- ဖော်ထုတ်ပြောဆိုခြင်းမပြုရန်လက်မှတ်ထိုးထားရ၍ BANCA အနေဖြင့် ဖော်ထုတ်ပြောဆိုနိုင်ရန် အခွင့်အရေးမရှိကြောင်းနှင့် လျှပ်စစ်ဝန်ကြီးဌာနနှင့် CPI အနေဖြင့် EIA Reporting အား ပြည်သူများသို့ချပြရန် BANCA ဥက္ကဋ္ဌပြောကြား

ဒေါက်တာထင်လှ (ဥက္ကဋ္ဌ၊ BANCA)
ကန်ထရိုက်တာ၏ ခွင့်ပြုချက်မရဘဲ ဖော်ထုတ်ပြောဆိုခြင်းမပြုရန် လက်မှတ်ထိုးထားရ၍ BANCA အနေဖြင့် ဖော်ထုတ်ပြောဆိုနိုင်ရန် အခွင့်အရေးမရှိကြောင်းနှင့် လျှပ်စစ်ဝန်ကြီးဌာနနှင့် CPI အနေဖြင့် EIA Reporting အား ပြည်သူများသို့ချပြရန် BANCA ဥက္ကဋ္ဌ ဒေါက်တာထင်လှက စက်တင်ဘာလ ၁၇ ရက်နေ့တွင် နေပြည်တော်ရှိ အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၌ ပြုလုပ်သည့် ပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အကြံပြုပြောကြားခဲ့သည်။ ဒေါက်တာထင်လှသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုစာတမ်းကို ဖတ်ကြားခဲ့သည်။
ယင်းစာတမ်းတွင်ပါဝင်သည့် ရလဒ်နှင့် သက်ရောက်မှုဖြေလျော့ရန် အကြံပြုချက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာ "မိမိတို့အဖွဲ့၏ရလဒ်နှင့် ဖြေလျော့မှုဆိုင်ရာ လုပ်ငန်းစဉ်များကို အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထား ပြီးဖြစ်ပါသည်။ ထိုအချက်အလက်များကို သိရှိလိုပါက ကန်ထရိုက်တာသို့ တိုက်ရိုက်မေးမြန်းနိုင်ပါသည်။ BANCA အနေနှင့်မူ ထိုအချက်များကို ဖော်ထုတ်ပြောဆိုနိုင်ရန် အခွင့်အရေးမရှိပါ။ မိမိတို့အနေနှင့် ကန်ထရိုက်စာချုပ်များ ချုပ်ဆိုစဉ်ကပင် ကန်ထရိုက်တာ၏ ခွင့်ပြုချက်မရဘဲ ဖော်ထုတ်ပြောဆိုခြင်းမပြုရန် လက်မှတ်ရေးထိုးထားရပါသဖြင့် ယခုတိုင် ၎င်းစာချုပ်ကို လေးစားလိုက်နာနေရဆဲ ဖြစ်ပါသည်"ဟု ထည့်သွင်းဆွေးနွေးခဲ့ပါသည်။
ဥက္ကဌဦးထင်လှ၏ စာတမ်းနိဂုံးတွင် ပြောကြားခဲ့သော အချက်များမှာ "မိမိတို့၏အစီရင်ခံစာသည် ပြီးပြည့်စုံသည့်စာတမ်းဟု သတ်မှတ်၍မရနိုင်ပါ။ မူလအစီစဉ်အရ အချိန်ခုနစ်လကျော် လေ့လာရမည်ဖြစ်သော်လည်း တရုတ်ပညာရှင်များ၏ မြန်မာပညာရှင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်လိုသည့် တောင်းဆိုမှုကြောင့် အချိန်ငါးလသာ လေ့လာဖြစ်ခဲ့ပါသည်။ မိမိတို့သည့် မြန်မာအစိုးရနှင့် ချုပ်ဆိုသော သဘောတူညီချက်စာချုပ်ကို မလေ့လာရဘဲ ဆောင်ရွက်ရခြင်းဖြစ်သည်။ ထို့ပြင် မိမိတို့မှီငြမ်းစရာ Myanmar Environment Law မရှိဘဲ လေ့လာမိသမျှ ဗဟုသုတများဖြင့် ရေးသားပြုစုရခြင်း ဖြစ်သည်" ဟူ၍ ဖြစ်ပါသည်။
ထို့အပြင် "EIA သည် တစ်ကြိမ်တည်းဖြင့် အပြီးလေ့လာသော လုပ်ငန်းစဉ်မဟုတ်ပါ။ ဖွံ့ဖြိုးရေးလုပ်ငန်း တည်ဆောင်မှုကာလ မတိုင်မီအချိန်တွင် သော်လည်းကောင်း၊ တည်ဆောက်ပြီး အချိန်တွင် သော်လည်းကောင်း၊ တိုက်ရိုက်သက်ရောက်မှုနှင့် သွယ်ဝိုက်သက်ရောက်မှုများကို စဉ်ဆက်မပြတ် လေ့လာရသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ရရှိသည့်ရလဒ်များအပေါ် မူတည်၍ သက်ရောက်မှုနည်းပါးစေရန် ဖြေလျော့သည့် နည်းလမ်းများ ထိရောက်မှု ရှိ မရှိ၊ ထောက်လှမ်းခြင်း၊ အကဲဖြတ်ခြင်း တန်ဖိုးဖြတ်ခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နေရမည် ဖြစ်သည်" ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
