Showing posts with label သတင်းရင်း(လင်းသန့်. Show all posts
Showing posts with label သတင်းရင်း(လင်းသန့်. Show all posts

Friday, September 9, 2011

သွေးလှူဒါန်းရေးအဖွဲ့ သဘာဝဘေးအန္တရာယ်များအကြောင်း ဟောပြောပွဲစီစဉ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လူငယ်များနှင့် တခြားစိတ်ဝင်စားသူ လူငယ်များ စုပေါင်းဖွဲ့စည်းထားသည့် BG သွေးလှူဒါန်းရေး အဖွဲ့က လက်ရှိ ပြောင်းလဲနေသော ရာသီဥတုဖြစ်စဉ်များနှင့် ကြုံတွေ့လာနိုင်သော သဘာဝ ဘေးအန္တရာယ်များအကြောင်း ဟောပြောပွဲတခု ကျင်းပပြုလုပ်မည် ဖြစ်သည်။

“ကျနော်တို့ BG သွေးလှူဒါန်းရေးအဖွဲ့က ဖိတ်ကြားမူကြောင့် ဒေါက်တာ ဦးထွန်းလွင်က စက်တင်ဘာ ၁၁ ရက် တနင်္ဂနွေနေ့မှာ လာရောက် ဟောပြောပေးမှာ ဖြစ်ပါတယ်” ဟု BG သွေးလှူဒါန်းရေးအဖွဲ့မှ ကိုညီညီက ဧရာဝတီသို့ ပြောသည်။

ထွန်းလွင်ဖောင်ဒေးရှင်းမှ မြန်မာ့ရာသီဥတုပြောင်းလဲမှု စောင့်ကြည့်ရေး တာဝန်ခံ ဒေါက်တာ ဦးထွန်းလွင်က စိတ်ပါဝင်စားသူ ပြည်သူအများနှင့် တောင်သူလယ်သမားများကို ဒဂုံမြို့သစ်တောင်ပိုင်း (၂၆) ရပ်ကွက်ရှိ နိကာယ်ပရိယတ္ထိ စာသင်တိုက်တွင် နေ့လည် (၁) နာရီအချိန်၌ ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

“အရင်က ကျနော်တို့ဆီမှာ နာဂစ်မုန်တိုင်းတုန်းက ဖြစ်ပေါ်လာခဲ့တဲ့ အခြေအနေတခုကို ပြည်သူလူထုတွေက ကြိုမသိခဲ့ကြဘူး။ ကြိုတင်ကာကွယ်မှုတွေ မလုပ်ဆောင်နိုင်ခဲ့လို့ မဆုံးရှုံးသင့်တဲ့ အသက်တွေ ဆုံးရှုံးခဲ့ရတယ်။ ပြီးတော့ အိုးအိမ်တွေနဲ့ တောင်သူလယ်သမားတွေလည်း လယ်ယာမြေတွေ ဆုံးရှုံးခဲ့ရတယ်။ ပျက်ဆီးခဲ့ရတယ်” ဟု ကိုညီညီက ပြောသည်။

BG သွေးလှူဒါန်းရေးအဖွဲ့သည် သွေးလှူဒါန်းရေး လုပ်ငန်းအပြင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် ဆီ၊ ဆန်း၊ ဆား၊ အ၀တ်အထည်များကို လိုအပ်နေသူများထံ ပေးလှူခြင်းများလည်း လုပ်ဆောင်ခဲ့ပြီး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်ကို ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့က အောင်မြင်စွာ စုစည်းခဲ့သည်ဟု သိရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်သည် BG သွေးလှူဒါန်းရေးအဖွဲ့နှင့် လက်တွဲ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

BG သွေးလှူဒါန်းရေးအဖွဲ့ကို ကူညီပေးခဲ့သူ နေမျိုးဇင်ကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ပုဒ်မ ၃၃ (က) အရ ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်ထောင်တွင်း တရားရုံးက သြဂုတ်လ ၂၆ ရက်နေ့က ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။

