မြန်မာ့ဒီမိုကရေစီ  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား  ဒီမိုကရေစီအဖွဲ့ချုပ် (NLD)  သည် တွေ့ဆုံဆွေးနွေးရေး မူဝါဒအပေါ် အခြေခံသည့်  ပျော့ပြောင်းသော      နည်းလမ်းဖြင့် နိုင်ငံရေးပြဿနာများကို ညှိနှိုင်း  ဖြေရှင်းသွားမည်ဖြစ်ပြီး  NLD က လုပ်ဆောင်မည့် နိုင်ငံရေးလမ်းစဉ်များကို  ပြည်သူလူထုထံ အသိပေး  သွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
NLD တည်ထောင်ခြင်း ၂၃ နှစ်မြောက် အခမ်းအနားအပြီး မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)ရန်ကုန်   ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ကျင်းပပြုလုပ်သော အမျိုးသားဒီမိုကရေစီ   အဖွဲ့ချုပ် စတင်တည်ထောင်ခြင်း ၂၃ နှစ်မြောက် အခမ်းအနားတွင်   ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
NLD  သည်  ၂၃ နှစ်တာ ကာလအထိတိုင်အောင် ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရကြောင်း၊   ပါတီတရပ်အဖြစ် ဆက်လက် ရပ်တည်နိုင်ရေးအတွက် ညီညွတ်ရေး၊ စည်းကမ်းရှိရေး၊   သတ္တိတို့အရေးကြီးကြောင်း၊ စည်းကမ်းမရှိဘဲ ညီညွတ်ရေး မရနိုင်ကြောင်း၊   သတ္တိဟုဆိုရာတွင်လည်း အဖွဲ့ဝင်များသည် ၂၃ နှစ်တာ ကာလအတွင်း ခံရဲသည့်သတ္တိ၊   လုပ်ရဲသည့် သတ္တိ၊ အနာဂတ်ကို ရင်ဆိုင်ရဲသည့် သတ္တိ စသည့်   သတ္တိအမျိုးမျိုးနှင့် ၂၃ နှစ်ကြာသည်အထိ ကြံ့ကြံ့ခံ ရပ်တည်ခဲ့ရကြောင်း၊   အတိတ်ကာလကို သင်ခန်းစာယူပြီး ပစ္စုပ္ပန်နှင့် အနာဂတ်ကာလ အကျိုးရှိစေရန်   လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“အနာဂတ်ကို  ရင်ဆိုင်ရတဲ့  သတ္တိဆိုတာက အတိတ်နဲ့ ပစ္စုပ္ပန်ကို ရဲရဲဝံ့ဝံ့  ကြည့်နိုင်မှဖြစ်နိုင်မှာပါ။  အတိတ်နဲ့ ပစ္စုပ္ပန်ကို ရဲရဲဝံ့ဝံ့  မကြည့်နိုင်တဲ့သူတွေက အနာဂတ်ကို သတ္တိနဲ့  ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”  ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
နိုင်ငံနှင့်   ပြည်သူအကျိုးအတွက် ဆောင်ရွက်ရာတွင် မကျေနပ်စိတ်၊ ကလဲ့စားချေစိတ်များ   မထားသင့်ကြောင်း၊ မိမိ လုပ်ဆောင် နေသော အလုပ်ကို အနစ်နာခံ လုပ်ဆောင်နေသည်ဟု   မမြင်ဘဲ မိမိယုံကြည်ချက်ဖြင့် လုပ်ဆောင်နေသည်ဟု စိတ်ထား တတ်ရန်  လိုကြောင်း  သူက ဆက်ပြောသည်။
“ကျမတို့ အဖွဲ့ဝင်တွေအနေနဲ့  ပြည်သူ့အကျိုးအတွက်၊  တိုင်းပြည်အကျိုးအတွက် လုပ်နေတယ်ဆိုရင်  အနစ်နာခံရတယ်ဆိုတဲ့ စိတ်မျိုးကို  မထားစေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့  အနစ်နာခံရတယ်လို့ စိတ်ထဲမှာ ထားရင်  ဒီစိတ်နဲ့ဒွန်တွဲပြီး ကလဲ့စား  ချေချင်စိတ်တွေ၊ မကျေနပ်တဲ့ စိတ်တွေပေါ်လာတယ်။  ကျမကတော့ ကျမရွေးတဲ့  လမ်းကြောင်းကို လျှောက်ခဲ့တယ်။ ကျေနပ်တယ်။ ကိုယ်က  လိုလိုလားလား  ပေးဆပ်ရမယ်။ ငါလုပ်ရချည်ရဲ့၊ အနစ်နာခံရချည်ရဲ့ဆိုတဲ့  စိတ်တွေပေါ်လာရင်  အကြွေးယူချင်တဲ့စိတ်၊ အကြွေးတောင်းချင်တဲ့စိတ်ကလေးတွေ  ပါလာတယ်” ဟု  ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
NLD သည်   ဒီမိုကရေစီလမ်းစဉ်အတိုင်း အရေးကြီးခြေလှမ်းများ လှမ်းတိုင်း ပြည်သူကို   အသိပေးသွားမည်ဖြစ်ပြီး တွေ့ဆုံ ဆွေးနွေးရေး မူပေါ်တွင် အခြေခံကာ   ပျော့ပျော့ပြောင်းပြောင်း အကြမ်းမဖက်သော လမ်းစဉ်ဖြင့် နိုင်ငံရေး ဆက်လက်   လုပ်ဆောင်သွားမည်ဟုလည်း သူက ပြောသည်။
“ဒီမိုကရေစီ  ရရှိရေးအတွက်  ကိုင်ဆုပ်ထားတဲ့ တွေ့ဆုံဆွေးနွေးရေး မူတွေပေါ်မှာ   ခိုင်ခိုင်မာမာရပ်တည်ပြီးတော့ ပျော့ပျော့ပြောင်းပြောင်းနဲ့ ဆက်ပြီး   လုပ်သွားမှာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
NLD   ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်တို့ကလည်း   ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ညီညွတ်ရေး လမ်းစဉ်အတိုင်းပင် ဆက်လက်ထောက်ခံ   လုပ်ဆောင်သွားမည်ဖြစ်ပြီး ယနေ့အချိန်သည် NLD အတွက် အထိအခိုက် မခံနိုင်သော   အရေးကြီးသည့် အချိန်တွင် ရောက်ရှိနေကြောင်း ပြောဆိုကြသည်။
နိုင်ငံတော်   သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား တိုင်းပြည်နှင့်   ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိမည့် လုပ်ငန်းများကို   ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးပြီး ဖြစ်သည့်အတွက် NLD အတွက်   အရေးကြီးသော အချိန်ရောက်ရှိနေကြောင်း၊ ထို့ကြောင့် NLD   ခေါင်းဆောင်များနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့များအကြားတွင် လည်းကောင်း၊   စည်ရုံးရေး အဖွဲ့အစည်းများ အကြားတွင်လည်းကောင်း အပြန်အလှန် လေးစားရေး၊   အပြန်အလှန် နားလည်မှုရှိရေးမူတို့ဖြင့် NLD ၏ စည်းမျဉ်းစည်းကမ်း၊   လုပ်ထုံးလုပ်နည်း၊ မူဝါဒ လမ်းညွှန်ချက်များကို လုပ်ကိုင် ဆောင်ရွက်ကြရန်   လိုအပ်ကြောင်း ဦးတင်ဦးက ပြောသည်။
“အခုအချိန်ကာလမှာ  ဒီမိုကရေစီနဲ့  လူ့အခွင့်အရေး ရရှိရေးအတွက် အဖွဲ့ချုပ် အဖွဲ့ဝင်များက  ဘယ်လိုနည်းနှင့်မှ  စုစည်း ညီညွတ်မှု၊ စည်းလုံးညီညွတ်မှု၊  ကြိုးပမ်းအားထုတ်မှုတွေကို  လျော့ပါးစေမယ့်၊ ထိခိုက်စေမယ့် အပြောအဆို၊  အပြုအမူတွေကို မပြုလုပ်မိကြဖို့  အထူး လိုအပ်ပါတယ်” ဟု ဦးတင်ဦးက ဆိုသည်။
ယမန်နေ့က  ပြုလုပ်ခဲ့သည့်  ၀တ်ပြုဆုတောင်းပွဲ များနှင့်ပတ်သက်သည့်အမြင်ကို ပြည်တွင်း  သတင်းထောက်တဦးက  ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းရာ နိုင်ငံရေး  အကျဉ်းသားများ လွတ်မြောက်ရေး  ဆုတောင်းခြင်း ဖြစ်သည့်အတွက်  ကောင်းမွန်ကြောင်း ပြောသည်။
“စေတနာနဲ့ အားလုံးကောင်းဖို့ ဆုတောင်းတာဖြစ်တဲ့အတွက် ကောင်းတာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ယနေ့   နံနက် ၁၁ နာရီက စတင်ကျင်းပသော အခမ်းအနားကို NLD အဖွဲ့ဝင်များ၊   ပြည်တွင်းပြည်ပ သတင်းထောက်များ အပါအ၀င် ပြည်သူပေါင်း ၆၀၀ ကျော် တက်ရောက်   ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ်  စက်တင်ဘာလ ၂၇  ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီ  ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ခဲ့ရသော်လည်း  စစ်အစိုးရက  အာဏာလွှဲပေးခြင်း မပြုဘဲ ဖမ်းဆီးအကျဉ်းချထားမှုများ အပါအ၀င်  ဖိနှိပ်မှုများကို  နှစ်ပေါင်းများစွာ ခံစားခဲ့ရသော နိုင်ငံရေး ပါတီအဖြစ် ၂၃  နှစ်တိုင်တိုင်  ရပ်တည်လျက်ရှိသည်။
No comments:
Post a Comment