အင်းစိန်မှ ရန်ကုန်သို့ လက်ဝဲရစ် ခုတ်မောင်းလာသည့် မြို့ပတ်ရထား  တစ်စင်းသည် စက်တင်ဘာလ ၁ ရက် နေ့ မွန်းလွဲ ၂ နာရီခန့်တွင်  လှည်းတန်းဘူတာနှင့် ကမာရွတ် ဘူတာကြား အရောက် သစ်သားဇလီဖားတုံးများ  ဆွေးမြေ့ကွဲအက်နေသော နေရာ၌ တိမ်းမှောက်သွားကြောင်း ခရီးသည်များနှင့်  မျက်မြင် တွေ့ရှိသူများက ပြောကြားသည်။
စက်ခေါင်းမောင်း  ဦးမင်းမင်းထွန်း (၄၂) နှစ် မောင်းနှင်လာသည့် DT 936 ရထား၏နောက်ဆက်တွဲ  တိမ်းမှောက်မှုကြောင့် အမျိုးသမီး တစ်ဦး၊ အမျိုးသား သုံးဦး၊ ဒဏ်ရာ  ရရှိသွားကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူး  ဦးကြည်ဝင်းက ရှင်းပြသည်။
" ဝုန်း ဆိုတဲ့ အသံအကျယ်ကြီး  ကြားလိုက်လို့ ထွက်လာတာ ဖြူဖြူကြီး မှောက်နေတာ တွေ့လိုက်ရတယ်။ လူတွေ  အော်သံကြားလို့ ကြည့်တော့မှ ရထားမှောက်မှန်း သိတာ " ဟု ယင်းရထား  တိမ်းမှောက်ရာအနီး ရွှေပုန်းညက် အိမ်ရာတွင် နေထိုင်သည့် အသက် ၅၂ နှစ်  အရွယ်ရှိ ဒေါ်မော်မော်က ပြောကြားသည်။
ရထားတိမ်းမှောက်မှုဖြစ်ပြီး  တစ်နာရီခန့် အကြာတွင် ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးဝန်ကြီး  ဗိုလ်မှူးကြီး တင်ဝင်း လာရောက်ခဲ့ပြီး " လူများများ စားစား မဖြစ်လို့  ကံကောင်းတယ် " ဟု မှတ်ချက်ပြု ပြောကြားသည်။
ရန်ကုန်  မြို့ပတ်ရထားသည် နေ့စဉ် အခေါက်ရေ ၂၀ဝ ခန့် ပြေးဆွဲနေပြီး ပျမ်းမျှ  ခရီးသည်ဦးရေ တစ်သိန်းခန့် စီးနင်း နေကြောင်း မြန်မာ့မီးရထား၏ သတင်း  ထုတ်ပြန်ချက်အရ သိရသည်။
မြို့ပတ်ရထား လမ်းချော်မှု သတင်းများ  ကြားဖူးလေ့ရှိသော်လည်း ယခုကဲ့သို့ တိမ်းမှောက်မှုမျိုး မကြားဖူးကြောင်း  အသက် ၆၈ နှစ်အရွယ် အငြိမ်းစား မီးရထားဝန်ထမ်း တစ်ဦးက ပြောကြားသည်။
မီးရထားသံလမ်း  ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းတစ်ဦးကမူ " လမ်းကို ကြည့်ပါလား ဖြူးနေတာပဲ။  လမ်းကြောင့် မဟုတ်ပါဘူး၊ တွဲဆက် မကောင်းလို့ ဖြစ်တာပါ " ဟု ဆိုသည်။


No comments:
Post a Comment