Thursday, September 8, 2011

ဧရာဝတီအကြောင်း စာရေးဆရာများ ဟောပြောမည်။

ထင်ရှားသည့် စာရေးဆရာများက ဧရာဝတီမြစ်ကြီး စိုးရိမ်ဖွယ် အခြေအနေများနှင့် ရင်ဆိုင်နေရပုံကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ဘုန်းကြီးကျောင်းတခုတွင် စနေနေ့၌ ဟောပြောကြမည် ဖြစ်သည်။

 
ဧရာဝတီတွင် တည်ဆောက်နေသည့် မြစ်ဆုံရေကာတာ စီမံကိန်း မြင်ကွင်းတခု (ဓာတ်ပုံ - Jinghpaw TarGyi)

ကိုတာ၊ ကိုမြင့်ဇော်၊ ဦးထွန်းလွင်(မိုး-ဇလ)၊ မောင်စိန်ဝင်း(ပုတီးကုန်း) စသည့် စာရေးဆရာများ ပါဝင်မည်ဟု သိရသည်။

“ဧရာဝတီ မြစ်ကြီးနဲ့ မြစ်ဆုံဆည် စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝ ပတ်ဝန်းကျင် ဆိုးကျိုးတွေ အကြောင်း အဓိကထား ဟောပြောကြမှာပါ” ဟု မောင်စိန်ဝင်း (ပုတီးကုန်း)က ဧရာဝတီကို ပြောသည်။

မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်ရေး လှုံ့ဆော်သည့် အဖွဲ့များ၊ ၈၈ မျိုးဆက်ကျောင်းသားများ ၊ နိုင်ငံရေး ပါတီဝင်များ၊ စိတ်ဝင်စားသူများ ဟောပြောပွဲ တက်ရောက်ကြမည်ဟု ဆိုသည်။

“ကျနော်တို့အဖွဲ့အနေနဲ့လည်း ဧရာဝတီအရေး လုပ်ဆောင်နေသူ ကျန်အဖွဲ့များနည်းတူ တမျိုးသားလုံး အရေးမို့ သွားရောက်ပါမယ်” ဟု ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများ အဖွဲ့မှ ဦးဆောင်သူတဦး ဖြစ်သည့် ကိုမြတ်သူက ပြောသည်။

နယ်မြို့ကြီးများဖြစ်ကြသည့် ဟင်္သာတ၊ တောင်ငူ၊ မိတ္ထီလာ၊ မန္တလေး စသည့် ဒေသများတွင်လည်း မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်ရေးကို လက်မှတ်ထိုးတောင်းဆိုသည့် လှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်နေကြသည်ဟု ကိုမြတ်သူက ပြောသည်။

ရန်ကုန်အခြေစိုက် ဧရာဝတီ ကို ထာဝရရှင်သန်လိုသူများ အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်သူ များပြားလာပြီး ကောက်ခံရရှိသည့် လက်မှတ်တို့ကို သမ္မတ ဦးသိန်းစိန်ထံ ပို့ဆောင်ရေး ဆောင်ရွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနေကြောင်း ကိုမြတ်သူက ဆက်ပြောသည်။

“နယ်တွေမှာလည်း သူ့အဖွဲ့နဲ့သူ လုပ်နေတာတွေက လက်မှတ်တွေကို ကျနော်တို့ဆီ ပို့ပေးနေတာတွေ ရှိပါတယ်။ ဒါတွေကို ကျနော်တို့ လာမယ့်သတင်းပတ်မှာ (သမ္မတဆီကို) နောက်တသုတ် ထပ်တင်ဖို့တော့ ရှိပါတယ်” ဟု ကိုမြတ်သူက ပြောသည်။

စင်္ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသားများကလည်း မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်ရေး လက်မှတ်ထိုး တောင်းဆိုမှုများတွင် တက်ကြွစွာ လုပ်ဆောင်နေကြသည်။

“တချို့က ကျမတို့ကို လက်မှတ်ထိုးမှုမှာ ပါဝင်လို့ အခုမှ ဧရာဝတီကို ချစ်တတ်လာတယ် ပြောတယ်။ ကျမ နားလည်တာတော့ ကျမတို့ အခု အသိရှိလို့ အသိတရားနဲ့ လက်မှတ်ထိုးမှုမှာ ပါဝင်လာတာ ဖြစ်တယ်။ အခုလို မြန်မာနိုင်ငံထဲမှာ ထင်ရှားတဲ့ စာရေးဆရာတွေ ဟောပြောတော့ လူထုကို တကယ် ထိထိရောက်ရောက် ပညာပေးတဲ့ အပိုင်း ဖြစ်လို့ အရမ်း အားရမိတယ်” ဟု စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတဦးက ပြောသည်။

