ဧရာဝတီတွင် တည်ဆောက်နေသည့် မြစ်ဆုံရေကာတာ စီမံကိန်း မြင်ကွင်းတခု (ဓာတ်ပုံ - Jinghpaw TarGyi)
ကိုတာ၊ ကိုမြင့်ဇော်၊ ဦးထွန်းလွင်(မိုး-ဇလ)၊ မောင်စိန်ဝင်း(ပုတီးကုန်း) စသည့် စာရေးဆရာများ ပါဝင်မည်ဟု သိရသည်။
“ဧရာဝတီ   မြစ်ကြီးနဲ့ မြစ်ဆုံဆည် စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝ ပတ်ဝန်းကျင်   ဆိုးကျိုးတွေ အကြောင်း အဓိကထား ဟောပြောကြမှာပါ” ဟု မောင်စိန်ဝင်း   (ပုတီးကုန်း)က ဧရာဝတီကို ပြောသည်။
မြစ်ဆုံဆည် စီမံကိန်း  ရပ်တန့်ရေး  လှုံ့ဆော်သည့် အဖွဲ့များ၊ ၈၈ မျိုးဆက်ကျောင်းသားများ ၊   နိုင်ငံရေး ပါတီဝင်များ၊ စိတ်ဝင်စားသူများ ဟောပြောပွဲ တက်ရောက်ကြမည်ဟု   ဆိုသည်။
“ကျနော်တို့အဖွဲ့အနေနဲ့လည်း ဧရာဝတီအရေး  လုပ်ဆောင်နေသူ  ကျန်အဖွဲ့များနည်းတူ တမျိုးသားလုံး အရေးမို့ သွားရောက်ပါမယ်”  ဟု ဧရာဝတီကို  ထာဝရရှင်သန်စေလိုသူများ အဖွဲ့မှ ဦးဆောင်သူတဦး ဖြစ်သည့်  ကိုမြတ်သူက  ပြောသည်။
နယ်မြို့ကြီးများဖြစ်ကြသည့် ဟင်္သာတ၊  တောင်ငူ၊ မိတ္ထီလာ၊  မန္တလေး စသည့် ဒေသများတွင်လည်း မြစ်ဆုံဆည် စီမံကိန်း  ရပ်တန့်ရေးကို  လက်မှတ်ထိုးတောင်းဆိုသည့် လှုပ်ရှားမှုများ   ကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်နေကြသည်ဟု ကိုမြတ်သူက ပြောသည်။
ရန်ကုန်အခြေစိုက်   ဧရာဝတီ ကို ထာဝရရှင်သန်လိုသူများ အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်သူ   များပြားလာပြီး ကောက်ခံရရှိသည့် လက်မှတ်တို့ကို သမ္မတ ဦးသိန်းစိန်ထံ   ပို့ဆောင်ရေး ဆောင်ရွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနေကြောင်း   ကိုမြတ်သူက ဆက်ပြောသည်။
“နယ်တွေမှာလည်း သူ့အဖွဲ့နဲ့သူ  လုပ်နေတာတွေက  လက်မှတ်တွေကို ကျနော်တို့ဆီ ပို့ပေးနေတာတွေ ရှိပါတယ်။  ဒါတွေကို ကျနော်တို့  လာမယ့်သတင်းပတ်မှာ (သမ္မတဆီကို) နောက်တသုတ်  ထပ်တင်ဖို့တော့ ရှိပါတယ်” ဟု  ကိုမြတ်သူက ပြောသည်။
စင်္ကာပူနိုင်ငံရှိ  မြန်မာနိုင်ငံသားများကလည်း  မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်ရေး လက်မှတ်ထိုး  တောင်းဆိုမှုများတွင် တက်ကြွစွာ  လုပ်ဆောင်နေကြသည်။
“တချို့က  ကျမတို့ကို လက်မှတ်ထိုးမှုမှာ  ပါဝင်လို့ အခုမှ ဧရာဝတီကို ချစ်တတ်လာတယ်  ပြောတယ်။ ကျမ နားလည်တာတော့ ကျမတို့  အခု အသိရှိလို့ အသိတရားနဲ့  လက်မှတ်ထိုးမှုမှာ ပါဝင်လာတာ ဖြစ်တယ်။ အခုလို  မြန်မာနိုင်ငံထဲမှာ  ထင်ရှားတဲ့ စာရေးဆရာတွေ ဟောပြောတော့ လူထုကို တကယ်  ထိထိရောက်ရောက်  ပညာပေးတဲ့ အပိုင်း ဖြစ်လို့ အရမ်း အားရမိတယ်” ဟု  စင်္ကာပူနိုင်ငံရောက်  မြန်မာနိုင်ငံသားတဦးက ပြောသည်။
