Wednesday, December 28, 2011

ရန်ကုန်မြို့တွင် ကြီးမားသောပေါက်ကွဲမှု့တခုဖြစ်ပွား။

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်း ကူးတို့ဆိပ်တွင် ယခု မနက်(၂) နာရီ ခန့်တွင် ဂိုထောင် မီးလောင်သဖြင့် ဂတ်စ်အိုးများ ပေါက်သည်ဟု သတင်းရရှိပါသည်။ မင်္ဂလာတောင်ညွန့် တစ်ဝိုက်တွင် နေအိမ်တိုက်တာများ အင်အားပြင်းထန်သော လှုပ်ခတ်မှု ခံစားကြရပြီး ရပ်ကွက်နေပြည်သူအားလုံး လမ်းမများပေါ်သို့ ထွက်လာကြပြီး ငလျှင်လှုပ်သည်ဟု ထင်မှတ်ကြကြောင်း သိရသည်။ ပေါက်ကွဲသံကြီးမှာလည်း အလွန်ကြီးမားပြင်းထန်ပြီး တိုက်တာများ တုန်လှုပ်သွားသည်ကို ငလျှင်လှုပ်သကဲ့သို့ ခံစားရသည်။ မင်္ဂလာတောင်ညွန့် ရဲစခန်းမှ ဝေါ်ကီတော်ကီ သတင်းအရ စက်ဆန်း ကူးတို့ဆိပ် ဂိုထောင် မီးလောင်ကျွမ်းသည်ဟု သိရသည်။ ကြီးမားသော မီးခိုးလုံးကြီးများ ကောင်းကင်ယံသို့ ထိုးတက်လာသည်ကို မြင်ရသည်။ ပေါက်ကွဲမှု အရှိန်ကြောင့် မင်္ဂလာတောင်ညွန့် ရဲစခန်းအနီးမှ ရွှေမြယာ အိမ်ယာစီမံကိန်းရှိ အဆောက်အဦး တွင်တပ်ဆင်ထားသော ဆယ်ပေ ပတ်လည်ခန့်ရှိ မှန် များ တစ်စစီ ကွဲကျသွားသည်ဟု မျက်မြင်သက်သေများက ဆိုသည်။ ယခု (၂)နာရီ (၁၃) မိနစ် အချိန်တွင် ရရှိသော သတင်းဖြစ်ပါသည်။ ဆက်လက်ပြီး ရရှိသောသတင်းများကို တင်ပြပါဦးမည်။
ပေါက်ကွဲမှု့ဖြစ်ပွားပုံကို အဝေးမှမြင်ရစဉ်။
ထပ်မံရရှိသော သတင်းအရ နေရာတွင် ပွဲချင်းပြီး သေဆုံးသူ ၅ ဦးတွေ့ရကြောင်း သိရပြီး အသေအပျောက်နှင့် ဒဏ်ရာရသူစာရင်းကို သက်ဆိုင်ရာက အတည်ပြုချက် မရရှိသေးပေ။ အခင်ဖြစ်ပွားသည့် ကူးတို့ဆိပ်လမ်းအတွင်းသို့လည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်ဖြစ်သည့် အတွက် ၀င်ရောက်ခွင့် တားမြစ်ထားရာ မီးလောင်မှုနေရာနှင့် ပတ်ဝန်းကျင်သို့ အနီးစပ်ဆုံး ၀င်ရောက်ကြည့်ရှုနိုင်ရန် အခက်အခဲရှိနေသည်။

Monday, December 26, 2011

ကချင် စစ်ပြေးဒုက္ခသည်တွေ အတွက် ဒေါ်စု သိန်း ၃၀၀ လှူ။

ကချင်ပြည်နယ်တွင်းမှာ အိုးအိမ်ပစ်ပြီး တိုက်ပွဲတွေကြားကနေ ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ တိုင်းရင်းသားဒုက္ခသည်ကို မြန်မာ့ဒီမိုကရေစီခေါင်ေးဆာင် ဒေါ်အောင်ဆန်းစုကြည်က ကျပ်ငွေသိန်း ၃၀၀ လှူဒါန်းခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
လအနည်းငယ်ကြာလာပြီဖြစ်တဲ့ ကချင်ပြည်နယ်က ပြည်တွင်းစစ်ကြောင့် အိုးအိမ်မဲ့ဖြစ်ရတဲ့ ဒုက္ခသည်တွေကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်တွင်းက NLD အဖွဲ့ဝင်တွေက တဆင့် ငွေကြေးလှူဒါန်းမှုတွေ လုပ်ခဲ့တာပါ။ ကချင်ပြည်နယ်မှာ ပြည်နယ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးဖေစိန် ပြောပြတာက -
“အခုပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုက္ခသည်တွေအပေါ် ကူညီမှုက ငွေ သိန်း ၃၀၀ ပေးခဲ့ပါတယ်။ အဲဒီငွေ သိန်း ၃၀၀ က ကချင်ပြည်နယ် မြစ်ကြီးနား ဘေးနားမှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေကိုရယ်၊ ဗန်းမော်၊ နောက်ပြီးတော့ ၀ိုင်းမော်၊ အဲဒီမြို့နယ်တွေမှာပေးဖို့လည်း ပါပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ပေးတဲ့ အလှူငွေနဲ့ ဒုက္ခသည်စခန်း ၂၀ ကျော်က ဒုက္ခသည် ၅,၀၀၀ ကျော်ကို လှူဒါန်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ဒုက္ခသည်တွေအတွက် အကူအညီတွေ များစွာ လိုအပ်နေသေးကြောင်း ကူညီကယ်ဆယ်ရေး သွားလုပ်နေသူတွေက ဆိုပါတယ်။
“အခုဟာက ငြိမ်းချမ်းရေး ရသေးတာမဟုတ်ဘူး။ ငြိမ်းချမ်းရေး ရသေးတာမဟုတ်တဲ့အခါကျတော့ ဒုက္ခသည်တွေက ထပ် ထပ်ပြီးတော့ ရောက်လာတဲ့အတွက်ကြောင့် ဒုက္ခသည်ဦးရေက ဒီနေ့နဲ့ မနေ့ကနဲ့ မတူဘူး။ အဲဒီလို ဖြစ်ဖြစ်နေတယ်။ အဲဒီလို ဖြစ်ဖြစ်နေတော့ အခုလည်း လက်လှမ်းမီသလောက် သွားရောက် ကူညီခဲ့ပေမဲ့ တချို့နေရာတွေပဲ ရနေပြီးတော့ တချို့နေရာတွေမှာ မလုံလောက်တာတွေလည်း တွေ့နေရတယ်။”
ကချင်ပြည်နယ်အပါအ၀င် တိုင်းရင်းသားနယ်မြေတွေမှာ တိုက်ပွဲတွေရပ်ဖို့အတွက် မြန်မာအစိုးရ တာဝန်ရှိသူတွေက တရားဝင် ကြေညာ အသိပေးတာမျိုးတွေ မရှိသေးတဲ့အတွက် တိုက်ပွဲတွေ ဆက်ရှိနေခဲ့တာပါ။ တိုက်ပွဲတွေကြောင့် အိုးအိမ်မဲ့သူတွေ စစ်မီးကို ငြိမ်းစေချင်ကြတယ်လို့လည်း ပြောကြပါတယ်။
“ကိုယ့်ဒေသ၊ ကိုယ့်ဇာတိကိုတော့ သူတို့က တမ်းတလွမ်းမောနေကြတာပေါ့။ ပြန်ချင်ကြတာပေါ့။ ပျော်လို့လာကြတာမှ မဟုတ်ဘဲ။ မလွှဲမရှောင်သာလို့သာ လာပြီးတော့ ခိုလုံနေကြရတာ ဖြစ်တယ်လေ။ ဒီစစ်ကြီး မြန်မြန် ငြိမ်းပါစေတော့လို့ ဆုတောင်းနေကြတာကို နားနဲ့ဆက်ဆက် ကြားခဲ့ရပါတယ်။”
ဒီလိုအကူအညီပေးမှုတွေကို ပြည်တွင်းက ကိုကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ မန္တလေးက ပရဟိတ လူမှုရေးအသင်းအဖွဲ့များက ဦးဆောင်ပြီး ဒုက္ခသည်တွေရှိတဲ့ နေရာတွေကို ပထမဦးဆုံး သွားရောက်ခဲ့ကြတာပါ။
အခုချိန်ထိ သူတို့တွေဟာ အကူအညီတွေ လိုအပ်နေဆဲဖြစ်ပြီး ရရှိတဲ့အကူအညီတွေဟာ မလုံမလောက် ဖြစ်နေရသေးသလို သူတို့ရဲ့ နေထိုင်ရပ်တည်ရေး ဘ၀တွေအတွက် အခုလက်ရှိ ဒုက္ခသည်အခြေအနေမှာ သာမက စစ်ပွဲပြီးရင်တောင် ဘ၀ရှင်သန်ရေးအတွက် အခက်အခဲတွေ ရှိနေဦးမယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်တာ နှစ် ၆၀ ကျော်ရှိခဲ့ပြီး တိုင်းရင်းသားဒေသတွေမှာ ပြည်တွင်းစစ် ဒဏ်ကြောင့် အိုးအိမ်မဲ့ ဒုက္ခသည်တွေ ပိုများလာနေသလို ကရင်ပြည်နယ်ဘက်က လူထုတွေ တွေ့ကြုံနေရတာက ပြည်တွင်းစစ်ဒဏ်ကြောင့် အစာရေစာ ပြတ်လတ်မှုတွေကိုပါ ကြုံတွေ့နေရပါတယ်။

ပုဂ္ဂလိကဘဏ် ၄ ခု နိုင်ငံခြားငွေ လွှဲခွင့်ရ။

ပြည်တွင်းဘဏ် လေးခုကို ထိုင်း၊ မလေးရှား၊ စင်္ကာပူနိုင်ငံတို့ကနေ ပြည်တွင်းငွေ လွှဲပို့မှု လုပ်ကိုင်ခွင့် လိုင်စင်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခွင့်ပြုလိုက်ပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေဆီက အခွန်မကောက်တော့ဘူး ဆိုပြီး အစိုးရက ကြေညာပြီးနောက် အခုလို ဘဏ်တွေကနေ ငွေလွှဲလို့ ရလာမယ်ဆိုတဲ့အတွက် ပြည်ပ ထွက်ခွာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ပြည်တွင်း ငွေလွှဲပို့တဲ့အခါ ပိုပြီး လွယ်ကူလာနိုင်မလား ဆိုတာကိုတော့ မသိင်္ဂီထိုက်က ပြည်ပမှာ အလုပ်လုပ် ကိုင် နေကြ သူတွေနဲ့ မေးမြန်းထားပါတယ်။
ပြည်တွင်းပုဂ္ဂလိက ဘဏ်လေးခုကို ပြည်ပကနေ ပြည်တွင်းငွေလွှဲ လုပ်ကိုင်ခွင့် ဗဟိုဘဏ်က ချထားပေး လိုက်တဲ့အကြောင်း နိုင်ငံပိုင် သတင်းစာကနေ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ကြေညာပါတယ်။ မြန်မာနိုင်ငံသား သန်းနဲ့ချီ အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံ၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေက ကနဦး စတင် ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရ ဘဏ် ၁၁ ခုထဲကနေ အစိုးရပိုင် သမ၀ါယမဘဏ်၊ ဆရာကျောင်းလို့ လူသိများတဲ့ ဦးအောင်ကိုဝင်းပိုင် ကမ္ဘောဇဘဏ်၊ ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်နဲ့ ဦးဇော်ဇော်ပိုင် ဧရာဝတီဘဏ်တို့ကို ရွေးချယ်ပြီး လုပ်ပိုင်ခွင့် ပေးလိုက်တာဖြစ်ပါတယ်။
ဒီဘဏ်တွေအနေနဲ့ နေ့စဉ် နိုင်ငံခြားငွေ ပေါက်ဈေးအလိုက် လဲလှယ်ပေးနိုင်မှပဲ ပြည်ပကနေ ငွေလွှဲသူတွေ အတွက် အဆင်ပြေမယ်လို့ မလေးရှား အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုထွန်းထွန်းက ပြောပါတယ်။
“နေ့စဉ်ငွေလွှဲခကို အပြောင်းအလဲပေါ်မှာ အတက်အကျပေါ်မှာ မူတည်ပြီးတော့ ဘဏ်တွေကနေပြီးတော့ ကိုယ့်မြို့ကိုယ့်ရပ် ဒီနိုင်ငံသားတွေရှိတဲ့ အရပ်တွေကို လွှဲပေးနိုင်အောင်ဆိုလို့ရှိရင် ဒါ အင်မတန် ကောင်းတယ်။ ဒီကလွှဲပေးတဲ့ပိုက်ဆံကို ငွေမာပေါ့နော်။ အမေရိကန်ဒေါ်လာနဲ့ပဲဖြစ်ဖြစ်၊ ဥရောပ ယူရိုငွေနဲ့ပဲ ဖြစ်ဖြစ်ပေါ့ အကောင့်ဖွင့်ပြီးတော့ ထည့်ပြီးတော့ သိမ်းထားလိုက်ရင် အဲဒီအပေါ်မှာ အတိုးရမယ်ဆိုရင် အဲဒါ ပိုကောင်းတယ်။ အလုပ်သမားတွေအတွက်။”
ဘဏ်တွေအနေနဲ့ နှစ်ပေါင်းများစွာ ပြည်ပ ငွေလွှဲလုပ်ငန်းကို လုပ်ကိုင်လာတဲ့ တရားမ၀င် ဟွန်ဒီငွေလွှဲပို့ သူတွေနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ လတ်တလော ဟွန်ဒီတွေက ငွေလွှဲတဲ့အခါမှာ စိတ်ချရမှု ရှိပေမဲ့ ငွေလွှဲခ ဈေးကြီးတဲ့အနေအထားမှာတော့ ရှိတယ်ဆိုပြီးလည်း သူက ပြောပါတယ်။
“ဟွန်ဒီသမားက သူ့အတွက် အမြတ်ချန်ပြီးတော့ ငွေဈေးကို သတ်မှတ်တယ်။ ဒီနေ့ ရန်ကုန်မှာ ဒေါ်လာဈေး ဘယ်လောက်ပေါက်သလဲတော့ ကျနော် မသိဘူး။ ဒီနေ့ ကွာလာလမ်ပူမှာ ငွေဈေးက မလေးရှား တစ် ရစ်ဂစ်ကို ၂၂ ကျပ်ပေါက်တယ်။ ဒါက ရန်ကုန်ကို။ မော်လမြိုင်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူဘက်ကို လွှဲမယ်ဆိုရင် လွှဲခဆိုပြီးတော့ ရစ်ဂစ် ၁၀ ကျနော်တို့ ထပ်ပေးရတယ်။”
မြန်မာ အလုပ်သမား သန်းနဲ့ချီ အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံမှာဆိုရင်လည်း လစဉ် ဘတ်ငွေ သန်းနဲ့ချီ ပြန်ပို့ငွေတွေ ရှိနေတဲ့အတွက် တကယ်လို့ ပြည်တွင်း ဘဏ်တွေကသာ ထိထိရောက်ရောက် ငွေလွှဲတဲ့ လုပ်ငန်းကို လုပ်ကိုင်နိုင်မယ်ဆိုရင် နိုင်ငံခြားငွေ စီးဝင်မှု ပိုများလာမယ့် အနေအထားမှာ ရှိပါတယ်။
ဒါပေမဲ့လို့ တရားမ၀င် ငွေလွှဲတဲ့ ဟွန်ဒီတွေက ကျေးရွာတွေအထိ အိမ်တိုင်ရာရောက် ငွေပို့ပေးနိုင်ပေမဲ့ ပုဂ္ဂလိက ဘဏ်တွေကတော့ မြို့ကြီးတချို့မှာပဲ ဘဏ်ခွဲတွေ ရှိနေသေးတာ ဖြစ်ပါတယ်။ လတ်တလော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ငွေလွှဲပို့နေရတဲ့ အနေအထားကိုတော့ အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုကျော်သောင်းက အခုလို ပြောပါတယ်။
“မြန်မာ အလုပ်သမား တစ်ယောက်ဟာ တစ်လရက်ပေါင်း ၃၀၊ ငွေ ၆,၀၀၀ ဆိုပြီး တွက်လို့မရဘူး။ အဲဒီအတွက် ၅,၀၀၀ ပဲ ထားပါဦး။ ပုံမှန်အားဖြင့် တွက်လို့ရှိရင် ဘတ် ၃,၀၀၀ မပို့နိုင်ဘူး။ ၂,၀၀၀ လောက်ပဲ ပို့နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ ဒီမှာ မြန်မာအစိုးရ အလုပ်သမား ၀န်ကြီးဌာနက အတည်ပြုတဲ့ ကိန်းဂဏန်း ၂ သန်းနဲ့ပဲ တွက်မယ်။ ကျနော်တို့ စောစောကပြောတဲ့ ဘတ် ၂,၀၀၀ မျိုး၊ ၃,၀၀၀ မျိုး ဆိုတာကို ထားလိုက်။ မြန်မာတစ်ယောက်ကို အနည်းဆုံး ဘတ် ၁,၀၀၀ လောက်ကတော့ ပို့တယ်ခင်ဗျ။ အဲဒီ ဘတ် ၁,၀၀၀ ကို လူ နှစ်သန်းနဲ့ ပို့မယ်ဆိုရင် သန်းပေါင်း နှစ်ထောင် ဆိုတော့ ဘတ် နှစ် ဘီလီယံ ဖြစ်မှာပေါ့နော်။ အဲဒါ မြန်မာငွေနဲ့ဆိုရင် အများကြီးပဲ။ ဒါဟာ အနည်းဆုံး တွက်ချက် ချက်ပဲ ဖြစ်တယ်ခင်ဗျ။ နည်းတော့ငွေကြေးတော့ မဟုတ်ဘူးနော်။”
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကတော့ ပြည်ပရောက် မြန်မာတွေ ဘဏ်တွေကနေ တရားဝင်ငွေလွှဲလာရင် အမျိုးသားဝင်ငွေကို အလွယ်တကူ တွက်ချက်နိုင်မယ်၊ ဒါ့အပြင် ငွေလွှဲတာမှာလည်း လုံခြုံ စိတ်ချရမှု ရှိလာ မယ်ဆိုပြီး ပြော ဆိုထားပါတယ်။ ဒါ့အပြင် အရင်က ကောက်ခံနေတဲ့ ပြည်ပထွက်ခွာ အလုပ်လုပ် သူတွေ ပေးဆောင် ရတဲ့ ၀င်ငွေခွန်ကိုလည်း လာမယ့် ၂၀၁၂ ခုနှစ်ကစပြီး ပယ်ဖျက်မယ်လို့ ပြည်ထောင် စုအစိုးရ က ကြေညာထားပါတယ်။
ဒါပေမဲ့ ပြည်ပငွေလွှဲပို့ လုပ်ဆောင်မယ့် ပုဂ္ဂလိကဘဏ်တွေ အနေနဲ့ ဘယ်လိုစနစ်နဲ့ ငွေလွှဲပို့ လုပ်ဆောင်မယ် ဆိုတာနဲ့ ဘယ်တော့ စပြီး လုပ်မယ်ဆိုတဲ့ အသေးစိတ်တော့ ထွက်ပေါ်မလာသေးပါဘူး။

ဂျပန် အထောက်အပံ့ မြန်မာ ပြန်ရဖွယ်ရှိ။

မြန်မာနိုင်ငံကို ရောက်နေတဲ့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကိုအီချီရို ဂမ်ဘာ Koichiro Gemba နဲ့ သမ္မတဦးသိန်းစိန်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba တို့ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တွေ့ဆုံဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။(RFA)

ပြောင်းလဲလာတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို တိုးမြှင့်နိုင်ဖို့ အခွင့်အလမ်းတွေကို လာရောက်လေ့လာ ဆွေးနွေးတယ်လို့ ထင်မြင်ကြောင်း သမ္မတရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က အာရ်အက်ဖ်အေကို ပြောပါတယ်။

“ခုနောက်ပိုင်းမှာ မြန်မာနိုင်ငံကလေ နိုင်ငံခြားရေး မူဝါဒမှာ ပိုပြီးတော့ တံခါးဖွင့်ပြီးတော့မှ တခြားနိုင်ငံတွေနဲ့ ပိုပြီး နီးနီးစပ်စပ် ဆက်သွယ်ဖို့ အတွက် အခွင့်အလမ်းတွေ ပေါ်လာတဲ့အခါမှာ ဂျပန်နိုင်ငံ အနေနဲ့ ကလည်းပဲ မြန်မာနိုင်ငံရဲ့ ရှေ့ဆက်ပြီးတော့သွားမယ့် နိုင်ငံရေး၊ စီးပွားရေး အလားအလာတွေနဲ့ ပတ်သက်ပြီးတော့ လာပြီးတော့မှ ပိုပြီးတော့မှ ဆက်ဆံမှု တိုးမြင့်နိုင်ဖို့အတွက် အခွင့်အလမ်းတွေ လာပြီးတော့မှ ထိတွေ့လေ့ လာ ဆွေးနွေးတဲ့ သဘောလို့ ထင်ပါတယ်”

၂ဝဝ၃ ခု ဒီပဲယင်းလုပ်ကြံမှု နောက်ပိုင်း ဂျပန်အစိုးရက မြန်မာနိုင်ငံကို ပေးနေတဲ့ နိုင်ငံရပ်ခြား အကူအညီ ODA အပါအဝင် တခြားထောက်ပံ့မှု အားလုံး ရပ်ဆိုင်းပြီးနောက် အခု ဂျပန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်မှာ အကူအညီအားလုံး ပြန်ပေးဖို့ကိစ္စတွေ ဆွေးနွေးကြပါမယ်။ ဒါ့အပြင် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ရေးရာရုံး တာဝန်ခံ ဒေါက်တာမင်းညိုက အာရ်အက်ဖ်အေကို ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ ဂျပန်အနေနဲ့ အနီးကပ် ဆက်ဆံပြီး ကူညီပံ့ပိုးပေး ဖို့ မျှော်လင့်ကြောင်းလည်း ဂျပန်အစိုးရက ပြောဆိုထားပါတယ်။

ဂျပန် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ် သာ လမ်း နေအိမ်မှာ ဒီကနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် သတင်းစာရှင်း လင်းပွဲ ပြုလုပ်ခဲ့ တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က အာရ်အက်ဖ်အေ ကို ပြောပါတယ်။

“ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ၅ နာရီ ၂ဝ မှာ ရောက်လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့ အဖွဲ့နဲ့ တွေ့ပြီးတော့ ဆွေးနွေးကြတယ်။ ပြီးတော့ ၆ နာရီ ၁ဝ မိနစ်လောက်မှာ ထွက်လာပါတယ်။ ထွက် လာပြီး တော့ မြက်ခင်းပြင်မှာ စောင့်နေတဲ့ သတင်းထောက်တွေကို နိုင်ငံခြားရေးဝန်ကြီးက စကားပြန်ကနေ တဆင့် ၁ဝ မိနစ်လောက် ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၈ မိနစ်လောက် ပြောပါတယ်”

ဂျပန်နိုင်ငံကို လာရောက်ဖို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့ပါတယ်။ အလားတူပဲ သမ္မတ ဦး သိန်းစိန်ကိုလည်း ဖိတ်ကြားခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက ပြော သွားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့ ကြိုးစားသွား မှာ ဖြစ်ကြောင်း ပြော ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂျပန်နိုင်ငံရဲ့ တိုးတက်ဖွံဖြိုးမှုတွေကို လေ့လာသင့်ကြောင်းနဲ့ မိမိလည်း သွားရောက်ဖို့ ကြိုးစားမှာဖြစ်ကြောင်း သတင်းထောက်တွေကိုပြောပါတယ်။ မြန်မာ့ ဒီမိုကရေစီရေးကို နှစ်ပေါင်း ၂ဝ ကျော် ထောက်ခံ အားပေးလာတဲ့အတွက်လည်း ဂျပန်နိုင်ငံကို ကျေးဇူး တင်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောသွားပါတယ်။

တစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် ဘဏ်တိုးနှုန်းလျှော့။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကဘဏ်တိုးနှုန်းတစ်နှစ်အတွင်းဒုတိယအကြိမ် လျှော့ပေါ့ ပြင်ဆင်သတ်မှတ် လိုက်ကြောင်း ယခုလ ၂၃ရက်နေ့တွင် ပြုလုပ်သည့် ဘဏ်များ အသင်း အမှုဆောင် အဖွဲ့၏ ၁၃၅ ကြိမ်မြောက် အစည်းအဝေးတွင် ဘဏ္ဍာရေး ၀န်ကြီး ဦးလှထွန်းကပြောကြားလိုက်သည်။

ယခုကဲ့သို့ ဘဏ်တိုးနှုန်း ပြင်ဆင်သတ်မှတ်လိုက်ရာတွင် ယခင် ဗဟိုဘဏ်အတိုးနှုန်းကို ၁၂ ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းသို့၎င်း၊ ပုဂ္ဂလိကဘဏ်များမှ အပ်ငွေ အပေါ်ပေးသည့် အတိုးနှုန်းကို ၁၀ ရာနှုန်းမှ ၈ ရာနှုန်းသို့ ၎င်း၊ ချေးငွေနှင့် စာရင်းပိုထုတ်ချေးငွေများကို ၁၅ ရာနှုန်းမှ ၁၃ ရာနှုန်းသို့ အသီးသီး လျှော့ချလိုက်သည်။

ထို့တူ အစိုးရငွေတိုက် စာချုပ်ချေးငွေများ အပေါ် အတိုးနှုန်းကိုလည်း ၂ ရာနှုန်းစီ အသီးသီး လျော့ချလိုက်သည်ဟု သတင်းစာဖေါ်ပြချက်များအရ သိရသည်။ ယင်းသို့လျှော့ချသည့် အတိုးနှုန်းသစ်များမှာ လာမည့် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင် အကျုံးဝင်မည်ဖြစ်သည်။

အတိုးနှုန်းလျှော့ချရခြင်း အကြောင်းရင်းနှင့် ပတ်သက်၍ ဘဏ္ဍာရေး ၀န်ကြီးက စီးပွားရေး တိုးတက်မှုနှုန်း တုံ့ဆိုင်းနေသေးသည့် အချက်၊ ဘဏ်များတွင်ငွေကြေး အပ်နှံမှု လစဉ်များတိုးမြင့်လာနေသည့် အချက်ကြောင့်ဟု ရည်ညွှန်းပြောဆိုသွားကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖေါ်ပြထားသည်။

ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ (၂) ဦးသန်းလွင် “ ပထမအကြိမ် ဘဏ်တိုးနှုန်းများ လျှော့ချပေးခဲ့စဉ်က အတိုးနှုန်းမှာ ကွာဟမှုမှာ သိသာထင်ရှားခြင်းမရှိသဖြင့်ဘဏ်များတွင်  ချေးငွေသိသိသာသာ တက်လာခဲ့ခြင်း မရှိသော်လည်း ယခုလို အတိုးနှုန်းများ ဒုတိယအကြိမ် လျှော့ချပြင်ဆင် လိုက်သည့်အခါတွင် ပုဂ္ဂလိကဘဏ်များတွင် ယခင်ကထက် ချေးငွေတက်လာနိုင်သည် ”  ဟု ပြောသည်။

“အတိုးနှုန်းတွေကလျှော့မှရမှာ။ ဒါမှ အသက်ရှုချောင်မှာလေ၊ မြန်မာနိုင်ငံရဲ့ဘဏ်တိုးနှုန်းက အရှေ့တောင်အာရှရဲ့ အတိုးနှုန်းအမြင့်ဆုံးနိုင်ငံထဲမှာပါတယ်လေ၊ စကာင်္ပူရဲ့အတိုးနှုန်းတောင် ၃ ရာခိုင်နှုန်းအောက်ပဲရှိတယ်” ဟု ၄င်းကဆိုသည်။

ပို့ကုန်သွင်းကုန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးလှမောင်ရွှေကမူ ယခုကဲ့သို့ဘဏ်တိုးနှုန်းများ တစ်နှစ်အတွင်း နှစ်ကြိမ်လျှော့ချမှုကို လုပ်ငန်းရှင်တစ်ဦးအနေဖြင့် ကြိုဆို ၀မ်းမြောက်ကြောင်း၊ သို့သော် ချေးငွေအပေါ်တောင်းခံသည့် ဘဏ်တိုးနှုန်းပြင်ဆင်သတ်မှတ်လိုက်ခြင်းသည် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတချို့အတွက်သာ အဆင်ပြေစေနိုင်ပြီး၊ တချို့သော အင်အားသေးငယ်သည့် စီးပွားရေး လုပ်ငန်းရှင်များအတွက် ယခုသတ်မှတ်လိုက်သော ဘဏ်တိုးနှုန်းဖြင့် လုပ်ငန်းလည်ပတ်ရန် ခက်ခဲနေ သေးကြောင်း ပြောဆိုခဲ့သည်။

“အခုပြင်ဆင်လိုက်တဲ့အတိုးနှုန်းကြောင့် ငွေဖောင်းပွတဲ့နှုန်းမှာ အလုပ်မလုပ်နိုင်တဲ့ မလုပ်လိုတဲ့ ငွေစု သူတွေအ တွက်တော့ ဆက်ပြီးစုမှာလား အလုပ်လုပ်မှာ လားလို့မေး စရာရှိလာ ပါတယ်။ ချေးငွေသမားတွေအနေနဲ့ကတော့ အဆင်ပြေတာပေါ့။ ချေးငွေသ မားကတော့ လျှော့လေကြိုက်လေ ပါပဲ”ဟု ဦးလှမောင်ရွှေကဆိုသည်။

စီးပွားရေးပညာရှင် ဒေါက်တာဒေါ်ရီရီမြင့် ကတော့ ယခုပြင်ဆင်လိုက်သည့် ဘဏ်တိုးနှုန်းများသည် စီးပွားရေး လုပ်ငန်းရှင်များအတွက် အခွင့်အရေးတစ်ရပ်ဖြစ်သော်လည်း ယခုလက်ရှိအချိန်သည် စီးပွားရေးလုပ် ငန်းများ အေးနေ ချိန်ဖြစ် သဖြင့် လက်တွေ့တွင် စီးပွားရေးတိုးတက်မှုကို  ပံ့ပိုးနိုင်ခြင်းရှိမ ရှိကိုမူ စောင့်ကြည့် သွားရဦး မည်ဖြစ် ကြောင်း သုံးသပ်ပြောဆိုသည်။

ယခုတကြိမ် လျှော့ချခြင်းမ ပြုမီ လွန်ခဲ့သည့် စက်တင်ဘာလက ၁ ရက်နေ့ကလည်း ဗဟိုဘဏ်တိုးနှုန်းမှလွဲ၍ ကျန်အတိုးနှုန်းများကို ၂ ရာခိုင်နှုန်း အသီးသီးလျှော့ချခဲ့သေးသည်။

ဘဏ်တိုးနှုန်းမြင့်မားနေခြင်းကြောင့် မြန်မာစီးပွားရေးနယ်ပယ်သို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံငွေများ ၀င်ရောက်လာကာ ဘဏ်အပ်ငွေအဖြစ် အပ်နှံပြီး အတိုးနှုန်းကွာဟမှု အပေါ်အကျိုးအမြတ်ခံစား လျှက်ရှိသည်ဆိုသည့် သတင်းများ ထွက်ပေါ်လျှက်ရှိသည်။ သို့ရာတွင် မြန်မာစီးပွားရေး နယ်ပယ်တွင် တရားမ၀င်ငွေလွှဲမှုနှင့် သက်ဆိုင်သည့် ကိန်းဂဏန်းအချက်အလက်များ မရရှိနိုင်သဖြင့်   ပြည်ပမှ ငွေကြေးပမာဏ မည်မျှစီးဝင်သည်ကို တိကျစွာပြောဆိုနိုင်ခြင်း မရှိပေ။

Thursday, December 22, 2011

နိုင်ငံရပ်ခြားတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူများ ၏ နိုင်ငံခြားဝင်ငွေများမှ နိုင်ငံတော်သို့ အခွန်ပေးဆောင်ခြင်းအား ကင်းလွတ်ခွင့်ပြု။

ပြည်ပနိုင်ငံများတွင် သွာရောက်အလုပ်လုပ်ကိုင်နေသူများ၏ ဝင်ငွေအပေါ် နိုင်ငံတော်မှ အခွန်ကောက် ခံနေခြင်းအား ကင်း လွတ်ခွင့်ပြုကြောင်း အမိန့်ကြော်ညာစာတစောင်ကို အစိုးရမှ ထုတ်ပြန်ခဲ့ပါသည်။ အမိန့်ကြော် ညာစာ အပြည်အ စုံမှာ အောက်ပါအတိုင်ဖြစ်ပြီး ထိုအမိန်အရ ပြည်တွင်းတွင် နိုင်ငံခြားငွေဖြင့် အလုပ်လုပ် ကိုင်နေကြ သူများ အတွက် အကျုံးဝင်မဝင်ကို ဖော်ပြထားခြင်းမရှိပါ။

လာမည့် ပညာသင်နှစ်မှ စတင်ကာ ၀ိဇ္ဇာ၊ သိပ္ပံနှင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အားလုံး ပညာသင်နှစ်တစ်နှစ် ထပ်တိုးမည်။

လာမည့် ပညာသင်နှစ်မှ စတင်ကာ ၀ိဇ္ဇာ၊ သိပ္ပံနှင့် အသက်မွေးဝမ်း ကျောင်းတက္ကသိုလ် အားလုံးတွင် ပညာသင်နှစ် တစ်နှစ်ထပ်မံတိုးချဲ့ကာ သင်ကြားသွားရမည် ဖြစ်သည် ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဒီဇင်ဘာ လ ၁၆ ရက် နေ့က နည်းပညာတက္ကသိုလ် (လားရှိုး) တွင် ကျင်းပခဲ့သည့် အစည်းအဝေး ၌ ပြောကြား ခဲ့ပါသည်။
စက်မှုနိုင်ငံတည်ထောင်မည်ဆိုလျှင် နည်းပညာရှင်များ၏ အရည်အသွေး ပြည့်ဝမှုအပေါ်တွင် များစွာ အခြေခံနေသည်ကို ထင်ရှားစွာ တွေ့မြင်ရမည် ဖြစ်ကြောင်းနှင့် မိမိတို့နိုင်ငံ တွင် စက်မှုကဏ္ဍ ဖွံ့ဖြိုးလာစေရန်နည်း ပညာရှင် အရေအတွက်များစွာ မွေးထုတ်ပေးရဦးမည် ဖြစ်ခြင်းတို့ကြောင့် လာမည့် ပညာသင်နှစ်မှစ၍သိပ္ပံ၊ ၀ိဇ္ဇာဘာသာရပ်များအား ပညာသင်နှစ်ထပ်တိုးပြီး သင်ကြားတော့မည် ဖြစ်သည့်အပြင် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များတွင်လည်း ပညာသင်ကာလ အလားတူ ထပ်တိုး၍ သင်ကြားစေတော့မည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးတွင် ဒုတိယသမ္မတက ထည့်သွင်း ပြောကြားခဲ့ပါသည်။

အခြေခံ ပညာသင်နှစ်များကို မူလရှိရင်းစွဲ စာသင်နှစ်များထက် တစ်နှစ်ထပ်မံတိုးချဲ့ခြင်းမှာ အာဆီယံ အဆင့်နှင့်အညီ ပြုလုပ်ခြင်းအပြင် နိုင်ငံတကာပညာရေးနှင့် တစ်ပြေးညီ အဆင့်ရှိသွားစေနိုင်သည်ကို ရန်ကုန် ပညာရေးတက္ကသိုလ်မှ အငြိမ်းစား ဒုတိယပါမောက္ခချုပ်က ပြောကြားခဲ့ သည်။
ထို့ပြင် နည်းပညာတက္ကသိုလ် များတွင်လည်း စာသင်နှစ်ဝက်ဆုံး စာမေးပွဲစစ်ဆေးရာတွင် ယခင်နှစ်များကနှင့်မတူ ကျရှုံးသည့်ကျောင်းသားဦးရေများစွာရှိခဲ့ကြောင်းနည်းပညာတက္ကသိုလ်ကျောင်းသားအချို့ကပြောကြားခဲ့ကြသည်။

“ဒီနှစ်သမီးတို့ civil ဘာသာ မှာဆိုလူ ၁၃၀၀ ဖြေရင် ၈၀၀ ကျော် လောက်ပဲအောင်တယ်။ ဒီနှစ်မှာ အရမ်းကျတယ်။ ဆရာမတွေက နှစ်စကတုန်းကတည်းကတော့ ပြောထားပြီးသား။ ဒီနှစ်မှာ အရေအတွက် ကို ဦးစားမပေးဘဲ အရည်အသွေးကို ဦးစားပေးစိစစ်မယ်လို့ ပြောထားတယ်” ဟု နည်းပညာတက္ကသိုလ် ဒုတိယနှစ် ကျောင်း သူတစ်ဦးက ပြောကြားခဲ့ပါ သည်။

အသစ်ထပ်မံချထားပေးမည့် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများ၏ နည်းပညာပိုင်းမှာ ပိုမိုကောင်းမွန်မည်။

အသစ်ထပ်မံချထားပေးမည့် ကျပ်သုံးသိန်းဝန်းကျင် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများ၏ နည်းပညာပိုင်းမှာ ယခင်ချထားပေးခဲ့သည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများထက် နည်းပညာပိုင်းအရ ပိုမိုအားသာမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။ အဆိုပါ ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများအား ကျပ်သုံးသိန်းထက် မကျော်သော ဈေးနှုန်းဖြင့် ချထားပေးမည်ဖြစ်ပြီး လက်ရှိမိုဘိုင်းဖုန်းများနှင့် အထွက်ခေါ်ဆိုခ တူညီကာ အဝင်ခေါ်ဆိုခ ကောက်ခံမည် မဟုတ်ကြောင်း သိရသည်။ “အသစ်ချပေးမယ့် ဖုန်းတွေရဲ့ ဖုန်းခေါ်ဆိုခတွေ တက်ဖို့မရှိသလို ချပေးဖို့လည်း မရှိပါဘူး။ အသစ်ချပေးမယ့် ဖုန်းတွေမှာဆို System ပိုင်း မြှင့်လိုက်တာ မဟုတ်ဘဲ System ပိုင်း ပိုကောင်းလာတာ။ အရင်တုန်းက နည်းပညာနဲ့ အခုထပ်ဝယ်တဲ့ နည်းပညာက မတူတော့ဘူး။ တော်တော်များများ BTS တွေဆို သေးသွားတယ်။ Transmission စက်လေးတွေဆို DVD Player တွေထက် သေးသေးတယ်။ ဒါတွေက အခုနောက်ပိုင်း Generation မှာ သူ့ဟာသူ နည်းပညာ အပြောင်းအလဲကြောင့် ဖြစ်လာတာ။ ဆိုလိုချက်တာက အဲဒါပါပဲ။ သပ်သပ်မြှင့်လိုက်တာ မဟုတ်ဘူး။ အရင်တုန်းက အရင်ပေါ်ခဲ့တဲ့ပစ္စည်းတွေ ဝယ်တပ်ခဲ့ရသလို အခုက ခုခေတ်ပေါ်ပစ္စည်းတွေ ဝယ်တပ်ရတယ်။ အဲဒီသဘောပါပဲ” ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးဇော်မင်းဦးက ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

Thursday, December 15, 2011

တရုတ်သံအမတ်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံ။

မြန်မာအစိုးရကို ကျောထောက်နောက်ခံ ပေးထားတယ်လို့ အများက မြင်နေကြတဲ့ တရုတ်နိုင်ငံက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိတွေ့ ဆက်ဆံမှုတွေ စတင်လိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခဲ့တာပါ။ မြန်မာနိုင်ငံမှာ အစိုးရက အပြောင်းအလဲတွေ လုပ်လာခဲ့ပြီး နောက် နိုင်ငံတကာ သံတမန် ဆက်ဆံရေးမှာလည်း  ပြောင်းလဲလာနေတဲ့ အခြေအနေတွေကိုတော့ မသင်း သီရိက တင်ပြပေးထားပါတယ်။

မြန်မာအစိုးရရဲ့ အဓိကမဟာမိတ် နိုင်ငံတခုအဖြစ် ယုံကြည်ထားကြတဲ့ တရုတ်နိုင်ငံဟာ မြန်မာ့ဒီမိုကရေ စီရေး လှုပ်ရှားသူတွေနဲ့ ခပ်ကင်းကင်း နေလာတာဖြစ်ပေမဲ့ အခုအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေး ခေါင်းဆောင်တဦးနဲ့ပါ တွေ့ဆုံလာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီကျုံဝှာ (Li Junhua) နဲ့ ပြီးခဲ့တဲ့ တပတ်အတွင်း ရန်ကုန်မြို့မှာ တွေ့ဆုံ ဖြစ်တာကတော့ ဒေါ်အောင်ဆန်း စုကြည် ဖက်က ထပ်တလဲလဲ တောင်းဆိုနေတဲ့အတွက် တွေ့ဆုံခဲ့တာလို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ လျူ ဝေမင်း (Liu Weimin) က ဒီကနေ့ပဲ ဘေဂျင်းမြို့တော်မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

"ဒေါ်အောင်ဆန်းစုကြည် အနေနဲ့  တရုတ်နိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ မျှော်လင့်နေတာကို အခါပေါင်းများစွာ ပြောဖူးပါတယ်၊ သူ့ရဲ့ မေတ္တာရပ်ခံချက်ကို တုန့်ပြန်တဲ့ အနေနဲ့ တရုတ်သံအမတ်ကြီး  သွားတွေ့ခဲ့ပဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘောထား အမြင်တွေကို နားထောင်ခဲ့တာပါ။ တရုတ်နိုင်ငံအနေနဲ့ ၂ နိုင်ငံကြား မဟာဗျူဟာကျတဲ့ အပြည့်အ၀ ဆက်ဆံရေးမျိုး ထားရှိဖို့ သန္နိဓာန် ချထားတာဖြစ်သလို၊ မြန်မာနိုင်ငံက လူမှုရေး၊ စီးပွားရေး တိုးတက်အောင် လူတွေဘ၀ သာယာဝပြောအောင် ကြိုးပမ်းမှုတွေဟာ အင်မတန် အရေးကြီးတာကို တရုတ်နိုင်ငံက လက်ခံထားတယ်၊ နိုင်ငံတခုရဲ့ အရေးကို ၀င်မစွက်ဖက်ရေး မူဝါဒအပေါ် အခြေခံပြီး၊ ၂ နိုင်ငံစလုံးက လူထုအတွက် ပိုမိုအကျိုးများစေဖို့ တရုတ်-မြန်မာ ဆက်ဆံရေးမှာ သက်ဆိုင်ရာ လူမှု အသိုင်းအ၀န်းက အားလုံးနဲ့ တရုတ်နိုင်ငံက ထိတွေ့ဆက်ဆံနေတာ ဖြစ်ပါတယ်။"

ပြီးခဲ့တဲ့ ဒီဇင်ဘာ (၈) ရက်နေ့ က တရုပ်သံအမတ်ကြီးနဲ့  အတူ ဒုတိယ အတွင်းဝန်တို့ဟာ ဒေါ်အောင်ဆန်း စုကြည်အိမ်မှာ  ဒေါ်အောင်ဆန်းစုကြည်နဲ့ နေ့လည် ၃ နာရီကနေ   ညနေ ၄ နာရီကျော်ထိ ၁ နာရီကျော် တွေဆုံခဲ့ပါတယ်။ ကနဦး ၂ ဦး ၂ ဖက် ဆက်ဆံရေး တွေရင်းနှီးလာစေဖို့ အတွက် အခုလို တွေ့ဆုံကြတာပါ လို့လည်း NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က  ဦးခွန်သာမြင့်ကပြောပါတယ်။

"ပထမတော့ တယောက်နဲ့တယောက် ရင်းနှီးဖို့ပါပဲ၊ တယောက်သဘော တယောက်သိဖို့ပါ။ အခုဟာက ဒီကြားထဲမှာ အနှစ် ၂၀ ကျော်က တရုပ်နဲ့ ကျနော်တို့ကြားထဲမှာ ပွင့်လင်းတဲ့ နားလည်မှု မရှိဘူးပေါ့။ အဲဒါအတွက် ပထမဆုံး အဆင့်အနေနဲ့ လာတွေ့တာပါ။ တယောက်နဲ့တယောက် နားလည်မှု အများကြီး ရပါတယ်။"