ဧရာဝတီအရေး ယခင်ကထက် ပိုမို ဆောင်ရွက်လာကြခြင်းသည် ထင်ရှားသည့်စာရေးဆရာများ၏ ဟောပြောမှု၊ တဦးချင်း တာဝန်သိစိတ်ရှိမှု၊ ပညာရှင်များ၏ အသိပညာ မျှဝေပေးမှုတို့ကြောင့် ဖြစ်ကြောင်း ဧရာဝတီ အရေးလှုံ့ဆော်နေသူတို့က ဆိုသည်။

ကဗျာဆရာ၊ စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)က “တိုင်းရင်းသားအားလုံးက အမျိုးသားရေး တာဝန်တခုအနေနဲ့ ကျနော်တို့လို အများကို ဆင့်ပွား ပြောနိုင်တဲ့သူကလည်း ပြောပေါ့။ နီးစပ်ရာတွေကတဆင့် သူငယ်ချင်းကိုပြော၊ လက်ဘက်ရည်ဆိုင်မှာပြော။ အဲဒီလို လက်ဆင့်ကမ်းပြီး အားလုံးက ဒီကိစ္စ တာဝန်ယူပြီး ပြောသင့်တယ်” ဟု ရှင်းပြသည်။

ဧရာဝတီကို ကယ်တင်ကြ ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်မည့် ဟောပြောပွဲကို ညနေ ၃ နာရီတွင် စတင်မည် ဖြစ်ပြီး စာရေးဆရာ ဒေါ်သန်းမြင့်အောင်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်မည်ဟု သိရသည်။

ဒေါ်လာ ၃.၆ ဘီလျံ အကုန်ကျခံ တည်ဆောက်နေသည့် မြစ်ဆုံဆည် စီမံကိန်း ဒေသသည် စင်္ကာပူနိုင်ငံခန့် အရွယ်အစား ရှိပြီး ၂၀၀၉ ခုနှစ်တွင် စီမံကိန်း စတင်ခဲ့သည်။

စီမံကိန်းနှင့်ပတ်သက်၍ ၂၀၀၉ ခုနှစ်တွင် တရုတ်-မြန်မာ ကျွမ်းကျင်ပညာရှင်ပေါင်း ၁၀၀ ကျော် ပါဝင်သည့် စူးစမ်း လေ့လာရေးအဖွဲ့က ၆ လကြာ သုတေသန လုပ်ပြီး အစီရင်ခံစာ တစောင် ပြုစုခဲ့သည်။  မကြာသေးမီက ထိုအစီရင်ခံစာ ပြင်ပသို့ ပေါက်ကြားခဲ့ပြီးနောက်ပိုင်း စီမံကိန်း ရပ်တန့်ရန် တောင်းဆိုမှုများ ကျယ်ပြန့်လာသည်။

ကချင်ပြည်နယ် ငလျင်ကြောပေါ်တွင် တည်ရှိသည့်  မြစ်ဆုံဆည်ကြီးသည်  ရေထုကြီးမားပြီး သဘာဝ ဖောက်ပြန်မှု တခုခု ဖြစ်ပေါ်ပါက မြစ်ကြီးနားမြို့နှင့် ၀န်းကျင်ဒေသများ ရေလွှမ်းခံရနိုင်သည်ဟု  ထိုအစီရင်ခံစာတွင် ထောက်ပြထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိက အသက်သွေးကြော ဧရာဝတီမြစ် ရေကြောင်းပြောင်းလဲကာ  သဘာဝ ပတ်ဝန်းကျင် ယိုယွင်းလာမှုကို မှတ်တမ်းတင် ရိုက်ကူးထားသည့် Floating Market & Ayeyarwaddy Travellers  ဇာတ်လမ်းတွဲကို ပြည်တွင်းပြည်ပ ရုပ်သံလိုင်းများတွင် ပြသရန် စီစဉ်နေကြောင်း ယခုတပတ်ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားသည်။

