Wednesday, January 9, 2013

ရန်ကုန်မှာ ဟိုတယ်ဇုံသစ် ဖော်ထုတ်ဖို့ စီစဉ်နေ။

Tuesday, January 08, 2013
မြန်မာဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန က ဒဂုံမြို့သစ် က ၈၁ ဟက်တာအကျယ် (၁ ဟက်တာ = ၁၀၀၀၀ စတုရန်းမီတာ) မြေကွက်မှာ ဟိုတယ်ဇုံတခု တည်ဆောက်ဖို့ လေ့လာသုံးသပ်နေတယ်လို့ သိရပါတယ်။
တစစ တိုးများလာမဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အတွက် လိုအပ်ချက်ကို
ဖြည့်ဆည်းနိုင်ဖို့ ယခုလို ဟိုတယ်ဇုံအသစ်တွေ ဖော်ထုတ်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် နဲ့ ဟံသာဝတီလေဆိပ်အသစ် တို့အကြား မင်္ဂလာဒုံ၊ ထောက်ကြံ့ နဲ့ လည်းကူး စတဲ့ နေရာတ၀ိုက်
နားမှာလည်း ဟိုတယ်ဇုံနေရာ ဖော်ထုတ်ဖို့ ပြောသံကြားနေရပါတယ်။
လောလောဆယ် ရန်ကုန်မှာ ၄-၅ စတား ဟိုတယ် ၁၁ လုံး နဲ့ ၃ စတား ဟိုတယ် ၁၃ ခုသာရှိတယ်လို့ သိရပြီး ၂၀၁၂ မှ ၂၀၁၆ ခုနှစ်အတွင်း ဟိုတယ်အရေအတွက် တနှစ်ကို ၃၇% တိုးများလာမယ်လို့ ခန့်မှန်းထားကြောင်း Jones Lang LaSalle မှ မကြာခင်က ထုတ်ပြန်ထားပါတယ်။
 မြန်မာပြည်မှာ ဟိုတယ်တွေ တည်ဆောက် ရင်းနှီးမြုပ်နှံဖို့ နာမည်ကျော် ဟိုတယ်အုပ်စုများ ကလည်း စိတ်ဝင်စားနေပြီး Best Western အုပ်စုက အာရှဒေသဆိုင်ရာ ဒုဥက္ကဌ Glenn de Souza က ရန်ကုန်၊ မန္တလေး နဲ့ အခြားမြို့ကြီးတွေမှာ ဟိုတယ်တွေဆောက်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
 ဟိုတယ်အခန်းများ တိုးလာလိမ့်မယ် ဆိုပေမဲ့လည်း အခန်းလိုအပ်ချက်က လာမဲ့နှစ်တွေမှာ ဖြည်းဆည်းနိုင်တာထက် ကျော်လွန်သွားမှာဖြစ်ပြီး အခန်းခတွေ ဈေးမြင့်သွားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အစိုးရက မနှစ်တုန်းက ဟိုတယ်အခန်းခကို အများဆုံး ဒေါ်လာ ၁၅၀ ထက် ပိုမကျော်ရလို့ ကန့်သတ်ထားပေမဲ့ ခရီးသွားလာရေးနဲ့ အေးဂျင့်တွေနဲ့ပဲ သက်ဆိုင်ပါတယ်။ အဲဒီ သတ်မှတ်ချက်ကလည်း ဒီနှစ် မတ်လကုန်မှာ သက်တမ်းကုန်မှာဖြစ်ကြောင်း သိရပါတယ်။

No comments:

Post a Comment