Showing posts with label သတင်းရင်း(RFA/Burmese). Show all posts
Showing posts with label သတင်းရင်း(RFA/Burmese). Show all posts

Friday, February 1, 2013

ဆက်သွယ်ရေးလုပ်ငန်းအရာရှိ ၈ ဦး အလွဲသုံးစားလုပ်မှုနဲ့ တရားစွဲဆိုခံရ။

ဆက်သွယ်ရေးနဲ့ သတင်းအချက် အလက်ဝန်ကြီးဌာန လက်အောက်ခံ ဌာနတစ်ခုဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အထွေထွေမန်နေဂျာ ဦးသိန်းဦးနဲ့ အခြားအဆင့်မြင့်အရာရှိ ၇ ဦး ကို နေပြည်တော်မှာရှိတဲ့ ရဲစခန်းတစ်ခုမှာ နိုင်ငံပိုင် ပစ္စည်း အလွဲသုံးစားလုပ်မှုနဲ့ အမှုဖွင့်အရေးယူထား တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိတစ်ဦးက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။

အလွဲသုံးစားလုပ်မှုနဲ့ တရားစွဲခံထားရတဲ့ အရာရှိတွေကို မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ CID က တရားလိုပြုလုပ် စွဲဆိုထားတာဖြစ်ပြီး၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ ဥတ္တရသီရိမြို့နယ် ရဲစခန်းတာဝန်ကျ ရဲအရာရှိတစ်ဦးက RFA ကို အခုလို ပြောကြားပါတယ်။

"ဦးသိန်းဦး ပါ တစ်အပေါင်း ရှစ်ဗျ၊ (ပ)/၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၀၉ နိုင်ငံတော်ပိုင် ငွေကြေးအလွဲသုံးစားလုပ်တာဗျ၊ မှုခင်းတပ်ဖွဲ့က ကျွန်တော်တို့အပိုင်ဆိုတော့ ကျွန်တော်တို့စခန်းမှာ လာဖွင့်တာဗျ၊ အဲဒါပဲ စခန်းမှာ ဖွင့်ထားသေးတယ်ဗျ"

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပုဂ္ဂလိကပိုင် ဆက်သွယ်ရေးကုမ္ပဏီ ၁၃ ခုနဲ့ တရုတ်နိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီတွေဖြစ်ကြတဲ့ Huawei၊ ZTE တို့အကြားက မိုဘိုင်းကွန်ရက် တည်ဆောက်ရေးလုပ်ငန်းတွေ၊ ငွေပေးငွေယူရှင်းတမ်း ကိစ္စတွေကိုလည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စာရင်းစစ်အဖွဲ့တွေက စစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ ဦးတေဇပိုင် Elite Tech ကုမ္ပဏီရဲ့ အကြီးအကဲ ဦးစိုင်းခင်မောင်အေး က RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဦးသိန်းထွန်းကို ရာထူးမှနုတ်ထွက်ခွင့်ပြုတယ်လို့ ထုတ်ပြန်ကြေညာ ပြီးတဲ့နောက်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အထွေထွေမန်နေဂျာ၊ အင်ဂျင်နီယာချုပ် စတဲ့ အကြီးတန်းအရာရှိတွေကို ခေါ်ယူစစ်ဆေးနေတာ ဖြစ်ပါတယ်။

Sunday, January 27, 2013

"၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်"

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့ တစ်ချို့အချက်တွေဟာ ဒီမိုကရေစီ စနစ်နဲ့ဆန့်ကျင်နေတာကြောင့် ပြင်ဆင်ဖို့လိုအပ်ကြောင်း၊ ပြင်ဆင်နိုင်မယ်လို့လည်း မိမိအနေနဲ့ မျှော်လင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းက ဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ သောင်္ကြာနေ့ ဇန်န၀ါရီလ ၂၅ ရက်နေ့က ဟာဝိုင်အီပြည်နယ် အခြေစိုက်East-Westcenterအဖွဲ့အစည်းကလက်ခံကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပရိသတ်က၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မလားလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြန်လည် ဆွေးနွေးခဲ့တာပါ။

၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်ဆင်ဖြည့်စွက်စရာတွေ အတော်များများရှိတဲ့အထဲက ၂ ချက်ကို ထောက်ပြ ဆွေးနွေးသွားခဲ့ပြီး၊ အဲဒီအထဲမှာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာစစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်ဖို့အဟန့်အတားဖြစ်နေတယ်လို့ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တဲ့အပြင် “တိုင်းရင်းသားအားလုံးရဲ့ မျှော်မှန်းချက်တွေကို အာမခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်လာမှသာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားအားလုံး အတူတကွငြိမ်းချမ်းစွာ နေထိုင်နိုင်တဲ့အခြေအနေကို ရောက်ရှိလာမှာ ဖြစ်ပါတယ်လို့ ” ပြောခဲ့ပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ နိုင်ငံတော် သမ္မတဖြစ်ပိုင်ခွင့်ကို ကန့်သတ်ပြဌာန်းထားတဲ့ အချက်ဟာ လူပုဂ္ဂိုလ် တစ်ယောက်ကို ဦးတည်ရေးဆွဲပြဌာန်းထားတာဖြစ်တဲ့အတွက် မသင့်လျှော်ကြောင်း နဲ့ ပြင်ဆင်ဖို့လိုအပ်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

အခြေခံ ဥပဒေမှာပါတာက မိသားစုဝင်ထဲမှာ အိမ်ထောင်ဖက် ဒါမှမဟုတ် သားသမီးဟာ နိုင်ငံခြားသား အဖြစ်ခံယူထားရင် သမ္မတဖြစ်ခွင့် မရှိဘူးလို့ ပြဌာန်းထားပါတယ်။

ဒါ့အပြင် လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မယ်ဆိုရင် လွှတ်တော်အမတ်၇၅% ကျော်ရဲ့ ထောက်ခံမဲရရှိမှသာ ပြင်ဆင်နိုင်မှာ ဖြစ်တဲ့အပြင် လွှတ်တော်အသီးသီးမှာ တပ်မတော်သား ကိုယ်စားလှယ် တွေက ၂၅% အသီးသီးရယူထားတာကြောင့် ပြင်ဆင်ဖို့ ခက်ခဲကြောင်း ဒါပေမယ့် တပ်မတော်သားကိုယ်စားလှယ်တွေထဲမှာလည်းနိုင်ငံကောင်းကျိုးကို မြင်ချင်တဲ့ ကိုယ်စားလှယ်တွေ ရှိတဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မယ်လို့မိမိအနေနဲ့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

Monday, January 7, 2013

UNFC ညီလာခံမှာ ကချင်ပြည်နယ်အရေး အလေးထားဆွေးနွေးမည်။

အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ အပစ်အခတ်မရပ်စဲရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ရဲ့ ဒုတိယ အကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဒီကနေ့ ဇန်န၀ါရီလ ၇ရက်နေ့ ကနေ ၁၁ရက်နေ့ထိ ၄ရက်ကြာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေ ပါတယ်။

ဒီအစည်းအဝေးမှာ ကချင်ပြည်နယ်အရေးကိစ္စ အပါအ၀င် UNFC အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေ၊ အစိုးရနဲ့ UNFC တို့ တွေ့ဆုံဆွေးနွေးနေမှု အခြေအနေတွေကို အဓိကထား ဆွေးနွေးသွားကြဖို့ရှိတယ်လို့ UNFC အဖွဲ့အတွင်းရေးမှူး ၂ ဦးခွန်ဥက္ကာ က RFA ကို ပြောပါတယ်။