Friday, September 2, 2011

မြစ်ဆုံအရေး တရားလွတ်တော်ချုပ်တွင် မေးမည်။

ကချင်ပြည်နယ်တွင် တည်ဆောက်နေသော မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ခဲ့ကြသော နိုင်ငံရေးပါတီတချို့နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်တချို့က လက်ရှိ အခြေအနေမှန်သိရှိရေးအတွက်  ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် အရေးဆိုရန် ပြင်ဆင်နေကြသည်။

MM-Irrawaddy-Dam
ဧရာဝတီတွင် တည်ဆောက်မည့် မြစ်ဆုံရေကာတာ စီမံကိန်း မြင်ကွင်းတခု (ဓာတ်ပုံ - Jinghpaw TarGyi)

ဧရာဝတီမြစ် ကယ်တင်ရေးနှင့် မြစ်ဆုံဆည် စီမံကိန်းရပ်တန့်ရေးအတွက် လှုံ့ဆော်နေကြသော်လည်း ယခုမှ ဥပဒေကြောင်းအရ စတင် လုပ်ဆောင်ခြင်း ဖြစ်သည်။

“မြစ်ဆုံဆည် စီမံကိန်း၊  ဧရာဝတီ မြစ်ရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်က တာဝန်ရှိသူတွေ ကိုယ်တိုင် ဖြေကြား ပေးဖို့ တောင်းဆိုတဲ့ ရှေ့တော်သွင်း စာချွန်လွှာ လျှောက်ထားဖို့ လုပ်တာပါ” ဟု စီစဉ်နေသူတဦး ဖြစ်သည့် ဦးဝင်းချိုက ဧရာဝတီကို ယနေ့ ပြောပြသည်။

ရှေ့တော်သွင်းစာချွန်လွှာ တင်သွင်းတာဟာ တရားစွဲခြင်း မဟုတ်ကြောင်း၊ နိုင်ငံသားတဦးသိလိုသည့် အခြေအနေကို မေးမြန်း လျှောက်ထားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့မှ ၀ါရင့် ရှေ့နေကြီးဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်  နိုင်ငံသားအခွင့်အရေး ကိစ္စများ ပါရှိရာ နိုင်ငံသားတဦး သိရှိလိုသည့် အကြောင်းအရာများကို  ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံတွင် စာချွန်လွှာ တောင်းခံ လျှောက်ထားပိုင်ခွင့် ရှိသည်ဟု ဖော်ပြထားသည်။

နေပြည်တော်တွင် ကျင်းပနေသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်  ရှေ့တော်ပြေးစာချွန်လွှာ တင်သွင်းနိုင်ရေးအတွက် ဦးဝင်းချိုက လွှတ်တော် ကိုယ်စားလှယ်များထံ ယနေ့ အိတ်ဖွင့်ပေးစာ  ပေးပို့လိုက်သည်ဟု ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ခဲ့ကြသူများဖြစ်သည့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးဝင်းချို၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ဒေါ်ဘောက်ဂျာ၊ သံလျင်မြို့နယ်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) မှ ဦးစိုးကြည်၊ ကြည့်မြင်တိုင်မြို့နယ်မှ ဦးအောင်မျိုးဦး၊ ဗိုလ်တထောင်မြို့နယ်မှ ဦးမင်းအောင် တို့က ပူးပေါင်း စီစဉ်နေခြင်း ဖြစ်သည်။

ဥပဒေရေးရာ အကြံပေးနိုင်ရန်အတွက် ရန်ကုန်မြို့မှ ရှေ့နေ ဦးဟန်ရှင်ဝင်းက တာဝန်ယူထားသည်ဟု ဆိုသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ၏ ပုဒ်မ ၃၅၄ က၊ခ၊ ဂ၊ ဃ တွင် ဖော်ပြထားသည့် နိုင်ငံသား အခွင့်အရေးအတိုင်း တရားဝင် ဆန္ဒဖော်ထုတ်ခွင့်ကို ၎င်းတို့က ဇွန်လ ၅ ရက်နေ့တွင် တောင်းဆိုထားသည်။ သို့သော် သက်ဆိုင်ရာက ပယ်ချလိုက်ပြီး ဆန္ဒဖော်ထုတ်ခြင်း မပြုလုပ်ရန် စာဖြင့် တရားဝင် အကြောင်းပြန်ခဲ့သည်။

