
ရွေတိဂုံရင်ပြင် အင်္ဂါထောင့်တွင်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက်ဆုတောင်းနေကြစဉ်။
ရန်ကုန်၊ စက်တင်ဘာလ ၂၇
နိုင်ငံရေး  အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဝတ်ပြုဆုတောင်းပွဲများ ကျင်းပနေမှုအပေါ်  မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က  လုပ်ရပ်ကောင်းတစ်ခုအဖြစ် ရှုမြင်ကြောင်း The Voice Weekly သို့ ပြောကြားသည်။
စက်တင်ဘာလ  ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ  အဖွဲ့ချုပ် ရုံးတွင် ကျင်းပပြုလုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်  တည်ထောင်ခြင်း ၂၃ နှစ်မြောက် အခမ်းအနားအပြီး The Voice Weekly က  ရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသော ဝတ်ပြုဆုတောင်းပွဲများနှင့် ပတ်သက်ပြီး  ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မည်သို့ မှတ်ချက်ပေး ရှုမြင်ပါသနည်းဟု  မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က လုပ်ရပ်ကောင်းအဖြစ် ရှုမြင်ကြောင်း  ပြောကြားခြင်း ဖြစ်သည်။
" ကောင်းဖို့အတွက် ဆုတောင်းတာ  ကောင်းတာပေါ့။ အဓိက စေတနာနဲ့ အားလုံးရဲ့ ကောင်းကျိုးအတွက် ဆုတောင်းတာပဲ "  ဟု ဒေါ်အောင်ဆန်းစုကြည်က ဝတ်ပြုဆုတောင်းပွဲများနှင့် ပတ်သက်သော သူ၏အမြင်ကို  ထုတ်ဖော် ပြောဆိုသည်။
ရန်ကုန်မြို့တွင် နိုင်ငံရေး  အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲများ ဆက်တိုက် ဖြစ်ပေါ်နေပြီး  စက်တင်ဘာလ ၂၆ ရက်နေ့က ဆူးလေ စေတီတော်တွင် လည်းကောင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့က  ရွှေတိဂုံ စေတီတော်တွင်လည်းကောင်း နှစ်ရက်ဆက်တိုက် ဖြစ်ပေါ်လျက် ရှိသည်။
No comments:
Post a Comment