အခုကျင်းပနေတဲ့ အစည်းအဝေးကို UNFC ဥက္ကဌ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO က ဒုတိယ ဗိုလ်ချူပ်ကြီး အင်ဘန်လ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကခေါင်းဆောင်တစ်ဦးဖြစ်သူ အေဘယ်တွိ၊ ကရင်အမျိုးသားအစည်းအရုံး KNU ကခေါင်းဆောင်တစ်ဦးဖြစ်သူ ပဒိုစောဒေးဗစ်သကဘော၊ မွန်ပြည်သစ်ပါတီ NMSP ကခေါင်းဆောင် နိုင်ဟံသာ တို့အပါအ၀င် အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင် ၄၅ဦး တက်ရောက်နေတယ်လို့သိရပါတယ်

UNFC အဖွဲ့ဝင် ၁၁ ဖွဲ့မှာ ချင်းအမျိုးသားတပ်ဦးCNF ၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPP၊ ကရင်အမျိုးသားအစည်းအရုံးKNU၊ မွန်ပြည်သစ်ပါတီNMSP စတဲ့အဖွဲ့တွေပါဝင်ပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

လိုင်ဇာအနီးမှာ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်။

ကချင်ပြည်နယ်မှာ လဂျားယန်စခန်းနဲ့ တမိုင်လောက်သာဝေးပြီး ကေအိုင်အေ တပ်ရင်း ၂၄ အခြေစိုက်ထားတဲ့ ဖွန်းပျဉ်ဘွမ်ဆိုတဲ့ တောင်ကုန်းတဝိုက်ကို အစိုးရတပ်တွေက ဒီကနေ့ ဇန်နဝါရီလ ၇ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒီကနေ့ မနက် ၉နာရီလောက်က ဟန်းကိုင်တောင်နဲ့ ဘွမ်ဆန် ဆိုတဲ့နေရာကနေ ကေအိုင်အေ စခန်းထိုင် အဲဒီ ဖွန်းပျဉ်ဘွမ်ဆိုတဲ့နေရာကို အစိုးရတပ်ဖက်က လက်နက်ကြီးတွေနဲ့ ညနေပိုင်းအထိ ပစ်ခတ်ခဲ့တယ်လို့ အဲဒီနေရာတဝိုက်မှာရှိတဲ့ RFA သတင်းထောက်က ပြောပါတယ်။

ဒါ့အပြင် ဒီနေ့ ညနေ ၃နာရီခွဲလောက်မှာ စစ်ရဟတ်ယဉ် ၃စီးနဲ့ ဂျက်တိုက်လေယဉ် ၂စီး ရောက်လာပြီး စစ်ရဟတ်ယဉ် ၂စီးကတော့ ဒီဇင်ဘာ ၃ဝရက်နေ့က အစိုးရတပ်တွေ သိမ်းပိုက်လိုက်တဲ့ ပွိုင့် ၇၇၁တောင်ကုန်းပေါ် ဆင်းသက်ခဲ့တယ်လို့ သိရပါတယ်။ ကျန်တဲ့ စစ်ဂျက်တိုက်လေယဉ် ၂စီးကတော့ အမြင့်ပိုင်းကနေ ခေတ္တ ပျံဝဲနေခဲ့ပြီး ရဟတ်ယဉ် ၂စီး ပျံတက်သွားပြီးနောက်ပိုင်း ဂျက်တိုက်လေယဉ် ၂စီးက အပေါ်ကနေပစ်ခတ်သွားတာကို မြင်တွေ့ရတယ်လို့ပြောပါတယ်။

အခုလို ပွိုင့် ၇၇၁တောင်ကုန်းကို ဆင်းသက်ရတဲ့အကြောင်းကတော့ လက်နက်ခဲယမ်းကျည်ဆံတွေ လာပို့တာဖြစ်နိုင်တယ်လို့ အေဘီအက်စ်ဒီအက်ဖ်နဲ့ ကေအိုင်အေ တပ်မှုးတွေက ယူဆကြပါတယ်။

NLD ရဲ့ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ကျင်းပမည်။

လာမယ့်ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပသွားမယ် လို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က RFA ကို အတည်ပြုပြောပါတယ်။