စီမံကိန်းကြောင့် ဧရာဝတီ မြစ်ကြီး ပျောက်ကွယ်မည့် အန္တရာယ်မှ ၀ိုင်းဝန်း ကာကွယ်ကြရန် နိုင်ငံတ၀န်းလုံး  လက်မှတ်ထိုး ပူးပေါင်း တောင်းဆိုသည့် အစီအစဉ်ကို ဖော်ဆောင်ခြင်းဖြစ်သည်ဟု ကိုမြတ်သူက ပြောသည်။

ယမန်နေ့ကလည်း “ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများ” အနေဖြင့် ဆန္ဒဖော်ထုတ်သူ တထောင်ကျော်၏ လက်မှတ်များကို  သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ခဲ့ကြောင်း ဦးဆောင်လှုပ်ရှားသူများထဲတွင် ပါဝင်သည့် ကိုမြတ်သူက ဧရာဝတီကို ပြောသည်။

“ကျနော်တို့ မနေ့က လက်မှတ်ပေါင်း ၁၆၀၀ ကို ရန်ကုန်စာတိုက်ကြီးကနေ သမ္မတဆီကို ပို့လိုက်ပါတယ်။ ဒုတိယ သမ္မတ နဲ့ ကျန်တဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကိုလည်း မြစ်ဆုံ အန္တရာယ်နဲ့ ပတ်သက်တဲ့ စိုးရိမ်ကြောင်း စာတွေကို မိတ္တူပို့ထားပါတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး ဖြစ်သည့် ကိုမြတ်သူက ရှင်းပြသည်။

လက်မှတ်ထိုးသူများတွင် ဦးဝင်းတင်၊ လူထုစိန်ဝင်း၊ ကိုကျော်သူ၊ ဒေါ်သန်းမြင့်အောင်၊ ဦးအောင်သင်း၊ ဇော်ဇော်အောင်၊  မောင်ဝံသ၊ ရုပ်ရှင်ဒါရိုက်တာ ချိုတူးဇော် စသည့် နိုင်ငံရေး၊ စာပေနှင့် အနုပညာနယ်ပယ်များမှ ထင်ရှားသူများလည်းပါဝင်ကြောင်း ကိုမြတ်သူက ဆက်ပြောသည်။
ထပ်မံ စုဆောင်းရရှိသည့် လက်မှတ်များကိုလည်း သမ္မတထံ ဆက်လက် တင်ပြသွားမည်ဟု ဆိုသည်။

Thursday, September 1, 2011

အလုပ်သမားသမဂ္ဂဖွဲ့ခွင့်ရမည်။

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည် တင်သွင်းခဲ့သော အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့် ဥပဒေမူကြမ်းအား တနင်္လာနေ့က အတည်ပြု လိုက်ခြင်းကို အလုပ်သမား အရေး ဆောင်ရွက်နေသူများက သတိနှင့် ကြိုဆိုလိုက်ကြသည်။

၂၀၁၀ ဖေဖော်ဝါရီလ အတွင်းက ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတရုံတွင် အလုပ်သမားများ ဆန္ဒပြနေစဉ် (ဓာတ်ပုံ - niknayman ဘလော့)
“အရင်တုန်းက ဒီလို အလုပ်သမား သမဂ္ဂဆိုတာမျိုး ဖွဲ့စည်းခွင့် ဆိုတာ မရှိခဲ့ဘူး။ အခု ဥပဒေအရပါ လုပ်ဆောင်ခွင့်ရှိတာကို ကြိုဆိုတယ်။ ဒါပေမယ့် အဲဒီဥပဒေအရ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းတဲ့အခါ မဆလ ခေတ်တုန်းကလို အစိုးရက ဖွဲ့စည်းပေးတာမျိုးမဟုတ်ဘဲ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့အလုပ်သမားသမဂ္ဂ ဖြစ်ဖို့ လိုတယ်” ဟု အလုပ်သမားသမဂ္ဂများ ပေါ်ထွန်းရေး ကြိုးပမ်းသူ တဦးဖြစ်သည့် ကိုဟိန်းလတ်က ဧရာဝတီကို ပြောသည်။


