Showing posts with label ဧရာဝတီသတင်းအား Burma Freedom ဖေ့ဘုတ်စာမျက်နှာမှတဆင့် ကူးယူဖေါ်ပြပါသည်။. Show all posts
Showing posts with label ဧရာဝတီသတင်းအား Burma Freedom ဖေ့ဘုတ်စာမျက်နှာမှတဆင့် ကူးယူဖေါ်ပြပါသည်။. Show all posts

Friday, September 2, 2011

သတင်းတိုများ။

အမေရိကန် ဂီတဝိုင်း မြန်မာပြည်လာရန် စီစဉ်။
အပြန်အလှန် ကူးလူးဆက်ဆံရေး ကြိုးပမ်းမှုအနေဖြင့် အမေရိကန် တေးဂီတအဖွဲ့တခုကို မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံ ၅ ခုသို့ စေလွှတ်မည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာသည်။ Earth String အမည်ရှိ ဂီတဝိုင်းသည် ဗီဇာရရှိပါက မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၁ မှ ၂၅ ရက်နေ့အထိ လာရောက်ဖျော်ဖြေမည်ဟု သိရသည်။ Earth String သည် လာအို၊ ထိုင်း၊ အရှေ့တီမောနှင့် တောင်ကိုရီးယားတို့တွင်လည်း ဖျော်ဖြေမည်ဖြစ်သည်။ ၂၀၀၉ တွင် The Student Loan နှင့် ၂၀၀၈ တွင် Maya Azucena ဂီတဝိုင်းများလည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနအစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင် လာရောက်ဖျော်ဖြေဖူးသည်။

ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ရေး စာရင်းတင်သွင်းနိုင်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို စက်တင်ဘာ ဒုတိယပတ်အတွင်း ဆွေးနွေးရန် ဆုံးဖြတ်သည့်အတွက် ပြင်ဆင်လိုသည့် ဥပဒေကြမ်း၏ အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာတို့ကို ဖော်ပြ၍ အောက်လွှတ်တော်သို့ တင်သွင်းနိုင်ကြောင်း သိရသည်။ ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က လွှတ်တော်သို့ တင်သွင်းခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး ကော်မတီ ဖွဲ့ရန် အတည်ပြု။
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ထာဝရ ငြိမ်းချမ်းရေးပြီး တည်ငြိမ်အေးချမ်းမှု တည်ဆောက်ထိမ်းသိမ်းရေး အမြဲတမ်း ကော်မတီ ဖွဲ့စည်းရန် ယမန်နေ့က လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်သည်။ ယင်း အဆိုကို ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလွင်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အမြဲတမ်း ကော်မတီကို မည်သည့် ကာလတွင် ဖွဲ့စည်းမည်ကိုမူ မသိရသေးကြောင်း ရခိုင်ပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောသည်။
လွှတ်တော်သို့ နိုင်ငံခြားသား သတင်းထောက်များ ၀င်ခွင့်ပြု ။

သြဂုတ်လ ၂၂ ရက်တွင် စတင်သော ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးများကို နိုင်ငံခြားသား သတင်းထောက်များအား သြဂုတ်လ ၃၁ ရက်မှအစပြုပြီး တက်ရောက် သတင်းယူခွင့် ပြုနေကြောင်း လွှတ်တော် ရုံးဝန်ထမ်းတဦးက ပြောသည်။ CCTV နှင့် FUJI သတင်းထောက်များ ရောက်ရှိနေကြောင်း၊ မကြာမီ AFP အပါအ၀င် နိုင်ငံခြား သတင်းဌာနတချို့က လာရောက်ဦးမည် ဖြစ်ကြောင်း သူက ဖြည့်စွက် ပြောပြသည်။
 

ဒေါ်လာ ဝယ်ယူမှု များလာသောကြောင့် ဒေါ်လာ ဈေးပြန်တက်။

အမေရိကန်ဒေါ်လာကို အစိုးရအာဏာပိုင် အသိုင်းအ၀န်းနှင့် စီးပွားရေးသမားများက ပြန်လည် ၀ယ်ယူစုဆောင်း လာသောကြောင့် ဈေးပြန်တက်လာကြောင်း သတင်းရရှိသည်။

