မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ထင်သာမြင်သာသည့် ဆန္ဒခံယူပွဲလုပ်ရန် တောင်းဆို။
ဧရာဝတီမြစ်ဆုံ  ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ထင်သာမြင်သာ ရှိတဲ့  ပြည်သူလူထုအားလုံးရဲ့ ဆန္ဒကို တိုက်ရိုက်ခံယူတဲ့ (Referendum) နည်းနဲ့  ဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက  တိုက်တွန်းလိုက်ပါတယ်။
ဦးခင်မောင်ဆွေ
ဒီလ ၂၇  ရက်နေ့စွဲနဲ့ NDF က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အစိုးရ အပါအ၀င်  လွှတ်တော်အရပ်ရပ်ကို တိုက်တွန်း တောင်းဆိုလိုက်တာ ဖြစ်ပြီး ဒါနဲ့ ပတ်သက်လို့  ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက အခုလို ပြောပါတယ်။
  “အချုပ်အခြာအာဏာ ပြည်သူမှာ တည်တဲ့အတိုင်းပဲ ပြည်သူ့ဆန္ဒကို ဦးထိပ်  ထားပြီးတော့ လေးစားမယ် ဆိုလို့ရှိရင် ဒီလို တဦးတယောက်၊ တဖွဲ့တသင်း အစိုးရ  တရပ်၊ လွှတ်တော်တခုကနေ ဆုံးဖြတ်ခြင်းထက် ကျနော်တို့ ပြည်သူတရပ်လုံး ပါတဲ့  ပြည်သူ့ဆန္ဒခံယူပွဲ တိုက်ရိုက်ဒီမိုကရေစီကျင့်စဉ်နဲ့  ဆုံးဖြတ်မှသာလျှင် မှန်ကန်လိမ့်မယ်လို့ ကျနော် အလေးအနက် ယူဆယုံကြည်ပြီး  ဖြစ်ပါတယ်။ နောက်ပြီးတော့ အဲဒီလိုမှ မလုပ်နိုင်ဘူး ဆိုရင်လည်း  အငြင်းပွားဖွယ်ကိစ္စ အနာဂတ် မျိုးဆက်တွေကို သဘာဝကျိမ်စာတွေ  ကျန်ခဲ့စေမယ့်ဟာမျိုး မပေးဖြစ်ခဲ့နိုင်အောင် ကျနော်တို့က ဒါကို  အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားခြင်းက ပိုပြီးတော့ ကောင်းမြတ်မယ်လို့ ယူဆလို့  အာလုံးဆိုင်တဲ့ ဧရာဝတီ မို့လို့ ကျနော်တို့က ဒီဟာကို အခု  သဘောထားပေးပြီးတော့ လွှတ်တော်ကိုသော်လည်းကောင်း၊ အစိုးရကို သော်လည်းကောင်း  တိုက်တွန်းခြင်း ဖြစ်ပါတယ်။”
ဒါ့အပြင် ဆန္ဒခံယူပွဲ  (Referendum)ရဲ့ ထင်သာမြင်သာ ရှိမှုအတွက် ကုလသမဂ္ဂ အပါအ၀င် အာဆီယံအဖွဲ့တွေရဲ့  ပါဝင်စောင့်ကြည့်မှုတွေ ပြုလုပ်ပေးဖို့ကိုလည်း ဦးခင်မောင်ဆွေက  တိုက်တွန်းပြောကြားလိုက်ပါတယ်။
“ပြည်သူ့ဆန္ဒ ခံယူတဲ့နေရာမှာလည်း  အင်မတန်ကို ထင်သာမြင်သာ ရှိတဲ့ အဖွဲ့အစည်းတွေရဲ့ ကြီးကြပ်မှုနဲ့ ပြီးတော့  နိုင်ငံတကာ ဆည်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းကြီးလည်း ရှိတာကိုး။ ရှိတော့ ဒီလို  မြစ်စုံကိစ္စကို ဆန္ဒခံယူမယ် ဆိုလို့ရှိရင် ကုလသမဂ္ဂလို သို့မဟုတ်  အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်တာကြောင့်မို့ အာဆီယံ နိုင်ငံတွေက  ကြီးကြပ်ပြီးတော့ လာရောက် လုပ်ပေးတဲ့ဟာမျိုး ဆိုရင်တော့ ပိုပြီးတော့  သင့်တော်တာပေါ့ဗျာ။ ဒါကတော့ အစိုးရပိုင်းနဲ့ လွှတ်တော်ပိုင်းက စဉ်းစားရမယ့်  ကိစ္စဖြစ်လို့ —။”
လက်ရှိအခြေအနေမှာတော့ အစိုးရက  ဧရာဝတီမြစ်ဆုံနဲ့ အထက်ဘက် မေခ-မလိခမြစ်ဝှမ်းတွေ ရေအားလျှပ်စစ်စီမံကိန်း  ရှစ်ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင်  မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်မှု ၁၀ ရာခိုင်နှုန်း  ပြီးစီးနေပြီ ဖြစ်ကြောင်းနဲ့ ချီဗွေငယ် ရေအားလျှပ်စစ်စီမံကိန်းက ၉၇  ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ကျန်စီမံကိန်း ၆ ခုမှာ  စူးစမ်းလေ့လာရေးနှင့် တည်ဆောက်ရေးအကြိုလုပ်ငန်းများအား  ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။
 အခြားပညာရှင်တွေကတော့ အစိုးရဲ့ မြစ်ဆုံစီမံကိန် အကောင်းအထည် ဖော်မှုတွေဟာ ၂၀ ရာခိုင်နှုန်းပြီးစီးနေပြီလို့လည်း ပြောဆိုနေကြပါတယ်။
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment