ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်  တင်သွင်းခဲ့သော အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့် ဥပဒေမူကြမ်းအား တနင်္လာနေ့က  အတည်ပြု     လိုက်ခြင်းကို အလုပ်သမား အရေး ဆောင်ရွက်နေသူများက သတိနှင့်  ကြိုဆိုလိုက်ကြသည်။ 
၂၀၁၀  ဖေဖော်ဝါရီလ အတွင်းက ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်ရှိ  အထည်ချုပ်စက်ရုံတရုံတွင် အလုပ်သမားများ ဆန္ဒပြနေစဉ် (ဓာတ်ပုံ - niknayman  ဘလော့)
“အရင်တုန်းက ဒီလို အလုပ်သမား သမဂ္ဂဆိုတာမျိုး ဖွဲ့စည်းခွင့်  ဆိုတာ မရှိခဲ့ဘူး။ အခု ဥပဒေအရပါ လုပ်ဆောင်ခွင့်ရှိတာကို ကြိုဆိုတယ်။  ဒါပေမယ့် အဲဒီဥပဒေအရ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းတဲ့အခါ မဆလ ခေတ်တုန်းကလို  အစိုးရက ဖွဲ့စည်းပေးတာမျိုးမဟုတ်ဘဲ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့အလုပ်သမားသမဂ္ဂ ဖြစ်ဖို့ လိုတယ်” ဟု အလုပ်သမားသမဂ္ဂများ ပေါ်ထွန်းရေး  ကြိုးပမ်းသူ တဦးဖြစ်သည့် ကိုဟိန်းလတ်က ဧရာဝတီကို ပြောသည်။ 
အတည်ပြုလိုက်သော  ဥပဒေအရ အလုပ်သမားများက ရပိုင်ခွင့်၊ အခွင့်အရေးများ တောင်းဆိုနိုင်ပြီး  ဆန္ဒ ဖော်ထုတ်ခွင့်လည်း ရှိမည် ဖြစ်သည်။  သတ်မှတ်နေရာ၊  သတ်မှတ်  အချိန်အတွင်း ဆန္ဒဖော်ထုတ်ရန် လုံခြုံရေး တာဝန်ရှိသူများကို ကြိုတင်အသိ  ပေးရမည်ဟု ဥပဒေတွင် ဖော်ပြထားကြောင်း သိရသည်။ 
ယခင်က အစိုးရများ  စီစဉ်ပေးသည့် အလုပ်သမားအစည်းအရုံးများကိုသာ ဖွဲ့စည်းခဲ့ကြပြီး အလုပ်ရှင်  အလုပ်သမားပြဿနာ ဖြေရှင်းရာတွင်လည်း ဘက်လိုက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။  လွတ်လပ်သည့် သမဂ္ဂများ ဖွဲ့စည်းခွင့် မရှိဘဲ ဆန္ဒဖော်ထုတ်ခွင့်လည်း  မရခဲ့ကြပေ။ 
“အရင်တုန်းကထက်စာရင် အခုလို ဥပဒေနဲ့  ပြဋ္ဌာန်းပေးလိုက်တာကို တော်တော်များများက သဘောကျတယ်။ ဒါပေမယ့် ဒီဥပဒေဟာ  လက်တွေ့မှာ ဘယ်လောက်ထိ အလုပ်သမားအရေး ကာကွယ်ပေးနိုင်မလဲ ဆိုတာတော့  စောင့်ကြည့် သွားရမယ်” ဟု ကိုဟိန်းလတ်က ပြောသည်။ 
မြန်မာနိုင်ငံသည်  ILO ခေါ် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်၏ အလုပ်သမားများအခွင့်အရေးဆိုင်ရာ  နိုင်ငံတကာ သဘောတူညီချက် ကို သဘောတူ လက်မှတ်ရေးထိုးထားသည့် နိုင်ငံ  ဖြစ်သည့်အားလျော်စွာ နိုင်ငံတကာ အလုပ်သမားဥပဒေများကို လေးစားလိုက်နာရန်  တာဝန်ရှိနေသည်။
မြန်မာနိုင်ငံတွင် အလုပ်သမားအရေး ပြဿနာများ  စဉ်ဆက်မပြတ်ဖြစ်ပေါ်နေခြင်း၏ အဓိက အကြောင်းတရားမှာ အလုပ်သမားအရေး  ကာကွယ်ပေးသည့် လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် မရသောကြောင့်  ဖြစ်သည်။ 
“အလုပ်သမားအရေးပြောရင် တလျှောက်လုံး နိုင်ငံရေး  ဆန့်ကျင်မှု လုပ်တယ်လို့ သဘောထားနေကြတာ။ တကယ်က အစိုးရ ၀န်ထမ်းပဲဖြစ်ဖြစ်၊  ပုဂ္ဂလိက အလုပ်သမားပဲဖြစ်ဖြစ် ကိုယ့်အခွင့်အရေးနဲ့ တာဝန်ကို နားလည်ပြီး  အလုပ်သမား အခွင့်အရေး ရပိုင်ခွင့် နစ်နာ ဆုံးရှုံးနေတာတွေကို တောင်းဆိုခွင့်  ဆိုတာ ရှိနေရမယ်” ဟု အလုပ်သမားအရေး ဆောင်ရွက်နေသော ရန်ကုန်မြို့မှ  ကိုမောင်စိုးက ပြောသည်။ 
မြန်မာနိုင်ငံ၏ လူဦးရေ ၇၀  ရာခိုင်နှုန်းကျော်မှာ  လယ်သမားများ ဖြစ်သောကြောင့် ၎င်းတို့ အတွက်  သမဂ္ဂများလည်း ပေါ်ထွက်လာရန် လိုအပ်ကြောင်း ရှေ့နေ ကိုဖိုးဖြူက ဧရာဝတီကို  ပြောသည်။ 
“ဥပဒေအဖြစ် အခုလို ဖြစ်လာတာကို ကျနော်တို့ ကြိုဆိုတယ်။  ဒါပေမယ့် ဥပဒေ ထုတ်ပြန်ချက်ကို ပြန်ကြားရေးက ပုံနှိပ် ထုတ်ဝေခြင်း  မပြုသေးသည့်အတွက် ဥပဒေရဲ့သဘာဝတွေ၊ ဥပဒေလမ်းကြောင်း အရ  ဆောင်ရွက်နိုင်တဲ့  အခွင့်အလမ်းတွေနဲ့ ပတ်သက်လို့ မသိရသေးတော့ သုံးသပ်ချက် ကျနော်တို့  မပေးနိုင်သေးပါဘူး” ဟု ကိုဖိုးဖြူက ပြောသည်။ 
၂၀၀၆ ခုနှစ် ကတည်းက  အလုပ်သမား၊ လယ်သမားဆိုင်ရာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ပေးရန် အကြိမ်ကြိမ်  တင်ပြခဲ့ပြီးနောက် အာဏာပိုင်တို့ကလည်း ILO ကဲ့သို့သော အဖွဲ့အစည်းများနှင့်  ပူးပေါင်း လုပ်ဆောင်သည့်အတွက် ယခုကဲ့သို့ ဖြစ်ထွန်းလာသည်ဟု  ထင်မြင်မိကြောင်း ၎င်းက ဆက်ပြောသည်။ 
အလုပ်သမား အဖွဲ့အစည်းများ  ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေ အတည်ပြုလိုက်သည့်အတွက် ကျောင်းသားများအတွက်လည်း  ဥပဒေ ပေါ်ထွက်လာရန် လိုကြောင်း ရန်ကုန်မြို့ရှိ ဗမာနိုင်ငံလုံး ဆိုင်ရာ  ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကိုသီဟက ဆိုသည်။ 
“အလုပ်သမားအရေး  ကာကွယ်ပေးဖို့ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့်ရမယ် ဆိုတာ ကောင်းပါတယ်။ အလားတူ  ကျောင်းသား အရေး ကာကွယ် ပြောကြားရမယ့် ကျောင်းသားသမဂ္ဂ တရားဝင် တည်ရှိဖို့  အတွက်လည်း ကျနော်တို့က တောင်းဆို ချင်တယ်” ဟု ၎င်းက ဆက်ပြောသည်။
No comments:
Post a Comment