Thursday, September 15, 2011

ရေအားလျှပ်စစ် ညွှန်မှူးရွာ မီးမလင်းပါ ။

ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအား မဖြစ်မနေ နောက်မဆုတ်တမ်း ဆက်လက် အကောင်အထည် ဖော်သွားမည်ဟု လျှပ်စစ် ၁ ဝန်ကြီး ဦးဇော်မင်းက မီဒီယာများအား ပြောကြားလိုက်သည့် အထဲ တွင် မြန်မာနိုင်ငံ လက်ရှိ ရရှိထားသော မဂ္ဂါဝပ် ၁,၅ဝဝ မှာ သုံးမကုန်နိုင်ဘူးဟု ထည့်သွင်း ပြောကြားသွားခဲ့သည်။

သို့သော် မြန်မာနိုင်ငံတွင် ကျေးလက်တောရွာပေါင်း ၆ သောင်းကျော် ရှိသည့်အနက် ၂ ထောင်ကျော်သာ လျှပ်စစ်မီးပေးနိုင်သေးကြောင်း လျှပ်စစ် ၂ ဝန်ကြီး ဦးခင်မောင်စိုးက လွှတ်တော်တွင် ပြောကြားသွားခဲ့ပြန်သေးသည်။ထိုကဲ့သို့ လျှပ်စစ်မီး မရသေးသည့် ကျေးရွာပေါင်း ၅ သောင်း ၈ ထောင်ထဲတွင် ရေအားလျှပ်စစ် အကောင်အထည်
ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး၏ ဇာတိရွာလည်း ပါဝင်သည်။

မြို့ကြီးများ မီးပြတ်ရခြင်း အပါအဝင်၊ ကျေးလက်တောရွာများ မီးမရသည့် အကြောင်းကို ညွှန်/မှူး ဦးတင်ဝင်းအား မဇ္ဈိမ သတင်းထောက် ကိုပေါက် က ဆက်သွယ် မေးမြန်းထားသည်။ ညွှန်/မှူးက မီးပြတ်ရခြင်းမှာ တိုင်းပြည်၏ ဓန အင်အားနှင့် နည်းပညာ အားနည်းနေ၍ဖြစ်ကြောင်း ဖြေကြားသွားသည်။


မေး။   ။ဒီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးကို ဘယ်လိုသုံးသပ်ချက် ပေးနိုင်မလဲဗျ။ အားသာချက်တွေ ဘယ်လိုတွေ ရှိမလဲ။ အားနည်းချက်တွေ ဘယ်လိုတွေရှိမလဲ။

ဖြေ။   ။ သုံးသပ်ရမယ် ဆိုရင်တော့ဗျာ ဗမာနိုင်ငံအတွက်ကတော့ အများကြီး အကျိုးရှိမယ့် စီမံကိန်းပဲဗျ။ မီးလင်း လာမယ်ဗျာ။ မီးတွေ များလာမယ်။ အဲဒီမှာ လမ်းကြီးတွေ ကောင်းသွားမယ်။ တံတားကြီးတွေ ဖြစ်လာမယ် ထင်တာပဲ။ ဒါတွေကတော့ မရှိဆင်းရဲတဲ့ တိုင်းပြည်အတွက်ကတော့ အားကိုးစရာတွေပဲလို့ ထင်တာပဲ။

မေး။   ။ တနေ့က ဝန်ကြီး ရှင်းလင်းပြသွားတဲ့အထဲမှာတော့ ရှိတဲ့ မီဂါဝပ် ၁,၅ဝဝ ဟာ သုံးလို့မကုန်ဘူး။ ဒါကြောင့်ဒီက ထွက်သမျှကို သူများရောင်းရတယ်လို့ သိရပါတယ်။ ဒီစကားအရ မြန်မာပြည်မှာ သုံးမယ့်သဘော မရှိဘူးလို့ တွေ့ရပါတယ်။

