ကချင်ပြည်နယ်တွင် တည်ဆောက်နေသော မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်စေရန်  ရည်ရွယ်ချက်ဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ခဲ့ကြသော  နိုင်ငံရေးပါတီတချို့နှင့်     တသီးပုဂ္ဂလ ကိုယ်စားလှယ်တချို့က လက်ရှိ အခြေအနေမှန်သိရှိရေးအတွက်   ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် အရေးဆိုရန် ပြင်ဆင်နေကြသည်။

ဧရာဝတီတွင် တည်ဆောက်မည့် မြစ်ဆုံရေကာတာ စီမံကိန်း မြင်ကွင်းတခု (ဓာတ်ပုံ - Jinghpaw TarGyi)
ဧရာဝတီမြစ်  ကယ်တင်ရေးနှင့် မြစ်ဆုံဆည် စီမံကိန်းရပ်တန့်ရေးအတွက် လှုံ့ဆော်နေကြသော်လည်း  ယခုမှ ဥပဒေကြောင်းအရ စတင် လုပ်ဆောင်ခြင်း ဖြစ်သည်။ 
“မြစ်ဆုံဆည်  စီမံကိန်း၊  ဧရာဝတီ မြစ်ရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေနဲ့  ပတ်သက်ပြီးတော့ နိုင်ငံတော်က တာဝန်ရှိသူတွေ ကိုယ်တိုင် ဖြေကြား ပေးဖို့  တောင်းဆိုတဲ့ ရှေ့တော်သွင်း စာချွန်လွှာ လျှောက်ထားဖို့ လုပ်တာပါ” ဟု  စီစဉ်နေသူတဦး ဖြစ်သည့် ဦးဝင်းချိုက ဧရာဝတီကို ယနေ့ ပြောပြသည်။
ရှေ့တော်သွင်းစာချွန်လွှာ  တင်သွင်းတာဟာ တရားစွဲခြင်း မဟုတ်ကြောင်း၊ နိုင်ငံသားတဦးသိလိုသည့်  အခြေအနေကို မေးမြန်း လျှောက်ထားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့မှ ၀ါရင့်  ရှေ့နေကြီးဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။
၂၀၀၈ ခုနှစ်  ဖွဲ့စည်းပုံအခြေခံဥပဒေတွင်  နိုင်ငံသားအခွင့်အရေး ကိစ္စများ ပါရှိရာ  နိုင်ငံသားတဦး သိရှိလိုသည့် အကြောင်းအရာများကို  ပြည်ထောင်စု  တရားလွှတ်တော်ချုပ်ထံတွင် စာချွန်လွှာ တောင်းခံ လျှောက်ထားပိုင်ခွင့်  ရှိသည်ဟု ဖော်ပြထားသည်။ 
နေပြည်တော်တွင် ကျင်းပနေသော  ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်  ရှေ့တော်ပြေးစာချွန်လွှာ  တင်သွင်းနိုင်ရေးအတွက် ဦးဝင်းချိုက လွှတ်တော် ကိုယ်စားလှယ်များထံ ယနေ့  အိတ်ဖွင့်ပေးစာ  ပေးပို့လိုက်သည်ဟု ဆိုသည်။ 
၂၀၁၀ ရွေးကောက်ပွဲ  ၀င်ရောက်ခဲ့ကြသူများဖြစ်သည့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးဝင်းချို၊  ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ  ဒေါ်ဘောက်ဂျာ၊ သံလျင်မြို့နယ်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) မှ  ဦးစိုးကြည်၊ ကြည့်မြင်တိုင်မြို့နယ်မှ ဦးအောင်မျိုးဦး၊  ဗိုလ်တထောင်မြို့နယ်မှ ဦးမင်းအောင် တို့က ပူးပေါင်း စီစဉ်နေခြင်း ဖြစ်သည်။  
ဥပဒေရေးရာ အကြံပေးနိုင်ရန်အတွက် ရန်ကုန်မြို့မှ ရှေ့နေ ဦးဟန်ရှင်ဝင်းက တာဝန်ယူထားသည်ဟု ဆိုသည်။ 
၂၀၀၈  ခုနှစ် အခြေခံဥပဒေ၏ ပုဒ်မ ၃၅၄ က၊ခ၊ ဂ၊ ဃ တွင် ဖော်ပြထားသည့် နိုင်ငံသား  အခွင့်အရေးအတိုင်း တရားဝင် ဆန္ဒဖော်ထုတ်ခွင့်ကို ၎င်းတို့က ဇွန်လ ၅ ရက်နေ့တွင်  တောင်းဆိုထားသည်။ သို့သော် သက်ဆိုင်ရာက ပယ်ချလိုက်ပြီး ဆန္ဒဖော်ထုတ်ခြင်း  မပြုလုပ်ရန် စာဖြင့် တရားဝင် အကြောင်းပြန်ခဲ့သည်။ 
စီမံကိန်းကြောင့်  ဧရာဝတီ မြစ်ကြီး ပျောက်ကွယ်မည့် အန္တရာယ်မှ ၀ိုင်းဝန်း ကာကွယ်ကြရန်  နိုင်ငံတ၀န်းလုံး  လက်မှတ်ထိုး ပူးပေါင်း တောင်းဆိုသည့် အစီအစဉ်ကို  ဖော်ဆောင်ခြင်းဖြစ်သည်ဟု ကိုမြတ်သူက ပြောသည်။ 
ယမန်နေ့ကလည်း  “ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများ” အနေဖြင့် ဆန္ဒဖော်ထုတ်သူ တထောင်ကျော်၏  လက်မှတ်များကို  သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ခဲ့ကြောင်း  ဦးဆောင်လှုပ်ရှားသူများထဲတွင် ပါဝင်သည့် ကိုမြတ်သူက ဧရာဝတီကို ပြောသည်။ 
“ကျနော်တို့  မနေ့က လက်မှတ်ပေါင်း ၁၆၀၀ ကို ရန်ကုန်စာတိုက်ကြီးကနေ သမ္မတဆီကို  ပို့လိုက်ပါတယ်။ ဒုတိယ သမ္မတ နဲ့ ကျန်တဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကိုလည်း  မြစ်ဆုံ အန္တရာယ်နဲ့ ပတ်သက်တဲ့ စိုးရိမ်ကြောင်း စာတွေကို မိတ္တူပို့ထားပါတယ်”  ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး ဖြစ်သည့် ကိုမြတ်သူက  ရှင်းပြသည်။ 
လက်မှတ်ထိုးသူများတွင် ဦးဝင်းတင်၊ လူထုစိန်ဝင်း၊  ကိုကျော်သူ၊ ဒေါ်သန်းမြင့်အောင်၊ ဦးအောင်သင်း၊ ဇော်ဇော်အောင်၊  မောင်ဝံသ၊  ရုပ်ရှင်ဒါရိုက်တာ ချိုတူးဇော် စသည့် နိုင်ငံရေး၊ စာပေနှင့်  အနုပညာနယ်ပယ်များမှ ထင်ရှားသူများလည်းပါဝင်ကြောင်း ကိုမြတ်သူက ဆက်ပြောသည်။ 
ထပ်မံ စုဆောင်းရရှိသည့် လက်မှတ်များကိုလည်း သမ္မတထံ ဆက်လက် တင်ပြသွားမည်ဟု ဆိုသည်။
No comments:
Post a Comment