Showing posts with label သတင်းရင်း(ရန်ပိုင်. Show all posts
Showing posts with label သတင်းရင်း(ရန်ပိုင်. Show all posts

Wednesday, September 14, 2011

ဒေါ်အောင်ဆန်းစုကြည် ဘောလုံးပွဲသွားကြည့်။

သုဝဏ္ဏကွင်းတွင် ဘောလုံးပွဲ ကြည့်နေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Soccer Myanmar)



မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ပြုလုပ်သော အာဆီယံ ယူ ၁၉ မြန်မာ-လာအို ပွဲစဉ်ကို သွားရောက် ကြည့်ရှုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့တွင် ၂၃ နှစ်ဆက်တိုက် နေထိုင်ခဲ့သည့်ကာလအတွင်း ပထမဆုံးအကြိမ် ဘောလုံးကွင်းသို့ သွားရောက်ပြီး ဘောလုံးပွဲကြည့်ခြင်းဖြစ်သည်။

“အခု ပွဲစလို့ ၃ မိနစ် ရှိနေပါပြီ၊ ဒေါ်အောင်ဆန်စုကြည် အနားမှာ ဦးဇော်ဇော်၊ ဒေါက်တာစိုင်းဆမ်ထွန်း၊ ဦးအောင်ကျော်မိုးတို့လည်း ထိုင်နေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေး တာဝန် ယူထားသည့် ကိုကျော်စိုးနိုင်က ဧရာဝတီသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိုလည်း အာဏာပိုင်များက တာဝန်ယူကြောင်း ဘောလုံးပွဲကို အေးချမ်းစွာအားပေးနေသည့် ပရိသတ်များကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်ကြောင်း ကိုကျော်စိုးနိုင်က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လက နေပြည်တော်၌ ကျင်းပသည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဘောလုံးပွဲ ကြည့်ရှုရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဘောလုံးပွဲကို မြန်မာ့ရုပ်မြင်သံကြားကလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF)၏ ၂၀၁၁ ခုနှစ် အာဆီယံ အသက် ၁၉ နှစ်အောက် ဘောလုံး ပြိုင်ပွဲကို စက်တင်ဘာ ၈ ရက်နေ့က စတင် ကျင်းပခြင်းဖြစ်ပြီး မြန်မာအသင်းသည် အင်ဒိုနီးရှား၊ လာအို၊ ဘရူနိုင်း၊ ဗီယက်နမ်တို့နှင့် အုပ်စု (ခ)တွင် ပတ်လည် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မြန်မာအသင်း၏ လက်ရှိ အခြေအနေမှာ ဗီယက်နမ်ကို သရေ၊ ဘရူနိုင်းကို ၆ ဂိုးပြတ် အနိုင်ရရှိထားသည်။ လာအိုအသင်းမှာ အင်ဒိုနီးရှားအသင်းကို သရေ ကစားထားသည်။

ဇူလိုင် ၂၈ ရက်နေ့က သုဝဏ္ဏကွင်း ကမ္ဘာဖလားခြေစစ်ပွဲတွင် မြန်မာအသင်းနှင့် အိုမန်အသင်းတို့ ကစားရာ၊ အိုမန်အသင်းက ၂ဂိုး အနိုင်ရရှိနေချိန်တွင် မြန်မာပရိသတ် တချို့က ရမ်းကားသည့်အတွက် ပွဲပျက်သွားသည်။

Tuesday, September 13, 2011

အမေရိကန်မူဝါဒ ပျော့ပြောင်းရန် ဂျင်မ်ဝက်ဘ် တိုက်တွန်း။

အမေရိကန် အထက် လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်က အမေရိကန် အနေဖြင့် မြန်မာနိုင်ငံအပေါ် မူဝါဒ ပြောင်းလဲရေးနှင့် ပျော့ပြောင်းရေး တိုက်တွန်းလိုက်သည်။

