးရက ဘယ်လိုမျိုး ဆောင်ရွက်ပေးမလဲ ဆိုတဲ့ ကိစ္စတွေကို လွှတ်တော်မှာ တင်ပြ ဆွေးနွေးသင့်တယ်လို့ ထင်တယ်” ဟု ထိုင်းနိုင်ငံအခြေစိုက်၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ အတွင်းရေးမှူး ကိုတိတ်နိုင်က ဆိုသည်။

ထားဝယ်ဒေသမှ လွှတ်တော်ကိုယ်စားလှယ် အများစုသည် ကြံ့ဖွံ့ပါတီမှဖြစ်ပြီး ဒေသအတွက် အရေးပါသော မေးခွန်းများ၊ အဆိုများကို လွှတ်တော်အစည်းအဝေးများ၌ တင်ပြဆွေးနွေးမှု မရှိဟု ထားဝယ်ဒေသခံများ ထုတ်ဝေသည့် ဗထူးစာစောင်တွင် ဝေဖန်ရေးသားလျက်ရှိသည်။

Monday, September 5, 2011

"ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) အတွင်းရေး ၀ီကီလိတွင် ဖော်ပြ။

"၀" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တွင် အမေရိကန်လုပ် မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက် ၃၀ ထက် မနည်း ပိုင်ဆိုင်ထားသဖြင့် အစိုးရ စစ်တပ်က တိုက်ခိုက်လာလျှင် မှုစရာ မလိုဘဲ အသာစီးရမည်ဟု အဖွဲ့၏ တာဝန်ခံတဦးက ပြောဆိုကြောင်း ၀ီကီလိ (wikileaks) အင်တာနက်စာမျက်နှာတွင် သောကြာနေ့က ဖော်ပြခဲ့သည့်။
လျှို့ဝှက်ကြေးနန်းစာတစောင်တွင် ရေးသားထားသည်။ရန်ကုန်မြို့ အမေရိကန်သံရုံးမှ သံရုံးအရာရှိ Marc Shaw က ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလတွင် အမေရိကန်နိုင်ငံခြားရေး ဌာနသို့ ပေးပို့ခဲ့သော အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်အား UWSA က လက်မခံကြောင်း ဖော်ပြထားသည့် လျှို့ဝှက်အစီရင်ခံစာတွင် ထိုသို့ ရေးထားခြင်း ဖြစ်သည်။

သောကြာနေ့တွင် ၀ီကီလိခ်က ဖွင့်ချလိုက်သည့်  အမေရိကန်နိုင်ငံခြားရေးဌာန၏ လျှို့ဝှက်အစီရင်ခံစာများတွင် ရန်ကုန်မြို့ အမေရိကန် သံရုံးက ပေးပို့သည့်  မြန်မာနိုင်ငံနှင့်ဆိုင်သော သတင်း အချက်အလက် အများအပြား ပါဝင်နေသည်။

အမေရိကန် သံရုံး တာဝန်ရှိသူတို့နှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသော  ဦးစိုးသန်းသည် မန္တလေးတက္ကသိုလ် ဘွဲ့ရခဲ့သူတဦးဖြစ်ကာ UWSA ခေါင်းဆောင်များနှင့် မြန်မာအစိုးရ တာဝန်ရှိသူများအကြား သံတမန် တဦးကဲ့သို့ သူ့ကိုယ်သူ ပြောဆိုသည်ဟု လျှို့ဝှက် အစီရင်ခံစာက ဆိုသည်။

UWSA သည် ငွေကြေး အကူအညီကို  တရုတ်နိုင်ငံမှ ရယူခဲ့သည် ဟူသော ဦးစိုးသန်း၏ ပြောကြားချက်ကိုလည်း ကိုးကားထားသည်။

UWSA ဌာနချုပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း  ပန်ဆန်းဒေသ၌ တည်ရှိပြီး  မိုင်းတုံ၊ ပုံပါကျင် စသည့် မြို့နယ်များတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ လှုပ်ရှားလျက်ရှိသည်။ "၀"-တပ်ဖွဲ့သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အနက် အင်အားအကောင်းဆုံး တပ်ဖွဲ့ ဖြစ်သည်။  တပ်သား အင်အား သုံးသောင်းဝန်းကျင်နှင့် အရံအင်အား တသောင်း ရှိပြီး စစ်ရေးအင်အားတောင့်တင်း လာခြင်းကို မြန်မာ အစိုးရက စိုးရိမ်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

