သာသနာရေးဝန်ကြီးဌာနမှ  ခွင့်ပြုချက်ရရှိပြီး ဖြစ်သော်လည်း  ပြည်ထဲရေးဝန်ကြီးဌာနက ပိတ်ပင်သဖြင့်  အစိုးရကို ဝေဖန်လေ့ရှိသော ရွှေညဝါဟု  လူသိများသည့် ရန်ကုန် ကြည့်မြင်တိုင်  သာဓုပရိယတ္တိ စာသင်တိုက်မှ ဆရာတော်  အရှင်ပညာသီဟ၏ တရားပွဲ ပျက်ပြားသွားသည်။

မရမ်းကုန်းမြို့နယ်ရှိ  သာသနာရေး ဝန်ကြီးဌာနပိုင် ဇမ္ဗူသီရိဗိမာန် အဆောက်အအုံ၌ ကြာသာပတေးနှင့်  သောကြာနေ့များတွင် တရားဟောရန် သက်တော် ၄၆ နှစ် (ဝါတော် ၂၇ ဝါရှိ)  ရွှေညဝါဆရာတော်က စီစဉ်ထားခဲ့ရာ ပြည်ထဲရေး ဝန်ကြီးဌာနက ခွင့်မပြုကြောင်း  ပွဲစီစဉ်သူများကို ပြောကြားလာသည်ဟု အရှင်ပညာသီဟက အမိန့် ရှိသည်။
ရွှေညဝါ   ဆရာတော်သည် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ်၊ စာသင်သားသံဃာ အပါး ၉ဝဝ   ကျော်ရှိသည့် ကြည့်မြင်တိုင် သာဓု ပရိယတ္တိ စာသင်တိုက်၏ နာယက တိုက်ကြပ်   ဆရာတော်ဖြစ်ပြီး ငြိမ်းချမ်းရေးအကြောင်း ဟောပြောရန် စီစဉ်ထားခဲ့သည်။
“တယောက်နဲ့   တယောက် ပစ်ခတ်သတ်ဖြတ်နေကြတာတွေ ကြားရတာ စိတ်မချမ်းသာဘူး။   သဘောထားကြီးကြီးနဲ့ နားလည်ခွင့်လွှတ် သည်းခံပေးကြပြီးတော့ ညှိနှိုင်းပြီးတော့   ငြိမ်းချမ်းရေး ဆွေးနွေးကြပါဆိုတဲ့ ခေါင်းစဉ်နဲ့ ကျုပ်က   ငြိမ်းချမ်းရေးတရားတော်ကို ပထမည ဟောမလို့ဗျ” ဟု အရှင်ပညာသီဟက ပြောသည်။
“ဒုတိယညကျတော့  ရန်ဖြစ်လို့ ကောင်းကျိုးပေးတယ်ဆိုတာ ဘယ်ဘုရားမှလည်း မဟောပါဘူး။  ဘယ်ပညာရှိမှလည်း  မမိန့်ပါဘူး။ ရန်ဖြစ်ခြင်းကြောင့် ဘေးပဲဖြစ်တတ်ပါတယ်။  အဲဒါတွေကို  ဘုန်းကြီးက ဘုရားဟောထားတဲ့ တရားတော်တွေထဲက ဆွဲထုတ်ပြီးတော့  ဟောပြမလို့ပါ။  အဲဒီခေါင်းစဉ်ကြားသွားလို့များ ပိတ်သွားတာလား မသိဘူး”ဟု  ဆက်လက်မိန့်ဆိုသည်။
မည်သည့်  အတွက်ကြောင့် တရားပွဲ  ပိတ်ပင်သည်ကို ဆရာတော် ကိုယ်တိုင်ပင် မသိနိုင်ဘဲ  ဖြစ်နေသော်လည်း အတိုက်အခံ  နိုင်ငံရေး အင်အားစုများနှင့် နီးစပ်သည့်  ဆရာတော်၏ ယခင် တရားပွဲအချို့  ပိတ်ပင်ခံရဖူးသည်။
သာဓုပရိယတ္တိ  စာသင်တိုက်ကြီးတွင်  ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၈၈ မျိုးဆက်  ကျောင်းသားများ၊ နိုင်ငံရေး၊ ဂီတ၊  ပန်းချီ၊ စာပေအသိုင်းအဝိုင်းနှင့်၊  လူမှုရေး အဖွဲ့အစည်းဝင်များက သြဂုတ် ၈  ရက်နေ့က ၂၃ နှစ်မြောက် လူထုအုံကြွမှု  "ရှစ်လေးလုံး" နှစ်ပတ်လည်နေ့ကို  ကျင်းပခဲ့သည်။
“ဒါက ဗုဒ္ဓဘာသာ ဒါယကာ၊  ဒါယိကာမတွေ ဗုဒ္ဓဘာသာ  ဘုန်းကြီးကျောင်းမှာ ဆွမ်းလာကပ်တာ သံဃိက ဆွမ်း  ပုဂ္ဂလိကဆွမ်း မဟုတ်ဘူး။  နောက် သင်္ကန်းလာလှူတယ် သံဃိကလှူတာ ပုဂ္ဂလိက လှူတာ  မဟုတ်ဘူး။ အဲဒါဘာများ  ခွင့်မပြုနိုင်စရာအကြောင်း ရှိလို့လဲ။” ဟု ဆရာတော်ကမိန့်သည်။
ဆရာတော်၏   “ငါးပါးမမှောက်ကြပါစေနဲ့”၊ “မိုက်ကြွေးမိုက်ပစ်”၊ “ဗုဒ္ဓဘာသာကောင်း  တယောက်၏  စွမ်းအား”၊ “မတရားမလုပ်ကြပါနဲ့”၊ “သာသနာတော်ကို စော်ကားသူ တယောက်၏  နောင်တ”  စသည့် တရားတော်များမှာ လူကြိုက်များသည်။
ဗုဒ္ဓဘာသာဝင် အများစုဖြစ်သော နိုင်ငံတွင် အစိုးရကိုဝေဖန်သည်ဟု ယူဆသော သံဃာတော်များကို အများပြည်သူ တရားဟောခွင့်များ ပိတ်ပင်လေ့ရှိသည်။
ပြည်ပအခြေစိုက်  မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့မှ ညွှန်ကြားရေးမှူး  ဦးအောင်မျိုးမင်းက “ကိုယ့်ရဲ့  တရားဟောတာက တခြားဘာသာတရားကို ပုတ်ခတ်တာတွေ၊  ဘာသာရေးအဓိကရုဏ်း ဖြစ်အောင်  ဖန်တီးတာရှိရင်တော့ ဒါကို  ကန့်သတ်နိုင်တယ်လို့ ပြောထားတယ်။ အခု ဒီဆရာတော်  ဟောထားတဲ့ အကြောင်းအရာက  ဘယ်တော့မှ တခြားဘာသာကို ပုတ်ခတ်တာမရှိဘူး။  တရားဓမ္မနဲ့ လူသားတွေရဲ့  ငြိမ်းချမ်းမှုနဲ့ ကိုယ့်ကျင့်တရား ကောင်းရေးကိုပဲ  ဟောထားတာဖြစ်တယ်။” ဟု  ပြောသည်။
No comments:
Post a Comment