နိုင်ငံပိုင်မြေကွက်နှင့် အဆောက်အအုံများစွာကို ပုဂ္ဂလိကမှ
ရယူထားသော်လည်း ရရှိသွားသည့် တန်ဖိုး၊ ရယူသွားသည့် နည်းလမ်းများကို
သက်ဆိုင်ရာမှ အများပြည်သူသို့ ထုတ်ပြန်ခြင်းမပြုကြောင်း၊ အချို့ဆို လျင်
တင်ဒါပင်ခေါ်ယူခြင်းမပြုဘဲ လက် သိပ်ထိုး ရရှိသွားသူများရှိကြောင်း၊
ခရိုနီစီးပွားရေးဈေးကွက် မပျောက်သေးကြောင်း ပြည်သူများကြား ဝေဖန်မှုများ
ရှိနေကြောင်း သိရသည်။
အများပြည်သူနှင့် တိုက်ရိုက်သက်ဆိုင်သည့် တန်ဖိုးနည်းအိမ်ရာကဲ့သို့
အများပြည်သူဆိုင်ရာ စီမံကိန်း များ တည်ထောင်ရာတွင်လည်း နိုင်ငံပိုင်မြေအား
သိမ်းယူတည်ဆောက်သည့်တိုင် အများပြည်သူမှာ အဆိုပါစီ မံကိန်းများ၏
အကျိုးကျေးဇူးကို မခံစားရဘဲ တည်ဆောက်ခွင့်ရသည့် ကုမ္ပဏီများသာ
အကျိုးအမြတ် ရှိနိုင် မည့် အနေ အထားများသာ ဖြစ်နေသည်ဟု အများပြည်သူ၊
နိုင်ငံ့ဝန်ထမ်း၊ အငြိမ်းစား ၀န်ထမ်းများ၊လုပ်ငန်း ရှင်များနှင့်
ပညာရှင်များက သုံးသပ်နေကြပါသည်။
အိုးအိမ်ဦးစီးဋ္ဌာနအနေဖြင့် တန်ဖိုးနည်းတိုက်ခန်းများအား
နိုင်ငံတော်ပိုင်မြေပေါ်တွင် ဆောက်လုပ်ခြင်း ဖြစ်သဖြင့် မြေတန်ဖိုး
ပါဝင်တွက်ချက်ထားမှု မရှိဟု မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှုး ဒေါ်အေးအေးမြင့်က ပြောကြားထားခဲ့သည်။
လက်ရှိ၌ပင် နိုင်ငံတော်မြေအဖြစ် သိမ်းယူထားသည့် မြေပေါ်တွင် တည်ဆောက်မည့်
တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများဖြစ်သည့် ဧရာဝဏ်နှင့်
ရတနာစီမံကိန်းများအတွက် ရောင်းချမည့် ဈေးနှုန်းများသည် အများ ပြည်သူ
လက်လှမ်းမမီသည့် ဈေးနှုန်းများဖြစ်နေသည်။
သို့သော် အဆိုပါ စီမံကိန်းများမှာ နိုင်ငံပိုင်မြေ အပါအ၀င် နိုင်ငံတော်
ဘတ်ဂျက်မှ ကျပ်ဘီလျံ ၅၀၀ အထိ ကုန်ကျခံ တည်ဆောက်မည့် စီမံကိန်းများ
ဖြစ်သည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန တာဝန်ရှိသူ များက
ထုတ်ဖော် ပြောကြားထားပြီးဖြစ်သည်။
နိုင်ငံပိုင်မြေ၊ နိုင်ငံတော် ဘတ်ဂျက်ဖြင့် တည်ဆောက်မည့်