UWSA သည် ယခင် နအဖ စစ်အအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးရယူခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် အစိုးရက ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို လက်ခံခြင်း မရှိသော ၎င်းတို့၏ မူဝါဒအား အမေရိကန်အစိုးရကို သိစေလိုပုံရသည်ဟု အစီရင်ခံစာတွင် ရေးထားသည်။

ရန်ကုန်မြို့၌ UWSA ပိုင်ဆိုင်သော စီးပွားရေး ကုမ္ပဏီ ၂၀ ၀န်းကျင်ရှိပြီး၊  ဆောက်လုပ်ရေး လုပ်ငန်းများ၊ သတ္ထုတူးဖော်ရေး၊ ကျောက်မျက်လုပ်ငန်းများ၊ ကျွန်းသစ်၊ သယ်ယူပို့ဆောင်ရေး၊ Yangon City ဟိုတယ်၊ NASA တေးထုတ်လုပ်ရေး အပါအ၀င် လုပ်ငန်း အများအပြား ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။ ထိုလုပ်ငန်းများ၏ ရုံးချုပ်မှာ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် အခြေစိုက်ထားသည်။

ဝီကီလိ၏ ဖွင့်ချချက်များတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပတ်သက်သော အကြောင်းအရာများလည်း ပါဝင်ပြီး NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးသည် စာ အလွန်ဖတ်သူတဦးဖြစ်ကာ National Geographic နှင့် Irrawaddy မဂ္ဂဇင်းတို့ကို ကြိုက်နှစ်သက်ကြောင်းလည်း ရေးသားထားသည်။

မြန်မာစစ်ဗိုလ်ချုပ်များနှင့်ပတ်သက်သော အကြောင်းအရာများကိုလည်း အမေရိကန်သံရုံးက အနီးကပ် စောင့်ကြည့်နေကြောင်း ရေးသားထားပြီး မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ၂၀၀၆ ခုနှစ် အတွင်း လက်နက်အရောင်းအ၀ယ်ပြုလုပ်ခဲ့သည့် သတင်းများလည်း ဖော်ပြထားသည်။

၂၀၁၀ ပြည့်နှစ် နှောင်းပိုင်း ထွက်ပေါ်လာသော အစီရင်ခံစာ တစောင်တွင် အာဆီယံနိုင်ငံများဖြစ်သည့် မြန်မာ၊ လာအိုနှင့်ကမ္ဘောဒီးယား တို့သည် အာဆီယံ နှင့် ပတ်သက်သော အတွင်းရေးသတင်း အချက် အလက်များကို တရုတ်နိုင်ငံသို့ လက်ထောက်ချခဲ့သည်ဟု စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုက ပြောဆိုကြောင်း ဖော်ပြခဲ့သည်။

ယခင်က လျှို့ဝှက်အစီရင်ခံစာများကို ဖွင့်ချရာတွင် သံရုံးသတင်းပေးသူတို့၏ အမည်တို့ကို ဖျက်ပြီးမှ အင်တာနက်တွင် ဖော်ပြခြင်း ဖြစ်သည်။ သို့သော်လည်း သောကြာနေ့က ၀ီကီလိ စာမျက်နှာတွင် အစုလိုက်အပြုံလိုက် ဖော်ပြလိုက်သော ဖွင့်ချချက်များတွင်မူ သတင်းပေးသူတို့၏ အမည်များကို ဖျက်ထားခြင် မရှိပေ။

နိုင်ငံပေါင်း ၁၀၀ ကျော်မှ အမေရိကန်သံရုံးများကို သတင်းပေးသူတို့၏ အမည်များ၊ အချက်အလက်များ အသေးစိတ် ပါဝင်နေသဖြင့် ၎င်းတို့အတွက် စိုးရိမ်ရသည် ဟူသော သုံးသပ်ချက်များ ပေါ်ထွက်နေသည်။