အဲဒီညီလာခံကို တနိုင်ငံလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် စုစုပေါင်း ၁၃ဝဝလောက် တက်ရောက်ကြမယ်လို့ ခန့်မှန်းထားပြီး၊ ညီလာခံကနေ လာမယ့် ၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကိုလည်း ဆွေးနွေးသွားမယ်လို့လည်း သိရှိရပါတယ်။

လတ်တလောမှာတော့ ညီလာခံကျင်းပဖို့အတွက် ဆွေးနွေးနေဆဲဖြစ်တာကြောင့် ညီလာခံကျင်းပမယ့် နေရာအတိအကျနဲ့ ရက်ကိုတော့ ထုတ်ပြန်နိုင်ခြင်း မရှိသေးဘူးလို့ ဦးအုန်းကြိုင်က ပြောပါတယ်။
 

Monday, August 27, 2012

ပြည်ထောင်စုဝန်ကြီး ၉ ဦး ပြောင်းလဲခန့်အပ်


ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၂ နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ ပြည်ထောင်စု ဝန်ကြီး ၉ ဦးကို ဌာနတွေ ပြောင်းလဲ ခန့်အပ်လိုက်တယ်လို့ နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်က ပြည်ထောင်စု ဝန်ကြီးများ ဌာနပြောင်းလဲ ခန့်အပ်ကြောင်း သတင်း ထုတ်ပြန်ချက်ကို နိုင်ငံတော် သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပုံ။

ဒီပြောင်းလဲ ခန့်အပ်မှုမှာ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ရထားဝန်ကြီး ဦးအောင်မင်း၊ အမျိုးသားစီမံကိန်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးတင်နိုင်သိန်းနဲ့ ဘဏ္ဍာအခွန်ဝန်ကြီး ဦးလှထွန်းတို့ကို သမ္မတရုံး ဝန်ကြီးတွေအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်ပါကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကိုပြောပါတယ်။
လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဦးအောင်ကြည်ကို ပြန်ကြားရေး ဝန်ကြီးအဖြစ် ထပ်မံ တာဝန်ပေးလိုက်ပြီး ယခင်ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဋ္ဌာန ၂ ခုရဲ့ ဝန်ကြီး ဦးကျော်ဆန်းကိုတော့ သမဝါယမ ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်လိုက်ပါတယ်။
မွေးမြုရေးနဲ့ ရေလုပ်ငန်းဝန်ကြီးနဲ့ သမဝါယမဝန်ကြီး ဌာနနှစ်ခုကို ကိုင်တွယ်တာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကိုတော့ မွေးမြုရေးနဲ့ ရေလုပ်ငန်း ဝန်ကြီးဌာန တစ်ခုကိုသာ ကိုင်တွယ်ဖို့ ပြောင်းလဲ တာဝန်ပေးလိုက်ကာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး ဦးအေးမြင့်ကိုတော့ စက်မှုဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်ပါတယ်။
ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးနဲ့ အာကစားဝန်ကြီးဌာန နှစ်ခု တာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကတော့ အားကစားဝန်ကြီးဌာန တစ်ခုတည်းကိုသာ တာဝန်ယူ ကိုင်တွယ်ရတော့မှာ ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ ပြည်ထဲရေး၊ ပြန်ကြားရေး၊ စွမ်းအင်၊ လူဝင်မှုကြီးကြပ်ရေးစတဲ့ ဝန်ကြီးဌာန ၁၅ ခုရဲ့ ဒုတိယဝန်ကြီးတွေကို အသစ်ရွေးချယ် ခန့်အပ်လိုက်ပြီး သမ္မတရဲ့ စီးပွားရေး အကြံပေး တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဆက်အောင်နဲ့ မကြာမီက ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် သမ္မတရဲ့ လူမှု စီးပွား အကြံပေးကောင်စီမှာ ပါဝင်တဲ့ ဒေါက်တာ ဒေါ်ခင်စန်းရီတို့ နှစ်ဦးကိုတော့  အမျိုးသားစီမံကိန်းနဲ့ ဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှာ ဒုတိယ ဝန်ကြီးတွေအဖြစ် တာဝန်ပေးလိုက်ပါတယ်။