ဧရာဝတီအရေး  ယခင်ကထက် ပိုမို  ဆောင်ရွက်လာကြခြင်းသည် ထင်ရှားသည့်စာရေးဆရာများ၏  ဟောပြောမှု၊ တဦးချင်း  တာဝန်သိစိတ်ရှိမှု၊ ပညာရှင်များ၏ အသိပညာ  မျှဝေပေးမှုတို့ကြောင့် ဖြစ်ကြောင်း  ဧရာဝတီ အရေးလှုံ့ဆော်နေသူတို့က ဆိုသည်။
ကဗျာဆရာ၊  စာရေးဆရာ  မောင်စိန်ဝင်း (ပုတီးကုန်း)က “တိုင်းရင်းသားအားလုံးက  အမျိုးသားရေး  တာဝန်တခုအနေနဲ့ ကျနော်တို့လို အများကို ဆင့်ပွား  ပြောနိုင်တဲ့သူကလည်း  ပြောပေါ့။ နီးစပ်ရာတွေကတဆင့် သူငယ်ချင်းကိုပြော၊  လက်ဘက်ရည်ဆိုင်မှာပြော။  အဲဒီလို လက်ဆင့်ကမ်းပြီး အားလုံးက ဒီကိစ္စ  တာဝန်ယူပြီး ပြောသင့်တယ်” ဟု  ရှင်းပြသည်။
ဧရာဝတီကို ကယ်တင်ကြ ဟူသော  ခေါင်းစဉ်ဖြင့်  ပြုလုပ်မည့် ဟောပြောပွဲကို ညနေ ၃ နာရီတွင် စတင်မည်  ဖြစ်ပြီး စာရေးဆရာ  ဒေါ်သန်းမြင့်အောင်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်မည်ဟု  သိရသည်။
ဒေါ်လာ  ၃.၆ ဘီလျံ အကုန်ကျခံ တည်ဆောက်နေသည့် မြစ်ဆုံဆည်  စီမံကိန်း ဒေသသည်  စင်္ကာပူနိုင်ငံခန့် အရွယ်အစား ရှိပြီး ၂၀၀၉ ခုနှစ်တွင်  စီမံကိန်း  စတင်ခဲ့သည်။
စီမံကိန်းနှင့်ပတ်သက်၍ ၂၀၀၉ ခုနှစ်တွင်   တရုတ်-မြန်မာ ကျွမ်းကျင်ပညာရှင်ပေါင်း ၁၀၀ ကျော် ပါဝင်သည့် စူးစမ်း   လေ့လာရေးအဖွဲ့က ၆ လကြာ သုတေသန လုပ်ပြီး အစီရင်ခံစာ တစောင် ပြုစုခဲ့သည်။    မကြာသေးမီက ထိုအစီရင်ခံစာ ပြင်ပသို့ ပေါက်ကြားခဲ့ပြီးနောက်ပိုင်း စီမံကိန်း   ရပ်တန့်ရန် တောင်းဆိုမှုများ ကျယ်ပြန့်လာသည်။
ကချင်ပြည်နယ်   ငလျင်ကြောပေါ်တွင် တည်ရှိသည့်  မြစ်ဆုံဆည်ကြီးသည်  ရေထုကြီးမားပြီး သဘာဝ   ဖောက်ပြန်မှု တခုခု ဖြစ်ပေါ်ပါက မြစ်ကြီးနားမြို့နှင့် ၀န်းကျင်ဒေသများ   ရေလွှမ်းခံရနိုင်သည်ဟု  ထိုအစီရင်ခံစာတွင် ထောက်ပြထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏   အဓိက အသက်သွေးကြော ဧရာဝတီမြစ် ရေကြောင်းပြောင်းလဲကာ  သဘာဝ ပတ်ဝန်းကျင်   ယိုယွင်းလာမှုကို မှတ်တမ်းတင် ရိုက်ကူးထားသည့် Floating Market &   Ayeyarwaddy Travellers  ဇာတ်လမ်းတွဲကို ပြည်တွင်းပြည်ပ   ရုပ်သံလိုင်းများတွင် ပြသရန် စီစဉ်နေကြောင်း ယခုတပတ်ထုတ် The Voice   ဂျာနယ်တွင် ဖော်ပြထားသည်။
No comments:
Post a Comment