မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရလက်ထက်မှာ နှစ်ပေါင်း(၁၅)နှစ်ကျော် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပေမဲ့လည်း မြန်မာတပ်မတော်ကို သူမေတ္တာထားနေဆဲဘဲလို့ ဘီဘီစီကထုတ်လွင့်တဲ့ ရေဒီယိုအစီအစဉ်တစ်ခုနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့ပါတယ်။
လူသူကင်းမဲ့တဲ့ ကျွန်ကလေးတစ်ကျွန်းပေါ်က ရင်ခုန်သံအဖြစ် ပုံဖေါ်တင်ဆက်ထားတဲ့ ဘီဘီစီ ရေဒီယို(4)ရဲ့ Desert Island Disc အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဖခင်ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ၊ ခင်မွန်းသည် မိုက်ကယ်အဲရစ်နဲ့ အိမ်ထောင်ရေးခရီးလမ်း မြန်မာ့တပ်မတော်အပေါ်သဘောထား စတာတွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောပြသွားခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ တိုင်းပြည်အပေါ်အင်မတန်ဆိုးရွာတဲ့ လုပ်ဆောင်မှု့တွေ ပြုလုပ်ခဲ့ပေမဲ့လည်း ဒီစစ်တပ်ဟာ သူ့ဖခင်တည်ထောင်ခဲ့တဲ့ တပ်မတော်အဖြစ် မှတ်ယူထားဆဲဖြစ်ပြီး စစ်တပ်အနေနဲ့ ပြန်အဖတ်ဆည်နိုင်လိမ့်မယ်လို့ သူမျှော်လင့်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကချင်ဒေသမှာ အစိုးရစစ်တပ်နဲ့ကချင်တပ်ဖွဲ့(KIA)အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုထုတ်ဖေါ်ပြောသွားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်အပေါ် အခုလိုမေတ္တာမပျက် ဆက်ရှိနေပေမဲ့ စစ်တပ်ရဲ့ဖိနိပ်မှု့ဒဏ်ကို နှစ်ပေါင်းများစွာခံခဲ့ရတဲ့ ပြည်သူတစ်ချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြင်ကွာဟမှု့တွေ ရှိနိုင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က သုံးသပ်ပြောဆိုခဲ့ပါတယ်။
No comments:
Post a Comment