![]()  | 
| သောင်ရင်းမြစ်ရေ လျှံသဖြင့် ကားဈေးအတွင်းသို့ ရေများ ၀င်ရောက်နေပုံ။ | 
တပတ်ရစ်ကား  တင်သွင်းမှုကို မြ၀တီနယ်စပ်တွင် ပိတ်ပင်ထားသဖြင့် ထိုင်းနိုင်ငံ   မဲဆောက်မြို့နယ်စပ် ကားဈေးတွင် စုဝေးနေရသော မော်တော်ယာဉ် အများအပြားသည်      မကြာသေးမီက မြစ်ရေကြီးမှုဒဏ်ကို အပြင်းအထန် ခံလိုက်ရသည်။
ယခုလ  ၁၁ ရက်နေ့က မိုးကြီးပြီးနောက်ပိုင်း မြ၀တီ နှင့်  မဲဆောက်မြို့ကြားရှိ  သောင်ရင်းမြစ်ရေ လျှံသဖြင့် မော်တော် ယာဉ်  သုံးထောင်ဝန်းကျင်ရှိနေသော  ကားဈေးအတွင်းသို့ ရေများ ၀င်ရောက်ခဲ့သည်။
"ကားအစီး တထောင်လောက် ရေမြှုပ် ပျက်စီးသွားတယ်" ဟု ကားလုပ်ငန်းရှင်တဦးက ပြောသည်။
 ရေကျသွားပြီဖြစ်သောကြောင့် မဲဆောက်ရှိ ကားကုမ္ပဏီများက ရေကြီးမှုဒဏ် ခံလိုက်ရ သည့် မော်တော် ယာဉ်များကို ပြုပြင်မွမ်းမံနေကြသည်။
ယခုလဆန်းပိုင်းမှ   စတင်ပြီး တပတ်ရစ်ကားစီးဆင်းမှု ရပ်တန့်နေသဖြင့် လုပ်ငန်းများ   ရပ်ဆိုင်းထားရသော မဲဆောက်ရှိ ကားကုမ္ပဏီ ၄၀ ခန့်သည်  နေ့စဉ် အရှုံးနှင့်   ရင်ဆိုင်နေရသည်ဟု သိရသည်။
ယခင်က နယ်ခြားမြစ်ကို ဖြတ်ပြီး   မြန်မာပြည်ဘက်သွားသော တပတ်ရစ်ကား အရေအတွက်မှာ နေ့စဉ် အစီးရေ ၂၀၀ ၀န်းကျင်   ရှိသည်ဟု မဲဆောက်မှ အကောက်ခွန်ဌာန ၀န်ထမ်းတဦးက ပြောသည်။
မြ၀တီသို့ကားတင်သွင်းမှုသည်   ယခုလဆန်းတွင် ဖွင့်ချီပိတ်ချီ ဖြစ်နေရာမှ လုံးဝ ပိတ်ပင်လိုက်သည်မှာ   ယနေ့ဆိုလျှင် တပတ်တိတိရှိပြီဟု မဲဆောက်မြို့မှ ကားလုပ်ငန်းရှင်တဦးက   ဧရာဝတီကို ပြောသည်။
 "ဒီဘက်ကကူးသွားတဲ့ကား ၁၆ စီး ကိုလည်း မြ၀တီက ဖမ်းထားတာ ၃ ရက်လောက်ရှိပြီ" ဟု သူက ဆိုသည်။
နေပြည်တော်မှာလာသည့်အမိန့်ဖြင့်   ဖမ်းဆီးခြင်း ဖြစ်သောကြောင့် ထိုကားများ ပြန်လည်ရ ရှိရေး ကို   ဒေသခံအာဏာပိုင်တို့နှင့် ညှိနှိုင်း၍ မရသေးကြောင်း မြ၀တီမှ ကုန်သည်တို့ကို   ကိုးကားပြီး သူက ရှင်းပြသည်။
မြ၀တီမြို့ခံ  ယာဉ်မောင်းတဦးကလည်း  "ကျနော်က ဂျပန်ကားတွေကို မြ၀တီကနေ ဘားအံအထိ  အငှားမောင်းပို့တဲ့ အလုပ်ပဲ  လုပ်တာပါ။ အခု ကားမပို့ရတာတပတ်ကျော်သွားပြီ"  ဟု ပြောသည်။
နယ်စပ်ကားဈေးကွက်တွင် ရှိနေသော ကားများမှာ ဂျပန်နိုင်ငံမှ လာသော တပတ်ရစ်ကားများ ဖြစ်သည်ဟု သိရသည်။

No comments:
Post a Comment