ဖြေ။   ။ ခုတော့ ကျနော်တို့က နိုင်ငံခြားက ဝယ်သုံးတဲ့ဟာလည်း သုံးရတယ်ဗျ။ ပြည်တွင်းမှာ မီးက မလောက်သေး ဘူးလေ။ မလောက်သေးဘူးဆိုတာက ပြဿနာတွေ အများကြီး ရှိတယ်ဗျ။ ရန်ကုန်မှာဆို မီးတွေဘာတွေမှောင်၊ ပျက်ပေါ့ဗျာ။ ခဏခဏ ဖြစ်တယ်ဗျ။ ဒါက မီး လောက်အောင် မပေးနိုင်လို့ ထင်တာပေါ့လေ။ ကျနော် ဒီဌာနကိုရောက်လာတော့ ဒီဌာနကလည်း မီးတွေရအောင် တအားလုပ်နေတယ်ဗျ။ မီးက လုံလောက်အောင် မထုတ်နိုင်ဘူး ဆိုတာလည်း သိပ်မဖြစ်နိုင်ဘူးလေ။ ဒါပေမယ့် မီးလိုင်းတွေမှာ ပြဿနာ သွားတွေ့တယ်။ မီးလိုင်းကတော့ ကျနော်တို့ ဌာနက လုပ်တာ မဟုတ်ဘူးပေါ့ဗျာ။ အမှတ် ၂ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနဆိုတာ ရှိတယ်။ အဲဒါက မီးလိုင်း ကိုင် တယ်။ တချို့ရွာတွေဆို မီးမရဘူး။ မီးလိုင်းမှ မရှိတာကြီးကိုး။ ဗမာပြည် တပြည်လုံး လင်းအောင် ဆင်မယ်ဆိုရင်လည်း ပိုက်ဆံလိုမယ်။ မီတာ တလုံးတောင်မှ သောင်းနဲ့ချီ ပေးရတယ်ဆိုတော့ ဈေးက တအားကြီးတဲ့သဘောရှိတယ်။ ကျနော့်မွေးရပ်ရွာဆို မီးလိုင်းရှိတယ်၊ မီးမရဘူး။ ထရန်စဖော်မာ မဝယ်နိုင်လို့တဲ့။ ထရန်စဖော်မာက ကိုယ့်ရွာက စုဝယ်ရမှာတဲ့။ ထရန်စဖော်မာ တလုံးကလည်း ရွာတရွာစာဆိုရင် အနည်းဆုံး ၅ သိန်း ၆ သိန်း ပေးရ တယ်လေ။ ရွာလေးတွေကလည်း ဆင်းရဲတော့ ဘယ်ဝယ်နိုင်မလဲဗျာ။ အဲတော့ မီးမရဘူးဆိုတဲ့ပြဿနာက မီးထုတ်တာ တမျိုးတည်းကြောင့် မဟုတ်ဘူး။ ဒီကိစ္စက ဓနအင်အားနဲ့ ဆိုင်မယ်လို့ထင်တယ်။ သူများနိုင်ငံတွေ တခေါက် နှစ်ခေါက် ရောက်ဖူးပါတယ်။ လင်းလိုက်တာမှ ထိန်နေတာပဲ။

မေး။   ။ လိုင်းလည်းရှိတယ်။ ထရန်စဖော်မာလည်းရှိတဲ့ မြို့တွေကျတော့ရော ဘာ့ကြောင့် မီးအခက်အခဲတွေတွေ့နေရလဲ။

