ဘဏ္ဍာရေးနှင့်  အခွန်ဝန်ကြီးဌာနက စစ်တပ်၊ ၀န်ကြီးဌာနများနှင့် ဆက်နွှယ်သော  ပုဂ္ဂလိကပိုင်  ဘဏ်များ အပါအ၀င် စုစုပေါင်း ဘဏ် ၆ ခုကို နိုင်ငံခြားငွေ   လဲလှယ်ရောင်းဝယ်ခွင့်     လိုင်စင် ထုတ်ပေးတော့မည် ဖြစ်ကြောင်း  မြန်မာနိုင်ငံတော် ဗဟိုဘဏ်  အသိုင်းအ၀န်းမှ စုံစမ်း သိရှိရသည်။
စီးပွားရေးအဖွဲ့အစည်းများ ဖြစ်ကြသည့် ပြည်ထောင်စု  မြန်မာနိုင်ငံတော်  စီးပွားရေးဦးပိုင် လီမိတက်၏ ဘဏ်ဖြစ်သော မြ၀တီဘဏ်၊  မြန်မာ့စီးပွားရေး  ကော်ပိုရေးရှင်း ကုမ္ပဏီလီမိတက်၏ ဘဏ်ဖြစ်သော အင်းဝဘဏ်၊  မွေးမြူရေးနှင့်  ရေလုပ်ငန်း ၀န်ကြီးဌာနနှင့် ဆက်နွှယ်နေသော မွေး/ရေ  (မွေးမြူရေးနှင့်  ရေလုပ်ငန်း ဘဏ်)၊ စက်မှု ၂ ၀န်ကြီးဌာနနှင့် ဆက်နွှယ်သော  မြန်မာ့စက်မှု  ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အရှေ့တိုင်း ဘဏ် (MOB)၊ ကမ္ဘောဇဘဏ်  စသည့် ဘဏ် ၆  ခုကို မကြာမီ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ခွင့်   လိုင်စင်များချပေးတော့မည် ဖြစ်သည်။
“လိုင်စင်ချပေးဖို့  စိစစ်မှုတွေ  လုပ်နေပါပြီ။ လာမယ့်ရက်ပိုင်းအတွင်း ဗဟိုဘဏ်က ချပေးဖို့ရှိတယ်။   နိုင်ငံခြားငွေလဲ စင်တာတွေ ဒီလကုန် ဒါမှမဟုတ် နောက်လဆန်းလောက်မှာ   အပြီးလုပ်ပါ လိမ့်မယ်” ဟု အမည်မဖော်လိုသော ဘဏ်အရာရှိ တဦးက ပြောသည်။
အဆိုပါ   ဘဏ်များသည် နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်ရေး လုပ်ငန်းများကို  သက်ဆိုင်ရာ  ဘဏ်ဖွင့်လှစ်ရာ နေရာများတွင် လုပ်ဆောင်ခွင့် ပြုမည်မဟုတ်ဘဲ  ဘဏ်နှင့်  မပတ်သက်သော နေရာများတွင်သာ ရောင်းဝယ် လုပ်ကိုင်ခွင့် ပေးမည်ဟု  သိရသည်။
“နိုင်ငံခြားက  ဘဏ်တွေလို ဘဏ်အတွင်းမှာ  နိုင်ငံခြားငွေ လဲလှယ်ခွင့် ပေးမှာတော့မဟုတ်ဘူး။  စည်ကမ်းချက်တွေလည်း  ရှိမှာပါ။ ၁၉၉၂၊ ၉၃ လောက်က ပုဂ္ဂလိက ဘဏ်တွေကို  နိုင်ငံခြားငွေ  လဲလှယ်ရောင်းဝယ်ခွင့် ပေးခဲ့ဖူးပါတယ်။ နောက်မှပြန်ပိတ်လိုက်တာပါ။ အခုက ပြန်ဖွင့်ခွင့်ပေးတာ” ဟု အထက်ပါ ဘဏ်အရာရှိက ဆိုသည်။
၁၉၉၂   ခုနှစ် ဝန်းကျင်ကာလက ပုဂ္ဂလိကဘဏ်များအား   နိုင်ငံခြားငွေလဲလှယ်ရောင်း ဝယ်ခွင့် ပေးခဲ့သော်လည်း အစိုးရ သတ်မှတ်ဈေးမှာ   ပြင်ပ ပေါက်ဈေးထက် နိမ့်နေသောကြောင့် ဈေး ၂ မျိုး ဖြစ်နေကြောင်း၊   ထို့ကြောင့် အစိုးရ သတ်မှတ်ဈေးနှင့် အရောင်းအဝယ် မပြုကြကြောင်း၊   ယခုအခါတွင် အစိုးရက ပြင်ပပေါက်ဈေးအတိုင်း ညှိ၍ ဈေးသတ်မှတ်ဖွယ်ရှိကြောင်း   ၎င်းက ဆက်ပြောသည်။
“တရားဝင် Money Changer တွေပေါ်လာရင် ဒေါ်လာ   ၀ယ်လိုရမယ့် Supply နေရာများလာမယ် ဆိုပေမယ့်  ကန့်သတ် ချက်တွေ   အရမ်းများလွန်းရင်တော့ ဒေါ်လာလိုချင်တဲ့သူတွေက တရားမ၀င်ဈေးကွက်မှာပဲ   သွားဝယ်ကြမှာပါ။ တရားဝင် Money Changer တွေမှာ ကန့်သတ်ချက်တွေ မထားသင့်ဘူး”   ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု   လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အသင်းဝင် စီးပွားရေးလုပ်ငန်းရှင်   တဦးက ဆိုသည်။
