ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အတွင်း  ငါးပူတင်းအသဲနှင့်ဥများကို  စားသုံးမိသဖြင့် မိသားစုဝင် လူ ၈ ဦး အစာအဆိပ်  ဖြစ်ကာ ၁ ဦး  သေဆုံးသွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ  တာဝန်ရှိသူတစ်ဦးက  ပြောကြားခဲ့သည်။
ဖြစ်စဉ်မှာ  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၅၆ ရပ်ကွက်၊ရတနာ ၁  လမ်းတွင် နေထိုင်သော  မသန်းသန်းအေး ဆိုသူသည် ဒဂုံသီရိဈေးမှ ၀ယ်ယူလာသော  ငါးပူတင်းဥနှင့်  အသဲများကို စားသုံးမိသဖြင့် မိသားစုဝင် ၈ ဦးမှာ အစာအဆိပ်  ဖြစ်ခဲ့ပြီး  ၎င်းတို့ အနက်မှ ၅ နှစ် အရွယ် ကလေးတစ်ဦးမှာ သေဆုံးခဲ့ကြောင်း  သိရှိရသည်။
''ဒဂုံသီရိဈေးကနေ  ငါးကလီစာ အစုံ ၂၀၀ ဖိုး ၀ယ်လိုက်တယ်။ငါးကလီစာအစုံက  တစ်ဆယ်သားကိုမှ ၁၀၀  ကျပ်ပဲ ပေးရတော့ တစ်မိသားစုလုံး စားလို့ရတယ်လေ။  ဈေးက၀ယ်လာတဲ့  ငါးကလီစာတွေကို ကြက်သွန်ဖြူ၊ဂျင်းနဲ့ထောင်းပြီး  တစ်မိသားစုလုံး  ကြော်စားလိုက်တယ်။သေသွားတဲ့ ကလေးက အသည်း ပိုစားလိုက်တယ်။  မိသားစု ၈  ယောက်စားလို့ ကျန်တဲ့ဟင်းကို အိမ်မှာမွေးထားတဲ့ ဘဲ ၂ကောင်ကို   ကြွေးလိုက်တယ်။ အားလုံးစားပြီး နာရီဝက်လောက် ကြာတော့ ဘဲ ၂ ကောင်   သေသွားတယ်။ ခဏနေတော့ သေသွားတဲ့ကလေးက ခေါင်းမူးတယ် ပြောတယ်။ ပြီးတော့   အန်လာတာနဲ့ ဆရာဝန်ဆီ သွားတော့ ဆေးခန်းပိတ်တာနဲ့ အိမ်ပြန်လာကြတယ်။ ကလေးက   အိမ်အပြန်လမ်းမှာတင် ဆုံးသွားတယ်။ အိမ်ရောက်တော့ ကျောင်းသွားနေတဲ့ ကလေး ၁   ယောက်ကလည်း အန်ပြီးနေမကောင်းဖြစ်နေလို့ ကျောင်းကနေ ပြန်ရောက်လာတယ်။   ပြီးတော့ ကျန်တဲ့လူတွေလည်း စပြီး ခေါင်းတွေမူးပြီး အကြောတွေ  တက်လာတယ်။  တစ်ချို့ အန်တယ်။ ဒါ့ကြောင့် ပတ်ဝန်းကျင်က ကားဌားပြီး သင်္ဃန်းကျွန်း   စံပြဆေးရုံကို ပို့ပေးလိုက်တဲ့ အတွက် အသက်ရှင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်'' ဟု   မသန်းသန်းအေးက ပြောပြခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲစခန်းမှ  တာဝန်ရှိသူတစ်ဦးက  ''သြဂုတ်လ ၂၄ ရက်နေ့မှာ ရဲတပ်ဖွဲ့က  တာဝန်ရှိသူတွေရယ်၊ကျန်းမာရေးဆိုင်ရာ  တာဝန်ရှိသူတွေရယ် အခြား  အဖွဲ့အစည်းတွေပေါင်းပြီး ဒဂုံသီရိဈေးကို သွားရောက်  စုံစမ်းမှုတွေ  ပြုလုပ်ခဲ့ပါတယ်။ကျန်းမာရေးဆိုင်ရာ တာဝန်ရှိ သူတွေကတော့  ငါးကလီစာတွေထဲ  မှာပါတဲ့ ငါးပူတင်း အသဲနဲ့ဥတွေကြောင့် အစာအဆိပ် ဖြစ်တယ်လို့  သုံးသပ်ပါတယ်။  ကလေးကလည်း အသက်ငယ်လို့ အစာအဆိပ် ဖြစ်မှုကို ခံနိုင်ရည်  မရှိတာကြောင့်  သေဆုံးသွားတာ ဖြစ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက   တောင်ဒဂုံမြို့နယ် အတွင်းမှာရှိတဲ့ သက်ဆိုင်ရာ ဈေးတွေမှာ ပြည်သူတွေ   စားသုံးရင် အန္တရာယ် ဖြစ်စေနိုင်တဲ့ အမျိုးအမည်မသိ ငါးတွေ ရောင်းချခြင်း   မပြုလုပ်ဖို့ တားမြစ်ခဲ့ကြပါတယ်'' ဟု ပြောကြားခဲ့သည်။
ငါးပူတင်း၏ပုံစံမှာ  လက်တစ်ဖ၀ါးစာ လုံးဝန်းသည့် ပုံစံရှိပြီး  အစူးတစ်ချို့ ပါရှိကြောင်း၊  ငါးပူတင်း၏ အသဲနှင့်ဥများမှာ လူများစားသုံးပါက  အဆိပ်အတောက်  ဖြစ်ပေါ်စေနိုင်ကြောင်း၊ အဆိုပါ ငါပူတင်း အသဲနှင့် ဥများ  စားသုံးမိသဖြင့်  ယခင်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အတွင်း  လူသေဆုံးသည့်  ဖြစ်ရပ်များလည်း ရှိခဲ့ဖူကြောင်း သိရှိရသည်။
အဆိုပါ  ဖြစ်စဉ်နှင့်ပတ်သက်၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်  ရဲစခန်းတွင်  သေမှုသေခင်းဖွင့်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း  သိရှိရသည်။
No comments:
Post a Comment