ဖြေ။   ။ကျနော်တွေ့တာက line fault ဆိုတာတခု တွေ့တယ်ဗျ။ line fault ဆိုတာကတော့ ပြဿနာ တခုခုကြောင့် လိုင်းပြတ်တောက် သွားတာပေါ့။ လိုင်း တခါတခါ faultဖြစ်ရင် နိုင်ငံရဲ့ ဓနဥစ္စာက သိန်းဂဏန်းတောင် အနည်းဆုံး ရာရဲ့ အထက်မှာ ရှိတယ်။ တနိုင်ငံလုံးမှာ နေ့စဉ် မြို့တိုင်း မြို့တိုင်းမှာ လောင် လိုက်၊ ပြတ်လိုက်ဖြစ်နေတဲ့ ပစ္စည်းပေါင်း များစွာက ဘယ်လောက် ဓနအင်အား ဆုံးရှုံးမလဲဆိုတာ ခင်ဗျား စဉ်းစားကြည့်ပေါ့။ အဲတော့ မီးပြတ်ရခြင်း အကြောင်း ထဲမှာ line fault တွေကို မထိန်းချုပ်နိုင်တဲ့ နံပါတ်တစ်က ဓန၊ နံပါတ်နှစ်က နည်းပညာပေါ့။ ခုချိန်ထိအောင် line fault တွေကို ထိန်းသိမ်းနိုင်တဲ့ capacitance ဆိုတဲ့ capacitor ဆိုတာတော့ လျှပ်စစ်တွေ ထိန်းချုပ်လိုက်တဲ့ အိုးကြီး တအိုးပေါ့။ အဲဒီအိုးထဲ လျှပ်စစ်တွေက စီးဝင်သွားတယ်။ အဲဒီအိုးထဲက လျှပ်စစ်က ပြန်ထွက်လာပြီးတော့ ဘက်ထရီ အိုးကြီးလိုဟာမျိုးကြီးပေါ့။ အဲလို နည်းပညာရော၊ ပစ္စည်းရော မရှိဘူးလေ။ အဲဒီပစ္စည်းက သန်းပေါင်းများစွာ ပေးရမယ်လို့ ကျနော်ယူဆတယ်။ ဆင်းရဲခြင်း အကျိုးဆက်ပေါ့ဗျာ။ ဆင်းရဲတဲ့ မိသားစုတစုမှာ ဘယ်လောက်ပဲ ပိုက်ဆံရရ၊ ဒီနေ့ရတဲ့ ပိုက်ဆံလေးက အိမ်အမိုးမလုံလို့ မိုးလိုက်ရတယ်။ နောက်နေ့ ရတဲ့ပိုက်ဆံလေးက ဖိနပ် စီးစရာမရှိလို့ ဝယ်လိုက်ရတယ်။ နောက်တရက် ရတဲ့ပိုက်ဆံကျ ဆန်က မရှိပြန်ဘူး… နောက်တရက်… ဟင်းချက်စရာက ပြတ် ဆိုတော့ တခုပြီးတခု ချာလပတ်လည် မလောက်မငှတဲ့ ဝင်ငွေကြောင့်လေ။ မလောက်မငှတဲ့ နိုင်ငံရဲ့ ဓနအင်အားကြောင့် ချာလပတ်လည်နေတဲ့ အကျိုးဆက်တွေ ဖြစ်နေ တာပေါ့ဗျာ။


မေး။   ။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေများနေတာ ဘာ့ကြောင့်လို့ ထင်မြင်မိပါသလဲ။

ဖြေ။   ။ များနေတယ်ဆိုတာက များချင်ယောင် ဆောင်နေတာ။ အင်တာနက်ဆိုတာက ကျနော်တို့ရုံး တရုံးလုံးတောင်မှ ကြည့်နိုင်တဲ့လူက ၄-၅-၁ဝ ယောက်လောက်ပဲ ရှိတယ်။ ဒါတောင်မှ အလကား ပေးထားတာ။ ရပ်ကွက်ထဲမှာ ပိုက်ဆံနဲ့ ကြည့်ဖို့ဆိုတာက ပိုခက်တာပေါ့ဗျာ။ ဒီလို အကျိုးမရှိတဲ့ ဟာလေး တမျက်နှာ နှစ်မျက်နှာကို အုတ်အော်သောင်းနင်း ဖတ်နေတော့ ဒါတွေကို များတယ်လို့ပြောဖို့ မဖြစ်နိုင်ဘူးဗျ။