မစ္စတာ ဂျင်မ်ဝက်ဘ်သည် မြန်မာအစိုးရနှင့် အမေရိကန်အစိုးရအကြား ဆက်ဆံရေးကောင်းမွန်ရန် အထူးလိုလားသူ တဦးအဖြစ်လူသိများပြီး ယခုကဲ့သို့ တိုက်တွန်းသည့်အချိန်သည် အမေရိကန်အစိုးရ အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ် မြန်မာနိုင်ငံသို့ ရောက်ရှိချိန်နှင့်လည်း တိုက်ဆိုင်နေသည်။



မစ္စတာ ဂျင်မ်ဝက်ဘ်က လက်ရှိ မြန်မာအစိုးရသစ်သည် ယခင်ကကဲ့သို့ စစ်အစိုးရမဟုတ်ဘဲ ပြီးခဲ့သည့်နှစ်က ရွေးကောက်ပွဲ ကျင်းပပြီး တက်လာသည့် အစိုးရဖြစ်ကြောင်းနှင့် မြန်မာအစိုးရသစ်နှင့် ထိတွေ့ဆက်ဆံရေး အခွင့်အလမ်းသစ်များ ပေါ်ပေါက်နေပြီဖြစ်ကြောင်း ထောက်ပြ ပြောဆိုသည်။

မကြာသေးမီက ပြုပြင်ပြောင်းလဲမှု တချို့နှင့် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ မစ္စတာ ဂျင်မ်ဝက်ဘ်က “မြန်မာအစိုးရဆီမှာ ပွင့်လင်းမှု အသစ်တွေကို မြင်နေရပြီ၊ ဒါကြောင့် အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် မူဝါဒကို ပြုပြင်ပြောင်းလဲဖို့ ပြင်ဆင်သင့်ပြီ” ဟု ပြောသည်။

လက်ရှိအချိန်တွင် မြန်မာအစိုးရသည် လူမှုအဖွဲ့အစည်းများနှင့် ဆက်ဆံရေး၊ စစ်တပ်နှင့် အစိုးရအဖွဲ့ အပြောင်းအလဲများကို ပြုလုပ်နေသည့် အဓိကကျသော ပြုပြင်ပြောင်းလဲရေးကာလသို့ ရောက်ရှိနေသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရ ဆက်ဆံရေးသည်လည်း ဒီမိုကရေစီဖြစ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ရှုမြင်ကြောင်း မစ္စတာ ဂျင်မ်ဝက်ဘ်က ဆိုသည်။

မစ္စတာ ဂျင်မ်ဝက်ဘ်သည် ၂၀၀၉ ခုနှစ်က ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ လာရောက်ပြီး စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ထိုစဉ်က နေအိမ်အကျယ်ချုပ် ကျနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားတွေ့ဆုံခဲ့သည်။ ဒေါ်အောင်စုကြည်၏ နေအိမ်သို့ ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား ဂျွန် ယက်ထော လွတ်မြောက်ရေးအတွက်လည်း လုပ်ဆောင်ခဲ့သည်။

မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန်နိုင်ငံ၏ မူဝါဒကို ပြန်လည်သုံးသပ်ရန် သမ္မတ အိုဘားမားက မစ္စတာ ဒဲရက် မစ်ချယ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် မစ္စတာ ဒဲရက် မစ်ချယ်၏ ၅ ရက်ကြာ ခရီးစဉ်အတွင်း စက်တင်ဘာလ ၉ ရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာ ၀န်ကြီးဋ္ဌာနနှင့် မြန်မာ့ စက်မှုဖွံဖြိုးရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး၊ အလုပ်သမားရေးရာဝန်ကြီးဋ္ဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဦးအောင်ကြည်တို့နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးသည်။

ယမန်နေ့က ဒီမိုကရေခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ် အမှုဆောင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင်များနှင့် သီးခြားစီတွေဆုံပြီး တိုင်းရင်းသားအရေး၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပညာရေး၊ လူမှုရေး ကဏ္ဍများတွင် ပိုမိုအကူအညီပေးရေး ဆွေးနွေးခဲ့သည်။

