လူရွှင်တော် ဇာဂနာ လွတ်ပြီလို့ ကြားရ။
နိုင်ငံရေးအကျဉ်းသား  လူရွှင်တော် ကိုဇာဂနာကို အစိုးရက လွှတ်ပေးလိုက်ပြီလို့ RFA က စုံစမ်း  သိရှိရပါတယ်။ တခြား နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်ခြင်း ရှိမရှိတော့  မသိရသေးပါဘူး။သူ့ကို မြစ်ကြီးနားထောင် ကနေ ဒီကနေ့ မန္တလေးကို ခေါ်လာပြီး မနက်ဖန် မနက် လေယဉ်ပျံနဲ့ ရန်ကုန်လေဆိပ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။
ဒီသတင်းကို နေပြည်တော် အသိုင်းအ၀န်းက ရရှိတာ ဖြစ်ပြီး မိသားစုတွေကို  ကြိုတင် အသိပေးထားခြင်း မရှိပဲ နေအိမ်ကို ထောက်လှမ်းရေးအဖွဲ့က လိုက်လံ  ပို့ဆောင်မယ်လို့လည်း သိရပါတယ်။
ဒါပေမယ့် ဒီသတင်းကို သူတို့ဘာမှ  မသိကြောင်း ဒီကနေ့လည်ပိုင်းထိတော့ ကိုဇာဂနာ မြစ်ကြီးနားထောင်ထဲမှာ  ရှိနေသေးကြောင်း ကြားရတယ်လို့ ခယ်မဖြစ်သူ မငြိမ်းကပြောပါတယ်။
ဒီနေ့  ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာတယ် ဆိုတဲ့ သတင်းတွေ  ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် လူရွှင်တော် ကိုဇာဂနာနဲ့ ကျောင်းသား ခေါင်းဆောင်  ကိုမင်းကိုနိုင်တို့ ပြန်လွတ်လာသလား ဆိုပြီး သတင်း မီဒီယာတွေက  မိသားစုတွေကို ဆက်သွယ်မေးမြန်း နေကြတယ်လို့ သိရပါတယ်။
ကိုမင်းကိုနိုင်ကို မိသားစုတွေ သွားမတွေ့နိုင်တာ ၃ လလောက် ရှိနေပြီး လာမယ့်  အောက်တိုဘာလ ၁၈ ရက်မှာ ကျရောက်မယ့် ကိုမင်းကိုနိုင် မွေးနေ့ မတိုင်ခင်တော့  သွားတွေ့ဖို့ ရည်ရွယ်ထားတယ်လို့ ကိုမင်းကိုနိုင်ရဲ့ အမဖြစ်သူ  ဒေါ်ကြည်ကြည်ညွန့်ကပြောပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့  ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲနဲ့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့  တွေ့ဆုံပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့  ပြောဆိုဆွေးနွေး တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ သလို၊ ဦးသိန်းစိန်  အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကလည်း နိုင်ငံတော် သမ္မတ  အနေနဲ့ အခြေခံ ဥပဒေပါ လုပ်ပိုင်ခွင့်နဲ့အညီ သင့်တော်တဲ့ အချိန်မှာ  အကျဉ်းသားတွေကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ ရှိနေတယ်လို့ ကုလသမဂ္ဂ  အထွေထွေညီလာခံမှာ ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ဒီရက်ပိုင်းအတွင်း နိုင်ငံရေး အကျဉ်းသား (၂၀၀) ကျော် ပြန်လွတ်လာမယ်ဆိုတဲ့  သတင်းတွေ ထွက်ပေါ်နေစဉ်မှာ အခုလို ကိုဇာဂနာကို အစိုးရက လွှတ်ပေးလိုက်ပြီလို့  ကြားရခြင်းပါပဲ။
ဒီသတင်းကို နေပြည်တော် အသိုင်းအ၀န်းက ရရှိတာ ဖြစ်ပေမယ့် တခြား သတင်းဌာနတွေရဲ့ အတည်ပြုချက်တော့ မရသေးပါဘူး။ 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment