ကရင့်အမျိုးသားအစည်းအရုံး-KNU 
ထိပ်ပိုင်းခေါင်းဆောင်များနှင့် မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် 
ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံပွဲတွင် 
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရအကြား 
ခိုင်မာသည့်အပစ်အခတ်ရပ်စဲရေး တည်ဆောက်ရန် KNU ဘက်က တင်ပြဆွေးနွေးခဲ့သည်။
ယမန်နေ့က နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာတွင်
 တွေ့ဆုံခဲ့စဉ် တင်ပြခဲ့ခြင်း ဖြစ်သည်ဟု KNU ၏ 
တွဲဖက်အတွင်းရေးမှူး(၂)ပဒိုမန်းမန်းမန်းက “ကျနော်တို့ 
တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရကြားက ပစ်ခတ်ရပ် စဲရေးကို 
ခိုင်မာအောင်တည်ဆောက်သွားဖို့ရယ်။ နောက်ပြီး ကျနော်တို့(KNU)က တင်ထားတဲ့ 
code of conduct ကို ပြန်ပြီးတော့ ညှိနှိုင်းဆွေးနွေးဖို့ 
ပြောဆိုဖြစ်ခဲ့တယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
ဆက်လက်၍ KNU နှင့် အစိုးရအကြား 
အပစ်အခတ်ရပ်စဲရေးကိစ္စအပြင် လက်ရှိဖြစ်ပေါ်နေသည့် ကချင်ဒေသ အခြေ အနေများကို 
ဆွေးနွေးခဲ့ပြီး ကချင်ပြည်နယ်တွင် တိုက်ပွဲများရပ်စဲပြီးမှသာလျှင် 
နိုင်ငံရေးအဆင့် ဆက်ဆွေးနွေးမည့်အကြောင်း 
ဒု-ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဆွေးနွေးခဲ့သည်ဟု 
ပဒိုမန်းမန်းမန်း ပြောသည်။
ဒု-ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က 
ကေအိုင်အေနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကြိုးစားနေကြောင်း၊ သမ္မတ 
ဦးသိန်းစိန် အစိုးရ အကောင်အထည်ဖော်နေသည့် တိုင်းရင်းသား 
လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး ကိစ္စတွေကို 
(၇၀)ရာခိုင်နှုန်း အားရကျေနပ်မှုရှိကြောင်းနှင့် တပ်မတော်မှလည်းငြိမ်းချမ်း 
ရေးကို လိုလားကြောင်း KNU တာဝန်ရှိသူများအား ပြောကြားခဲ့သည်ဟု WunPawng 
ကချင်သတင်းစာမျက်နှာတွင် ရေးသားထားသည်။
ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ 
ပဒိုမန်းမန်းမန်းက “တိုက်ပွဲတွေ ရပ်နိုင်ဖို့ကလည်း အဓိကတော့ အစိုးရပေါ်မှာ 
တာဝန်ရှိတာပေါ့နော်။ ဒါပေမယ့် ကျနော်တို့ တိုင်းရင်းသားလူမျိုးစုတွေ 
အားလုံးကလည်း ပူးပေါင်းဆောင် ရွက်နိုင်မှ ပြေလည်နိုင်မှာ ဖြစ်ပါတယ်။ 
အပစ်ခတ်ရပ်စဲရေးတစုံတရာ ရပြီးမှသာလျှင် နိုင်ငံရေးအဆင့်ကို ဆက်ပြီး 
တက်လို့ရမှာ ဖြစ်တော့ အပစ်အခတ်ရပ်စဲရေးကို ရအောင် အသေအချာလုပ်ဖို့တော့ 
လိုတယ်” ဟု ပြောသည်။
မိမိတို့အနေဖြင့် နိုင်ငံရေးတွင် 
မတူကွဲပြားမှုအချို့ ရှိမည်ဖြစ်သော်လည်း တိုင်းပြည်အတွက် အကျိုးရှိစေမည့် 
တူညီ သည့်ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်သွားရန်၊ 
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တိုင်းရင်းသားအားလုံး တန်းတူ ညီမျှအတူတကွ 
ပူးပေါင်းဆောင်ရွက်လိုပါကြောင်း သမ္မတဦးသိန်းစိန်က 
ပြောကြားခဲ့သည်ဟုပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်- သမ္မတရုံး ၀က်ဘ်ဆိုဒ်၌ 
ယမန်နေ့က ဖော်ပြပါရှိသည်။
အလားတူ အစိုးရနှင့် KNU တို့သည် 
ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆွေးနွေးပွဲများ ဆက်လက်ကျင်းပရေး၊ အပစ်အခတ် 
ရပ်စဲမှု ပိုမိုခိုင်မာရေး၊ ဆက်ဆံရေးရုံးများ ဆက်လက်ဖွင့်လှစ်ရေးနှင့် 
ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်ဟုလည်း 
နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
သမ္မတဦးသိန်းစိန်၏ဖိတ်ကြားချက်အရ 
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး မှ 
ဦးဆောင်၍ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး 
(၂) ပဒိုမန်းမန်းမန်း၊ ပဒိုမန်း ငြိမ်းမောင်၊ ပဒိုစောရောဂျာခင်နှင့် 
ပဒိုစောလှထွန်းတို့သည် ယခုလ ဒီဇင်ဘာလ ၃ ရက်နေ့က နေပြည်တော်သို့ 
သွားရောက်ခဲ့သည်။
No comments:
Post a Comment