ထို့အပြင် လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက် (HRDP) အဖွဲ့မှ ဦးမောင်မောင်လေး၊ NLD ဥပဒေအထောက်အကူပြု အဖွဲ့မှ ရှေ့နေ ဦးအောင်သိန်း၊ ၈၈ မျိုးဆက်ကျောင်းသား ကိုမြတ်သူ၊ နိုင်ငံရေးအကျဉ်းသားဟောင်း Hip Hop အဆိုတော် ဇေယျာသော် တို့ကို ရန်ကုန်မြို့ အမေရိကန်စင်တာတွင် တနာရီခန့် တွေဆုံဆွေးနွေးခဲ့သည်။

HRDP အဖွဲ့မှ ဦးမောင်မောင်လေးက “မစ္စတာ ဒဲရက်မစ်ချယ်က လက်ရှိ မြန်မာပြည်ရဲ့ လူအခွင့်အရေး အခြေအနေကို အချက် ၄ ချက် မေးမြန်းတယ်” ဟု ပြောသည်။

အစိုးရသစ်လက်ထက် လူအခွင့်အရေးအခြေအနေ၊ အသစ်ဖွဲ့စည်းသည့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် ပတ်သက်၍ HRDP အဖွဲ့၏ သဘောထား၊ အဆိုးရွားဆုံး လူအခွင့်အရေး ချိုးဖောက်ခံရသည့် ဖြစ်ရပ်များ၊ အစိုးရသစ်လက်ထက် အပြောင်းအလဲများကို မစ္စတာ ဒဲရက် မစ်ချယ်က မေးမြန်းသည်ဟု ဦးမောင်မောင်လေးက ဆိုသည်။

အမေရိကန်အစိုးရအနေဖြင့် ချမှတ်ထားသည် ဒီမိုကရေစီအရေး၊ လူအခွင့်အရေး၊ ဖွံဖြိုးတိုးတက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး စသည့် အခြေအနေများ ထင်သာမြင်သာ ပြောင်းလဲမှုမရှိလျှင် မြန်မာနိုင်ငံအပေါ် ထားရှိသည့် သဘောထား ပြောင်းလဲသွားမည်မဟုတ်ဟု မစ္စတာ ဒဲရက် မစ်ချယ်က အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် တွေ့ဆုံစဉ် ပြောပြခဲ့သည်ဟု ဦးမောင်မောင်လေးက ပြောသည်။

Tuesday, August 30, 2011

ကျောက်ဆည်ရေဘေး လူ(၂၀၀၀)ခန့်ရွေ့ပြောင်းရ။

မန္တလေးတိုင်း ကျောက်ဆည်မြို့တွင် ဇော်ဂျီမြစ်ရေလျှံပြီး မင်းရဲဆည် တာတမံကျိုး သွားသောကြောင့် အနီးရှိ ရက်ကွက်ကြီး ၃ ခု ရေမြုပ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေ ရကြောင်း သိရသည်။
သြဂုတ်လ ၂၈ ရက်နေ့ညက ရွာသွန်းသည့် မိုးကြောင့် မင်းရဲဆည် တာတမံကျိုးသွားခြင်းဖြစ်ပြီး ကြက်မင်းတွန်၊ တံတားလယ်၊ ရဲစု ရပ်ကွက်ကြီး ၃ ခုမှ လူ ၂၀၀၀ ခန့် စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် နီးစပ်ရာ အိမ်များသို့ ပြောင်းရွေ့ခဲ့ရကြောင်း ကျောက်ဆည်မြို့ခံတဦးက ပြောသည်။

“ရေက ရင်ခေါင်းလောက်နက်တယ်။ အားလုံးကို ထမင်းထုပ်တွေ၊ ဆန်တွေ၊ ခေါက်ဆွဲခြောက်တွေ၊ သောက်ရေတွေ ဝေတယ်။ တိုင်းဒေသကြီး သစ်တောဝန်ကြီးကလည်း လှူတယ်” ဟု ၎င်းက ဆိုသည်။