အတည်ပြုလိုက်သော ဥပဒေအရ အလုပ်သမားများက ရပိုင်ခွင့်၊ အခွင့်အရေးများ တောင်းဆိုနိုင်ပြီး ဆန္ဒ ဖော်ထုတ်ခွင့်လည်း ရှိမည် ဖြစ်သည်။  သတ်မှတ်နေရာ၊  သတ်မှတ် အချိန်အတွင်း ဆန္ဒဖော်ထုတ်ရန် လုံခြုံရေး တာဝန်ရှိသူများကို ကြိုတင်အသိ ပေးရမည်ဟု ဥပဒေတွင် ဖော်ပြထားကြောင်း သိရသည်။

ယခင်က အစိုးရများ စီစဉ်ပေးသည့် အလုပ်သမားအစည်းအရုံးများကိုသာ ဖွဲ့စည်းခဲ့ကြပြီး အလုပ်ရှင် အလုပ်သမားပြဿနာ ဖြေရှင်းရာတွင်လည်း ဘက်လိုက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ လွတ်လပ်သည့် သမဂ္ဂများ ဖွဲ့စည်းခွင့် မရှိဘဲ ဆန္ဒဖော်ထုတ်ခွင့်လည်း မရခဲ့ကြပေ။

“အရင်တုန်းကထက်စာရင် အခုလို ဥပဒေနဲ့ ပြဋ္ဌာန်းပေးလိုက်တာကို တော်တော်များများက သဘောကျတယ်။ ဒါပေမယ့် ဒီဥပဒေဟာ လက်တွေ့မှာ ဘယ်လောက်ထိ အလုပ်သမားအရေး ကာကွယ်ပေးနိုင်မလဲ ဆိုတာတော့ စောင့်ကြည့် သွားရမယ်” ဟု ကိုဟိန်းလတ်က ပြောသည်။

မြန်မာနိုင်ငံသည် ILO ခေါ် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်၏ အလုပ်သမားများအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် ကို သဘောတူ လက်မှတ်ရေးထိုးထားသည့် နိုင်ငံ ဖြစ်သည့်အားလျော်စွာ နိုင်ငံတကာ အလုပ်သမားဥပဒေများကို လေးစားလိုက်နာရန် တာဝန်ရှိနေသည်။

မြန်မာနိုင်ငံတွင် အလုပ်သမားအရေး ပြဿနာများ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေခြင်း၏ အဓိက အကြောင်းတရားမှာ အလုပ်သမားအရေး ကာကွယ်ပေးသည့် လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် မရသောကြောင့် ဖြစ်သည်။

“အလုပ်သမားအရေးပြောရင် တလျှောက်လုံး နိုင်ငံရေး ဆန့်ကျင်မှု လုပ်တယ်လို့ သဘောထားနေကြတာ။ တကယ်က အစိုးရ ၀န်ထမ်းပဲဖြစ်ဖြစ်၊ ပုဂ္ဂလိက အလုပ်သမားပဲဖြစ်ဖြစ် ကိုယ့်အခွင့်အရေးနဲ့ တာဝန်ကို နားလည်ပြီး အလုပ်သမား အခွင့်အရေး ရပိုင်ခွင့် နစ်နာ ဆုံးရှုံးနေတာတွေကို တောင်းဆိုခွင့် ဆိုတာ ရှိနေရမယ်” ဟု အလုပ်သမားအရေး ဆောင်ရွက်နေသော ရန်ကုန်မြို့မှ ကိုမောင်စိုးက ပြောသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်မှာ  လယ်သမားများ ဖြစ်သောကြောင့် ၎င်းတို့ အတွက် သမဂ္ဂများလည်း ပေါ်ထွက်လာရန် လိုအပ်ကြောင်း ရှေ့နေ ကိုဖိုးဖြူက ဧရာဝတီကို ပြောသည်။