စီမံကိန်းများဖြစ်သော်လည်း တိုက်ခန်းတစ်ခန်း လျင် အများဆုံး ကျပ်သိန်း ၂၀၀
ဖြင့် ရောင်းချမည်ဟု သတင်းထုတ်ပြန်ထားသည်။
''၀င်ငွေနည်းတဲ့ အများပြည်သူ၊ အခြေခံဝန်ထမ်းတွေအနေနဲ့ ကျပ် သိန်း ၂၀၀၊
ကျပ်သိန်း ၁၀၀ ဆိုတာ မ၀ယ်နိုင်ဘူး။ တန်ဖိုးနည်းလို့ပြောရင် ၀င်ငွေနည်း
ဝန်ထမ်းတွေ၊ ၀င်ငွေနိမ့်တဲ့ အများပြည်သူတွေ ၀ယ်ယူ နိုင် တဲ့ ဈေးဖြစ်ရပါမယ်။
ဒါမှမဟုတ်ရင် တန်ဖိုးနည်းနဲ့ လုပ်နိုင်တဲ့သူတွေကို အလုပ်အပ်တာ ပိုပြီး
ကောင်း ပါ မယ်။ နိုင်ငံပိုင်မြေ ပေးထားရက်နဲ့ မြေဈေး အလကားနဲ့
ဆောက်တဲ့သူတွေက မဆောက်နိုင်ရင် ဆောက်နိုင် တဲ့သူ အပ်သင့်ပါတယ်။ ကြားထဲက
ဆောက်တဲ့သူ၊ အစိုးရနဲ့ နီးစပ်သူတွေပဲ အခွင့်အရေးရသွားတာမျိုး က တော့ မဖြစ်
သင့်တော့ပါဘူး''ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်
စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ်အဖွဲ့ဝင် လုပ်ငန်းရှင်တစ်ဦးက
ပြောကြားခဲ့သည်။
အဆိုပါ အိမ်ရာစီမံကိန်းနှစ်ခုမှာ နိုင်ငံတော်ပိုင် ဖြစ်သည်ဟု ဆိုသော်
လည်း ယင်းမြေဧက၂၂၀ မှာ ၁၉၉၁ ခုနှစ်တွင် အိုးအိမ်မှ မြေကွက်ပေါင်း ၄၄၀၀
ဖြင့် တရားဝင် ရောင်းချပေးခဲ့သည့် မြေကွက်များဖြစ်ပြီး ၂၀၀၁ ခုနှစ်တွင်
နိုင်ငံတော်စီမံကိန်းအရဆိုကာ ပြန်လည်သိမ်းယူခဲ့ကြောင်း သိရသည်။
အဆိုပါ သိမ်းယူခဲ့သည် မြေကွက်များအစား မြေကွက် ပြန်လည်ပေးအပ်ခဲ့သော်လည်း
အစားထိုးပေးသည့် နေရာဝေးကွာသောကြောင့် ဂရန်ပြန်လည်အပ်သူ နည်းပါးခဲ့ကြောင်း
သိရသည်။နောက်ပိုင်းတွင် စီမံကိန်း ပျက်သွားခဲ့ပြီး သိမ်းယူခဲ့သည့် မြေကွက်
များအား ဌာနဆိုင်ရာဝန်ထမ်းများကိုသာ ပြန်လည်ပေးအပ်ခဲ့ပြီး
ကျန်ပိုင်ရှင်များအား ပြန်လည်ပေးအပ်ခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။
''စီမံကိန်း မဖြစ်တဲ့အချိန်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေ မြေကွက်ပြန်ရပေမယ့်
ကျွန်တော်တို့က မရခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်တို့လက်ထဲမှာ အနှစ် ၆၀
