ရန်ကုန်မြို့တော်ရှိ Pyongyang Koryo စားတော်ဆက်မှ ဖျော်ဖြေမှု (ဓာတ်ပုံ - Yangonow)
မြောက်ကိုရီးယားစားသောက်ဆိုင်  Pyongyang Koryo သည် ဇူလိုင်လက ရန်ကုန်မြို့တော်တွင်  ဖွင့်လိုက်ပြီဖြစ်သည်။ မြောက်ကိုရီးယား၏ သံတမန်များ၊  တောင်ကိုရီးယားနိုင်ငံမှ လုပ်ငန်းရှင်များက ပုံမှန်ဖောက်သည်များ  ဖြစ်နေကြသည်။စားသောက်ဆိုင်က ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် တည်ရှိသည်။
မြောက်ကိုရီးယားစားသောက်ဆိုင်တွင်  နေ့လယ်စာ၊ ညစာများ ရောင်းချလျက်ရှိပြီး ညပိုင်းတွင် ကိုရီးယားဖျော်ဖြေရေး  အစီအစဉ်များရှိသည်။ ကိုရီးယားစားဖွယ်ရာများမှာ တန်ဘိုးအားဖြင့် တပွဲလျှင်  ကျပ် တသောင်းမှ သုံးသောင်းခွဲအထိ သတ်မှတ်ထားသည်။
ရန်ကုန်မြို့တော်မှ  သံတမန်သတင်းရပ်ကွက်တခုက - ၎င်းစားသောက်ဆိုင်သည် ကိုးရီးယားလူမျိုးတို့  တွေ့ဆုံသည့် နေရာ ဖြစ်သည်ဟု ယူဆရကြောင်း၊ မြောက်ကိုရီးယားဆိုင်ရာ  အရေးကိစ္စများကို ပြောဆို ကြမည့် အလွတ်သဘော  ဆွေးနွေးပွဲများပြုလုပ်နိုင်ကြောင်း သုံးသပ်သည်။မြောက်ကိုရီးယားတို့က ၎င်းတို့၏ သံရုံးသို့ ဧည့်သည်များကို ဖိတ်ခေါ်ရန် စိုးရိမ်ဟန်တူသည်ဟု သူက ပြောဆိုသည်။
ဧရာဝတီသတင်းတိုက်က  အဆိုပါ စားသောက်ဆိုင်သို့ တယ်လီဖုန်းဆက်သောအခါ ဧည့်ကြိုကောင်တာက  တယ်လီဖုန်း ပြန်ဖြေဆိုသော်လည်း မြန်မာလိုသာမက အင်္ဂလိပ်ဘာသာဖြင့်လည်း  ပြောဆိုနိုင်ခြင်း မရှိကြောင်း တွေ့ရသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးအကြောင်း စာအုပ်ကို ရေးသားသူ ထင်ရှားသော စာရေးဆရာ ဟိန်းလတ်က  မြောက်ကိုရီးယား သံအမတ်Kim  Sok Chol နှင့် မကြာသေးခင် ရက်များအတွင်း ရန်ကုန်မြို့တော်ရှိ  ပါတီပွဲတခုတွင် တွေ့ဆုံခဲ့ကြောင်း၊ သံအမတ်က သူ့ကို  မြောက်ကိုရီးယားစားသောက်ဆိုင်သို့ သွားရန် ဖိတ်ခေါ်ခဲ့ကြောင်း ပြောပြသည်။
“မြောက်ကိုရီးယားစားသောက်ဆိုင်ကို  မြောက်ကိုရီးယားသံရုံးက နောက်ခံပေး ဖွင့်လှစ်ထားတာပါ။ သံရုံးက နောက်မှာ  မထောက်ပံ့ထားဘူး ဆိုရင် ဒီလိုမျိုး စားသောက်ဆိုင်မျိုးက ဖြစ်လာမှာ  မဟုတ်ဘူး။ မြောက်ကိုရီးယားသံတမန်တွေက ဒီနေရာကို ထောက်လှမ်းရေးသတင်းတွေ ရဖို့ သုံးမယ်လို့ ထင်ပါတယ်” ဟု စာရေးသူဟိန်းလတ်က ပြောဆိုသည်။
ထောက်လှမ်းရေးဗိုလ်မှူးဟောင်းဦးအောင်လင်းထွတ်ကလည်း ထောက်လှမ်းရေးတို့၏ နေ့စဉ်လုပ်ငန်းများ အတွက်  စိတ်ချရသည့် စားသောက်ဆိုင်က အသုံးဝင်သည်ဟု ပြောသည်။
“ဟိုတုန်းက  ဗိုလ်ချုပ်ခင်ညွန့်က မြောက်ကိုရီးယားတွေကို စားသောက်ဆိုင်ဖွင့်ခွင့်  မပေးဘူး၊ နိုင်ငံတကာက ပြောမှာကို စိုးရိမ်တယ်ပေါ့လေ” ဟု သူက ရှင်းပြသည်။
မြောက်ကိုရီးယားနှင့်  မြန်မာတို့က နျူလက်နက်၊ စစ်ရေးပိုင်းဆိုင်ရာ  မြေအောက်လိုဏ်ခေါင်းနည်းပညာများ ပူးပေါင်းဆောင်ရွက်မှု ရှိနေသည်ဟူသော  သတင်းအချက်အလက်များ ထွက်ပေါ်နေသော ယနေ့ကာလတွင် မြန်မာပြည်အတွင်းမြောက်ကိုရီးယား နိုင်ငံသား အများအပြား ရှိနေသည်ဟု သူက ရှင်းပြသည်။
ဒေသအတွင်း  ပထမဆုံး ဖွင့်သည့် မြောက်ကိုရီးယားဆိုင်မှာ ကမ္ဘောဒီးယားနိုင်ငံ Siem Reap  မြို့ဖြစ်ကြောင်း၊ ခရီးသွားများဖြင့် စည်ကားသည့် အဆိုပါမြို့တွင်  စားသောက်ဆိုင်ကို ၂၀၀၂ ခုနှစ်တွင် ဖွင့်ခဲ့ခြင်း ဖြစ်ကြောင်းသတင်းစာဆရာ Bertil Lintner က ပြောသည်။
အလွန် အောင်မြင်သော လုပ်ငန်း ဖြစ်သောကြောင့် ၂၀၀၃ တွင် နောက်ထပ်ဆိုင်တခုကို Phnom Penh မြို့တွင် ဖွင့်ခဲ့ကြောင်း သူက ပြောသည်။၂၀၀၆  တွင် ဘန်ကောက်မြို့တော်ရှိ မြောက်ကိုရီးယားသံရုံးအနီး  ဆိုင်ကြီးတဆိုင်ဖွင့်နိုင်ရန် မြောက်ကိုရီးယားအစိုးရက စီစဉ်ခဲ့ကြောင်း သူက  ပြောသည်။
ရန်ကုန်မြို့တော်ရှိ မြောက်ကိုရီးယားစားသောက်ဆိုင်သည်  ရန်ကုန်ရှိ မြောက်ကိုရီးယားသံရုံးအတွက် ၀င်ငွေရစေသည့်  လုပ်ငန်းဖြစ်နိုင်သည်ဟု သူက သူ့အမြင်ကို ပြောပြသည်။
No comments:
Post a Comment