NLD ပါတီက ဦးခွန်သာမြင့်ပါ။

လာမယ့် သတင်းပတ်တွေအတွင်း မြန်မာနိုင်ငံမှာ ကျင်းပမယ့် မဲခေါင် မြစ်ဝှမ်းနိုင်ငံများ အစည်းအဝေးကို တက်ဖို့ နိုင်ငံတော်ကောင်စီဝင် ဒိုင် ဘင်ဂေါင်း (Dai Bingguo)  လာရောက်မှာ ဖြစ်ပါတယ်။ ဒီလို တရုတ်အဆင့်မြင့် အရာရှိတွေ မြန်မာနိုင်ငံကို လာစဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ မတွေ့ ခုချိန်ထိ မသိရသေးပေမယ့် တရုတ်ဖက်က ပြောင်းလဲလာတဲ့  ဆက်ဆံရေးတွေကြောင့်ရော လက်ရှိ အမေရိကန် မြန်မာ ဆက်ဆံရေးတွေကြောင့်ပါ တရုတ် ခေါင်းဆောင်တွေဟာ အစိုးရနဲ့ေ တွ့သလို ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း တွေ့ဆုံနိုင်ခြေ ရှိနိုင်တယ်လို့လည်း မြန်မာ့အရေး လေ့လာသူတွေ သုံးသပ်ကြတာရှိပါတယ်။

တခါ ဒီကနေ့ ဗဟန်းရွေဂုံတိုင်မှာ ရှိတဲ့ NLD ရုံးချုပ်မှာ မြန်မာနိုင်ငံကို ရောက်နေတဲ့ ဥရေပသမဂ္ဂ နိုင်ငံခြားရေးနဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန် (Catherine Ashton) ရဲ့ အကြံပေး Mr. Robert Cooper နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေရော  CRPP အဖွဲ့နဲ့ပါ တွေ့ဆုံခဲ့ပြီး လက်ရှိ မြန်မာ့အရေး အခြေအနေတွေ ပြောဆိုဖြစ်ခဲ့တယ်လို့ NLD ပါတီက ပြောခွင့်ရသူ   ဦးဥာဏ်ဝင်းက ပြောပါတယ်။

"မနက်၁၀နာရီက ကျနော်တို့အဖွဲ့ချုပ် ရွေဂုံတိုင်ရုံးမှာပါ။ CRPP အဖွဲ့တွေကလည်း သူတို့ရဲ့ အခက်အခဲ၊ သူတို့ပါတီတွေ ဘာကြောင့် မှတ်ပုံပြန်မတင်ဖြစ်သေးတယ် ဆိုတာရယ် ဘာကြောင့် ဆိုတဲ့နေရာမှာ ဥပမာ ရှမ်းဆိုရင် ခွန်ထွန်းဦးတို့၊ စိုင်းညွန့်လွင်တို့ အခုထိ မလွတ်မြောက်သေးတဲ့ အတွက် သူတို့အနေနဲ့ ခေါင်းဆောင်တွေ မရှိလို့ မှတ်ပုံမတင်ရသေးဘူး ဆိုတဲ့အကြောင်း။ နောက်တခုကတော့ စီးပွားရေးကိစ္စတွေ ဆွေးနွေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ IMF ကိစ္စတွေ၊ IMF တို့ဘာတို့နဲ့ ဆက်သွယ် ဆောင်ရွက်ဖို့ အရေးကြီးတယ်ဆိုတဲ့ အကြောင်းတွေ ဆွေးနွေးတာပါ။ မစ္စတာ Cooper က အရင်လည်း တခေါက် လာဖူးပါတယ်။ သူတို့ကတော့ မြန်မာနိုင်ငံ တိုးတက်ဖို့အတွက် ရွေးကောက်ပွဲကိစ္စ၊ လွတ်လပ်ဖို့နဲ့ Secret Voting နဲ့ Monitoring တွေရှိရင် ကောင်းမယ်ဆိုတဲ့ သဘောတွေ ဆွေးနွေးပါတယ်။"

NLD ပါတီပြောခွင့်ရသူ   ဦးဥာဏ်ဝင်းပါ။

ဒါ့အပြင် မစ္စတာ Cooper က နိုင်ငံတော်သမ္မတနဲ့ရော  အစိုးရအဖွဲ့ဝင် တချို့နဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် ဆွေးနွေးတဲ့အကြောင်း အရာတချို့ကို ရှင်းပြခဲ့တယ်လိုလည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

တခါ လာမယ့် ဇန်န၀ါရီလဆန်းပိုင်းထဲ  ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟေ့ဂ် (William Hague) လည်း မြန်မာနိုင်ငံကို  လာရောက်ဖို့ရှိပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ကမှ အာရှခရီးစဉ်ကို အဆုံးသတ်သွားတဲ့ အမေရိကန်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Drek Mitchell ကတော့ သူတရုတ်နိုင်ငံကိုရောက်စဉ်အတွင်း အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံရဲ့ သံတမန်ရေးတွေ၊ ဆက်ဆံရေးတွေ တိုးမြင့်လာတယ်ဆိုပေမယ့် တရုတ်နိုင်ငံကို ထိခိုက်စေလိုတဲ့ ရည်ရွယ် ချက် မရှိကြောင်းပြောခဲ့ပါတယ်။ အမေရိကန်အနေနဲ့ တရုတ် မြန်မာဆက်ဆံရေးမှာ အနှုတ်လက္ခ ဏာပြဖို့ မလို လာဘူးလို့ ဘေဂျင်းမြို့တော်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

NLD ရွေးကောက်ပွဲဝင်မည်ကို ကြံ့ဖွံ့စိုးရိမ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက ပြည်ပလွှမ်းမိုးမှု ရှိသော ပါတီတခုကြောင့်မြန်မာနိုင်ငံအပေါ် ပြည်ပက လွှမ်းမိုးလာမည်ကို အထူးစိုးရိမ် သည် ဟု ပြောလိုက်ကြောင်း သတင်း ရရှိသည်။
လွှတ်တော်တက်နေသည့် တောင်ဥက္ကလာပလွှတ်တော် ကိုယ်စားလှယ်၊ ကြံ့ဖွံ့ပါ တီ၏ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း (ဓာတ်ပုံ - ဧရာဝတီ)
ဦးအောင်သိန်းလင်းက ရန်ကုန်အခြေစိုက် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီနှင့် ဒီဇင်ဘာလ ၄ ရက်နေ့က ရန်ကုန်မြို့ အင်းလျားကန် မြကျွန်းသာ စားသောက်ဆိုင်တွင် တွေ့ဆုံ၍ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းနှင့် တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီ ခေါင်းဆောင်တဦးက ပြောသည်။
“သူပြောသွားတာက သူတို့က စာမဖတ်ဘူး၊ နိုင်ငံရေးအတွေ့အကြုံမရှိဘူး၊ အထက်အမိန့်ပဲ နားထောင်တတ်တဲ့ ဗိုလ်ချုပ် ဟောင်းတွေဖြစ်တယ်၊ ညွှန်ကြားတာကိုပဲ လုပ်တတ်တယ်တဲ့၊ အဲဒီတော့ သူတို့အနေနဲ့ တခြားနိုင်ငံရေး ပါတီတွေနဲ့ ပူးပေါင်းလိုတယ်၊ လိုအပ်တဲ့ အကူအညီတွေ ပေးမယ်ပေါ့။ လောလောဆယ် မြန်မာ့နိုင်ငံရေးကို ပြည်ပက လွှမ်းမိုးမှုရှိလာမယ့် အရိပ်အရောင်တွေ မြင်နေရတယ်လို့လည်း ပြောတယ်” ဟု သူက ဆိုသည်။
ဦးအောင်သိန်းလင်း ပြောသည့် ပြည်ပလွှမ်းမိုးမှု ရှိနေသော ပါတီ ဆိုသည်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ဆိုလိုခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီနှင့် တွေ့ဆုံပြီး ကမ်းလမ်းမှုများ ပြုလုပ်လာခြင်းမှာ တကျော့ပြန် နိုင်ငံရေးတွင် NLD ပါဝင်လာမှုကို တန်ပြန်သည့် သဘောဖြစ်ကြောင်း ပြည်တွင်းနိုင်ငံရေးအသိုင်း အ၀န်းက ပြောဆိုနေကြသည်။
“ကြံ့ဖွံ့အနေနဲ့ အခုအခြေအနေမှာ ပါတီလှုပ်ရှားမှု မရှိသလောက် ဖြစ်နေတယ်။ ဂျာနယ်တွေ မှာကလည်း တနေ့ တနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD သတင်းတွေကိုပဲ အဓိက ဦးစားပေးကြတော့ ဦးဌေးဦးတို့၊ ဦးအောင်သိန်းလင်းတို့ ကိုယ်တိုင်စိတ်မသက်မသာ ဖြစ်နေတယ်ဆိုတာ သူတို့ကိုယ်တိုင် ထုတ်ဖော် ပြောခဲ့တာမျိုးရှိတယ်။ 
သူတို့အနေနဲ့ NLD သာ ရွေးကောက်ပွဲ ၀င်လာရင် ယှဉ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုကလည်း အတော်ကြီးလာတယ်။ ဒါကြောင့် သူတို့ဘက်မှာ ခိုင်မာအောင် မဟာမိတ်ဖွဲ့ဖို့ ပါတီတွေကို စပြီး တွေ့တဲ့သဘောလို့ ထင်ပါတယ်။ NLD က ၉၀ ရွေးကောက်ပွဲမှာ နိုင်ခဲ့တယ်၊ လူထုထောက်ခံခဲ့တယ်။ အခုလည်း ထောက်ခံမှု ရှိနေတာတွေ့နေရဆဲပဲ” ဟု ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ နိုင်ငံရေးသမား တဦးက ဆိုသည်။
ပြည်တွင်း သတင်းဂျာနယ်များတွင် ကြံ့ဖွံ့ပါတီနှင့် ဒီမိုကရေစီမိတ်ဆွေပါတီများ ပူးပေါင်းမည်ဆိုသော ဦးအောင်သိန်းလင်း၏ အဆိုကို ကိုးကား ရေးသားခဲ့သော်လည်း အဆိုပါသတင်းများ မမှန်ကြောင်း၊ အလွတ်သဘော တွေ့ဆုံခြင်းသာ ဖြစ်ကြောင်း ဒီမိုကရေစီ ပါတီများက သတင်းစာ ရှင်းလင်းပွဲ ကျင်းပ၍ ပြန်လည် ရှင်းလင်း ခဲ့ကြရသည်။
ကြံ့ဖွံ့ပါတီက လာမည့်ရွေးကောက်ပွဲများတွင် တခြားသော အင်အားနည်း ပါတီများကို ငွေကြေးအရ ကူညီခြင်းများ ရှိလာနိုင်ပြီး တရားဝင် မဟာမိတ်ပုံစံဖြင့် NLD ပါတီကို ယှဉ်ပြိုင်လာနိုင်ကြောင်း သုံးသပ်မှုများကလည်း နိုင်ငံရး အသိုင်းအ၀န်းတွင်ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက် ရှိသည်။
“တချို့ပါတီတွေ ဘက်က ရုံးတွေဖွင့်ဖို့ နေရာ အကူအညီတောင်းတာမျိုး၊ ကားသွင်းခွင့်ရဖို့ တောင်းတာမျိုး တွေလည်း ရှိနေတယ်လို့ သိရပါတယ်။ နောက်ပိုင်း ရွေးကောက်ပွဲမှာ ပြိုင်ဖို့ ငွေရေးကြေးရေး ကူညီတာ မျိုးလည်း လုပ်လာနိုင်ပါတယ်။ အင်အားနည်းတဲ့ ပါတီတွေနဲ့ ကြံ့ဖွံ့ပါတီက တရားဝင်မဟာမိတ်ဖွဲ့တာမျိုး လုပ်နိုင်ပါတယ်” ဟု ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီအဖွဲ့ဝင် နိုင်ငံရေးပါတီတခုမှ တာဝန်ရှိသူ တဦးက ဆိုသည်။
ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီတွင် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ မွန်ဒေသလုံးဆိုင်ရာ ဒိမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ် ပါတီတို့ ပါဝင်သည်။

ဒေါက်တာမြတ်ဉာဏစိုး NLD နှင့်ပေါင်းရန် NDF မှ နုတ်ထွက် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခွဲထွက်များဖြင့် တည်ထောင်ထားသည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF မှ အထက်လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးမှာ လက်ရှိပါတီမှ နုတ်ထွက်၍ NLD နှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ နုတ်ထွက်ရခြင်းမှာ ပါတီတွင်း ပြဿနာရှိ၍ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွန်မှုအတိုင်းဆောင်ရွက်လိုခြင်းကြောင့်ဖြစ်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပါတီသို့ နုတ်ထွက်စာ တင်ခဲ့ကာ ကြာသပတေးနေ့တွင် မိခင်ပါတီက နုတ်ထွက်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။

“အန်တီစုဟာ အမျိုးသားခေါင်းဆောင် ဖြစ်နေပါတယ်။ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာရော၊ အန်တီစုရဲ့ လျှောက်လှမ်း မှုတွေ၊ ဦးဆောင်မှုစွမ်းရည်တွေကြောင့် ဒီမိုကရေစီကို လိုလားတဲ့သူတွေက ဝန်းရံရမယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် အန်တီစုရဲ့ လမ်းညွန်မှုကို ခံယူပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလို ဆုံးဖြတ်ဆောင်ရွက် ခဲ့တာဖြစ်ပါတယ်။” ဟု NDF ပါတီ ရန်ကုန်တိုင်း ဗဟိုဦးစီးအဖွဲ့ အတွင်းရေးမှူးလည်းဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုးက မဇ္ဈိမကို ပြောသည်။

Myat-Nyar-Na-Soe
NDF မှ အထက်လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးမှာ လက်ရှိပါတီမှ နုတ်ထွက်၍ NLD နှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရ (ဓါတ်ပုံ မဇ္ဈိမ)

ဒေါက်တာမြတ်ဉာဏစိုးမှာ ၂၀၁၀ ရွေးကောက်ပွဲ၌ NDF ပါတီကိုယ်စားပြုအဖြစ် ရန်ကုန်တိုင်း မဲဆန္ဒနယ် ၄ တွင် ဝင်ရောက် ယှဉ်ပြိုင် ရွေးချယ်ခံခဲ့ရပြီး လက်ရှိတွင် အထက်လွှတ်တော်၏ ဥပဒေကြမ်း ကော်မ တီဝင် လည်း ဖြစ်သည်။

NLD ပါတီမှ ပါတီဝင်ခွင့် လျှောက်လွှာ စတင်ထုတ်ပေးပါက ပါတီဝင်အဖြစ် လျှောက်ထားသွားမည်ဖြစ်ကာ သာမန် ပါတီဝင်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။ ဒေါက်တာမြတ်ဉာဏစိုးက ဒီမိုကရက်တစ်အင်အားစု တခုတည်းသာ ရှိသင့်သည်ဟုလည်း ရှုမြင်သည်။

“NLD ကမှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲ မဝင်ဘူး NLD ဆိုတဲ့ သင်္ဘောကြီးကတော့ မြုပ်နေပြီ။ NDF ဆိုတဲ့ အသက် ကယ်လှေလေးက ထွက်လာတယ်။ အခုအချိန်မှာတော့ NLD ဟာ အန်တီစုရဲ့ ဦးဆောင်မှုနဲ့ ခုတ်မောင်း နေပါပြီ ဒီ့အတွက်ကြောင့် ကျနော်တို့ဟာ အသက်ကယ် လှေလေးကနေပြီးတော့ သင်္ဘောကြီးပေါ် ပြန်တက်တာ။” ဟုဒေါက်တာမြတ်ဉာဏစိုးက ဆိုသည်။

အလားတူ အမျိုးသားဒီမိုကရေစီပါတီသစ် - NNLD ဒုဥက္ကဋ္ဌဖြစ်သူ လသာမြို့နယ် လွှတ်တော်အမတ် ဦးကြည်မြင့်မှာလည်း ယခုလ ခြောက်ရက်နေ့က ပါတီမှ နုတ်ထွက်ခဲ့ပြီး မိခင်ပါတီဟောင်းဖြစ်သည့် NLD နှင့် ပြန်လည် ပူးပေါင်း သွားမည်ဟု သိရသည်။

ဦးကြည်မြင့်မှာ ၁၉၉ဝ ရွေးကောက်ပွဲ၌ NLD ကိုယ်စားပြု၍ လသာမဲဆန္ဒနယ်တွင် အနိုင်ရခဲ့သူဖြစ်ပြီး၊ ၂ဝ၁ဝရွေးကောက်ပွဲတွင် NLD မှတ်ပုံမတင်သည့်အတွက် NDF ပါတီအဖြစ် ခွဲထွက်ကာ လသာမြို့နယ်၌ ဝင်ရောက် ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သူ ဖြစ်သည်။ ယင်းနောက် NDF ပါတီတွင်း ပြဿနာများကြောင့် NNLD ပါတီသို့ ခွဲထွက်ခဲ့သူ ဖြစ်သည်။

“ကျနော်က ခြွင်းချက်မရှိ အကြွင်းမဲ့ NLD ကို ပြန်သွားချင်ပါတယ်။ အဲဒီသဘောနဲ့ မိခင် NLD ကို ပြန်လာတာပါ။ အမဒေါ်အောင်ဆန်းစုကြည်က အစ အသစ်ပြန်ဝင်ကြမှာဆိုတော့ အဲဒီအချိန်ကျရင် လသာမြို့နယ်မှာ ကျနော် ပြန်ဝင်ရုံပဲ ရှိပါတယ်။” ဟု ဦးကြည်မြင့်က မဇ္ဈိမကို ပြောသည်။

တရားဝင် မှတ်ပုံတင်ခွင့်ရပြီဖြစ်သည့် NLD မှာ လာမည့်အပတ်အတွင်း ပြည်ထောင်စု ကော်မရှင်သို့ သွားရောက်လျှောက်ထားမည်ဖြစ်ပြီး မှတ်ပုံတင်ရပြီဆိုပါက ပါတီဝင်ဟောင်းများအပြင် ပါတီဝင်လိုသူ မည်သူမဆို ပါတီဝင် အဖြစ် ပြန်လည်လျှောက်ထားရမည် ဖြစ်သည်။

လျှောက်ထားသူများကိုလည်း စိစစ်လက်ခံသွားမည်ဖြစ်ကာ ပါတီဝင် ၁ဝ သိန်း လက်ခံမည်ဟု ပါတီပြောခွင့် ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

NDF ပါတီ၏ မူဝါဒရေးရာကော်မတီခေါင်းဆောင် ဦးခင်မောင်ဆွေက မိမိတို့အနေဖြင့် NLD ပါတီမှတ်ပုံတင် ခြင်းကို ကြိုဆိုကြောင်းနှင့် ပူးပေါင်းလိုပါက ငြင်းဆန်ရန်မရှိကြောင်း မဇ္ဈိမနှင့် တွေ့ဆုံမေးမြန်းခန်းတခု၌ ဖြေကြားခဲ့ဖူးသည်။

အမျိုးသားဒီမိုကရေစီပါတီသစ် NNLD အနေဖြင့် NLD နှင့် ပြန်လည်ပူးပေါင်းရေးမှာ NLD ခေါင်းဆောင် များပေါ်တွင်သာ မူတည်နေပြီး လွှတ်တော်တွင်း၊ ပြင် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပူးပေါင်း ဆောင်ရွက် လို သည့် ဆန္ဒရှိကြောင်း သိရသည်။

“လောလောဆယ်မှာတော့ အဖွဲ့ချုပ်နဲ့ ပြန်လည်ပေါင်းစည်းရေးဟာ မဖြစ်နိုင်သေးဘူးလို့ မြင်ပါတယ်။ ဒါပေမဲ့ ရေရှည် မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် လွှတ်တော်တွင်းမှာ ဖြစ်စေ၊ လွှတ်တော်ပြင်ပမှာဖြစ်စေ တူညီသော လုပ်ငန်းများတွင် ဒီမိုကရေစီအင်အားစုအချင်းအချင်း ပူးပေါင်းညှိနှိုင်းသွားဖို့ရှိပါတယ်” ဟု NNLD ပါတီခေါင်းဆောင် ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။

ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်မှာ ယခင်က NLD ခေါင်းဆောင်ဟောင်းတဦးဖြစ်ပြီး ၂ဝ၁ဝ တွင် NDF ပါတီကို ခွဲထွက်တည်ထောင်ခဲ့သည်။ ယင်းနောက် NNLD ပါတီကို ထပ်မံတည်ထောင်ခဲ့သူ ဖြစ်သည်။

Tuesday, December 13, 2011

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဇန်န၀ါရီလဆန်း မြန်မာပြည်သွားမည်။


ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် (၀ဲ) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (ယာ) တို့ အမေရိကန် နိုင်ငံခြားရေးဌာနတွင် ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။(AP) (ဒီဇင်ဘာလ ၁၂၊ ၂၀၁၁)
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် (William Hague) က မြန်မာနိုင်ငံကို နောက်နှစ် ဇန်န၀ါရီလ အစောပိုင်းမှာ သွားရောက်မှာဖြစ်တယ်လို့ ၀ါရှင်တန်မြို့တော်မှာ ရောက်ရှိနေစဉ် တနင်္လာနေ့က ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ နှစ်နိုင်ငံကြား အရေးပါတဲ့ကိစ္စရပ်တွေ ဆွေးနွေးအပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ဗြိတိန်ဝန်ကြီး ၀ီလျံဟိတ်ဂ် က ပြောဆိုခဲ့တာဖြစ်ပါတယ်။ အကြောင်းစုံကို ဦးရောနီညိမ်းက တင်ပြထားပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်နေ့က ၀ါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိနေတဲ့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ တွေ့ဆုံခဲ့ရာမှာ နှစ်နိုင်ငံကြား အလေးထားပြီး စိုးရိမ်မကင်း ဖြစ်နေရတဲ့ကိစ္စရပ်တွေ ဖြစ်တဲ့ ဥရောပ စီးပွားရေး ပဋိပက္ခ၊ အီရန်အပေါ် တိုးမြှင့် အရေးယူဒဏ်ခတ်ရေးကိစ္စ၊ အာဖဂန်နစ္စတန်ရဲ့ အသွင်ကူးပြောင်းရေးကာလ ကိစ္စ၊ ပါကစ္စတန် အရေးကိစ္စတွေအပြင် မြန်မာနိုင်ငံ အရေးကိစ္စ ကိုပါ ဆွေးနွေးခဲ့ကြပါတယ်။
အခုလို ဆွေးနွေးရာမှာ အာရှပစိဖိတ်ဒေသတွင်း အမေရိကန်ရဲ့ ပိုမိုပါဝင်လှုပ်ရှားလာတဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၅၆ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာလ ၂ ရက်နေ့အထိ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကို ၀န်ကြီးဟိတ်ဂ် က ကြိုဆိုထောက်ခံလိုက်ပြီး သူ့အနေနဲ့လည်း ရှေ့လ ဇန်န၀ါရီလမှာ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။
“ကျနော်တို့ရဲ့ ဘုံဦးတည်ချက်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်ခွင့်တွေ ပိုပြီးတော့ ရလာစေဖို့ ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေနဲ့ ဒီလိုလွတ်လပ်ခွင့်တွေ ပိုရရေး ဦးတည်ချက်ကို ပိုပြီးတော့ အောင်မြင်အောင် ဆောင်ရွက်ဖို့ပါ။ ဒါက သိပ်ကိုအရေးကြီးပါတယ်။ ကျနော် ဇန်န၀ါရီလဆန်းထဲမှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပြီး မြန်မာ့အရေး အပါအ၀င် တခြား ကိစ္စတွေနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုနဲ့ နီးနီးကပ်ကပ် ဆက်သွယ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ မြန်မာသမ္မတ ဦးသိန်းစိန်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရအဖွဲ့ ခေါင်းဆောင်တွေ၊ မြန်မာနိုင်ငံက လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာတော့ ၀န်ကြီးကလင်တန်က လွတ်လပ်ခွင့်တွေအတွက် မြန်မာနိုင်ငံမှာ အစပျိုးတဲ့ခြေလှမ်းတွေ တွေ့နေရပေမဲ့ တကယ်စစ်မှန်တဲ့ ပြောင်းလဲမှုတွေရှိလာဖို့ လုပ်စရာအလုပ်တွေ အများကြီး ကျန်နေသေးတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ ၀န်ကြီး ဟီလာရီကလင်တန်တို့ အောင်အောင်မြင်မြင် တွေ့ဆုံဆွေးနွေး နိုင်ခဲ့မှုအတွက် မိမိအနေနဲ့ ၀မ်းမြောက်ဝမ်းသာရှိတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပြီးတော့ တရုတ်နိုင်ငံကလည်း ၀န်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ထောက်ခံကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံကို ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် သွားရောက်မယ့်သတင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း ကြိုဆိုကြောင်း သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။
“ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်သတင်းကို ကျမ ကြိုဆိုပါတယ်။ သံတမန်ရေးအရ ဆက်လက် အရေးပေး ဆောင်ရွက်သွားခြင်းအားဖြင့် ကျမတို့အနေနဲ့ မြန်မာအစိုးရသစ်ကို စမ်းသပ်နိုင်ဖို့ အခွင့်အလမ်းကောင်း ရလိမ့်မယ်လို့ ကျမ ထင်ပါတယ်။ ဒါ့အပြင် ၂၁ ရာစုမှာ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံ အသိုင်းအ၀ိုင်းကြား နေရာမှန် ရောက်နိုင်ဖို့ ကြိုးပမ်းမှုအတွက်လည်း အဟန့်အတားဖြစ်နေတဲ့ ကျန်ရှိနေသေးတဲ့ ပြဿနာတွေ ဖြေရှင်းရေးအတွက်လည်း လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ မြန်မာအစိုးရသစ်အနေနဲ့ ဆန္ဒရှိတယ်ဆိုရင် ဘယ်လိုလမ်းမျိုး လျှောက်လှမ်းရမယ်ဆိုတာက ရှင်းပါတယ်။”
ဗြိတိသျှဝန်ကြီး ၀ီလျံဟိတ်ဂ် မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်သလို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း မြန်မာနိုင်ငံကို ဗြိတိန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီး အန်ဒရူးမစ်ချဲလ် သုံးရက်ကြာခရီး သွားရောက်ပြီးတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအ၀င် မြန်မာအစိုးရ ခေါင်းဆောင်တွေ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဝန်ကြီး အဲန်ဒရူးမစ်ချဲလ်ကလည်း မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို သတိကြီးကြီးနဲ့ အကောင်းမြင် သုံးသပ်နေမယ်လို့ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာ ပြောဆိုခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ သွားမယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကိုအိချီရို ဂမ်ဘာက ဒီလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို အလည်အပတ် သွားရောက်မယ်လို့ ဒီကနေ့ ပြောလိုက်ပါတယ်။


၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိ ချီးရိုး ဂင်းဘာ Koichiro Gemba က ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ရိပ်သာတွင် လက်ခံတွေ့ဆုံစဉ်။ AFP PHOTO / TOSHIFUMI KITAMURA

မိမိအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေ တိုးတက်ခိုင်မာအောင် အကူအညီပေးချင်ပါတယ်လို့ မစ္စတာ ဂမ်ဘာက သတင်းထောက်တွေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေနဲ့ တခြား နိုင်ငံရေးပါတီတွေကို လာမယ့်နှစ် ကြားဖြတ်ရွေးကောက်ပွဲ အပြီး ဂျပန်ကို အလည်အပတ် လာရောက်ဖို့ မစ္စတာဂမ်ဘာ ဖိတ်ခေါ်မယ့်အကြောင်း ဂျပန်အစိုးရ အရာရှိတွေက ပြောပါတယ်။ ဒါဟာ ၁၉၈၈ ခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းပြီးတဲ့နောက် ပထမဆုံးအကြိမ် ဖိတ်တာ ဖြစ်ပါလိမ့်မယ်။

မစ္စတာဂမ်ဘာရဲ့ မြန်မာပြည် ခရီးစဉ်ဟာလည်း ၂ဝဝ၂ ခုနှစ်က အခုအထိ ဂျပန်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးအဆင့် ပထမဆုံး ခရီးစဉ်ပါ။ ဂျပန်နိုင်ငံဟာ မြန်မာ စစ်အစိုးရအပေါ် အနောက်နိုင်ငံတွေလို တင်းမာတဲ့ သဘောထားမရှိဘဲ ပုံမှန် ဆက်ဆံခဲ့ပြီး စီးပွားရေး အထောက်အပံ့တွေ ပေးခဲ့ပါတယ်။

၂ဝဝ၃ ခုမှာ စစ်အစိုးရက ဒီပဲယင်း အရေးအခင်း ဖန်တီးပြီး ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက် ဖမ်းဆီးခဲ့တဲ့အခါ ဂျပန်နိုင်ငံက စီးပွားရေး အထောက်ပံ့တွေ ရပ်ဆိုင်းလိုက်ပေမယ့် လူသားချင်းစာနာရေးနဲ့ အရေးပေါ် အကူအညီတွေ ဆက်လက် ပံ့ပိုးခဲ့ပါတယ်။ မြန်မာစစ်အစိုးရကို အကြမ်းကိုင်ရင် တရုတ်ဘက်ကို တွန်းပို့သလို ဖြစ်လိမ့်မယ်လို့လည်း အနောက်နိုင်ငံတွေကို သတိပေးခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဂမ်ဘာဟာ လာမယ့် ဒီဇင်ဘာလ ၂၅ ရက်က ၂၉ ရက်အတွင်း မြန်မာ၊ ထိုင်း နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေကို လှည့်လည်သွားပါမယ်။

Monday, December 12, 2011

နောက်တယောက် ကျပြန်ပြီ။

အဝေးပြေးလမ်မပေါ်မှ ကျအပြီးတွေ့ရစဉ်။
 
စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အမျိုးသမီး တဦးဟာ ယဉ်အသွားအလာအလွန် ထူထပ်တဲ့ စင်္ကာပူနိုင်ငံရှိ မိုးပျံလမ်းတခုပေါ်မှ ခုန်ချခဲ့တာကြောင့် ဆေးရုံ တင်ထားရကြောင်း စင်္ကာပူ သတင်းစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။ သူမဟာ မိုးပျံလမ်း Kallang-Paya Lebar နှင့် the Pan-Island အဝေးပြေးလမ်း Sims လမ်းမကြီးတို့ ဆုံရာနေရာသို့ ခုန်ချခဲ့တာဖြစ်ပြီးသူမဟာ စင်္ကာပူနိုင်ငံတွင် အိမ်ပေါ်အဖြစ် အလုပ်လုပ်နေသူ တစ်ဦး ဖြစ်ကြောင်းလဲ သိရှိရပါတယ်။ အဆိုပါမိန်းကလေးဟာ ခုန်မချခင် Katong Shopping Centre ရှိ အိမ်အကူအလုပ်သမား ရှာဖွေရေး အေဂျင်စီမှ ထွက်ပြေး လာတာဖြစ်တယ်လို့သိရပါတယ်။ မျက်မြင်များ၏ ပြောပြချက်အရ သူမဟာ မိုးပျံလမ်းရဲ့ အစွန်းက ပန်းခင်းပေါ်မှာ မက်တက်ရပ်ပြီး လက်တွေကို ဆန့်တန်းကာ အောက်ကို ခုန်ချခဲ့တာလို့ သိရပါတယ်။
သူမပြုတ်ကျအပြီးမှာတက်စီမောင်းသူ တစ်ဦးမှလမ်းဘေးသို့ဖယ်ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ တာဖြစ် ပါတယ်။ ၎င်းအမျိုး သမီးဟာ ပြုတ်ကျတဲ့ အချိန်မှာ သစ်ကိုင်း တစ်ကိုင်းပေါ်ကို တစ်ဆင့်ပြုတ် ကျခဲ့တာ ကြောင့် အသက်သေလောက်အောင်အထိ ထိခိုက်ဒဏ်ရာ မရရှိနိုင်ဘူးလို့ မျက်မြင် သက်သေ တချို့က ပြောပါတယ်။  သူမဟာ အဝေးပြေးလမ်းမကြီးဘေးက ခေတ်တယာဉ်ရပ်နားရာ  နေရာပေါ်ကို ပြုတ်ကျ လာတာဖြစ်ပြီး ပြုတ်ကျတဲ့ အရှိုန်ကြောင့်ညာဖက်လက်နဲ့ဘယ်ဖက်ခြေထောက် ကျိုးသွားခဲ့ပါတယ်။ Tan Tock Seng ဆေးရုံကို သယ်ဆောင်သွားတဲ့အချိန်မှာ သူမဟာ ဝေဒနာများ ခံစားနေရသော်လည်း သတိတော့ကောင်းစွာ ရနေခဲ့ပါတယ်။ သူမကိုအခု အရေးပေါ်ဆောင်မှာ ထားရှိပြီး လုံးဝလှုပ် ရှားခွင့် ပေးမထားဘူးလို့ သိရပါတယ်။
သူမဟာအဲဒီလို မလုပ်ခင်မှာ သူ့ကိုယ်သူ အဆုံးစီရင်ချင်တယ်ဆိုတဲ့ အကြောင်းကို တစ်ခြား အိမ်အကူ အမျိုးသမီးတွေကို ပြောပြခဲ့ တယ်လို့သိရပါတယ်။ ဘာကြောင့်ဒီ လိုဆန္ဒရှိနေတယ် ဆိုတာကိုတော့ မပြောခဲ့ဘူးလို့ သိရပါတယ်။  မြန်မာမိန်းခလေး အများစုဟာ စင်္ကာပူနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့ မြန်မာနိုင်ငံအတွင်းမှာ အင်္ဂလိပ်စကားပြောနဲ့ အဆင့်မြင့် အသက်မွေးဝမ်းကြောင်းပညာတွေကို အချိန်နဲ့ ငွေတွေရင်းနှီးပြီး သင်ကြားလာခဲ့ပေမဲ့ တရားဝင်နိုင်ငံခြား အလုပ်အကိုင်ရှာဖွေရေး အေးဂျင်စီတချို့ရဲ့ မမှန်ကန်တဲ့ သွေးဆောင်ဖျားယောင်မှု့ကြောင့် စင်္ကပူနိုင်ငံကို ရောက်ရှိလာကြတဲ့အခါမှာ မိမိတို့ကို ပြောထားတာနဲ့ လက်တွေ စင်္ကပူနိုင်ငံမှာ လုပ်ကိုင်ရတဲ့ အလုပ်တွေဟာ တက်တက်ဆင် လွဲနေကြပေမဲ့ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ မိသားစုတွေကို အသိမပေးဘဲ မျိုးသိပ်ထားကြပြီး နောက်ဆုံး မခံမရပ်နိုင်အောင် ဖြစ်လာတဲ့အခါမှသာ အခုလို မိမိကိုယ်မိမိ သေးကြောင်းကြံစဉ်တဲ့ အထိ လုပ်ရပ်တွေကို လုပ်ကိုင်တတ်ကြတယ်လို့ သိရပါတယ်။

စင်္ကာပူနိုင်ငံမှာ မြန်မာမိန်းကလေးများ အမြင့်မှ ခုန်ချပြီး သေကြောင်းကြံမှုဟာ အစဉ်အလာ တစ်ခုလို ဖြစ်လာနေပြီး မခိုင်သင်ဇာ နှင့် မယဉ်ငြိမ်းပွင့် ပြီးလျှင် ယခုမိန်းကလေးမှာ တတိယမြောက်ဖြစ်ပါတယ်။

Sunday, December 11, 2011

ဖဒိုမန်းငြိမ်းမောင် ကို မင်္ဂလာဒုံမှာ ရုံးထုတ်စစ်ဆေး ။


KNU တပ်မဟာတွင် တာဝန်ထမ်းဆောင်ခဲ့သူ အမျိုးသားတစ်ဦး တရုတ်ပြည်မှ ရန်ကုန်လေဆိပ်သို့ လက်မှတ်အတုဖြင့် ဝင်ရောက်လာသဖြင့် မတရားအသင်းအက်ဥပဒေဖြင့် မင်္ဂလာဒုံတရားရုံးက ဒီဇင်ဘာ ၈ ရက်တွင် စစ်ဆေးနေကြောင်း သိရသည်။

သိုက်ထွန်း (ခ) ဖဒိုမန်းငြိမ်းမောင် ဆိုသူသည် သားထူးဇော် အမည်ဖြင့် နိုင်ငံကူးလက်မှတ် M-073525 ကိုင်ဆောင်၍ တရုတ်ပြည် ကူမင်းလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ လွန်ခဲ့သည့် လပိုင်းအတွင်း လာရောက်ခဲ့ရာ လေဆိပ်ရဲစခန်းမှ တာဝန်ရှိသူများက ၎င်းကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်ပေါ်တွင် လေဆိပ်လဝကအတွက် တံဆိပ်တုံး အတုရိုက်နှိပ်ထားသည်ကို စစ်ဆေးတွေ့ရှိရ၍ လေဆိပ်ရဲစခန်းက (ပ) ၈၀/၁၁၊ ပုဒ်မ ၄၂၀/၄၆၈/၄၇၁ နှင့် လဝက အက်ဥပဒေ (ပ) ၉/၁၁ ၁၉၄၇ ခုနှစ် လဝကအက်ဥပဒေပုဒ်မ ၆၁၃ (၁) ၁၇ (၇) (က) (ဃ) တို့ဖြင့် အမှုဖွင့်အရေးယူပြီး မင်္ဂလာဒုံတရားရုံးသို့တင်ပို့ရာ တရားရုံးက သိုက်ထွန်းအား အပြစ်ရှိကြောင်း စစ်ဆေးသိရှိရ၍ စက်တင်ဘာ ၂၇ ရက်က မင်္ဂလာဒုံတရားရုံးက ပုဒ်မ ၄၆၈ ဖြင့် ထောင်ဒဏ်ခြောက်လ လူဝင်မှုအက်ဥပဒေပုဒ်မ ၁၃(၁) အရ ထောင်ဒဏ်ခြောက်လ စုစုပေါင်းတစ်နှစ်ချမှတ်ခဲ့သည်။

"လေဆိပ်ရဲစခန်းက တာဝန်ရှိသူတွေအနေနဲ့ ပြည်ပအဝင်အထွက်တွေ စနစ်တကျ သေချာစစ်ဆေးတယ်။ မသင်္ကာတဲ့သူ၊ ပြစ်မှုကျူးလွန်တဲ့သူလို့ ယူဆရင် သီးခြားအခန်းမှာ အဲဒီသူရဲ့ ပစ္စည်းတွေကို တစ်ခုချင်းစနစ်တကျစစ်ဆေးနေပါတယ်။ လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေပါတယ်" ဟု လေဆိပ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သိုက်ထွန်းဆိုသူကို ထပ်မံစစ်ဆေးချက်များအရ ၎င်းသည် တရားမဝင်အသင်းအဖြစ် ကြေညာထားသော ကရင်အမျိုးသားအစည်းအရုံး၊ KNU ဗဟိုကော်မတီဝင်၊ နောင်လွမ်းရာ၊ အုန်းပန်မြို့နယ် ထိုင်းနိုင်ငံမှဖြစ်ကြောင်း သိရှိရသည့် အပြင် ၎င်းသည် KNU တပ်မဟာ ၆ တွင်လည်းကောင်း၊ KNU အထူးတပ်ရန်း ၁၀၁ ဝမ်ခဂိတ်တွင် KNU အဖွဲ့ဝင်ဖြစ်ပြီး KNU ဗဟို ညီလာခံ ဗဟိုကော်မတီအဖြစ် ၎င်းတာဝန်ထမ်းဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ (၃-၁၁-၁၈၈၉) ပါ အမိန့်ကြေညာစာ အမှတ် (၃/၈၉) ဖြင့် တရားမဝင်အသင်းအဖြစ် ကြေညာထားသော KNU တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အတွက် သတင်းအဖွဲ့မှ တရားလိုပြုလုပ်ကာ တိုင်တန်းသဖြင့် မင်္ဂလာဒုံရဲစခန်းမှ (ပ) ၆၉၀/၁၁၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် ဒီဇင်ဘာ ၈ ရက်တွင် အမှုဖွင့်ကာ ထပ်မံစစ်ဆေးလျက်ရှိသည်။

ဟိမ၀န္တာရေခဲပြင် အရည်ပျော်မှု တောင်အာရှကို ခြိမ်းခြောက်။

ရေခဲပြင်များ အရည်ပျော်ကျနေသော ဟိမဝန္တာတောင်တန်းတစိတ်တဒေသအား တွေ့ရစဉ်။


ကမ္ဘာ့ သိပ္ပံပညာရှင်များက ကမ္ဘာ့ကြီးပူနွေးလာမှုကြောင့် ဟိမ၀န္တာရှိ ရေခဲပြင်ကြီး အရည်ပျော်မှုသည် နှစ် ၃၀ အတွင်း ငါးရာခိုင်နှုန်းထိ ရှိကြောင်း ပထမဆုံးထုတ်ဖေါ် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ခန္တမန္ဒူမြို့ အခြေစိုက် ( International Center for Integrated Mountain Development-ICIMOD) မှပြောဆိုရာတွင် နှစ် ၃၀ အတွင်း နီပေါနိုင်ငံတွင် ရေခဲပြင်အရည်ပျော်မှု ၂၁ ရာခိုင်နှုန်းနှင့် ဘူတန်နိုင်ငံတွင် ၂၂ ရာခိုင်နှုန်းထိရှိကြောင်း ထုတ်ပြန်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် မှတ်တမ်းတွင် ဟိမ၀န္တာရှိ ရေခဲပြင်သည် ၂၀၃၅ ခုနှစ်အရောက်တွင် လုံးဝပျောက်ကွယ် သွားနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ယခုအကြိမ်သည် ဒုတိယအကြိမ် အဖြစ်ထွက်ပေါ် လာခြင်းဖြစ်သည်။

ယခုထုတ်ပြန်ချက်သည် နေရာဒေသအလိုက် စနစ်တကျ သုတေသနလုပ် တင်ပြထားခြင်းဖြစ်သည်။ ဟိမ၀န္တာဒေသတွင် ရေခဲပြင်အရည်ပျော်မှုကို လွန်ခဲ့သည့် ဆယ်စုနှစ်ကတည်းက သိပ္ပံပညာရှင်များ တွေ့ရှိခဲ့သည်။

ရာသီဥတု ပြောင်းလဲမှုကြောင့် ဟိမ၀န္တာအောက်ပိုင်းတွင် နေထိုင်ကြသည့် လူဦးရေ သန်းပေါင်း (၁၃၀၀) အား အစားအစာထုတ်လုပ်မှုတွင် အကြီးအကျယ် ထိခိုက်မည် ဖြစ်ကြောင်း သိပ္ပံပညာရှင်များမှ ပြောဆိုခဲ့သည်။

သဘာဝ ပတ်ဝန်းကျင်လှုံ့ဆော်သများမှ ဟိမ၀န္တာရေခဲပြင်အား တတိယ ၀င်ရိုးစွန်းဟု တင်စား ခေါ်ဝေါ် ခဲ့ကြသည်။ ရေခဲပြင် အရည်ပျော်မှုသည် ပင်လယ်ရေ မြင့်တက်လာမှု၏ အဓိကအကြောင်း အရင်း ဖြစ်သည်။

ဟိမ၀န္တာတောင်တန်းရှိ ရေခဲပြင်ပျောက်ကွယ်သွားပါက တောင်အာရှဒေသသည် သဲကန္တရ အဖြစ် ပြောင်း လဲ သွားနိုင်ကြောင်း ပြောဆိုခဲ့သည်။

ခေတ်ကိုမြင်စေတဲ့ Tattoo နှင့် လူကြိုက် များလာတဲ့ Bio Tattoo ။

Tattoo ရေးထိုးခြင်းနဲ့ ပတ်သက်ပြီး ရှေးယခင် ကရော၊ ယခုအချိန် အထိပါ အမြင် အမျိုးမျိုး၊ ခံယူချက် အမျိုးမျိုးများ ရှိခဲ့ပါတယ်။ Tattoo ရေးထိုး လျှင် မိုက်မဲ ဆိုးသွမ်းသူဟူသော တစ်ဖက်စောင်းနင်း အမြင်တွေဟာ ခေတ်ကာလ တိုးတက် ပြောင်းလဲလာတာနဲ့အမျှ တဖြည်းဖြည်း မှေးမှိန်ပျောက် ကွယ်သွားပါပြီ။ တချို့သော သူများ၏ အမြင်က လူဆိုး၊ သူခိုး၊ လူရမ်း ကားများ၏ ခန္ဓာကိုယ်တွင်ရေးထိုးသော ဆေးမှင်ကြောင်အဖြစ်၊ သတ်မှတ်ချက် အမျိုးမျိုး ထင်မြင်ယူဆချက်အမျိုးမျိုး ပေးခဲ့ပါတယ်။
ရှေးယခင် Tattoo ဆေးမှင်ကြောင်ထိုးသော ရည်ရွယ်ချက်က ရဲစွမ်း သတ္တိနဲ့ပြည့်စုံသော အမှတ်အသား အဖြစ်လည်း ကောင်း၊ ရန်သူများ ကြောက် ရွှံ့စေရန် အတွက်လည်းကောင်း၊ အလှအပ အဖြစ်လည်းကောင်း ရည်ရွယ်ပြီးထိုးကွင်း မင်ကြောင် များ ထိုးခဲ့ကြတာပါ။ ဘုရင့် နောင်၊ အလောင်းမင်း တရားကြီးတို့ လက် ထက်တွင် မြန်မာစစ်သည် သူရဲကောင်း များဟာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံသော ပြယုဂ် အဖြစ်၊ အင်းအိုင်၊ ခါးလှည့်၊ လက်ဖွဲ့ များရေးထိုးခဲ့ကြပြီး ဂုဏ်ယူအားကျ အတု ယူစရာဖြစ်စေခဲ့ပါတယ်။
ရှေးယခင်မြန်မာ အမျိုးသားများဟာ အကြမ်းပတမ်း အလုပ် လုပ်ကိုင်ရာ တွင်ဖြစ်စေ၊ စစ်ထွက်ရာတွင် ဖြစ်စေ၊ ခါးတောင်းအောက်ပိုင်း ကျိုက်လေ့ ရှိခြင်းကြောင့် အမြင်လှပတင့်တယ်စေရန် နှင့် ယောကျာ်း ပီသခြင်း ကို ပြသရန် Tattoo ဆေးမှင်ကြောင်များ ရေးထိုးခဲ့ ခြင်း ဖြစ်ပါတယ်။ တချို့ကလည်း ဘုရား ဆေး၊ ဂိုဏ်းဂဃ၊ အဆောင်၊ အင်း ပုရပိုက်များ ရေးထိုးပြုလုပ်သကဲ့သို့ ယခု အချိန်ထိလည်း ထိုးကွင်း မင်ကြောင်ထိုး ခြင်းများ တည်ရှိနေခဲ့ပါတယ်။ ယခင်က နှစ်ခွစုတ်၊ လေးခွစုတ်များ ဖြင့်ထိုးနှံသော်လည်း ယနေ့တိုးတက် ပြောင်းလဲလာသော အိုင်တီခေတ်ကြီးတွင် ခေတ်မီ Tattoo စက်များဖြင့် နာကျင်မှု သက်သာစွာ ရေးထိုး လို့ရနေပါပြီ။ ရှေး ယခင်က ဆေးမှင်ကြောင်ထိုးထားပါ က အလွယ်တကူပယ်ဖျက်လို့ မရဘူးဆိုသော ခေတ်လည်း ကုန်ဆုံးခဲ့ပါပြီ။
ယခုဆို လျှင် အလွယ်တကူဖျက်လို့ရသော ခေတ်လည်း ရောက်နေပါပြီ။ ကမ္ဘာနဲ့အဝှမ်း Tattoo ရေးထိုးခြင်းကို အနုပညာ အသွင်သဏ္ဌာန် အဖြစ် လက်ခံလာကြတာ ဝမ်းသာစရာပါ။ သတင်းကောင်း တစ်ခုကတော့ လူစိတ်ရဲ့ အမျိုးမျိုးပြောင်းလဲတတ်တဲ့ သဘော သဘာဝကြောင့် တစ်ချိန်ချိန်မှာ မကြိုက် တော့ဘူးဆိုရင် မူရင်းရေးထိုးထားသော ပုံကို တခြားလိုက်ဖက်သော Tattoo Design ပုံပြောင်းလဲ ရေးထိုးနိုင်သလို၊ မလိုချင်တော့တာ သေချာရင်လည်း အလွယ်တကူဖျက်လို့ရပါတယ်။ ချွင်း ချက် အနေနဲ့ မူရင်းပုံပြောင်း လဲချင်ရင် ဖြစ်ဖြစ် ဖျက်ချင်ရင်ဖြစ်ဖြစ်၊ အသစ်တစ်ခု ရေးထိုးတာထက် ပိုမိုကုန်ကျပါတယ်။
ဒါကြောင့် “ဆေးမှင်စုတ်ထိုး၊ အိမ်ထောင် မှု၊ ဘုရားတည်၊ ဤသုံးမျိုး အချက်မပိုင် က နောင်ပြင်ရန်ခက်တဲ့အမျိုး”ဆိုတဲ့ စကားပုံကို ပြုပြင်ပြောင်းလဲ လို့ရနေပါပြီ။ တစ်ဆက်တည်းမှာပဲ ခေတ် လူငယ်များ အကြိုက် ဆုံးဖြစ်နေတဲ့ Bio Tattoo အကြောင်းကို နည်းနည်းပြော ချင်ပါတယ်။ ဂျပန် Tattoo Design ၊ တရုတ် Tattoo Design ၊ အီဂျစ် Tattoo Design များကိုသာ လူကြိုက် များခဲ့ရာမှ အခုနောက်ပိုင်းလူငယ်များ အကြိုက်တွေ့ နေသော Bio Tattoo အကြောင်းပါ။ နိုင်ငံခြားပန်းချီပညာရှင် HR GIGER ရဲ့ ပန်းချီလက်ရာများမှ ပြန့်ပွားဆင်းသက်လာသော အနုပညာ တစ်ခုဆိုရင် မမှားပါဘူး ။ Bio Tattoo လို့ဆိုပေမယ့် တကယ်တော့ Shurealisum Art နဲ့ YJTattoo Art ကို ကွန်ဘိုင်နေးရှင်း (Combination )ပြုလုပ်ထားခြင်းဖြစ်ပါ တယ်။
Bio Tattoo မှာ animals Bio? Planet Bio ? Mechine Bio ဆိုပြီး သုံးမျိုးရှိပါတယ်။ ဇီဝဖြစ်စဉ်တွေကို အနု ပညာနဲ့ပေါင်းစပ်ပြီး Creat လုပ်ထားခြင်း ဖြစ်ပါတယ်။ Tattoo Design တွေထဲက လူကြိုက်အများဆုံး Design တစ်ခုအဖြစ် ရေပန်းစားနေတဲ့ Bio Tattoo အကြောင်း ကို Tattoo စိတ်ဝင်စားသော မိတ်ဆွေ များအတွက် ရည်ရွယ်လိုက်ပါတယ်။ ဒါကြောင့်ခေတ်မှီတိုးတက်လာတာနဲ့အမျှ အနုပညာ အသွင်ဆောင် လာသော Tattoo Design များကို မိမိကြိုက်နှစ်သက် ရာ၊ မိမိကိုယ်ပိုင် ခံယူချက်၊ ကိုယ်ပိုင် ယုံကြည်ချက်များနဲ့ ကိုယ်တိုင်ဆုံးဖြတ်ပြီး ရေးထိုးကြပါလို့ပြောပါရစေ။

အရေးပေါ်တားဆေးကို လွဲမှားစွာအသုံးပြု။

အရေးပေါ်သုံး ကိုယ်ဝန်တားဆေးများအား ဈေးကွက်အတွင်း ကျယ်ပြန့်စွာရောင်းချလာမှုနှင့်အတူ လူငယ် များ၏ လွဲမှားစွာအသုံးပြုမှုကြောင့် ဆေး ယဉ်ပါးမှုဖြစ်ကာ မလိုချင်ဘဲ ကိုယ်ဝန်ရရှိမှုနှုန်း မြင့်မားလာ သည့်နည်းတူ တရားမဝင် ကိုယ်ဝန်ဖျက်ချမှုနှုန်းမှာလည်း မြင့်မားလာသည်ဟု သားဖွား မီးယပ်အထူးကု ဆရာဝန်ကြီးတစ်ဦးက ပြောသည်။


၎င်းက ကိုယ်ဝန်တားဆေး ဆိုသည်မှာ မိမိသဘောဖြင့် သောက်သုံးခြင်းသည် အလွန်အန္တရာယ်များ ပြီး သောက်သုံးသူသည် တားဆေးနှင့် မတည့် ပါကမလိုချင်ဘဲ ကိုယ်ဝန်ရရှိတတ်သည့် အပြင် ရောဂါအခံရှိပါက အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်ကြီးမား ကြောင်း၊တားဆေးအများစုတွင် ဘေးထွက်ဆိုးကျိုးများ ရှိတတ် ပြီး သားသမီးမလိုချင်၍ သောက်သုံးမည်ဆိုပါက တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် တိုင်ပင်ကာ သောက် သုံးရန် လိုအပ်ကြောင်း၊ ပဋိသန္ဓေတားဆေးများကို သားဆက်ခြားလိုသည့် မိခင်လောင်းများ၊ နှလုံးရောဂါ၊ ဆီးချို ရောဂါနှင့် သွေးတိုးရောဂါရှိသည့် အမျိုးသမီးများ၊ ကလေးရယူလိုခြင်း မရှိသေးသည့် အမျိုးသမီးများအတွက်သာ ရည်ရွယ်၍ ဆေးဝါးကျွမ်းကျင်သူများက ထုတ်လုပ် ရောင်းချခြင်းဖြစ် သော်လည်း လူငယ်ထုအတွင်း အရေးပေါ်သုံးတားဆေးများအား လွဲမှားစွာအသုံးပြုနေခြင်းများကြောင့် ဆေးယဉ်ပါးကာ မလိုချင်ဘဲ ကိုယ်ဝန်ရ ရှိခြင်းနှင့် ကိုယ်ဝန် ရရှိလာသည့်အခါ တရားမဝင် ကိုယ်ဝန်ဖျက်ချခြင်းတို့ကြောင့် မသေဆုံးသင့်ဘဲ သေဆုံးရသည့် လူငယ်နှင့် ဆယ်ကျော်သက် အရွယ် အမျိုးသမီး ဦးရေပိုများလာကြောင်းဆိုသည်။


”အရေးပေါ်သုံးဆိုတဲ့အတိုင်း တကယ်အရေးပေါ်ဖြစ်နေတဲ့အချိန်မှ တစ်ခါတစ်ရံပဲ သုံးလို့ရတယ်ဆို တာကို လူငယ်တွေက နားလည် မှုနည်းနေတယ်။ လူငယ်တွေ တော် တော်များများမသိတဲ့အချက်က ဒီအရေးပေါ်သုံးတားဆေးမှာ Failure rate ဆိုတာရှိတယ်။ သူက ၁ဝခါ သုံးရင် တစ်ခါနှစ်ခါ လောက်မှာ ဆေးက မထိရောက်တတ်ဘူး။ အဲဒီအခါကျရင် မလိုချင်တဲ့ကလေး ရသွားတတ်တယ်။ ဒီဆေးတွေကို ယုံကြည်လို့မရဘူး။ ဒီဆေးတွေ ရှိ နေတာပဲဆိုပြီး ကိုယ်လုပ်ချင်ရာ လျှောက်လုပ်နေလို့ မရဘူး။ ဆရာ့ဆီကိုလာတဲ့ လူနာတစ်ယောက်ဆိုရင် ဒီဆေးတွေသောက်ပေမယ့် ကလေး ရလာ တယ်။ ဆေးရဲ့အညွှန်းမှာကတော့ ရာနှုန်းပြည့် ကိုယ်ဝန်မရနိုင်ဘူးဆိုပြီး ရေးထားတယ်။ တကယ်ကတော့ ဒီဆေးတွေက ရာနှုန်း ပြည့် စိတ်မချရဘူး။ နောက်ပြီး တစ်လအတွင်းမှာ ဒီဆေးကို ခဏ ခဏသောက်နေရင်လည်း ဆေး ယဉ်ပါးပြီး တစ်ချိန်မဟုတ်တစ်ချိန်မှာ မလိုချင်ဘဲ ကလေးရမှာပဲ။ ဒီဆေး မျိုးက တစ်ခါတစ်ရံ အရမ်းအရေး ပေါ် ဖြစ်နေတဲ့အချိန်မှာပဲ သုံးရတာ။ ပုံမှန်သုံးရင် သေချာပေါက်ဆိုးကျိုး တွေရမှာပဲ။


တချို့လူငယ်တွေကျ တော့လည်း ဒီဆေးတွေ မကြာခဏ သောက်မိလို့ ဆေးယဉ်ပြီး ကိုယ်ဝန် ရလာတဲ့အခါ လူကြီးမိဘတွေ အသိမပေးဘဲ တိတ်တိတ်လေး တရားမဝင် ကိုယ်ဝန်ဖျက်ချလို့ သေသွားရတာတွေလည်း အများ ကြီးရှိလာတယ်။ အများအားဖြင့် တော့ ဆယ်ကျော်သက်လူငယ် တွေပိုများတယ်။ နောက်ပြီး ဒီ ဆေးက ဘေးထွက် ဆိုးကျိုးတွေ အများကြီးရှိတဲ့အတွက် ရောဂါ အခံရှိတဲ့ အမျိုးသမီးတွေဆို ရုတ်တ ရက်အသက်သေဆုံးနိုင်တဲ့ အထိဖြစ်နိုင်တယ်။ ပုံမှန်တားဆေး တွေလည်း သူ့ဟာနဲ့သူ ဘေး ထွက်ဆိုး ကျိုးတွေရှိကြတာပဲလေ” ဟု ၄င်းကထပ်လောင်းပြောသည်။


ထိုဆေးများမှာ တန်ဖိုးနည်းပြီး အလွယ်တကူဝယ်ယူ ရနိုင်သည့်အတွက် လူငယ်အများစုမှ လာရောက် ဝယ်ယူလေ့ရှိကြောင်း၊ ထိုဆေးမှာ လိင်ဆက် ဆံပြီး ၂၄ နာရီသို့မဟုတ် ၇၂ နာရီအတွင်း သောက်သုံး ပါက ကိုယ်ဝန်မရနိုင်ဟုသာ သိရှိကြပြီး ဆေးယဉ်ပါးမှုနှင့် ဆေးကြောင့်ဖြစ်ပေါ်တတ်သော ဘေးထွက် ဆိုးကျိုး များအကြောင်းကို ပြောပြလိုသော်လည်း အများစုမှာ လက်ခံနားထောင်လိုခြင်း မရှိကြောင်း ဆေးဆိုင်ပိုင် ရှင်တစ်ဦးထံမှ သိရ သည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ်စာရင်း။

ရန်ကုန်တိုင်း
၁။ဦးအောင်ကြည် မင်္ဂလာတောင်ညွန့် အလုပ်သမား၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ၂။ဒေါက်တာပွင့်ဆန်း မရမ်းကုန်း ဒု-ဝန်ကြီး (ကူးသန်းရောင်းဝယ်ရေး)
၃။ ဦးခင်မောင်စိုး လှည်းကူး အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီး
၎။ ဦးသိန်းထိုက် ဒဂုံ (ဆိပ်ကမ်း) သတ္တုတွင်းဝန်ကြီး
၅။ သူရဦးမြင့်မောင် သုံးခွ သာသနာရေးဝန်ကြီး
၆။ ဦးစိုးတင့် ကော့မှုး ဒု-၀န်ကြီး (ဆောက်လုပ်ရေး)

မန္တလေးတိုင်း

၇။ ဦးသိန်းစိန် ဇမ္ဗူသီရိ သမ္မတ
၈။ သီဟသူရ ဦးတင်အောင်မြင့်ဦး ပုဗ္ဗသီရိ ဒုတိယသမ္မတ
၉။ ဦးမြင့်လှိုင် ဒက္ခိဏသီရိ လယ်ယာ/ဆည်မြောင်းဝန်ကြီး
၁၀။ ဦးကျော်စွာခိုင် ဥတ္တရသီရိ သမ္မတရုံး ဝန်ကြီး
၁၁။ဒေါက်တာမြအေး မဟာအောင်မြေ ပညာရေးဝန်ကြီး
၁၂။ ဦးတင်အေး တံတာဦး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ
၁၃။ ဦးလှထွန်း ကျောက်ပန်းတောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး
၁၄။ ဦးညဏ်ထွန်းအောင် နွားထိုးကြီး ပို့ဆောင်ရေးဝန်ကြီး
၁၅။ ဦးသိန်းအောင် မိတ္ထိလာ
၁၆။ ဒေါက်တာမြင့်အောင် ပြင်ဦးလွင်

ဧရာဝတီတိုင်း

၁၇။ ဦးတင့်ဆန်း မြောင်းမြ ဟိုတယ်/ ခရီး၊အားကစားဝန်ကြီး
၁၈။ ဦးသိန်းညွန့် မအူပင် သမ္မတရုံး ဝန်ကြီး၊ နေပြည်တော်မြို့တော်ဝန်
၁၉။ ဦးသန်းထွန်း ပုသိမ်
၂၀။ ဦးခင်မောင်အေး ၀ါးခယ်မ
၂၁။ ဦးသန်းဌေး မြန်အောင်
၂၂။ ဒေါက်တာ မြတ်မြတ်အုန်းခင် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၀) (ဖျာပုံ၊ ဒေးဒရဲ) ဒုတိယဝန်ကြီး(ကျန်းမာရေး)
၂၃။ ဦးသောင်းဟန် ရေကြည်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်

တနင်္သာရီတိုင်း

၂၄။ ဦးစိုးသိန်း ကျွန်းစု စက်မှုဝန်ကြီး
၂၅။ ဒေါက်တာကျော်ကျော်ဌေး လောင်းလုံ

ပဲခူးတိုင်း

၂၆။ ဦးအောင်မင်း တောင်ငူ ရထားပို့ဆောင်ရေးဝန်ကြီး
၂၇။ ဦးဝင်းတင် ထန်းတပင်
၂၈။ ဦးအံ့ကြီး သနပ်ပင်
၂၉။ ဒေါက်တာဝင်းမြင့် လက်ပံတန်း ဒု-၀န်ကြီး (ကျန်းမာရေး)
၃၀။ ဒေါ်ချိုနွယ်ဦး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၇) (အုဌ်တွင်း၊ ထန်းတပင်)
၃၁။ ဦးအေးနိုင် က၀ မဲဆန္ဒနယ် အမှတ် ၂ (တိုင်းဒေသကြီး လွှတ်တော်)

မကွေးတိုင်း

၃၂။ ဦးဇော်မင်း မကွေး အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီး
၃၃။ ဒါက်တာ မောင်မောင်ဌေး ပွင့်ဖြူ ဒု-ဝန်ကြီး(သာသနာရေး)
၃၄။ ဦးစိုးမောင် ရေစကြို သမ္မတရုံး ဝန်ကြီး
၃၅။ ဦးသိန်းထွန်း မြိုင် ဆက်သွယ်ရေး ၀န်ကြီး
၃၆။ ဦးစောလှ ပခုက္ကူ
၃၇။ ဦးခင်ဇော် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၄) (တောင်တွင်းကြီး)

စစ်ကိုင်းတိုင်း

၃၈။ ဦးခင်မောင်မြင့် စစ်ကိုင်း ဆောက်လုပ်ရေးဝန်ကြီး
၃၉။ ဦးကျော်ဆန်း ပုလဲ ပြန်ကြားရေး၊ယဉ်ကျေးမှုဝန်ကြီး
၄၀။ ဦးမောင်မြင့် မင်းကင်း ဒု-ဝန်ကြီး(နိုင်ငံခြားရေး)
၄၁။ ဝဏ္ဏကျော်ထင် ဦးဝင်းမြင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၃)စီးပွားရေးနှင့် (ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်၊ ရေဦး) ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
၄၂။ ဦးခင်မောင်အေး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၇) ဒု-၀န်ကြီး (ဗန်မော်၊ ကောလင်း၊ ၀န်သို၊ ပင်လည်ဘူး၊(မွေးမြူရေး နှင့် ရေလုပ်ငန်း)

ကချင်ပြည်နယ်

၄၃။ ဦးဘုန်းဆွေ မိုးကောင်း ဒု-ဝန်ကြီး (လူမှုဝန်ထမ်း/ကယ်ဆယ်ရေး)
၄၄။ ဦးအုန်းမြင့် ဖားကန့် သမဝါယမဝန်ကြီး
၄၅။ ဦးလွန်းမောင် ဗန်းမော် ပြည်ထောင်စု စာရင်းစစ်ချုပ်

မွန်ပြည်နယ်

၄၆။ ဦးအေးမြင့် မော်လမြိုင် သိပ္ပံနှင့် နည်းပညာဝန်ကြီး

ရှမ်းပြည်နယ်

၄၇။ ဦးတင်နိုင်သိန်း ကလော အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး
၄၈။ ဒေါက်တာစိုင်းမောက်ခမ်း(ခ)မောင်အုန်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၃) ဒုတိယ သမ္မတ

(လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ ကွမ်းလုံ)

Saturday, December 3, 2011

ကွာလာလမ်ပူ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် တန်းစီရင်း မြန်မာတစ်ဦး လဲကျသေဆုံး ။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မလေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် နိုဝင်ဘာလ ၂၅ ရက်နေ့က နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မြန်မာအလုပ်သမား ရာပေါင်းများစွာ လာရောက်တန်းစီစောင့်ဆိုင်းခဲ့ကြပြီး ၎င်းတို့အနက်မှ မြန်မာအမျိုးသား လုပ်သားတစ်ဦးမှာ တန်းစီနေရာမှ လဲကျသေဆုံးခဲ့ကြောင်း သံရုံးရှေ့တွင် သွားရောက်တန်းစီခဲ့သော မြန်မာအလုပ်သမားအများစုက The Voice Weekly သို့ ပြောကြားသည်။