ဂရန်တွေ ရှိနေတယ်။ နောက်ပြီး တိုက်ခန်းဝယ်ခွင့်ပေး မယ်ဆိုတဲ့ စကားက လက်ရှိ
နစ်နာနေတဲ့ ကျွန်တော်တို့အတွက် ဖြေသိမ့်စရာ မဖြစ်နိုင်လို့
ဒီအိမ်ရာစီမံ ကိန်းထဲက အမည် ပေါက်ဂရန်သမားတွေအတွက် ပြန်လည်သုံးသပ်ပေးဖို့
နိုင်ငံတော်သမ္မတကြီးကို တင်ပြ ထားပါတယ်''ဟု မြေကွက်ပိုင်ရှင်တစ်ဦးဖြစ်သူ
ဦးမင်းတလဉာဏ်က ပြောပါသည်။
''ရန်ကုန်မှာ တိုးလာတဲ့လူတွေ နေထိုင်ဖို့အတွက် အိမ်ရာတွေ ဖော်ထုတ်ဖို့
အိုး/အိမ်က မြို့ပြဆိုင်ရာ ပညာရှင်တွေက ဒီနေရာမှာ ဒီလိုစီမံကိန်းတွေ
ဖော်ထုတ်ပေးရင် အဆင်ပြေမယ်ဆိုတာ ဖော်ထုတ်ပေး တယ်။ တန်ဖိုးနည်းအိမ်ရာ
ဆောက်မယ်ဆိုပြီး တင်ဒါခေါ်တယ်။ တင်ဒါနဲ့ လာလုပ်တဲ့သူတွေက လုပ်ငန်း ရှင်တွေ။
ဈေး နှုန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတ်မှတ်မယ်လို့ ပြောတယ်။
ဖြစ်သင့်တာက ၀င်ငွေ အသင့်အတင့်သာရှိတဲ့သူတွေ ၀ယ်နိုင်တဲ့ နှုန်းထား
ဖြစ်သင့်တယ်။ ၀ယ်နိုင်အောင် စီစဉ်ပေးသင့် တယ်။အခုတော့ စီမံကိန်းတစ်ခု
ဖော်လိုက်ဝယ်ရမယ့်သူက မသက်သာပဲ လုပ်ငန်းရှင်တွေပဲ ကောင်းစား သွားတာမျိုး
မဖြစ်သင့်ဘူး''ဟုလည်း ရန်ကုန်မြို့နေ အိုး/အိမ်ဦးစီးဌာနမှ အငြိမ်းစား
အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
''တန်ဖိုးနည်းအိမ်ရာဆိုတာ အစက ထင်ထားတာက ရတဲ့လခနဲ့ ပေးချေလို့ ရမယ်လို့
ထင်ထားတာ။ အခုတော့ ကျွန်မတို့ရတဲ့လခနဲ့ ကျပ် သိန်း ၁၀၀၊ ၂၀၀ ဆိုတာ
အိမ်မက်တောင် မက်လို့မရဘူး''ဟု မြောက် ဒဂုံမြို့နယ်တွင်
အိမ်ငှားရမ်းနေထိုင်သူ အလယ်တန်းပြ ကျောင်းဆရာမတစ်ဦးက ပြောပြခဲ့သည်။
တော်ဝင်ကုမ္ပဏီ အနေဖြင့်လည်း တန်ဖိုးနည်းအိမ်ရာဟုဆိုကာ တစ်ခန်းလျင် ၆၅၀
စတုရန်းပေ၀န်းကျင် အကျယ်ရှိသည့် တိုက်ခန်းများကို ကျပ် ၁၂၈ သိန်းမှ ၁၆၅
သိန်း အထိ ဈေးများဖြင့် ရောင်းချခဲ့ဖူးသည်။ သို့သော် အဆိုပါ
ကွန်ဒိုများမှာ ရေ၊ မီး၊ ကားပါကင်၊ ဓာတ်လှေခါး ပါဝင်ကြောင်း သိရသည်။
တန်ဖိုးနည်းဟုဆိုကာ ယခုကဲ့သို့ ဈေးနှုန်းကြီးမြင့်ရမှု၏ အဓိက ပြဿနာမှာ