မေး။   ။ ပြည်တွင်းဂျာနယ်တွေမှာလည်း တော်တော်များများရေးနေတာ တွေ့ရပါတယ်။

ဖြေ။   ။ ဒါကလည်း နိုင်ငံရေးအရလည်း ပါမယ်လို့ ကျနော်ယူဆတယ်။ သွေးရိုးသားရိုးတွေ မဟုတ်ဘူး။ ကောင်းကျိုး လိုတယ်ဆိုရင်တော့ လက်ခံရမှာပဲ။ ဒါပေမယ့်လည်း သူတို့ဟာက လူသာမန် နားမလည်တဲ့ဟာတွေဗျ။ ကျနော် တို့တောင် နားမလည်တဲ့ဟာတွေကို အရပ်သားတွေ နားလည်အောင်ရေးဖို့ဆိုတာ တအားခက်တယ်လေဗျာ။ ဘာနဲ့တူလဲဆိုတော့ ဆင်ကြီးကို စမ်းတဲ့ ပုဏ္ဏားခြောက်ယောက်နဲ့ သွားတူမှာပေါ့ဗျာ။ မျက်စိမမြင်ဘဲနဲ့ နားရွက်လေး သွားစမ်း၊ ခြေထောက်လေး သွားစမ်းတဲ့လူက ပြောတာက သပ်သပ်ဗျ။ အဲတော့ ဘယ်လိုမှ အမှန်အကန်ကို၊ reality လက်တွေ့ဘဝကို ရောက်မှာမဟုတ်ဘူးလို့ ထင်တယ်လေ။

မေး။   ။ ဆင်ကြီးဆိုတာ ဒါဆိုတာ ချပြနိုင်အောင် အစိုးရအနေနဲ့ ဒီစီမံကိန်းကြီးအကြောင်းကို ပွင့်ပွင့်လင်းလင်း ချမပြသင့်ပေဘူးလားခင်ဗျာ။

ဖြေ။   ။အစိုးရရဲ့သဘောက တချို့ဟာတွေမှာ လျှို့ဝှက်ချက်တွေရှိတယ်ဗျ။လွှတ်တော်မှာ မေးတာမြန်း တာတွေကလည်း မဖြေနိုင်စရာ တခုမှမရှိပါဘူး။ မဖြေသင့်တာတွေတော့ ရှိ တယ်ဗျ။ မေးတာ တိုင်းကို ဖြေလိုက် ရင် တချို့ဟာတွေကျတော့ အစိုးရတရပ် လုပ်ဆောင်မယ့် plan တခုကိုသော်လည်း
ကောင်း၊ အကျိုးစီးပွားတခုကိုသော်လည်းကောင်း ထိခိုက် စေနိုင်မယ့် ဟာတွေ ရှိတယ်။ စစ်တိုက်သလို ကြည့်မယ်ဆိုရင် plan ကို သိသွားရင် တပန်းရှုံးသွားတာပေါ့လေ။ ဒါကတော့ သာမန်လူတွေ အပိုင်းပေါ့။ ပညာရှင်တွေအတွက်ကတော့ ကျနော်တို့ ဌာနလို တကယ်လုပ်တဲ့ဌာနတွေမှာ လာရောက်ပြီး
လေ့လာ သင့်တာပေါ့။ ဆွေးနွေးသင့်တာပေါ့။ ပညာရှင်ကို ပညာရှင် ချင်းပေါ့။ ဓါးကို ဓါးချင်း၊ တုတ်ကို တုတ်ချင်းပေါ့။

မေး။   ။ ဒီဆည်ကြီး တည်ဆောက်လိုက်ခြင်းအားဖြင့် သက်ရောက်မှုပေါ့ခင်ဗျာ။ သဘာဝ ပတ်ဝန်းကျင်အပေါ်၊ ဒီမြစ်ကြီးအပေါ်၊ ပတ်ဝန်းကျင် လူထုအပေါ် သက်ရောက်မှုတွေ ဘယ်လောက် ထိခိုက်မှုတွေ ရှိနိုင်မလဲဆိုတာ ချပြဖို့ မသင့်ပေဘူးလားခင်ဗျာ။