ကယ်ဆယ်ရေးစခန်းများ သီးသန့် ဖွင့်လှစ်ထားခြင်း မရှိသော်လည်း ရေဘေးဒုက္ခသည်များ ကျန်းမာရေးအတွက် ဆေးခန်းများ ဖွင့်လှစ်ထားပြီး လူမှုရေး အသင်းအဖွဲ့တခုဖြစ်သည့် ပုလဲဖောင်ဒေးရှင်းအဖွဲ့က လှူဒါန်းကြောင်း သိရသည်။

ယခုလ ၁၆ ရက်နေ့က မန္တလေးမြို့တွင် ရွာသွန်းခဲ့သည့် မိုးကြောင့် မြို့ပေါ်ရပ်ကွက်များ အပါအ၀င် ရပ်ကွက် အများစု ရေနစ်မြုပ်ခဲ့သေးသည်။

ယခုအခါ အနိမ့်ပိုင်းဖြစ်သည့် ဧရာဝတီမြစ်ကမ်းနံဘေးရှိ ညောင်ကွဲ ရပ်ကွက်အတွင်းတွင်သာ ရေများ ကျန်ရှိနေပြီး လူဦးရေ ၆၀၀ ကျော်ကို ကုသိုလ်တော်ဘုရား ပရ၀ုဏ်အတွင်းရှိ ဥပုဒ်ဇရပ် ၁၈ ဆောင်နှင့် ပုသိမ်ကြီးမြိ့နယ် အောင်ချမ်းသာကျေးရွာရှိ အကျဉ်းဦးစီးဌာနပိုင် အဆောက်အဦးများတွင် ယာယီ နေရာချပေးထားသည်။

အဆိုပါ ရေဘေးဒုက္ခသည်များကို လူမှုရေးအသင်းအဖွဲ့များ ဖြစ်သည့် နိဗ္ဗာန်သုခ၊ စိမ်းရောင်စို၊ ချမ်းမြသုခ၊ ဘ၀အလင်းရောင် စသည့် လူမှုရေးအသင်းများက သွပ်၊ ထမင်းထုတ်၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ ဆန် စသည့် ပစ္စည်းများ ဝေငှကြောင်း စိမ်းရောင်စို လှုပ်ရှားမှု  လူမှုရေးအသင်းဝင်တဦးက ပြောသည်။

“နေရာက အရမ်းနိမ့်ပိုင်းဖြစ်တော့ ရေထွက်ပေါက်တွေက မထွက်နိုင်ဘဲ ရေတွေဝပ်ကျန်ခဲ့တာ။ ပြန်နေလို့ ရမှာမဟုတ်သေးဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိအခြေအနေတွင် ၀မ်းရောဂါဖြစ်ပွားမှုရှိသော်လည်း အရေအတွက် နည်းပါးကြောင်း၊ အစိုးရ ဒေသန္တရ ဆေးခန်းနှင့် ဘ၀ အလင်းရောင် လူမှုရေးအသင်းတို့က လွန်ခဲ့သည့် တပတ်ခန့်ကတည်းက ဆေးခန်းများဖွင့်ကာ တာဝန်ယူ ကုသပေးနေကြောင်း အဆိုပါ ကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူက ပြောသည်။

ညောင်ကွဲရပ်ကွက်သည် နှစ်စဉ်နှစ်တိုင်း ရေနစ်မြုပ်ကြောင်း၊ နစ်မြုပ်လျှင်လည်း လနှင့်ချီကာ ကြာမြင့်တတ်ကြောင်း၊ ရေထွက်ပေါက်နှင့် ရေနုတ်မြောင်းများ မဖော်လျှင် နောင်နှစ်များတွင်လည်း ရေကြီးရေလျှံမှုကို ဆက်လက်ကြုံရနိုင်ကြောင်း သိရသည်