
ရန်ကုန်မြို့ လက်ဘက်ရည်ဆိုင်တဆိုင်တွင် ရေဒီယို နားထောင်နေသူများ (ဓာတ်ပုံ - AP)
ဧရာဝတီ အပါအ၀င် ပြည်ပအခြေစိုက် စာနယ်ဇင်း ဌာနများသည် အစိုးရမီဒီယာ  ၀ါဒဖြန့်ချိရေးကို တုံ့ပြန်မှု၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ပေါ်ပေါက်ရန်  တွန်းအားပေးမှုတို့တွင်     အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း သောကြာနေ့တွင် ၀ီကိလိ ၀က်ဆိုက်က  ဖွင့်ချလိုက်သည့် ရန်ကုန်မြို့ အမေရိကန်သံရုံး၏ ကြေးနန်းစာတစောင်တွင်  ဖော်ပြထားသည်။
မြန်မာပြည်အတွင်း ဧရာဝတီ မဂ္ဂဇင်း ရောက်ရှိနေပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး ကဲ့သို့သော နိုင်ငံရေးသမားများထံ ဖြန့်ဝေနေကြောင်း ကြေးနန်းစာက ဆိုသည်။
ဦးတင်ဦး နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ၂၀၀၉  ခုနှစ်တွင် သူ၏ဇနီး ဒေါက်တာ ဒေါ်တင်မိုးဝေနှင့် ရန်ကုန်မှ  အမေရိကန်သံတမန်တဦးတို့ စကားပြောဆိုမှုကို ကြေးနန်းစာက ကိုးကား  ရေးသားထားခြင်း ဖြစ်သည်။ ဦးတင်ဦးသည် ယမန်နှစ်က အကျယ်ချုပ်မှ  လွတ်မြောက်လာသည်။
ဦးတင်ဦး၏ကျန်းမာရေးနှင့် ပတ်သက်ပြီး  အာဏာပိုင်တို့နှင့် ဆက်သွယ်ပြောဆိုရာတွင် အခက်အခဲများစွာ ရှိနေသည်ဟု  ဒေါက်တာ ဒေါ်တင်မိုးဝေက သံအရာရှိကို ပြောပြသည်ဟု ဆိုသည်။  ထောက်လှမ်းရေးဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက်တွင် အထိန်းသိမ်းခံရစဉ်   ဦးတင်ဦး၏ လိုအပ်ချက်များကို အလျှင်အမြန် တုံ့ပြန်ပေးတတ်ကြောင်း ဒေါက်တာ  ဒေါ်တင်မိုးဝေက သတိတရ ပြန်ပြောပြသည်ဟု ဆိုသည်။
နိုင်ငံရေးအတိုက်အခံတို့၏  မိသားစုများကို မည်သို့ အကူအညီပေးနိုင်ကြောင်း ရှင်းရှင်းလင်းလင်း  ညွှန်ကြားချက်ပေးရန် သံရုံးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့  ပေးပို့သော စာတွင် တင်ပြထားသည်။
ဦးတင်ဦးက အထိန်းသိမ်းခံရသည့်  ကာလများကို စာဖတ်ခြင်းဖြင့် ကုန်ဆုံးစေပြီး National Geographic နှင့်  ဧရာဝတီ မဂ္ဂဇင်းတို့ကို အကြိုက်ဆုံးဖြစ်သည်ဟု ဆိုသည်။
ယမန်နေ့က  ဦးတင်ဦးကို ဆက်သွယ်မေးမြန်းရာတွင် “ဟိုတုန်းကတော့ဗျာ၊ ဧရာဝတီ မဂ္ဂဇင်းကို  ဖတ်ပြီးရင် အခြေအနေအရ ဖျောက်ဖျက်လိုက်တာမျိုး ရှိပါတယ်။ အခုတော့  ဖတ်နေကြတာပါပဲ၊ ဘာမှ ပြဿနာ မရှိတော့ပါဘူး” ဟု ဧရာဝတီကို ပြောပြသည်။
NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကလည်း ၁၉ နှစ်ကြာ ထိန်းသိမ်းခံရစဉ်က ဧရာဝတီ မဂ္ဂဇင်းကို အင်းစိန်ထောင်အတွင်း လျှို့ဝှက်သွင်းယူပြီး ဖတ်ရှုခဲ့ဖူးသည်ဟု ဆိုသည်။
ဧရာဝတီ မဂ္ဂဇင်းကို ၂၀၀၀  ပြည့်နှစ်နောက်ပိုင်းမှ စတင်ပြီး ရန်ကုန်အခြေစိုက်  အနောက်နိုင်ငံသံရုံးများမှတဆင့် မြန်မာ့နိုင်ငံရေးအသိုင်းအ၀န်းသို့  ဖြန့်ဝေခဲ့သည်ဟု မဂ္ဂဇင်းကို တည်ထောင်သူ ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်က  ပြောသည်။
မဂ္ဂဇင်းကို လစဉ် ထုတ်ဝေနိုင်ခဲ့သော်လည်း  ရန်ပုံငွေအခက်အခဲကြောင့် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှ စတင်ပြီး  သုံးလတကြိမ်သာ ပုံနှိပ်ဖြန့်ဝေနိုင်တော့သည်။ မြန်မာပြည်အတွင်းသို့  ပေးပို့ရာတွင်လည်း စောင်ရေ အကန့်အသတ် ရှိလာသည်။ ဘဏ္ဍာရေးအခက်အခဲ ပိုမို  ကြီးထွားလာသဖြင့် ယခုနှစ်ကုန်ပိုင်း မဂ္ဂဇင်းထုတ်ဝေမှု နှောင့်နှေးမည်  ဖြစ်သည်။ 
မြန်မာနိုင်ငံအတွင်းတွင် ဧရာဝတီ မဂ္ဂဇင်းကို တရားဝင်  ဖြန့်ချိဖတ်ရှုခွင့်မရှိသကဲ့သို့ ဧရာဝတီ အင်တာနက်စာမျက်နှာကိုလည်း အစိုးရက  ပိတ်ပင်ထားသည်။
သတင်းအမှောင်ချထားသော မြန်မာပြည်တွင်း  အခြေအနေများကို ဖော်ထုတ်တင်ဆက်ရာတွင် ဧရာဝတီ မဂ္ဂဇင်းက ထိထိရောက်ရောက်  လုပ်ဆောင်နိုင်ခဲ့သည်ဟု အယ်ဒီတာ ကိုအောင်ဇော်က ပြောသည်။အစိုးရသစ်လက်ထက်တွင်  အခြေအနေပေးပါက  ဧရာဝတီ မဂ္ဂဇင်းကို မြန်မာနိုင်ငံအတွင်း  ပုံနှိပ်ထုတ်ဝေလိုသည်ဟု ကိုအောင်ဇော်က ဆိုသည်။
၂၀၀၄ ခုနှစ်တွင်  ထောက်လှမ်းရေးဗိုလ်ချုပ်ခင်ညွန့်က ကရင်သူပုန်ခေါင်းဆောင်  ဗိုလ်ချုပ်စောဘိုမြနှင့် ရန်ကုန်တွင် တွေ့ဆုံစဉ်  ဧရာဝတီ မဂ္ဂဇင်းတွင်  ဖော်ပြထားသည့် အချက်များနှင့် ပတ်သက်ပြီး ပြောဆိုခဲ့ဖူးသည်။  မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးမှု၊ လူသတ်မှုတို့တွင် သူ ပါဝင်ပတ်သက်နေသည်ဟု  မဂ္ဂဇင်းတွင်ရေးသားထားချက်များကို ယုံကြည်ခြင်း မပြုရန်  ဗိုလ်ချုပ်စောဘိုမြကို ပြောဆိုခြင်း ဖြစ်သည်။
ပါဝင်ပတ်သက်မှုမရှိကြောင်း သက်သေပြနိုင်လျှင် ဧရာဝတီက ရေးသားဖော်ပြ၀ံ့မည်မဟုတ်ကြောင်း ဗိုလ်ချုပ်စောဘိုမြက ပြန်လည် ပြောဆိုခဲ့သည်။
No comments:
Post a Comment