မြေ၊ တိုက်ခန်းဈေးနှုန်းများ အဆမတန် ဈေးမြင့်တက်မှုကြောင့် ဖြစ်ကြောင်းလည်း
သုံးသပ်ကြသည်။နိုင်ငံပိုင်မြေ၊ အဆောက်အ အုံများကို သက်သာသည့်ဈေးဖြင့်
ရရှိသွားသူများအနေဖြင့် ဈေးကစားခြင်းကြောင့် မြေဈေး၊ တိုက်ခန်း ဈေးများ
ထိုးတက်လာခဲ့ပြီး ထိုသို့ တိုက်ခန်းနှင့် မြေဈေးထိုးတက်သည့် အချိန်မှ
တည်ဆောက်သည့် အတွက်လည်း ယခုကဲ့သို့ ဈေးမြင့်ရသည့် အခြေအနေသို့
ရောက်ရှိခြင်းဟု တွက်ချက်ထားကြသည်။
၂၀၀၈ ခုနှစ်တွင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို အနည်းဆုံး
နှစ်ကြိမ်အထိ ပုဂ္ဂလိက ပိုင်ပြုလုပ်ခဲ့ပြီး စီး ပွားရေးလုပ်ငန်းပေါင်း ၉၀
ကျော်ကို ပုဂ္ဂလိကပိုင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။၂၀၀၉ ခုနှစ်တွင်
နိုင်ငံပိုင် စီးပွား ရေးလုပ်ငန်း၊ အိမ်ခြံမြေ၊ ဂိုဒေါင် စသည်ဖြင့်
လုပ်ငန်းပေါင်း ၃၀၀ ကျော်ကို ပုဂ္ဂလိကပိုင် ထပ်မံပြု လုပ်ခဲ့ သည်။
၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံပိုင် စက်သုံးဆီဆိုင် ၂၄၆ ဆိုင် အပါအ၀င်
နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၁၀၀ ကျော် နှင့် နိုင်ငံပိုင်အဆောက်အအုံ ၃၂
ခုကို ပုဂ္ဂလိကပိုင် ပြုလုပ်ခဲ့ပြန်သည်။ ယင်းအပြင် ဗိုလ်တစ်ထောင်၊
ဗိုလ် အောင်ကျော်၊ ပန်းဆိုးတန်း-နန်းသီတာ၊ ကျန်းမာရေး၊ ဆူးလေ ဆိပ်ကမ်းများ
အပါအ၀င် အလုံဆိပ်ကမ်းမှ ဗိုလ်တစ်ထောင်-သန်လျက်စွန်းအထိ
ဆိပ်ကမ်းနေရာများကိုလည်း ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပေးခဲ့သည်။
၂၀၁၁ ခုနှစ်တွင် နိုင်ငံပိုင် လုပ်ငန်း ၇၆ ခု၊ မြေကွက်၊ တိုက်ခန်း ၁၀၀
ကျော်အား ထပ်မံ၍ ပုဂ္ဂလိကပိုင် ပြု လုပ်ခဲ့သည်။ အချို့မြေကွက်နှင့်
နိုင်ငံပိုင် အဆောက်အအုံများမှာ တင်ဒါခေါ်ယူခြင်းပင် မပြုဘဲ နီးစပ်ရာ
ချထားပေးခဲ့မှုများ ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
တင်ဒါခေါ်ယူစဉ်က ခေါ်ယူ ကြောင်း တရားဝင်ကြေညာခြင်း
နိုင်ငံပိုင်လုပ်ငန်းများဆိုလျင် ကြမ်းခင်းဈေးပင် ပါဝင်ခြင်းများ