စက်မှု ၂ ၀န်ကြီး ဦးစိုးသိန်းအပါအ၀င် အစိုးရ၀န်ကြီးများနှင့် အစိုးရ ထိပ်တန်းခေါင်းဆောင် အသိုင်းအ၀န်းက အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၉၀၀ နှင့် ၁၀၀၀ ကြား ထားရှိ သတ်မှတ်သင့်သည်ဟု မကြာခဏ ပြောဆိုခဲ့ပြီးနောက် အစိုးရ အာဏာပိုင် အသိုင်းအ၀န်းကြား ဒေါ်လာ ၀ယ်ယူစုဆောင်းမှု ထူးထူးခြားခြား ဖြစ်ပေါ် လာကြောင်း၊ ထို့အပြင် အစိုးရ စစ်ဗိုလ်ချုပ်များ၏ ဆွေမျိုးများနှင့် သားသမီးများ၊ ၎င်းတို့နှင့် နီးစပ်သော စီးပွားရေးသမားများက ဈေးကွက်မှ ဒေါ်လာများကို ၀ယ်ယူကြသဖြင့် ဒေါ်လာဈေး ပြန်တက်နေခြင်း ဖြစ်ကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းက ဆိုသည်။
“တဒေါ်လာ ၉၀၀ နဲ့ ၁၀၀၀ ကြား သတ်မှတ်လိုက်ရင် အခုအချိန် ဈေးအနိမ့်နဲ့ ဒေါ်လာဝယ်ထားတဲ့သူက အမြတ်ရဖို့ သေချာတယ်။ အစိုးရကလည်း အဲဒီလို သတ်မှတ်နိုင်တယ်ဆိုတဲ့ အရိပ်အရောင်တွေ မကြာခဏဆိုသလိုပြောနေတာတွေကြောင့် ဒေါ်လာဝယ်လိုအား ပြန်တက်တာ” ဟု ရန်ကုန် ဒေါ်လာငွေလဲဒိုင် တဦးက ပြောသည်။ တရုတ်-မြန်မာနယ်စပ် ဒေါ်လာဈေးကွက်တွင် လည်း ဒေါ်လာ ၀ယ် ယူမှု များပြားလျက် ရှိကြောင်း သိရသည်။

ထို့အပြင် စက်မှု ၂ ၀န်ကြီးဌာနက လိုင်စင်မဲ့ Super Custom ကားများအား အမေရိကန် ဒေါ်လာ ၁၃၀၀၀၊ မော်ဒယ်မြင့် အံစာတုံးပုံစံ Hi-Aceတစီးလျှင် ဒေါ်လာ ၂၀၀၀၀ အသီးသီး လိုင်စင်ဝင်ခွင့်ရရန် ဒဏ်ရိုက်မည်ဟုဆိုကာ စက်တင်ဘာ လဆန်းပိုင်းတွင် ဒဏ်ကြေး အပြီးသွင်းရန် ညွှန်ကြားထားကြောင်း၊ ကားစီးရေ ၈၀၀ နီးပါးအတွက် တပြိုင်နက်တည်း ဒဏ်ရိုက်မည် ဖြစ်ရာ ကျသင့်သော ဒဏ်ကြေး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်ရှိနေကြောင်း၊ ၂ ပတ်အတွင်း ဒေါ်လာ ၁၂ သန်း ၀ယ်လိုအားကြောင့်လည်း ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေး ပြန်တက်လာခြင်း ဖြစ်နိုင်ကြောင်း စီးပွားရေးအသိုင်းအဝန်းတွင် ပြောဆိုနေကြသည်။

“ဒဏ်ရိုက်ခံရတဲ့ ကားပိုင်ရှင်တွေက ဒေါ်လာ မဖြစ်မနေ ၀ယ်ရမှာ။ မ၀ယ်ရင်လည်း ကားက လိုင်စင်ဝင်မရ ဖြစ်သွားမယ်။ အဲဒါကြောင့်လည်း ဒေါ်လာဈေး တက်လာတာ ဖြစ်မယ်” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ်အမှုဆောင်တဦးက ဆိုသည်။

အမေရိကန်ဒေါ်လာ ဈေးနှုန်းသည် သြဂုတ်လကုန်ပိုင်းက တဒေါ်လာ ၆၇၆ ကျပ်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် တစ်ဒေါ်လာ ၇၅၀ ကျပ်အထိ ဈေးတက်ကာ ယနေ့ တဒေါ်လာလျှင် ၇၇၀ ကျပ် အထိ ဈေးမြင့်တက်သွားသည်။ ဒေါ်လာဈေး တက်လာသောကြောင့် ပြည်တွင်းရွှေဈေးလည်း တက်လာပြီး အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၇ သိန်း ၁ သောင်းကျော် အထိ ဈေးမြင့်ခဲ့သည်။

ရွှေဈေးတက်မှုကြောင့် ရွှေဆိုင်များနှင့် အခေါက်ရွှေဈေးကွက်တွင် ရွှေဝယ်ယူသူ မရှိသလောက် နည်းပါးသွားပြီး ပြန်လည် ရောင်းချသူများသာ များပြားနေသည်ဟု သိရှိရသည်။

“တက်ဈေးမှာ ရောင်းတဲ့သူတွေချည်းပဲ။ ၀ယ်သူက မ၀ယ်နိုင်ဘူး။ ဈေးမြင့်လွန်းတော့ မ၀ယ်နိုင်ကြတာ။ ဒေါ်လာဈေးတက်လေ ရွှေဈေးတက်လေ ဖြစ်မှာမို့ ရှေ့လျှောက် ရွှေဈေးက အတက်ချည်းပဲ ဖြစ်နေမယ်” ဟု မန္တလေး ရွှေသန့်စင်ရေး လုပ်ငန်းပိုင်ရှင် တဦးက ဆိုသည်။

သမ္မတဦးသိန်းစိန် အစိုးရသည် နိုင်ငံခြားငွေလဲနှုန်း ပြင်ဆင်သတ်မှတ်ရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့ (IMF) နှင့် ညှိနှိုင်းဆောင်ရွက် နေသည်ဟု ဆိုထားပြီး လာမည့် အောက်တိုဘာလအတွင်း IMF မှ ပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။