မလေးရှားနိုင်ငံတွင် တရားမဝင်နိုင်ငံခြားသား အလုပ်သမားများအားလုံးကို မလေးရှားအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးထားပြီး တရားဝင်အလုပ်သမားများ အဖြစ် လျှောက်ထားခွင့်ပြုနေကြောင်း၊ အဆိုပါ အစီအစဉ်အရ တရားမဝင် မြန်မာအလုပ်သမား အများစုမှာ တရားဝင်အလုပ်သမားများအဖြစ် လျှောက်ထားနိုင်ရန် ကွာလာလမ်ပူမြို့တော်ရှိ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်များ လာရောက်လျှောက်ထားကြကြောင်း၊ နေ့စဉ် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် သံရုံးရှေ့တွင် မြန်မာ ၃၀၀ မှ ၅၀၀ ကြား လာရောက် တန်းစီလျှောက်ထားနေကြကြောင်း၊ နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းတွင် နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် မတ်တတ်ရပ်တန်းစီစောင့်ဆိုင်းနေကြာသော မြန်မာအလုပ်သမားများ အနက်မှ အသက် ၃၀ ကျော်အရွယ် အလုပ်သမားတစ်ဦး လဲကျသွားခဲ့ကြောင်း၊ အဆိုပါ အလုပ်သမားကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့က မြန်မာသံရုံးရှေ့တွင် နိုင်ငံကူးလက်မှတ်ရရှိရန် သွားရောက်တန်းစီးခဲ့သူ အသက် ၃၀ ရွယ် မြန်မာအလုပ်သမားတစ်ဦးက ရှင်းလင်းပြောကြားသည်။

"ဆုံးသွားတဲ့ အလုပ်သမားက ဘာကြောင့်သေသွားခဲ့တယ်ဆိုတာတော့ တိတိကျကျ မသိဘူး။ ဆေးရုံရောက်တော့ အသက်မမီတော့ဘူး" ဟု ယင်းအလုပ်သမားက ဆိုသည်။

မြန်မာသံရုံးရှေ့တွင် နိုင်ငံကူးလက်မှတ်ရရှိရန် မြန်မာအလုပ်သများ အများစု စောင့်ဆိုင်း နေသည့် လူတန်းရှည်ကြီးကို နေ့စဉ်လိုလို တွေ့မြင်နေရကြောင်း မလေးရှားရောက် မြန်မာအလုပ်သမားများက ပြောဆိုသည်။

"လူတွေက အလုပ်ဖျက်ပြီး နေ့တိုင်းလိုလို သွားတန်းစီနေရတာပဲ။ နိုင်ငံကူးလက်မှတ်ရဖို့က အတော်ကို မလွယ်ကူလှဘူး။ သံရုံးဘက်အပိုင်းက လူတန်းရှည်ကြီး မဖြစ်အောင် မြန်မြန်လုပ်ပေးနိုင်ရင် သိပ်ကောင်းမယ်။ သံရုံးဘက်ကလည်း အများနဲ့လုပ်ပေးရတဲ့ ကိစ္စဆိုတော့ မလွယ်ဘူးဆိုတာသိပါတယ်။ ဒါပေမဲ့လည်း ကိုယ့်နိုင်ငံသားတွေ အဆင်ပြေပြေ နိုင်ငံကူးလက်မှတ်ရအောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာ သိသင့်ပါတယ်။  ကိုယ့်နိုင်ငံသားတွေ အဆင်ပြေပြေ နိုင်ငံကူးလက်မှတ်ရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ စီမံချက်လိုမျိုး သေသေချာချာဆွဲပြီး လုပ်ရင် လူတန်းရှည်ကြီးတွေ ဖြစ်စရာအကြောင်းမရှိဘူးလို့ ထင်ပါတယ်။ စီမံခန့်ခွဲမှုပိုင်း အားနည်းတယ်လို့ထင်ပါတယ်" ဟု မလေးရှားနိုင်ငံတွင် နှစ်ပေါင်း ၁၅ နှစ်ကျော်ကြာ ရောက်ရှိ အလုပ်လုပ်ကိုင်နေသော အသက် ၅၀ အရွယ် မြန်မာအလုပ်သမားတစ်ဦးက ပြောကြားသည်။

မြန်မာအလုပ်သမား အများစုသွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသော မလေးရှားနိုင်ငံတွင် တရားမဝင်နိုင်ငံခြား အလုပ်သမားများကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုလိုက်ပြီဖြစ်သောကြောင့် မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမား ပို့ဆောင်မှုလုပ်ငန်းများ နှေးကွေးလျက်ရှိကြောင်း ရန်ကုန်မြို့တော် အခြေစိုက် ပြည်ပအလုပ်အကိုင်ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

Friday, December 2, 2011

NLD ပါတီဝင်သစ်များကြိုဆိုလက်ခံရေးနှင့် ရုံးခန်းများဖွင့်လှစ်နိုင်ရန် ပြည်နယ်တိုင်းများသို့ ခရီးစဉ်များစတင်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပါတီဝင်သစ်များလက်ခံရေး ၊ ပါတီရုံးခန်များ ဖွင့်လှစ်နိုင်ရေးတို့  ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာမြို့  နယ် ဒေသများသို့   ယခင်ပါတီဝင်ဟောင်းများဦးဆောင်ကာ ခရီးစဉ်အသီးသီးကို ယခုသီတင်းပါတ်အတွင်း စတင်ထွက်ခွာနေကြပြီဟုသတင်းရရှိပါသည်။ 
အဆိုပါလစ်လပ်နေရာများဖြစ်သောကချင်ပြည်နယ်ပြည်နယ် တွင်းရှိ (ဖားကန့် ၊ မိုးကောင်း ၊ဗန်းမော် ) ၊ စစ်ကိုင်းတိုင်းအတွင်းရှိ  (စစ်ကိုင်း ၊ ပုလဲ ၊ မင်းကင်း) ၊ တနင်္သာရီတိုင်းအတွင်းရှိ ( ကျွန်းစု ၊ လောင်းလုံ ) ၊ ပဲခူးတိုင်းအတွင်း ရှိ ( တောင်ငူ ၊ သနပ်ပင်၊  လက်ပံတန်း ) ၊ မကွေးတိုင်အတွင်းရှိ (မကွေး ၊ ရေစကြို ၊မြိုင် ၊ ပခုက္ကူ ၊ ပွင့်ဖြူ ) ၊ မန္တလေးတိုင်း နှင့် နေပြည်တော်တိုင်း အတွင်းရှိ (ဇဗ္ဗူသီရိ ၊ပုဗ္ဗသီရိ ၊ဒက္ခိဏသီရိ ၊ ဥတ္တရသီရိ ၊ ကျောက်ပန်းတောင်း ၊နွားထိုးကြီး ၊ မဟာအောင်မြေ ၊ တံတားဦး ၊မိထ္တီလာ ၊ ပြင်ဦးလွင် ) ၊ရန်ကုန်တိုင်း အတွင်းရှိ ( ကော့မှုး ၊သုံးခွ ၊ ဒဂုံဆိပ်ကမ်း ၊  မဂ်လာတောင်ညွှန့်  ၊လှည်းကူး ၊ မရမ်းကုန်း ) ၊ ရှမ်းပြည်နယ်ရှိ ( ကလော ) ၊ဧရာဝတီတိုင်းအတွင်းရှိ ( ပုသိမ် ၊ မအူပင် ၊မြောင်းမြ ၊ ၀ါးခယ်မ ၊မြန်အောင် ) စသည့်ဒေသများသို့  ယခုသီတင်းပါတ်အတွင်းစတင်ကာခရီးစဉ်များကို ပဏာမ အနေဖြင့် ဒေသခံ များနှင့် တွေ့ ဆုံးနိုင်ရန် ခရီးစဉ်များ စတင်ထွက်ခွာနေပြီဟုသိရပါသည် ။
အချို့  ခရီးစဉ်များအနေဖြင့် အနည်းငယ်နှောင့်နှေးနိုင်သည် ဟု ပါတီတွင်း နီးစပ်သူများထံမှ သိရပါသည် ။ သို့ သော် ဌာနချုပ်အနေဖြင့်  စည်းရုံးရေးခရီးစဉ်များ အားတရားဝင်ထုတ်ပြန် ကြေငြာခြင်း မရှိသေးကြောင်း သိရပါသည် ။

Thursday, December 1, 2011

ကျန်ခဲ့သည့် သီးလေးသီးအဖွဲ့ဝင်များလည်း ပြည်တော်ပြန်ပြီ။

ထိုင်းနိုင်ငံတွင် ကျန်နေခဲ့သော သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့ဝင် လူရွှင်တော် ပန်းသီး၊ ကြယ်သီးနှင့် မင်းသမီး မြစံပယ်ငုံတို့သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင် လေဆိပ်မှ အဲပုဂံ လေကြောင်းလိုင်းဖြင့် ယနေ့ ညနေ ထိုင်းစံတော်ချိန် ၅ နာရီတွင် ရန်ကုန်သို့ ပြန်သွားပြီဖြစ်သည်။
ပြည်တွင်း၌ အနုပညာ လုပ်ငန်းများ ဆက်လုပ်ရန်အတွက် ပြန်ရခြင်း ဖြစ်ကြောင်း လူရွှင်တော် ပန်းသီးက ယနေ့ ဧရာဝတီသို့ ပြောသည်။
“ကိုဇာဂနာလည်း လွတ်မြောက်လာပြီ။ အဲဒီအခါကျတော့ ကျနော်တို့ အနုပညာ အလုပ်တွေ ပြည်တွင်းမှာ ဆက်ပြီးတော့ လှုပ်ရှား ဖို့အတွက် ပြန်တာပါ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်ပြန်ခါနီး သီးလေးသီး အဖွဲဝင် ကြယ်သီး၊ မြစံပယ်ငုံ၊ ပန်းသီး။ (ဓာတ်ပုံ - ဧရာဝတီ)
မင်းသမီး မြစံပယ်ငုံကလည်း ပြည်ပတွင် နေထိုင်ကြသည့် မြန်မာ ပရိသတ်များနှင့် ပြန်ဆုံစည်းနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း  ပြောသည်။
မြစံပယ်ငုံ၏ အဆိုအရ ၎င်းတို့ အဖွဲ့သားများကို ရန်ကုန်လေဆိပ်တွင် ပရိသတ်များနှင့်အတူ ဦးဇာဂနာခေါင်းဆောင်သော လူရွှင်တော်များ၊ အနုပညာသမားများက လာရောက် ကြိုဆိုမည်ဟု သိရသည်။
သီးလေးသီး ဆေးရောင်စုံ အဖွဲ့ဝင်များအားလုံး ပြန်လည် ပူးပေါင်းပြီး ပထမဆုံး အနေဖြင့် တောင်ငူမြို့တွင် အငြိမ့်ပွဲ ကျင်းပရန် စီစဉ်ထားကြောင်း လူရွှင်တော် ဇာဂနာက ပြောသည်။
“သူတို့ ပြန်ရောက်ရောက်ခြင်း တောင်ငူမှာ အရင်ကမယ်၊ ပြီးရင် ရန်ကုန်မှာကမယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း သူတို့ကို ကြည့်ချင်တယ်လို့ ပြောထားတယ်” ဟု ၎င်းက ဆိုသည်။
ပြည်ပရောက်နေသူများ ပြည်တော်ပြန်နိုင်ကြောင်း သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်စကားကြောင့် စက်တင်ဘာလ ၁၁ ရက်နေ့က သီးလေးသီး ဆေးရောင်စုံ အဖွဲ့ဝင်များဖြစ်သော မင်းသမီး ချောစုမျိုး၊ လူရွှင်တော် ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီး တို့ ရန်ကုန်သို့ ပြန်သွားခဲ့ကြသော်လည်း ကျန်အဖွဲ့ဝင်များဖြစ်သည့် လူရွှင်တော် ပန်းသီး၊ ကြယ်သီးနှင့် မင်းသမီး မြစံပယ်ငုံတို့က အကျဉ်းချ ခံထားရသော ကိုဇာဂနာ ပြန်လည်လွတ်မြောက်မှ ပြည်တွင်းပြန်မည်ဟု ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
မင်းသမီး ချောစုမျိုး၊ လူရွှင်တော် စိန်သီး၊ ဂေါ်ဇီလာ၊ ဇီးသီးတို့မှာ ထင်ရှားသည့် ပြည်ပရောက် မြန်မာပြည်သားများအနက် သမ္မတ၏ ဖိတ်ခေါ်ချက် တလပြည့်ခါနီးအချိန်တွင် ပထမဆုံး ပြည်တော်ပြန်ကြ သူများလည်း ဖြစ်သည်။
သီးလေးသီး ဆေးရောင်စုံအဖွဲ့သည် ၂၀၀၇ ခု နှစ်ဒီဇင်ဘာလတွင် ပြည်ပသို့ ထွက်ကာ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုးရီးယား၊ ဂျပန်၊ အမေရိကန် စသည့် နိုင်ငံများတွင်သွားရောက် ဖျော်ဖြေခဲ့ပြီးနောက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ နေထိုင်ခဲ့ကြသည်။
ပြည်ပတွင် အငြိမ့်ကစဉ် အစိုးကို ဝေဖန်သည့်ပြက်လုံး အများအပြား ထုတ်ခဲ့ပြီး မြန်မာပြည်ပြန်လျှင် အရေးယူခံရမည် ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သောကြောင့် ထိုင်းနိုင်ငံတွင် ၄ နှစ်ခန့် နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။ အစိုးရ၏ အရေးယူခြင်း ခံရမည်ကို စိုးရိမ်သဖြင့် ပြည်ပနိုင်ငံများတွင် ခိုလှုံနေသော မြန်မာပြည်သား အများအပြား ရှိသည်။
“ပြစ်မှု တစုံတရာ ကျူးလွန်ထားတာ မရှိဘူး ဆိုရင် အချိန်မရွေး ပြန်လာနိုင်ဖို့ ကျနော်တို့ စဉ်းစားပေးမှာ ဖြစ်ပါတယ်။ ပြစ်မှု ကျူးလွန် ထားသည့်တိုင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျခံဖို့ ပြန်လာမယ် ဆိုရင်တောင် ကျနော်တို့က သဘောထားကြီးစွာ စဉ်းစားပေး မှာ ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြီးခဲ့သည့် သြဂုတ်လအတွင်း လူသိရှင်ကြား ပြောကြား ခဲ့သည်။
အစိုးရအနေဖြင့် ထိုသို့ထုတ်ပြန်ရုံသာမက နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ ပြည်ပတွင် တိမ်းရှောင်နေသူများ ပြည်တော် ပြန်နိုင်ရေးတို့အတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်သင့်သည်ဟု ပြည်ပရောက် အတိုက်အခံ အများအပြားက ဝေဖန်ခဲ့ကြသည်။
 

Wednesday, November 30, 2011

တရားရုံးများ လာဘ်ပေးလာဘ်ယူ ပပျောက်ရေး စီမံချက်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တရားရုံးတစ်ရုံးချင်းစီအတွက် လာဘ်ပေးလာဘ်ယူမှုများ ပပျောက်ရန် အထူးစီမံချက် ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိုးသိန်းက ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် လာဘ်ပေး လာဘ်ယူမှု ကင်းရှင်းရေးကို အထူးအစီအစဉ်များ ချမှတ်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်းကို ဖြေကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး တရားသူကြီးချုပ်က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သည် တိုင်းဒေသကြီးအတွင်းရှိ တရားစီရင်ရေးကိစ္စရပ်များတွင် တာဝန်ယူ ဆောင်ရွက်လျက်ရှိကြသူများအနေဖြင့် လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု၊ ကျူးလွန်မှုမရှိကြစေရန်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ နည်းလမ်းတကျ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရေးအတွက် အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အချိန်အထိ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ တရားရုံးများမှ စောင့်ထိန်းရမည့် ဂုဏ်သိက္ခာ၊ ကျင့်ဝတ်စည်းကမ်းများ၊ ဝန်ထမ်းစည်းမျဉ်းများနှင့် မကိုက်ညီသည့် မြို့နယ် တရားသူကြီး(၁)ဦး၊ ဒုတိယမြို့နယ်တရားသူကြီး( ၂)ဦး၊ အကြီးတန်းစာရေး(၁) ဦးနှင့် အငယ်တန်းစာရေး(၁) ဦးတို့ကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ မြို့နယ်တရားသူကြီး(၁)ဦးကို သတိပေးခြင်း စသည့်ဝန်ထမ်းဆိုင်ရာ ထိရောက်ဟန့်တားလောက်သည့် ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်ခဲ့သည့်အပြင် မိမိလက်အောက် တရားရုံးများ၏ တရားစီရင်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများအပေါ် စိစစ်ကြီးကြပ်ရန် အားနည်းခြင်းများရှိခြင်းကြောင်း တွေ့ရှိရသည့် ခရိုင်တရားသူကြီး (၁)ဦးကိုလည်း နောင်တွင် အလားတူအားနည်းချက်များ ထပ်မံမဖြစ်ပွားစေရန် သတိပေးသည့် ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ တရားရုံးအသီးသီးသို့ အခါအားလျော်စွာ လှည့်လှယ်ကြည့်ရှုစစ်ဆေးခြင်း၊ တွေ့ဆုံမှာကြား ခြင်းများ ပြုလျက် တရားရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေး၊ လာဘ်ပေးလာဘ်ယူကင်းရှင်းရေး၊ အဂတိတရားများ ကင်းရှင်း ရေးတို့ အလေးပေးမှာကြားမှုများ ဆောင်ရွက် လျက်ရှိကြောင်း ဖြေကြားခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ တရားစီရင်ရေးကဏ္ဍတစ်ခုတည်းသာ လုပ်ဆောင်ခြင်းမျိုး မဟုတ်ဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်အဝှမ်း ဒေသအားလုံး လာဘ်ပေး လာဘ်ယူ ဆောင်ရွက်မှုပြုနေသော ဝန်ထမ်းများကို အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်လျှင် နိုင်ငံတော်၌ လာဘ်ပေးလာဘ်ယူမှု ကိစ္စများ ပပျောက် သွားမည်ဖြစ်ကြောင်း ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။

ကလင်တန်ရဲ့ နေ့လည်စာ။

နေပြည်တော်သို့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ရောက်ရှိလာသည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီက လင်တန်၏ ခရီးစဉ်၏  ဒုတိယမြောက်နေ့ သမ္မတအိမ်တော်တွင် တည်ခင်း ဧည့်ခံမည့် နေ့လည်စာ အစားအ သောက်များကို ဖေါ်ပြလိုက်သည်။

တရုတ်အစားအစာ အများစုဖြစ်သော “ဂဏန်းကြွပ်ကြော်၊ ကြက်တောင်ပံ အစာသွပ်ကြော်၊ ငါးရှဥ့်ကြော်၊ ပြောင်းဖူး ဟင်းချို၊ ထိုင်ဝမ် မုန့်ညှင်းခရုဆီ၊ ကျောက်ငါးပေါင်းနှင့် ပဲငံပြာရည်၊ ပင်လယ်ခရုနှင့် ခရုဆီ၊ ဂျပန်တို့ဟူး ကညွတ်နှင့် မဟူရာမှိုနက်၊ ပင်လယ်စာနှင့် ခေါက်ဆွဲကြော်၊ ကြက်ဥ ပဲသီးထမင်းကြော်၊ ရာသီပေါ်သီးစုံ၊ လက်ဖက်ရည်နှင့်ကော်ဖီ” တို့ ဖြစ်သည်။

အထူးလေယာဉ်ဖြင့် ရောက်လာသော ဝန်ကြီးကလင်တန်အတွက် အစားအသောက်များကို ဧဒင်စီးပွားရေး အုပ်စု ပိုင်ရှင် ဦးချစ်ခိုင် ပိုင်ဆိုင်သော သင်္ဂဟ ဟိုတယ်မှ ချက်ပြုတ်ခြင်းဖြစ်ပြီး သမ္မတအိမ်တော်တွင် တည်ခင်း ဧည့်ခံမှာ ဖြစ်သည်ဟု သတင်းရပ်ကွက်များက ပြောသည်။ သင်္ဂဟ ဟိုတည်သည် နေပြည်တော် ဟိုတည်ဇုန်အတွင်း တည်ရှိ သည်။

အဆိုပါ အစားအသာက်များကို စီစဉ်ရန်အတွက် သင်္ဂဟ ဟိုတယ် စားသောက်စီမံရာဌာနသို့ နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA ကကြိုတင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

United States of America စာတန်းကပ်ထားသော အထူးလေယာဉ်ဖြင့် လိုက်ပါလာသည့် မစ္စကလင်တန်နှင့် အတူ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲလ်နှင့် မိုက်ကယ်ပေါ့စနာတို့လည်း လိုက်ပါလာရာ မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမျိုးမြင့်က ကြိုဆိုနှုတ်ဆက်ခဲ့သည်။

မစ္စကလင်တန်သည် ကြာသပတေးနေ့မှာ  မြန်မာသမတဦးသိန်းစိန်နှင့် တွေ့ဆုံမှာဖြစ်သလို အထက် အောက် လွှတ်တော်များက ဥက္ကဋ္ဌများဖြစ်သော ဦးသူရရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့နှင့် တွေ့ဆုံမှာဖြစ်သည်။

Sunday, November 27, 2011

အိမ် ၊ ခြံ ၊ မြေ တွေ သိမ်းချင်တိုင်းသိမ်းလို့ မရတော့ဘူးလို့ ပြည်ထောင်စုအစိုးရ အဖွဲ့ထုတ်ပြန်။

အများပြည်သူက ရွှေ့ပြောင်း ဖယ်ရှားပေးလိုခြင်း မရှိသည့်နေရာ များတွင် မြေငှားရမ်း၍ ရင်းနှီးမြှုပ် နှံခွင့် မရှိစေရ ဟူသော အချက်ပါရှိသည့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် စပ်လျဉ်းသည့် မြေအသုံးပြုပိုင်ခွင့် အမိန့်ကြော်ငြာစာကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါအမိန့်ကြော်ငြာစာတွင် အခန်း (၉) ခန်း ပါဝင်ပြီး ပါဝင် သည့်အခန်းများမှာ အမည်နှင့် အဓိ ပ္ပာယ်ဖော်ပြချက်၊ ငှားရမ်းခွင့်ပြုသည့် မြေများ၊ မြေအသုံးပြုခွင့်ကာလ သတ်မှတ်ခြင်း၊ မြေအသုံးပြုခွင့် လျှောက်ထားခြင်း၊ မြေငှားရမ်းခနှုန်းထား သတ်မှတ်ခြင်း၊ မြေငှားရမ်းမှုကို ရပ်ဆိုင်းခြင်း၊ ကန့်သတ်ချက်များ၊ ပေးလျော်ခြင်း၊ စည်းကမ်းချက်များ တို့ဖြစ်သည်။
အခန်း (၈) ပေးလျော်ခြင်းတွင် ရင်းနှီးမြှုပ်နှံသူသည် မြေငှားရမ်း၍ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်သည့်မြေပေါ်တွင် လူနေအိမ်ခြေများ၊ အဆောက်အအုံများ၊ လယ်ယာဥယျာဉ်ခြံမြေများ၊ သီးပင် စားပင်များ စသည်တို့ကို ပြောင်းရွှေ့ရှင်းလင်းရန် လိုအပ်ပါက ယင်းတို့အား ပြောင်းရွှေ့နေရာချထားပေးခြင်း၊ ဒေသန္တရ ကာလပေါက်ဈေးဖြင့် ပေးချေခြင်းနှင့် လျော်ကြေးပေးခြင်း တို့ကို သက်ဆိုင်ရာပိုင်ဆိုင်သူ၏ သဘောတူကျေနပ်ကြောင်း ဖော်ပြချက် နှင့်အတူ သက်ဆိုင်ရာအစိုးရဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့တို့၏ ခွင့်ပြုချက်ရယူညှိနှိုင်း ဆောင်ရွက်ရမည်။ အများပြည်သူက ရွှေ့ပြောင်းဖယ်ရှားပေးလိုခြင်း မရှိသည့်နေရာများတွင် မြေငှားရမ်း၍ ရင်းနှီးမြှုပ်နှံခွင့် မရှိစေရ။ ဟု ဖော်ပြ ထားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူအား ကော်မရှင်က ခွင့်ပြုသော စီးပွားရေး လုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်ရန်အလို့ငှာ မြေငှားရမ်းခွင့်ရှိသူ သို့ မဟုတ် မြေအသုံးပြုခွင့်ရသူထံမှ (က) အစိုးရပိုင်မြေများ၊ (ခ) အစိုးရဌာန၊ အဖွဲ့အစည်းပိုင်မြေများ၊ (ဂ) နိုင်ငံသားပိုင် ပုဂ္ဂလိကမြေများ။ ကို ပြည်ထောင်စုအစိုးရ၏ ကြိုတင် သဘောတူညီချက်ဖြင့် ငှားရမ်းရန် ခွင့် ပြုနိုင်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူအား အမှန်လိုအပ်သည့် မြေငှားရမ်းခွင့် ကာလ သို့မဟုတ် မြေအသုံးပြုခွင့်ကာလကို စီးပွားရေးလုပ်ငန်း အမျိုးအစားနှင့် ရင်းနှီးမြှုပ်နှံခွင့် ပမာဏ အပေါ် မူတည်၍ မြေငှားရမ်းခွင့်ရှိသူ သို့မဟုတ် မြေအသုံးပြုခွင့်ရသူ ထံမှ ကနဦး နှစ် ၃၀ အထိ ငှားရမ်း ခွင့်ပြုနိုင်ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် စပ်လျဉ်းသည့် မြေအသုံးပြုပိုင်ခွင့် အမိန့်ကြော်ငြာစာကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Friday, November 25, 2011

အထက်လွှတ်တော်အမတ်ဦးခင်ရွေ၏ ပြောကြားမှု့ကို ကန့်ကွက်ကြောင်း လွှတ်တော်ကို စာပို့ ။

အမျိုးသား လွှတ်တော်အမတ် ဦးခင်ရွှေ၏ မီဒီယာများအပေါ်ပြောကြားမှုကို ကန့်ကွက်ကြောင်း သတင်းစာဆရာ ၂၀၀ ကျော်က စုပေါင်း လက်မှတ်ရေးထိုး၍ ပြည်ထောင်စု လွှတ်တော်နာယကထံ   ပေးပို့လိုက်ကြသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌  ပြည်တွင်းမီဒီယာများ၏ ရေးသားဖေါ်ပြချက်များ အပေါ် ဦးခင်ရွှေမှ ပြစ်တင် ပြောဆိုခဲ့သည့်အတွက် သတင်းစာဆရာများမှကန့်ကွက်ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါကန့်ကွက်စာကို  (၂၅.၁၁.၂၀၁၁)သောကြာနေ့ နေ့လယ်ပိုင်းက ပေးပို့ခဲ့ခြင်း ဖြစ်သည်။

“သတင်းမီဒီယာသမားတွေကို တော်တော်ကြီးကို အရည်အချင်း မရှိဘူး။ အောက်တန်းကျတယ်။ အဲဒီလို ဝေဖန်ပြီးတော့ ရှုတ်ချတဲ့ သဘောဖြစ်တဲ့ အခါကျတော့ ကျနော်တို့က ပြန်ပြီးတော့ ချေပဖို့တော့ လိုတယ်။ ပြန်ရှင်းဖို့တော့ လိုတယ်” ဟု လက်မှတ်ရေးထိုး ကန့်ကွက်ရာတွင် ပါဝင်သည့် ဝါရင့်သတင်းစာဆရာ မောင်ဝံသက မဇ္ဈိမကို ပြော သည်။
Journal
သတင်းစာ ရှင်းလင်းပွဲ၌ ပြည်တွင်းမီဒီယာများ၏ လုပ်ရပ်များ အပေါ် ဦးခင်ရွှေမှ ပြစ်တင် ပြောဆိုခဲ့သည့်အတွက် ကန့်ကွက်စာကို ပြည်ထောင်စု လွှတ်တော်နာယက ထံပေးပို့ (ဓါတ်ပုံ မဇ္ဈိမ)

“ပြည်ပမီဒီယာက မကောင်းမြင်တာရေးဖို့က သူ့တာဝန်။ သူ့အလုပ် သူလုပ်တာ။ အဲဒါကို ပြည်တွင်းက သတင်း အဖွဲ့ကပါ လိုက်ပြီးတော့ မကောင်းမြင်ရေးမှ ဂျာနယ် ရောင်းရမယ်ဆိုတဲ့ အိုင်ဒီယာ မျိုးရှိနေရင်တော့ အတွေးတွေ လွဲနေပြီ၊ မှားနေပြီ” ဟု ဦးခင်ရွှေ၏ ပြောဆိုခဲ့မှုကိုလည်း  ကန့်ကွက်စာတွင် ကိုးကားဖော်ပြထားသည်။

လက်မှတ်များကို နိုဝင်ဘာလ ၂၂ ရက်နေ့မှ စတင် ကောက်ယူခဲ့ခြင်း ဖြစ်ကာ ရန်ကုန် အခြေစိုက် ဂျာနယ် ၃၉စောင်၊ မဂ္ဂဇင်း ၉ စောင်နှင့်  မီဒီယာ အသီးသီးမှ ဝါရင့်သတင်းစာဆရာများ၊ အယ်ဒီတာများနှင့် သတင်းထောက် ၂၂၅ ဦးက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ကန့်ကွက်စာနှင့် အတူ သတင်းစာ ရှင်းလင်းပွဲအတွင်း ဦးခင်ရွှေ၏ ပြောကြားခဲ့မှု အသံဖိုင်အား စီဒီဖြင့် တွဲ၍ ပေးပို့ခဲ့ ကြသည်။ကန့်ကွက်စာ ပေးပို့မှုနှင့် ပတ်သက်၍ ကာယကံရှင်ဖြစ်သူ ဦးခင်ရွှေကို ဖုန်းဖြင့် ဆက်သွယ်ရာတွင် မရခဲ့ပေ။

ဦးခင်ရွှေက သတင်းသမားများအား လူကြီးမင်းဟု ခေါ်ဆိုကာ  ဆီဒိုးနားဟိုတယ်သို့ခေါ်၍ ကျွေးမွေးသည့် အပြင် စာအုပ်များပင် ပေးခဲ့သော်လည်း  အာဆီယံ-ဂျပန် စီးပွားရေးပွဲသတင်းကိုမူ မီဒီယာများက ဖော်ပြမပေးသည့် အတွက် အပြစ်တင် ပြောဆိုခဲ့သည်။

ဂျပန်မှ လူ ၆၀ ကျော်နှင့် အာဆီယံမှ လူ ၁၀၀ ကျော် ပါဝင်ခဲ့သည့်အတွက် ရေးသားသင့်သည့် ကိစ္စဖြစ်သော်လည်း မရေးသားသည့်အတွက်  ပြောဆိုရခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ယခုကဲ့သို့ ကန့်ကွက်ခြင်းမှာ အထက်အာဏာပိုင်များ သိစေရန်သာ ရည်ရွယ်ခြင်းဖြစ်ပြီး တစုံတရာ အရေးယူလိုစေခြင်း မဟုတ်ကြောင်း၊ သတင်းသမား အနေဖြင့် သတင်းအလုပ်ကို လုပ်ကိုင်ခြင်းသာ ဖြစ်၍ အပြန်အလှန် လေးစားမှု ဖြစ်သင့်ကြောင်း သတင်းသမားများက တောင်းဆိုထားသည်။

မိမိတို့အနေဖြင့် အပြုသဘော ဝေဖန်အကြံပြုမှုများကို ကြိုဆိုမည် ဖြစ်သော်လည်း ယခုကဲ့သို့ ကျင့်ဝတ်နှင့် အတတ် ပညာဆိုင်ရာကိုမူ တဦးတည်း အမြင်ဖြင့် လက်လွှတ်စပယ် ပြောဆိုမှုကိုမူ လက်မခံနိုင်ကြောင်း  ကန့်ကွက်စာတွင်ဖော်ပြထားသည်။

“သတင်းအရင်းအမြစ်နဲ့ သတင်းမီဒီယာသမားနဲ့ ဆက်ဆံတာ ဒါ  အပြန်အလှန် လေးစားသမှုနဲ့ ဆက်ဆံရတာပဲ။ ကျနော်တို့ကလည်း ပေးတာယူ၊ ကျွေးတာ စားပြီးတော့ ရေးခိုင်းတာ ရေးရတဲ့ အလုပ်မျိုးတော့ ဘယ် လုပ်ချင်ကြ ပါ့မလဲ။ အဲဒီလိုလည်း ခံယူချက် မရှိပါဘူး။ သူက အဲဒီလို ခံယူတယ် ထင်ပြီးတော့ ကလေးတွေကို ကျွေးသလို၊ပေးသလို သဘောမျိုး ရှိနေတယ်ဆိုရင်လည်း ဒါ ကျနော်တို့က ပြန်ပြီးတော့ မှန်မှန်ကန်ကန် မြင်အောင် ပြန်ကြိုးစား ရတာပေါ့” ဟု ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသက ဆိုသည်။

ဝေဖန်သူ အချို့ကတော့ မီဒီယာလောကတွင်း ကျင့်ဝတ်နှင့် မညီသူ တချို့လည်း ရှိနေသည်ဟုဆိုကာ “ မီဒီယာ သမား အချို့က ပေးတာ စားနေတာတွေ ရှိတယ်။ သူတို့ကိုလည်း အရေးယူသင့်တယ်။ ဂျာနယ်တိုက် အချို့မှာရှိတဲ့ ကျင့်ဝတ်မသိတဲ့ သတင်းထောက်တွေကိုပါ ပြောသင့်တယ်” ဟု အယ်ဒီတာတဦးက ပြောသည်။

ကန့်ကွက်မှုများ ထွက်ပေါ်လာပြီးနောက် မီဒီယာကျင့်ဝတ်ဆိုင်ရာ သင်တန်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲ တခုကို ဒီဇင်ဘာ ၁ ရက်မှစ၍ ၃ ရက်ကြာ ကျင်းပရန် သတင်းသမားများက စီစဉ်နေကြသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲကို ပြည်တွင်းရှိ သတင်းသမားများဖြင့် ဖွဲ့စည်းထားသည့် Myanmar Journalist Network မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကာ သင်တန်းဆရာအဖြစ် ဦးရဲနိုင်မိုးနှင့် ပြည်တွင်းမီဒီယာများမှ သုံးဦးက လာရောက်ဟောပြောမှာဖြစ်သည်။  တရက်လျှင် သင်တန်းသား ၂၅ ဦးသာ လက်ခံသွားမည်ဟု သိရသည်။

NLD ပထမဆုံးအသုတ် ပါတီဝင် ၁၀ သိန်း လက်ခံမည် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အသစ်ပြန်လည်ဖွဲ့စည်းတော့မည်ဖြစ်ရာ ပထမဆုံး အသုတ်အဖြစ် ပါတီဝင် ၁၀ သိန်း လက်ခံရန် ပြင်ဆင်ထားသည်ဟု NLD ဖွဲ့စည်းထူထောင်သူများက ပြောသည်။

ပါတီဝင် လျှောက်လွှာပုံစံများကို ပုံနှိပ်ရန် ပြင်ဆင်နေပြီဖြစ်ကာ လာမည့်အပတ်အတွင်း တိုင်းနှင့် ပြည်နယ် အားလုံးသို့ ဖြန့်ဝေသွားရန်ရှိသည်ဟု ပါတီထူထောင်ရာတွင် ပါဝင်သူတဦးဖြစ်သည့် ဒေါ်မေဝင်းမြင့်က ပြောသည်။ လက်ရှိ ပါတီခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်မှအစ ပါတီဝင်လိုသူများအားလုံး လျှောက်လွှာတင်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ဒေါ်မေဝင်းမြင့်က ပြောသည်။

"လျှောက်လွှာတင်တယ်ဆိုတာ အန်တီတို့က အဟောင်းကို လုပ်တာမဟုတ်ဘူး၊ အန်တီတို့ကအစဒေါ်စုတို့က အစ ပါတီ လျှောက်လွှာအသစ်ကို ပြန်တင်ပြီးတော့ အန်တီတို့လျှောက်ရမှာ။" ဟု မဇ္ဈိမကိုပြောသည်။
dhome4
ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတတေးသံရှင် ၅၀ ကျော်တို့ NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်းများ ရေးစပ် သီကုံးသွားနိုင်ရေး တိုင်ပင်ဆွေးနွေးနေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

ပါတီဝင်လျှောက်လွှာပုံစံတွင် အသက်၊ ပညာအရည်အချင်း လူမျိုး၊ ဘာသာနှင့် နေရပ်လိပ်စာတို့ပါဝင် မည်ဟု လည်း ပါတီထူထောင်သူတဦးဖြစ်သည့် ဒေါ်ခင်မိုးမိုးက ပြောသည်။ NLD ၏ လူမှုရေးလုပ်ငန်း များတွင် ပါဝင်ကူညီနေသူ တဦးဖြစ်သည့် ကဗျာဆရာ ကိုငြိမ်းသစ်က ပါတီဝင်များ၏ အရည်အချင်းသည် ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပါဝင်ခြင်းဖြင့်ပင် လုံလောက်သည်ဟု သုံးသပ်သည်။

"သတ်မှတ်ထားတဲ့ အရည်အချင်းတော့ မရှိပါဘူး၊ တက်ကြွစွာ ရိုးသားစွာ ဒီမိုကရေစီအရေးမှာ ပူးပေါင်း ပါဝင်မယ် ဆိုရင်ပဲ လုံလောက်ပါပြီ။ အဲဒီလောက်ဆိုရင်တော့ မည်သူမဆို ဝင်ခွင့်ရမှာပါပဲ။" ဟု ကိုငြိမ်း သစ်က မဇ္ဈိမကိုပြောသည်။

ပါတီဝင်လိုသူများအနေဖြင့် လျှောက်လွှာပြန်တင်ရမည် ဖြစ်သော်လည်း ပါတီဝင်ဟောင်းနှင့် ပါတီဝင်သစ် ခွဲခြားမည် မဟုတ်ဘဲ ပါတီဝင်အသစ်များသည်လည်း သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပါက လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းဖြစ်ခွင့်ရှိသည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကိုပြောသည်။

ကိုယ်စားလှယ်လောင်းများကို ဒေသံခံ၊ တိုင်းရင်းသား၊ အမျိုးသမီးနှင့် ပညာအရည်အချင်းတို့ကိုကြည့်ကာ ဦးစားပေး ရွေးချယ်မည်ဖြစ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောသည်။

NLD အနေဖြင့် လက်ရှိအချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေပြီဖြစ်ကာ ပြည်နယ်နှင့် တိုင်းရွေးကောက်ပွဲအောင်နိုင်ရေး ကော်မရှင်များ ဖွဲ့စည်းရန်ပြင်ဆင်နေပြီဟု NLD တည်ထောင်သူများက ပြောသည်။

သောကြာနေ့တွင်လည်း NLD ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သီချင်းများစပ်ဆိုရေးသားသွားနိုင်ရန် အနုပညာရှင် ၅ဝ ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြသေးသည်။ တေးရေးဆရာ တဦးဖြစ် သည့်ကိုရဲလွင်က NLD အတွက် အကူအညီပေးသွားမည်ဟုလည်း မဇ္ဈိမကိုပြောသည်။

"ကျနော်ကတော့ NLD ပါတီဝင်မဟုတ်ပါဘူး၊ ဒါပေမယ့် အမေစုကို ကူညီမှာပဲလေ၊ သူ့ကိုတော့ ကျနော်က ယုံကြည်တာပဲ၊ သူကိုယ်တိုင်က လုပ်ပေးပါဆိုရင်တော့ ဖြစ်အောင်လုပ်ပေးမှာပဲ။" ဟု ကိုရဲလွင်ကပြောသည်။

တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်ရာထူးမှ အနားပေးခံရ။

သမ္မတကြီး ဦးသိန်းစိန် အစိုးရ တက်ပြီးနောက်ပိုင်း ၈ လအကြာ၌ တိုင်းဒေသကြီး ဝန် ကြီးချုပ် အဖြစ် တာဝန်ထမ်း ဆောင်နေသည့် ဦးခင်ဇော်မှာ ယမန်နေ့က ရာထူးမှ အနားပေး ခြင်း ခံလိုက်ရကြောင်း ဗဟို အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။  ”ဒီနေ့ ရန်ကုန်ကို ဦးခင်ဇော် ရောက်လာပြီး အထုတ် အပိုးတွေ အများကြီးနဲ့၊ ဒီတော့ ကြည့်ရတာ ရာထူးက အနားပေးခံရတာ သေချာ သလောက်ရှိသွားပြီ” ဟု အမည် မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။   ယခင် အစိုးရ လက်ထက်၌ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် စစ် ဘက်ဆိုင်ရာ တာဝန်များကို ထမ်း ဆောင်ခဲ့ဖူးပြီး ယခု အစိုးရသစ် လက်ထက်၌ တနင်္သာရီတိုင်းဒေသ ကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ ဦးခင်ဇော်မှာ မည်သည့် အချက်ကြောင့် ယခုကဲ့သို့ ရာထူးမှ အနားပေးခံရသည်ကို မည်သူမှ တိကျစွာ ထုတ်ဖော်ပြောဆို   နိုင်ခြင်း မရှိသည်ကိုလည်း ပေါ်ပြူလာ နယူးစ်မှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်လပိုင်း အတွင်းက လည်း ရှမ်းပြည်နယ်အဆင့်ရှိ ဝန် ကြီးတစ်ဦး၏  တရားဝင်နှုတ်ထွက် သွားခဲ့မှုလည်း ရှိခဲ့ကြောင်း အစိုးရ မှ ထုတ်ပြန်သည့် စာရင်းများအရ သိရှိခဲ့ရသည်။

Wednesday, November 23, 2011

ဦးခင်ရွှေအား သတင်းထောက်များ ကန့်ကွက်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေက သတင်းသမားများသည် ပေးတာယူ၊ ကျွေးတာစားပြီး ပြောသည့် အတိုင်း မရေးကြသူများဖြစ်သည်ဟု မကြာသေးမီက မှတ်ချက်ချခဲ့သဖြင့်  ပြည်တွင်းမှ စာနယ်ဇင်းသမားများ စုပေါင်းလက်မှတ်ထိုး ကန့်ကွက်ပြီး  သမ္မတ ဦးသိန်းစိန်ထံ တိုင်ကြားသွားမည်ဟု သိရသည်။

၂၀၁၁ နိုဝင်ဘာ ၃ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် အစည်းအဝေး တခုတွင် တွေ့ရသော ဦးခင်ရွှေ (ဓာတ်ပုံ - Reuters)
နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ ယုဇနဂါးဒင်းဟိုတယ်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဦးခင်ရွှေက ထိုသို့ ပြောဆိုခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျွေးတာ စားဖို့၊ ပေးတာယူဖို့ လာတာ မဟုတ်ဘူး၊  သတင်းယူဖို့ လာတာ။ သတင်း သမားဆိုတာ မေးခွန်းမေးမယ်၊ ဖြေတာ မဖြေတာက ခင်ဗျားကိစ္စ လို့ ချက်ချင်း ပြန်ပြောတော့ ခင်ဗျားတို့ နိုင်ငံခြားသတင်းထောက်တွေ ပြောတာ မဟုတ်ဘူး၊ ပြည်တွင်းဂျာနယ်က သတင်းထောက်တွေကို ပြောတာပါလို့ ပြန်ဖြေတယ်” ဟု Reuters သတင်းဌာနမှ ဦးအောင်လှထွန်းက  ထိုသတင်းစာ ရှင်းလင်းပွဲ အဖြစ်အပျက်ကို ပြန်ပြောပြသည်။
လူငယ်သတင်းထောက်များ၊ သတင်းစာဆရာကြီးများဖြင့် ဖွဲ့စည်းထားသော မြန်မာ သတင်းထောက်များကွန်ရက်က ဦးဆောင်ပြီး ရန်ကုန်မြို့လယ်ရှိ လေထန်ကုန်း၊ ဧရာဗိုလ် လက်ဘက်ရည်ဆိုင်တို့တွင် ယနေ့နံက် ၁၀ နာရီမှ ညနေ ၆ နာရီအတွင်း လက်မှတ်ရေးထိုးကြမည်ဟု ကွန်ရက်အဖွဲ့ဝင်တချို့က ဧရာဝတီကို ပြောသည်။
“ကွန်ရက်အဖွဲ့ဝင် သတင်းထောက် ၁၃၀ အပြင် တခြားသတင်းထောက်တွေ အားလုံး လက်မှတ်ထိုးနိုင်အောင် စီစဉ်ထား ပါတယ်၊ မနေ့ဖြန် သမ္မတနဲ့ လွှတ်တော်က ရေးရာ ကော်မတီ တချို့ကို စာပို့မယ်၊ ပြီးရင် ဦးခင်ရွှေ ပြောတာကို ကန့်ကွက် ရှုတ်ချကြောင်း ကြေညာချက် ထုတ်မယ်” ဟု သတင်းထောက်တဦးက ရှင်းပြသည်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသည့်နေရာဖြစ်သော ၀န်ကြီးများရုံးအား ဟိုတယ်အဖြစ် ပြောင်းလဲ လုပ်ကိုင်လိုသူ ရှိပါက ငှားရမ်းပေးမည်ဟု မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးခင်ရွှေက  ပြည်တွင်း၊ ပြည်ပမီဒီယာများကို ပြောဆိုခဲ့သည်။
သို့သော်လည်း ဦးခင်ရွှေ၏ ကမ်းလှမ်းချက်အား ကန့်ကွက်ပြောဆိုမှုများ မီဒီယာတွင် ဖော်ပြခဲ့ကြပြီးနောက်တွင် သမိုင်းဝင် အဆောက်အအုံအား ဟိုတယ်အဖြစ် ပြောင်းလဲမည့် အစီအစဉ် ပျက်သွားခဲ့သည်။
ထိုအစီအစဉ် ပျက်သွားခြင်းကို ဦးခင်ရွှေက ကျေနပ်မှုမရှိကြောင်း၊ ထို့ကြောင့် မီဒီယာများသည် အဆိုးမြင် ၀ါဒ ဖြင့်ရေးသားနေကြသည်ဟု မှတ်ချက်ခဲ့ခြင်း ဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သူ လူငယ်သတင်းထောက် တချို့က ပြောသည်။
ကွန်ရက်အဖွဲ့ကို ပြီးခဲ့သည့် စက်တင်ဘာလက ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်တို့မှ သတင်းသမားများ ပါဝင်သည်။ ကွန်ရက်အဖွဲ့၏ လတ်တလော အစီအစဉ်ကို သတင်းစာဆရာ မောင်ဝံသက ကြိုဆို လိုက်သည်။
“ဦးခင်ရွှေရဲ့ ပြောဆိုမှုဟာ မီဒီယာတွေ အဆင့်အတန်း မရှိဘူးလို့ ပြောတာနဲ့ အတူတူပဲ၊ သတင်းစာ လုပ်လာတာ နှစ် ၅၀ ရှိပြီ၊ ဒီလိုပြောတာမျိုး လုံးဝ သည်းမခံနိုင်ဘူး၊ အဲဒီတော့ ဒီလိုပြောတာတွေ ရပ်တန့်ဖို့၊ နောက်ထပ် မလုပ်ဖို့ ဆိုတာတွေကို ကျနော်တို့က ချေပဖို့၊ ရှင်းလင်းဖို့ လိုအပ်တယ်၊ ဒါကြောင့် သတင်းထောက်ကွန်ရက်က လုပ်တာကို ထောက်ခံတယ်” ဟု ဆရာ မောင်ဝံသက ဆိုသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဧရာဝတီမှ  ဦးခင်ရွှေအား မေးမြန်းရာ “ပုတ်ခတ်တာ မဟုတ်ပါဘူး၊ မိဘက သားသမီးကို ပြောတဲ့၊ ဆုံးမတဲ့ သဘောမျိုး ပြောပြတာပါ၊ ကိုယ့်ရဲ့ ရရှိထားတဲ့ စတုတ္ထမဏ္ဍိုင်ကို မဆုံးရှုံးရအောင်  ကောင်းတာတွေလည်း ရေးကြ ဦးပေါ့၊ အဆိုးတွေချည်းပဲ ရေးမှ မီဒီယာမဟုတ်ပါဘူးလို့ ပြောတာပါ” ဟု ဆိုသည်။
နိုင်ငံတော်အစိုးရ သွားနေသော လမ်းကြောင်းသည် ကောင်းမွန်နေကြောင်း၊ သမ္မတကလည်း စတုတ္ထမဏ္ဍိုင်ကို အလေးထား ပြောဆိုနေကြောင်း၊ ထို့ကြောင့် ကောင်းသည့်အရာများကို အဓိက ရေးသားရန် လိုအပ်ပြီး အဆိုးများရေးနေပါက  လမ်းကြောင်း ပြောင်းသွားမည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ ပြောဆိုရခြင်းဖြစ်ကြောင်း ဦးခင်ရွှေက ရှင်းပြသည်။
သတင်းစာဆရာ မောင်ဝံသက “အဲဒီလို ပြန်ချေပတာက ပိုပြီး ခံပြင်းတယ်၊ ထပ်ပြီး စော်ကားလိုက်သလိုပဲ၊ အလကားနေရင်း ဘာကြောင့် ကျနော်တို့က သူ့ သားသမီးတွေ ဖြစ်သွားရတာလဲ၊ သူ့ကို မိဘလို့လည်း မသတ်မှတ်နိုင်ဘူး၊ လုပ်ငန်းရှင် တယောက် လို့ပဲ နားလည်တယ်၊ မြင်တယ်” ဟု ဆိုသည်။
မောင်ဝံသက “စတုတ္ထမဏ္ဍိုင်အား မထိပါးပါနဲ့” ဟူသော ဆောင်းပါးတပုဒ်အား ယနေ့ ထုတ်ဝေသည့်  ပြည်သူ့ခေတ်ဂျယ်နယ်၌ ရေးသား ဖော်ပြထားသည်ဟု သိရသည်။
ထိုဆောင်းပါးသည် ဦးခင်ရွှေ တဦးတယောက်တည်းကို ရည်ရွယ်ခြင်းမဟုတ်ဘဲ အားလုံးကို ရည်ရွယ်ရေးသားထားကြောင်း၊ စတုတ္ထမဏ္ဍိုင်သည် ပြည်သူ အားလုံး အတွက် လုပ်ကိုင်နေခြင်းကြောင့် မထိပါးစေရေး အတွက် ရေးသားရခြင်း ဖြစ်ကြောင်း  ပြည်သူ့ခေတ်ဂျယ်နယ် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသက ပြောသည်။
သတင်းထောက်များ သမ္မတထံ တိုင်ကြားရန် စီစဉ်နေခြင်းနှင့် ပတ်သက်၍ ဦးခင်ရွှေ “ဒါကတော့ သူတို့ အလုပ်ပေါ့၊ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်တွင်းမီဒီယာတွေက နုသေးတာကော၊ အတွေ့အကြုံက နည်းသေးတယ်” ဟု ဆိုသည်။
ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနှင့် ခမည်းခမက် တော်စပ်သည်။
 

အမျိုးသားလွှတ်တော် ကြံ့ဖွံ့အမတ် ဦးခင်ရွှေရတဲ့ ဒေါက်တာဘွဲ့ အတုဖြစ်နေ။





ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ ကြီးပွားချမ်းသာလာခြင်းဟာ  စစ်အစိုးရက သူကောင်းပြုတဲ့ စီမံကိန်းတွေနဲ့ ခေတ်ပျက်သူဌေးဖြစ်ပြီး  ချမ်းသာလာသူ ဖြစ်ပါတယ်။
နအဖ န၀တ စစ်အစိုးရ အဆက်ဆက် ကျေးဇူးကြောင့် ချမ်းသာလာတဲ့ ဦးခင်ရွှေကို စစ်အစိုးရကလည်း ထိုက်ထိုက်တန်တန် အသုံးချခဲ့ပါတယ်။
၁၉၉၇ ခုနှစ် အမေရိကန်ဆန်ရှင်ခေါ် စီးပွားရေး ပိတ်ဆို့မှုကြောင့်  မြန်မာစစ်အစိုးရ အလူးအလဲ ခံနေရချိန်မှာ အမေရိကန်စီးပွားရေး  ပိတ်ဆို့မှုပြန်ဖွင့်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ  သိက္ခာပြန်တင်နိုင်ရေးအတွက် အမေရိကန် Public Relations ကုမ္ပဏီတွေကို  ဇေကမ္ဘာကုမ္ဗဏီပိုင်ရှင် ဦးခင်ရွှေကတဆင့် ငှားရမ်းခဲ့ပါတယ်။
၁၉၉၀ ပြည့်နှစ်အစောပိုင်းကစပြီး Jafferson Waterman International  ဆိုတဲ့ ကုမ္ပဏီကို တနှစ် အမေရိကန်ဒေါ်လာ ၄ သိန်းနဲ့ စစ်အစိုးရက ငှားပီး  လော်ဘီလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒီနောက်မတော့ Bain &  Associates ကုမ္ပဏီကို တနှစ် ဒေါ်လာ ၂ သိန်းခွဲကျော်ပေးပီး  ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ ကတဆင့် ငှားခဲ့ပါတယ်။ ဒါလည်း  မအောင်မြင်ခဲ့ပါဘူး။
ဒီနောက် Atlantic Group ကုမ္ပဏီကို ဒေါ်လာအမြောက်အများပေးငှားပေမဲ့လဲ  စစ်အစိုးရ သိက္ခာတက်မလာခဲ့ပါဘူး။ ဒိနောက် ၂၀၀၂ ခုမှာ DCI Group ဆိုတဲ့  အမေရိကန် ကုမ္ဗဏီကို ရှစ်လတွက် ဒေါ်လာ ၃ သိန်းခွဲနဲ့ ငှားခဲ့ပေမဲ့  နောက်ဆုံး ဒီကုမ္ပဏီနဲ့လည်း စစ်အစိုးရ ခွာပြဲခဲ့ပါတယ်။
ဒီအခြေအနေတွေကိုကြည့်ရင် ဦးခင်ရွှေဟာ စစ်အစိုးရလက်ထက်ကထဲက ဘယ်လောက် အတိုင်အတာထိ အရေးပါနေသလဲ သိသာပါတယ်။
အမေရိကန် ဆန်ရှင်ပြန်ဖွင့်နိုင်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ  သိက္ခာတက်လာရေး စီမံကိန်းကို တချိန်က OSS ထောက်လှမ်းရေး  စစ်ဗိုလ်တွေလုပ်ခဲ့တာမို့ ဦးခင်ရွှေဟာ ထောက်လှမ်းရေးအဖွဲ့က လက်ရင်းထား  အားကိုးခံခဲ့ရသူ လုပ်ငန်းရှင်ကြီး တဦးဆိုလည်း မမှားပါဘူး။  ဒီစီမံကိန်းသာေ အာင်မြင်ခဲ့ရင် ဦးခင်ရွှေဟာ ဒီထက်ပြိုပီး သူကောင်းပြုခံရမှာ  ဧကန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်းကို အနောက်နိုင်ငံ စာနယ်ဇင်းတွေက  ဖော်ထုတ်ခဲ့တဲ့အတွက် ဦးခင်ရွှေပါ စစ်အစိုးရနဲ့အတူ ရောပြီး  သိက္ခာကျခဲ့ပါတယ်။
ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က ဦးခင်ရွှေကို သုံးပြီး အမေရိကန်ကို လိမ်ဖို့  ထောက်လှမ်းရေးအဖွဲ့က ကြိုးစားခဲ့တာတွေကို အမေရိကန်မှာ နိုင်ငံရေး  ခိုလှုံခွင့်ရသွားတဲ့ ထောက်လှမ်းရေးဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်ကလည်း ခုထိ  ဖော်ထုတ်ခြင်း မပြုဘဲ ငြိမ်နေပါတယ်။

ဦးခင်ရွှေ ဒေါက်တာဘွဲ့အတု ဘယ်လိုရသလဲ
စစ်အစိုးရဟာ တဘက်က ဦးခင်ရွှေကို အသုံးချပီး အမေရိကန် PR ကုမ္ဗဏီတွေနဲ့  သိက္ခာတက်အောင် ကြိုးစားနေချိန်မှာ တဘက်ကလည်း ဦးခင်ရွှေကို  ဒေါက်တာဘွဲ့တစ်ခု ရအောင် ဖန်တီးပေးပီး PR ကမ်ပိန်း အရှိန်ရအောင်  ကြိုးစားခဲ့တာဖြစ်တယ်လို့ ဦးခင်ရွှေရတာ ဒေါက်တာဘွဲ့အတုဖြစ်ကြောင်း  ဖော်ထုတ်ခဲ့တဲ့ အမေရိကန်တွေဘက်က မြင်ပါတယ်။
ဦးခင်ရွှေဟာ စစ်အစိုးရ သိက္ခာတက်ရေးအတွက် Bain & Associates  ကုမ္ပဏီနဲ့ အလုပ်များနေတုံးမှာ ဦးခင်ရွှေကို အမေရိကန်နိုင်ငံ  ၀ါရှင်တန်တက္ကသိုလ်က ပေးအပ်တဲ့ Business Administration ဆိုင်ရာ  ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်တဲ့အခမ်းအနားလုပ်တဲ့အကြောင်း  စစ်အစိုးရသတင်းကို ကိုးကားပြီး အမေရိကန် Washington Post သတင်းစာက  ဖော်ထုတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံက ကောလိပ် တက္ကသိုလ်တွေကို ပိတ်ထားတာ  တနှစ်ကျော်နေတဲ့အချိန်မှာ စစ်အစိုးရက ဦးခင်ရွှေသတင်းကို  ထုတ်ပြန်လိုက်လို့ ပြည်ပရောက် ဒီမိုကရေစီရေး မြန်မာအတိုက်အခံတွေလဲ  အံ့အားတသင့် ဖြစ်ကုန်ပါတယ်။
စစ်အစိုးရ သတင်းစာတွေအရဆိုရင် ဦးခင်ရွှေကို  ဒေါက်တာဘွဲ့ပေးတဲ့အခမ်းအနားမှာ အမေရိကန်ပညာရေး ဖောင်ဒေးရှင်းအဖွဲ့ရဲ့  ကမကထနဲ့ ၀ါရှင်တန် တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Carey Rosenthal နဲ့  ၀ါရှင်တန် တက္ကသိုလ် ဂုဏ်ထူးဆောင် သုတေသန ကော်မီတီ ဥက္ကဌ ဒေါက်တာ Jom Lim  တို့ကနေ ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။
တကယ်တော့ ဦးခင်ရွှေဟာ စစ်တပ်ကနေ တပ်ကြပ်ကြီးအဆင့်က  အငြိမ်းစားယူခဲ့သူဖြစ်ပီး အတန်းပညာ အထက်တန်းတောင် မအောင်ခဲ့ဘူးလို့  အမေရိကန် သတင်းစာတွေက ရေးပါတယ်။

မှောင်ခို ဒေါက်တာဘွဲ့အတုဆိုတာ ဖော်ထုတ်နိုင်ပြီ
ဦးခင်ရွှေရဲ့ ဒေါက်တာဘွဲနောက်ကြောင်းကို အမေရိကန် တက်ကြွလှုပ်ရှားသူတွေက စုံစမ်းဖော်ထုတ်ရာမှာ-
၁။ ဦးခင်ရွှေကို ဒေါက်တာဘွဲ့ပေးတဲ့ အမေရိကန်နိုင်ငံ  ၀ါရှင်တန်တက္ကသိုလ်ဆိုတာ အသိအမှတ်ပြုခံထားရတဲ့ တက္ကသိုလ်မဟုတ်ဘဲ  ဟာဝိုင်အီကျွန်းမှာ မှတ်ပုံတင်ထားပီး ပင်ဆယ်ဗေးနီးယားပြည်နယ် Bryn Mawr  မှာ စာတိုက်သေတ္တာနံပတ်တခုနဲ့ ဘွဲ့တွေ ရောင်းစားနေတဲ့ တက္ကသိုလ်အတု  ဖြစ်နေတာ တွေ့ရပါတယ်။ ဒေါက်တာဘွဲ့တခုကို အမေရိကန်ဒေါ်လာ ၃၆၀၀ ကနေ ဒေါ်လာ  ၆၀၀၀ ကြားဈေးနဲ့ မှောင်ခိုရောင်းနေတဲ့ တက္ကသိုလ်အမည်ခံ  မှောင်ခိုလုပ်ငန်းတခုသာ ဖြစ်ပါတယ်။
၂။ ဒါပေမဲ့ ဦးခင်ရွှေကို မှောင်ခို ဒေါက်တာဘွဲ့အတုရောင်းတဲ့  တကယ်မရှိတဲ့ နာမယ်တူ ၀ါရှင်တန်တက္ကသိုလ်ရဲ့ သတင်းကြောင့် အမေရိကန်နိုင်ငံ  St. Louis မှာတကယ်ရှိတဲ့ ၀ါရှင်တန်တက္ကသိုလ်က ကြားကနေ အချောင်  နာမယ်ပျက်သွားပါတယ်။ ဒီမှာတင် အမှန်တကယ် တည်ရှိတဲ့ St. Louis  ၀ါရှင်တန်တက္ကသိုလ်က ဦးခင်ရွှေ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ရတယ်ဆိုတဲ့  စစ်အစိုးရသတင်းဟာ မှားယွင်းကြောင်းနဲ့ အထင်လွဲစရာတွေ  ဖြစ်ကုန်ကြောင်းကြေငြာချက်ထုတ်ပြန်ြပီး တရားစွဲဖို့ ပြင်ဆင်ခဲ့ပါတယ်။
(ပင်ဆယ်ဗေးနီးယား အခြေစိုက် စီးပွားဖြစ်လုပ်စားနေတဲ့  ၀ါရှင်တန်တက္ကသိုလ်အတုကို St. Louis ၀ါရှင်တန်တက္ကသိုလ် အစစ်ကနေ ဦးခင်ရွှေကို  ပေးတဲ့ဘွဲ့ကိစ္စနဲ့ ပတ်သက်ပြီး Federal District တရားရုံးကနေ  တရားစွဲခဲ့ရာမှာ နောက်ဆုံး တရားရုံးပြင်ပမှာ ကျေအေးခဲ့ပါတယ်။ ဒါပေမဲ့  စာတိုက်ပုံးတစ်လုံးနဲ့ မှောင်ခို ဒေါက်တာဘွဲ့တွေ ရောင်းစားနေသူတွေအနေနဲ့  တရားရုံးဆုံးဖြတ်ချက်အရ နောက်နောင် ၀ါရှင်တန်တက္ကသိုလ်အစစ်နဲ့  တခြားအမေရိကန်တက္ကသိုလ်တွေရဲ့ အမည်သုံးပြီ်း စီးပွားမလုပ်နိုင်အောင်  ဟန့်တားနိုင်ခဲ့ပါတယ်)။
၃။ ဦးခင်ရွှေကို မှောင်ခိုဒေါက်တာဘွဲအတုပေးတဲ့ အမေရိကန်ပညာရေး  ဖောင်ဒေးရှင်းအဖွဲ့ဆိုတာ စင်္ကာပူနိုင်ငံမှာသာ အခြေစိုက်တဲ့အဖွဲ့ဖြစ်နေတာ  တွေ့ရပါတယ်။
၎။ စစ်အစိုးရသတင်းစာပါ ဦးခင်ရွှေကို ဒေါက်တာဘွဲ့အတုပေးတဲ့ ၀ါရှင်တန်  တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Carey Rosenthal ဆိုတာလဲ အမေရိကန်နိုင်ငံ  Philadelphia မှာရှိတဲ့ Drexell တက္ကသိုလ်က ဓါတုဗေဒ ပါမောက္ခဖြစ်နေတာ  တွေ့ရပြီး ဦးခင်ရွှေဘွဲ့ပေးဖို့ သူမြန်မာနိုင်ငံသွားတဲ့စရိတ်ကို  ဦးခင်ရွှေကပဲ စိုက်ထုတ်ကျခံတယ်လို့ သိရပါတယ်။
၅။ တကယ်တော့ ဦးခင်ရွှေရတယ်ဆိုတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ဆိုတာ ဘွဲ  ဒီဂရီ ပေးခွင့်မရှိတဲ့ အဖွဲ့အစည်းတခုက ပေးတဲ့  မှောင်ခိုဒေါက်တာဘွဲ့အတုသာဖြစ်ပီး ဒေါက်တာဘွဲပေးတဲ့ ဖြစ်စဉ်တခုလုံးရဲ့  ကုန်ကျစရိတ်တွေကို ဦးခင်ရွှေကဘဲ အကုန်အကျခံတာ ပေါ်လွင်နေတယ်လို့  ကိုလံဘီယာတက္ကသိုလ် နိုင်ငံတကာရေးရာ ပါမောက္ခ Tom Lansner ကပြောပါတယ်။
ခုလို ဦးခင်ရွှေကို မှောင်ခို ဒေါက်တာဘွဲ့ အတုရအောင် စစ်အစိုးရက  ဘာကြောင့် လုပ်ပေးရသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက  ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တွေပေးတာ မနာလိုတဲ့အတွက် ဖြစ်နိုင်တယ်လို့  ဦးခင်ရွှေရတယ်ဆိုတဲ့ ဒေါက်တာဘွဲ့ နောက်ကြောင်းကို ဖော်ထုတ်သူ အမေရိကန်  တက်ကြွလှုပ်ရှားသူတွေက မှတ်ချက်ချပါတယ်။

နိဂုံး
ဦးခင်ရွှေဟာ စစ်အစိုးရအကျိုးစီးပွားကို နာမယ်ပျက်ခံ  ဆောင်ကျဉ်းပေးခဲ့သူဖြစ်တဲ့အတွက် ကနေ့ အမျိုးသားလွှတ်တော်မှာ  ကြံ့ဖွံ့အမတ်အနေနဲ့ နိုင်ငံရေးနယ်ပယ်ထိ ဦးသိန်းစိန်အစိုးရက  ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အစိုးရ ဒါမှမဟုတ်  ဦးသိန်းစိန်အစိုးရဟာ ဦးခင်ရွှေနဲ့ အကျိုးတူဖြစ်နေတာမို့ ဒီလို  သိက္ခာမဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မျိုးကို အခြေခံဥပဒေ ၂၀၀၈ အရ  လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရပ်ဆိုင်းပေးပါရန် (recall) မဲဆန္ဒရှင်တွေက  စုပေါင်းလက်မှတ်ထိုးပြီး ရွေးကောက်ပွဲကော်မရှင်ထံ  တောင်းဆိုခွင့်ရှိပါတယ်။
ဂျက်ဖရီ ဆန်းမောင် စုဆောင်းတင်ပြသည်။
ဝါရှင်တန်တက္ကသိုလ်မှ ဦးခင်ရွှေအား မည်သည့်အခါကမျှ မည်သည့်ဘွဲ့မျိုး မပေးအပ်ခဲ့ကြောင်း ထုတ်ပြန်လိုက်သည့်စာ