ရှိသော်လည်း တင်ဒါအောင်လျင် တန်ဖိုးမည်မျှနှင့် အောင်သည်ကိုမူ
နိုင်ငံပိုင်မီဒီယာများမှ ထုတ်ပြန်မှု မရှိခဲ့ကြောင်း သိရသည်။
တင်ဒါ ၀င်ရောက်ဆွဲသူများကြားတွင် ပြောကြားကြသည်များက
မတန်တဆဈေးများနှင့် ရသွားသူများ ရှိကြောင်း၊ အချို့ဆိုလျင်
မိမိလျောက်ထားသည့်နေရာကို အခြားကုမ္ပဏီ အမည်ဖြင့်
လုပ်ကိုင်ခွင့်ရသွား မှုမျိုးပင် ရှိသည်ဟု ဆိုကြသည်။
စက်မှုဇုန်များတွင်လည်း ဈေးကစားမည့်သူများကို မြေကွက်များ လွယ်ကူစွာ
ချထားပေးသော်လည်း အမှန် တစ်ကယ် တည်ဆောက်မည့်သူများမှာ မြေကွက်ရရှိရန်
များစွာခက်ခဲပြီး မြေကွက်မရသည့်အတွက် လုပ် ငန်း ကို ခက်ခဲစွာ
ရုန်းကန်တည်ထောင်နေရသူများ ရှိသည်ဟုလည်း စက်မှုဇုန်လုပ်ငန်းရှင်များက
အတည် ပြု ပြောကြားထားသည်။
ထိုသို့ အတည်မပြုနိုင်သည့် ဈေးများဖြင့် အလွယ်တကူ ရရှိထားသူများ
ဈေးကစားမှုကြောင့် မြေဈေးမြင့် တက်ပြီး တိုက်ခန်းဈေးများလည်း လိုက်ပါ
မြင့်တက်ခဲ့သည်။ အများပြည်သူအနေဖြင့်မူ နေစရိတ်အတွက် ယခင်ကထက် တစ်ဆမှ
နှစ်ဆအထိ ပိုမိုသုံးစွဲရသည့် ဒဏ်ခံစားခဲ့ရသည်။
''ခရိုနီစီးပွားရေးက မပျောက်သေးဘူး။ အရင်က ဘာပဲလုပ်ခဲ့လုပ်ခဲ့ အစိုးရသစ်
လက်ထက်မှာတော့ မှန် သင့်ပြီထင်တယ်။ ခြောက်ထပ်ရုံး၊ ဟိုက်ကုတ်၊
စုပေါင်းရုံး၊ ပြည်ထောင်စုရိပ်သာ၊ ခရေပင်လမ်းနဲ့ အလုံလမ်း ထောင့်က
မြေကွက်ကြီးတွေ ဘယ်သူတွေက ဘယ်လောက်ဈေးနဲ့ ရသွားလည်း။ ဧရာဝဏ်လမ်းမဘေးက ဧက
ရာနဲ့ချီတဲ့ မြေကွက်ကြီးကို အေးရှားဝေါလ်ကုမ္ပဏီအနေနဲ့ ဘယ်လောက်နဲ့
ရခဲ့တာလည်း၊ ပြောရရင် ရန်ကုန်မြို့ရဲ့ ဈေးအကြီးဆုံးနေရာမှာပါတဲ့
ပြည်လမ်းမပေါ်က မြေကွက်နဲ့ လုံးချင်းတိုက်တွေ ဘယ်ဈေးနဲ့ ရသွားလည်း၊
နိုင်ငံပိုင်လုပ်ငန်းတွေ၊ စက်ရုံတွေကိုရော ဘယ်ဈေးနဲ့ရလဲ။ အင်မတန်
ဈေးမြင့်တက်လာ တယ်ဆိုတဲ့ စမ်းချောင်းက စက်သုံးဆီဆိုင် တစ်ဆိုင်ကိုရော
ဘယ်ဈေးနဲ့ ပေးလိုက်တာလဲ။ ဒါမျိုးတွေက တော့ အများပြည်သူကို
ထုတ်ပြန်သင့်ပါတယ်။ ထင်သာမြင်သာတော့ ရှိ သင့်ပါပြီ။ ဘာကြောင့်လဲဆိုတော့