ဖြေ။   ။ ဒါတွေက ပညာရှင်တွေ အချင်းချင်း လာပြီး ဆွေးနွေးသင့်တယ်လို့ မြင်ပါတယ်။ သာမန် အရပ်သူအရပ်သားက ဒါတွေနဲ့ပတ်သက်လို့ ဘာမှသုံးသပ်တတ်မှာမဟုတ်ဘူး။ သူသိချင်မှာကတော့ စားရမှာလား၊ သောက်ရမှာလား၊ မီးလင်းမှာလား၊ နေလို့ကောင်းမှာလား။ အဲဒါတွေ သူသိချင်တာပေါ့။ ပညာရှင်အပိုင်းကတော့ ခင်ဗျားပြောတဲ့ ဘာဖြစ်မှာလဲ၊ ညာဖြစ်မှာလဲဆိုတာကတော့ ဆရာဝန်တယောက်လိုပေါ့။ တချို့ဆရာဝန်တွေ ဆေးကုလိုက်လို့ လူနာတွေ သေသွားတာလည်း အများကြီးပဲဗျ။ တချို့ဆေးတွေကြောင့်မို့လည်း ဘေးထွက်ဆိုးကျိုးဖြစ်တာလည်း အများကြီးပဲ။ ချောင်းဆိုးပျောက်ဆေးဆို သောက်လိုက်လို့ ချောင်းဆိုးလေးတော့ သက်သာသွားပါရဲ့။ လူက အိပ်ပျော်သွားတော့ အလုပ်က ပျက်ရော။

မေး။   ။ ဝန်ကြီးရဲ့ စကားအရဆို ဗမာပြည်အတွက် မီးပေးဖို့ ရည်ရွယ်ချက် မရှိတဲ့သဘောခင်ဗျ။ ရမယ့် အကျိုးအမြတ်က တရုတ်ဆီက ရမယ့် ပိုက်ဆံပဲ ဖြစ်နေတယ်။

ဖြေ။   ။ အကျိုးအမြတ်ဆိုတာက နိုင်ငံရေးအကျိုးအမြတ်လည်း ရှိချင်ရှိမယ်၊ ဂုဏ်သိက္ခာအကျိုးအမြတ်လည်း ရှိချင်ရှိမယ်၊ တချို့ဟာတွေကျလည်း အချုပ်အခြာ ရှိချင်ရှိမှာပေါ့။ တချို့ဟာတွေကျလည်း ငွေရေးကြေးရေး အကျိုးအမြတ် ရှိချင်ရှိမှာပေါ့။ ပစ္စည်းပစ္စယျ အကျိုးအမြတ်ဆိုတာလည်း ရှိချင်ရှိမှာပေါ့။ အကျိုးအမြတ်ဆိုတာ တခုခုတော့ ရှိရင် သင့်တော်တယ်လို့တော့ ကျနော်ထင်တာပဲလေ။ ဆုတ်ယုတ်တာရှိရင်လည်း အကျိုးအမြတ်နဲ့ ဘယ်ဟာက ပိုများလဲ အဲလိုပဲ ယှဉ်ရမယ်လေ။ ဒါတွေကတော့ ပညာရှင်ပိုင်းနဲ့ဆိုင်သွားပါပြီ။ သာမန် အရပ်သူအရပ်သားနဲ့ မဆိုင်ပါဘူး။ ခင်ဗျား ဂျာနယ်ထဲ ရေးရင်လည်း အပိုပဲလို့ ထင်တယ်။

မေး။   ။ ပြည်သူလူထု သိသင့်သိထိုက်တာကတော့ ဂျာနယ်တွေကတ ဆင့် ပြောနေ ရေးနေကြ ရတာပဲခင်ဗျာ။

ဖြေ။   ။ ရေးသင့်ပါတယ်။ သို့သော်လည်း poison ဖြစ်မသွားအောင် နည်းနည်းလေးတော့ ချိန်ဆဖို့ သင့်တယ်။ သမာသမတ် ဖြစ်ရမယ်ဆိုတဲ့သဘောတော့ ကျနော်မြင်တယ်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် အတွင်းတွင် တည်ရှိသော ဘီလူးချောင်း(၂) ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံ (Photo :: http://moep1.wordpress.com)

No comments:

Post a Comment