ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသည် ယမန်နေ့က ပြည်သူ့လွှတ်တော်တွင်  တင်သွင်းသည့် မီဒီယာလွတ်လပ်ခွင့် ရရှိရေး အဆိုကို ဖြေကြားရာတွင်  ဘုရားအလောင်း ဆန္ဒန်ဆင်မင်း     ဇာတ်ထုပ်ကို အချိန်ကြာမြင့်စွာ ပြောဆို၍ မီဒီယာလွတ်လပ်ခွင့်  မပေးနိုင်ကြောင်း သွယ်ဝိုက် ငြင်းဆိုသွားသည်ဟု သိရသည်

သြဂုတ် ၁၂ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဦးကျော်ဆန်း (ဓာတ်ပုံ - Yonhap News)
ဦးကျော်ဆန်းသည်  လွှတ်တော်အတွင်း အဆိုပါ ဇာတ်တော်ကြီးကို နာရီဝက်ကျော် ကြာအောင်  ပြောဆိုခဲ့သည့်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လိုရင်းကို  ဖြေကြားရန် သတိပေးပြောဆိုခဲ့ရသည်ဟု လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က သတင်းမီဒီယာများ၏  ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊  ရေးသားဖြန့်ဝေခွင့် စသည့် အခွင့်အရေးများ ကာကွယ်စောင့်ရှောက် ပေးသည့်  ဥပဒေတရပ် ပြဌာန်းပေးရန် အဆိုကို လွှတ်တော်တွင် တင်သွင်းသည့်အတွက်  ၀န်ကြီးဦးကျော်ဆန်းက ဆန္ဒန်ဆင်မင်းဇာတ်ကို စီကာပတ်ကုံး  ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆန္ဒန်ဆင်မင်းက သူရဲ့  မိဖုရားစူဠသုဘဒ္ဒါပေါ်ကို အင်ကြင်းပန်းတွေ ကျစေချင်လို့ လုပ်ခဲ့ပေမယ့်  ခါချဉ်ကောင်တွေ ကျပြီး  ခါချဉ်ကိုက်လို့ စူဠသုဘဒ္ဒါက ဆန္ဒန်ဆင်မင်းအပေါ်ကို  ရန်ငြိုးဖွဲ့တယ်ဆိုတဲ့အကြောင်း၊ မီဒီယာ လွတ်လပ်ခွင့်ဆိုတဲ့ အင်ကြင်းပန်းကို  ပေးချင်ပေမယ့် ခါချဉ်တွေကျလာရင် စေတနာက ဝေဒနာဖြစ်မယ် ဆိုတဲ့သဘော  ပြောသွားတယ်” ဟု လွှတ်တော် တက်ရောက်နေသည့် ကိုယ်စားလှယ်က ပြောသည်။
ဝန်ကြီးဦးကျော်ဆန်းက  မီဒီယာလွတ်လပ်ခွင့်ကို ပေးချင်သော်လည်း ဝေဒနာဖြစ်မည်စိုးသောကြောင့်  မပေးနိုင်သေးကြောင်းကို နာရီဝက်ကျော်ကြာအောင် သွယ်ဝိုက်ပြောဆိုသွားခြင်း  ဖြစ်သည်ဟု သူက ဆိုသည်။
ထို့အပြင် ၀န်ကြီးဦးကျော်ဆန်းက  စာပေလွတ်လပ်ခွင့်ကို အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသော ရေစီးကြောင်းနှင့်  နှိုင်းယှဉ်တင်ပြလိုက်ပြီး အရှိန်နှင့် စီးဆင်းနေသော မြစ်ရေချောင်းရေသည်  မြစ်ချောင်းများ အတွင်း စီးဆင်းသွားပါက အကျိုးများမည် ဖြစ်သော်လည်း  မြစ်ဘောင်ချောင်းဘောင်အတွင်း ရှိမနေဘဲ စည်းကမ်းမဲ့စွာ  ပျံ့နှံ့စီးဆင်းသွားမည်ဆိုပါက လူသားတို့အတွက် အပြစ်ဆိုးကျိုးက  ပိုမိုများပြားစေမည်ဟု ပြောသည်။
သို့ရာတွင် ယမန်နေ့က  ဦးကျော်ဆန်းပြောဆိုခဲ့သည့် ဆဒ္ဒန်ဆင်မင်း ဇာတ်ထုပ်ကိစ္စကို ယနေ့ထုတ်  နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြခြင်းမရှိပေ။ 
သတင်းစာထဲတွင်မူ  မီဒီယာသမားများသည် လွတ်လပ်ခွင့်နှင့်အတူ လွတ်လွတ်လပ်လပ် ရေးသားနိုင်ခွင့်  ရှိသကဲ့သို့ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊  ရပ်ရွာအေးချမ်းသာယာရေးကို မထိပါးစေရန် တာဝန်ယူရမည်ဖြစ်ကြောင်း၊  ဦးသိန်းညွန့် တင်သွင်းသော အဆိုသည် ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်နေသော  လုပ်ငန်းထဲတွင် အကျုံးဝင်ပြီးဖြစ်ကြောင်း ဦးကျော်ဆန်းက ဖြေဆိုသည်ဟု  ရေးသားထားသည်
No comments:
Post a Comment