“ဥပဒေအဖြစ် အခုလို ဖြစ်လာတာကို ကျနော်တို့ ကြိုဆိုတယ်။ ဒါပေမယ့် ဥပဒေ ထုတ်ပြန်ချက်ကို ပြန်ကြားရေးက ပုံနှိပ် ထုတ်ဝေခြင်း မပြုသေးသည့်အတွက် ဥပဒေရဲ့သဘာဝတွေ၊ ဥပဒေလမ်းကြောင်း အရ  ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေနဲ့ ပတ်သက်လို့ မသိရသေးတော့ သုံးသပ်ချက် ကျနော်တို့ မပေးနိုင်သေးပါဘူး” ဟု ကိုဖိုးဖြူက ပြောသည်။

၂၀၀၆ ခုနှစ် ကတည်းက အလုပ်သမား၊ လယ်သမားဆိုင်ရာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ပေးရန် အကြိမ်ကြိမ် တင်ပြခဲ့ပြီးနောက် အာဏာပိုင်တို့ကလည်း ILO ကဲ့သို့သော အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်သည့်အတွက် ယခုကဲ့သို့ ဖြစ်ထွန်းလာသည်ဟု ထင်မြင်မိကြောင်း ၎င်းက ဆက်ပြောသည်။

အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေ အတည်ပြုလိုက်သည့်အတွက် ကျောင်းသားများအတွက်လည်း ဥပဒေ ပေါ်ထွက်လာရန် လိုကြောင်း ရန်ကုန်မြို့ရှိ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကိုသီဟက ဆိုသည်။

“အလုပ်သမားအရေး ကာကွယ်ပေးဖို့ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့်ရမယ် ဆိုတာ ကောင်းပါတယ်။ အလားတူ ကျောင်းသား အရေး ကာကွယ် ပြောကြားရမယ့် ကျောင်းသားသမဂ္ဂ တရားဝင် တည်ရှိဖို့ အတွက်လည်း ကျနော်တို့က တောင်းဆို ချင်တယ်” ဟု ၎င်းက ဆက်ပြောသည်။

Tuesday, August 30, 2011

နိုင်ငံရေးအလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင်ကျင်းပရန်အစီအစဉ်ရှိ။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားရေး ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်နိုင်ရန် အတွက် ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်သူများ ပါဝင်မည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တရပ်ကို နေပြည်တော်တွင် ကျင်းပရန် သမ္မတရုံးမှ စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ 
“နိုင်ငံရေးဖိုရမ်နဲ့ ပတ်သက်လို့ မူအားဖြင့်တော့ ဆက်တိုက်လုပ်သွားဖို့ ရှိတယ်လို့ သိရပေမယ့် ဘယ်တော့၊ ဘယ်လို ကျင်းပမယ်ဆိုတာတော့ မသိပါဘူး” ဟု သမ္မတ အကြံပေးအဖွဲ့ဝင် တဦးဖြစ်သူ ဒေါက်တာ နေဇင်လတ်က ဧရာဝတီကို ပြောသည်။

အဆိုပါ နိုင်ငံရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့နိုင်ငံရေးတွင် ပါဝင် ပတ်သက်နေကြသူများနှင့် ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော နိုင်ငံရေး လှုပ်ရှားသူများကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်နေပြီး လာမည့် နိုဝင်ဘာလတွင် ကျင်းပနိုင်ရန် ပြင်ဆင် နေသည်ဟု နေပြည်တော် သမ္မတရုံးနှင့် နီးစပ်သူ တဦးက ပြောသည်။

“တကယ်လို့ ဒီနိုင်ငံရေး ဖိုရမ်ကို ဖိတ်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူ လူထုအကျိုးအတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်ဆိုတာ စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်လို့ တက်လိမ့်မယ်လို့ ကျနော်ထင်တယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ထိပ်တန်း ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် (NLD) ပါတီက ကိုင်စွဲထားသည့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုကာ ပါတီ တရားဝင် တည်ရှိခွင့်ရရှိရေးသည် အရေးကြီးကြောင်း၊ နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည် ဆိုလျှင် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အာဃာတ မထားကြဘဲ အားလုံးက အပြန်အလှန် အသိအမှတ်ပြုရန် လိုအပ်ကြောင်း၊ တိုင်းပြည်အမြန်ဆုံး ငြိမ်းချမ်းစွာ အသွင်ကူးပြောင်း နိုင်ရေးအတွက် အတူလက်တွဲ ဖော်ဆောင်သင့်ကြောင်း ဦးဝင်းတင်က ဆိုသည်။