"EIA လုပ်ငန်းစဉ်သည် ပြည်သူလူထုအား ပွင့်ပွင့်လင်းလင်းချပြ၍ သဘောထားခံယူရသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်တိုင်းတွင် ကောင်းကျိုးများရှိသလို၊ ဆိုးဝါးသည့် သက်ရောက်မှုများလည်း ရရှိတတ်ပါသည်။ သက်ရောက်မှုကြီးကြီးရှိလျှင် ဖြေလျော့မှုကြီးကြီး ဆောင်ရွက်ရပါသည်။ တစ်ခါတစ်ရံတွင် တန်ဖိုးကြီးကြီးပေး၍ ဖြေလျော့မှုများကို ပြုလုပ်ရပါသည်။ ထို့အတူ သေးငယ်သော သက်ရောက်မှုအတွက်ကို တန်ဖိုးကြီးကြီးမပေးရဘဲ လွယ်လွယ်ကူကူ ဖြေရှင်းရခြင်းမျိုးလည်း ရှိပါသည်။ ထို့ကြောင့် EIA လုပ်ငန်းစဉ်ကို ပြီးဆုံးသည်အထိ လုပ်ဆောင်ရန် တာဝန်ရှိသူများကို အကြံပြုအပ်ပါသည်"ဆိုသည့် အချက်များကိုလည်း ထည့်သွင်းဖတ်ကြားသွားခဲ့သည်။
BANCA ဥက္ကဋ္ဌ ဒေါက်တာထင်လှက စာတမ်းဖတ်ဆွေးနွေးပြီးနောက်တွင် လျှပ်စစ်ဝန်ကြီးဌာနနှင့် CPI ကိုအကြံပြုပြောကြားခဲ့ရာ "လျှပ်စစ်ဝန်ကြီးဌာနနှင့် CPIကိုပြောချင်တာက EIA ရဲ့ Reporting ကို ပြည်သူတွေထဲကိုချပြပါ။ ထင်သာမြင်သာရှိအောင် လုပ်ကြပါ။ ဒါမှသံသယကင်းကင်းနဲ့ အားလုံးက အလုပ်လုပ်နိုင်မယ်"ဟူ၍ ပြောကြားခဲ့ပါသည်။
BANCA သည် မြစ်ကြီးနားအထက် ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ်ဖွံ့ဖြိုးမှုစီမံကိန်း ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို ၂၀၀၉ ခုနှစ် ဇန်န၀ါရီလမှစ၍ ငါးလတိုင်တိုင် တရုတ်ပညာရှင်များနှင့်အတူ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ပြုလုပ်ရန် ဆွေးနွေးပွဲများကို ၂၀၀၈ခုနှစ်၊ ဇွန်လမှစတင်ပြုလုပ်ခဲ့ပြီး၊ ငါးလကြာမြင့်ကာ နိုဝင်ဘာလ၌ သဘောတူညီမှုရရှိခဲ့ကြောင်း၊ BANCA နှင့် တရုတ်နိုင်ငံ CPI ကုမ္ပဏီတို့၏ သဘောတူညီချက်စာချုပ်ကို ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာ ၂၄ရက်တွင် တရုတ်နိုင်ငံ၊ ကွမ်မင်းမြို့၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
BANCA အဖွဲ့ဝင်များအနေဖြင့် ကြိုတင်ပြင်ဆင်ချိန် နှစ်ပတ်ခန့်သာရရှိပြီး ၊ လေ့လာရေးဆောင် ရွက်ရန် မြစ်ကြီးနားသို့ ၂၀၀၉ခုနှစ်၊ ဇန်န၀ါရီ ၃ရက်နေ့တွင် ရောက်ရှိခဲ့ကြောင်း၊ အချိန်တိုအတွင်း ရန်ကုန်မြို့၌ အဖွဲ့ဝင်များအား သင်တန်းပေးခြင်းနှင့် မြစ်ကြီးနားမြို့တွင် ရှေးဦးသူနာပြု သင်တန်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ အချိန်လုံလောက်မှုမရှိ၍ မှတ်တမ်းဟောင်းများအား စုဆောင်းချိန်မရရှိတော့ဘဲ ရည်ညွှန်းစာအုပ်များနှင့် ယာယီရွက်ဖျင်တဲများ၊ အိပ်ယာနှင့် ကွင်းဆင်းပစ္စည်းစုံများကိုသာ ၀ယ်ယူစုဆောင်းခဲ့ကြောင်း၊ ၀ယ်ယူခြင်းနှင့် စုဆောင်းခြင်းအားလုံးကို လေ့လာမှုများ အကောင်အထည်ဖော်နေစဉ် တစ်ပြိုင်တည်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
No comments:
Post a Comment