အစိုးရအနေဖြင့် တရားမဝင်နိုင်ငံခြားငွေ  ကိုင်ဆောင်မှု  ဥပဒေကို မဖျက်သိမ်းဘဲ တရားဝင် ငွေလဲကောင်တာများ ဖွင့်လှစ်  ခြင်းမှာ  အဓိပ္ပာယ်မရှိကြောင်း၊ ဖျက်သိမ်းသင့်သည့် ဥပဒေကို ဖျက်သိမ်း၊   ပြဌာန်းသင့်သည်ကို ပြငှာန်းပြီး ငွေလဲနှုန်းအား စနစ်တကျ သတ်မှတ်ပြီးမှသာ   ငွေလဲခွင့် လိုင်စင်များ ချပေးသင့်ကြောင်း၊ ငွေးကြေးဈေးကွက် တရားဝင်   ဖြစ်လိုပါက ဘဏ်များကိုသာမက တရားမဝင် ဈေးကွက်ကိုပါ လုပ်ပိုင်ခွင့်ပေးရမည်   ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါက နီးစပ်သူများကိုသာ လုပ်ပိုင်ခွင့်ပေးသည့်   လက်ဝါးကြီးအုပ် ဈေးကွက်စနစ် ဖြစ်နေမည်ဖြစ်ကြောင်း စီးပွားရေး ပညာရှင်တဦးက   သုံးသပ်သည်။
“အဆင့်ကျော်နေတယ်။ အခုအတိုင်းဆို ဒီဥပဒေကို   လိုတဲ့အချိန် ထုတ်သုံးမလို ဖြစ်နေတာပေါ့။ ဈေးကွက်စီးပွားရေး စနစ်ကို   သွားမယ်ဆိုရင် လူတိုင်း ဒေါ်လာကိုင်ဆောင်ခွင့် ပေးရမယ်။ ပြီးတော့   ယှဉ်ပြိုင်မှုများများ ဖြစ်အောင် လုပ်ပေးရမယ်။ အဲဒီတော့မှ ဈေးကွက်   ၀န်ဆောင်မှု တက်လာမယ်၊ ဈေးနှုန်းနဲ့ ဈေးကွက်ငြိမ်မယ်။ အဲဒီလိုမဟုတ်ဘဲ   ဘဏ်တွေချည်းပဲ လုပ်ပိုင်ခွင့်ပေးထားရင် ဘဏ်တွေရဲ့ ဈေးကွက်က တခု၊ အပြင်မှာ   ဖြစ်နေတဲ့ တရားမ၀င်ဈေးကွက်က တခုနဲ့ ဈေးကွက်နှစ်ခု ဖြစ်ပြီး   ဈေးကွက်တည်ငြိမ်မှုကို အနှောင့်အယှက် ဖြစ်နိုင်တယ်” ဟု သူက ရှင်းပြသည်။
ဘဏ်များကို   နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ခွင့် လိုင်စင်များ ထုတ်ပေးရခြင်းမှာ   လတ်တလော ကားဟောင်းများကို ကားသစ်များနှင့် လဲလှယ်အစားထိုးခွင့် အစီအစဉ်စတင်   နေသဖြင့် အမေရိကန် ဒေါ်လာနှင့် FEC ၀ယ်လိုအား ဈေးကွက်တွင်   မြင့်တက်နေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
“ဘာမှ   ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ စည်းကမ်းချက်တွေ ဘာတွေလည်း သေချာ   မထုတ်ရသေးဘူး။ တယောက်ကို ဘယ်လောက်အထိ ရောင်းမှာလဲ၊ ဒေါ်လာ ၂ သန်း၊ ၃   သန်းဝယ်ရင်ကော ရောင်းမှာလား၊ ဈေးနှုန်းက ဘယ်လို သတ်မှတ် မှာလဲ   မသေချာသေးဘူး။ အခု လောလောဆယ်က ကားလဲဖို့ကိစ္စနဲ့ ဝယ်လိုအား ထိုးတက်လာလို့သာ   ဒီ ကောင်တာတွေဖွင့်ဖို့ လုပ်လိုက်တာ။ အားလုံး နားလည်မှုနဲ့ ရောင်းဝယ်ကြမယ့်   သဘောပဲ” ဟု ဘဏ်အရာရှိက ပြောသည်။
နှစ် ၄၀  ကျော်ကားဟောင်းများကို  ကားသစ်များနှင့် အစားထိုးလဲလှယ်ပေးမည့် အစီအစဉ်ကို  စက်တင်ဘာလ ၁၉ ရက်နေ့တွင်  စတင်လိုက်ပြီး ဈေးကွက်တွင် အမေရိကန်ဒေါ်လာနှင့်  FEC  ဈေးနှုန်းများလည်းတရိပ်ရိပ် တက်နေသည်။
ယနေ့ အမေရိကန် တဒေါ်လာ ၈၅၀ ကျပ် ဖြစ်ပြီး FEC တယူနစ် ၈၂၀ ကျပ်ဈေး ပေါက်နေသည်။
No comments:
Post a Comment