ယခုကဲ့သို့ ကျင်းပရန်ရှိသည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အကျဉ်းကျနေကြသည့် ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသူများ၊ နှစ်ရှည်နိုင်ငံရေးအကျဉ်းသား ဦးခွန်ထွန်းဦးအစရှိသည့် တိုင်း ရင်းသားခေါင်းဆောင်များ အပြင် လက်နက်ကိုင် တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များ ပါဝင် ဆွေးနွေးနိုင်ခြင်း ရှိ၊ မရှိ မရှင်းလင်းပေ။

ကျယ်ပြန့်သည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရန်အတွက် ပြည်ပရောက် မြန်မာနိုင်ငံအရေး လှုပ်ရှားသူများကို ဖိတ်ကြားမည်ဆိုလျှင် ၎င်းတို့ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေးအတွက် ခိုင်မာသည့် အာမခံချက်ရှိရန် လိုအပ်ကြောင်း ဝေဖန်သူများက ထောက်ပြသည်။

သမ္မတ ဦးသိန်းစိန် အစိုးရက ကျင်းပမည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသည် နိုင်ငံရေး ဟောပြောပွဲမျှသာ ဆိုလျှင် မသွားလိုကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း၊ တန်းတူရည်တူ ဖြစ်သည့် ဆွေးနွေးမှုနှင့် ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်မည့် အခြေအနေများ ရှိသင့်ပြီး ပါဝင်သင့် ပါဝင် ထိုက်သည့် လူပုဂ္ဂိုလ် အားလုံးပါဝင်မည့် ဆွေးနွေးပွဲဖြစ်ခဲ့လျှင် သွားရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) ၏ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်က ပြောသည်။

“နိုင်ငံရေးအကျဉ်းသားတွေ လွတ်နေရမယ်။ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးတွေလုပ်ပြီး ရန်လိုတဲ့ အပြုအမူတွေ ရပ်ဆိုင်းထားဖို့လိုမယ်။ ထစ်ကနဲရှိ ဖမ်းမယ်၊ ၅ (ည) နဲ့ ထောင်ချမယ် ဆိုတာမျိုးတွေလည်း ပယ်ဖျက် ထားဖို့ လိုတာပေါ့။ အခု အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့လို တကယ် အရေးပါတဲ့ လူတွေက ဒီလို ဆွေးနွေးပွဲမှာ တန်းတူဆွေးနွေးခွင့် ရှိနေရမယ်” ဟု သူကဆိုသည်။

လွန်ခဲ့သည့် မတ်လကုန်က စတင် တာဝန်ယူထားသည့် မြန်မာအစိုးရသစ်အနေဖြင့် အချိန်တိုအတွင်း ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် တချို့ကို လုပ်ဆောင်လာခဲ့ရာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ၀န်ကြီး ဦးအောင်ကြည်တို့ ၂ ကြိမ်တွေ့ဆုံခဲ့ပြီး ပူးတွဲကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

ထို့နောက် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် နေပြည်တော် သမ္မတ ဧည့်ခန်းမဆောင်တွင် တွေ့ ဆုံ ဆွေးနွေးမှု လုပ်ဆောင်ခဲ့ပြီး နေပြည်တော်တွင် ကျင်းပသည့် စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့လည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူလူထု အကျိုးအတွက် တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကာ မတူကွဲလွဲသည့်အရာများကို ရှောင်ရှားပြီး တူညီသည့် ကိစ္စရပ်များကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို ခဲ့သည်။

အာဏာရပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ ဦးဌေးဦး ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို အလေးအနက်ထားပါကြောင်း မကြာသေးမီက သတင်းထောက် များ၏ အမေးကို ဖြေကြားခဲ့သည်။