ဥပမာ-စက်မှုဝန်ကြီးဌာနက တာယာ စက်ရုံ၊ လောင်းလုံက ဧက ၂၀၀၀ ကျော်ကျယ်တဲ့
ဆီအုန်းခြံနဲ့ စက်ရုံ အပါအ၀င် စက်ရုံတော်တော်များများကို ငှားဦးမှာလေ။
နိုင်ငံပိုင်တွေကို ဘယ်ဈေးနဲ့ပေးလို့ ဘယ်လိုလုပ် လည်းဆိုတာ
နိုင်ငံသားတွေလည်း သိသင့်တယ် ထင်ပါတယ်''ဟု ပြည် ထောင်စုသမ္မတ
မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်
အသင်းဝင်၊ ကုန်ထုတ်လုပ်ငန်းရှင်တစ်ဦးက ပြော ကြားခဲ့သည်။
နိုင်ငံပိုင်မြေကွက်၊အဆောက်အအုံနှင့် လုပ်ငန်းများအား သက်သာသည့်
နှုန်းထားများဖြင့် ရရှိထားသူက ဈေးကစားသည့်ဒဏ်ကို အများပြည်သူ
ခံစားခဲ့ရပြီး နိုင်ငံတော်မှ ရရှိသင့်သည်များလည်း ဆုံးရှုံးခဲ့ရကာ
များစွာနစ်နာခဲ့သည်။
''မကြာသေးခင်က လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေးကော်မရှင် ဆိုပြီးဖွဲ့တယ်။
တစ်ကယ်ဖြစ်သင့်တာ က အဂတိလိုက်စားမှု တိုက်ဖျက်ရေးပါ။ အဲဒီကော်မရှင်ကို
ပြည်သူတွေကိုယ်စား ဒီကနေပဲ တိုင်ချင်ပါ တယ်။ ကျန်တဲ့နေရာတွေကို ခဏထား၊ ရန်
ကုန်မြို့က အရေးပါတဲ့ နေရာတွေအားလုံးနီးပါးရဲ့အဆောက် အအုံနဲ့ မြေတွေကို
ဘယ်လိုမူတွေနဲ့ ဘယ်သူတွေကို ဘယ်လိုပေးခဲ့ပါသလဲ။ နိုင်ငံအတွက်ရော
ပြည်သူတွေ အတွက်ပါ အမှန်တကယ် အကျိုးရှိခဲ့ရဲ့လား။ ရန်ကုန်မှာ
ဈေးအကောင်းဆုံးနေရာက တစ်စတုရန်းပေကို ကျပ်တစ်သန်းကျော်အထိ ပေါက်ဈေးရှိတဲ့
အနေအထားမှာ အချက်အခြာကျတဲ့ နေရာက မြေကွက်တွေကို ဘယ်ဈေးနဲ့ ရသွားသလဲဆိုတာ
ရှင်းရှင်းလင်းလင်းရှိဖို့ လိုပါတယ်။ တစ်ကယ် တာဝန်ရှိတဲ့သူတွေက သေသေချာချာ
စစ်ဆေးမယ်ဆိုရင် ပေါ်လာမှာပါ။ တစ်ကယ် စစ်ဆေးဖို့တော့ လိုပါတယ်။
အချက်အခြာကျတဲ့ အရေးပါတဲ့နေရာ အတော်များများကို ဘယ်လိုရထားမှန်းမသိဘဲ
ဈေးတွေကိုတော့ ကမောက်ကမ ထိုးတက်အောင် လုပ်ပစ်တယ်။ တိုက်ခန်းနဲ့
မြေဈေးတွေကောင်းတော့ ကားပါကင်တောင် မချန်ဘူး။ ရှိသမျှ အကုန်ဆောက်ကြတယ်။
ပန်းခြံတွေတောင် မချန်ဘူး။ အခုလည်း တန်ဖိုးနည်း အိမ်ရာ ဆိုပြီး လုပ်တော့
မြေတွေ သိမ်းပြန်ရော၊ ပြီးတော့ မြေသိမ်းခံရတဲ့သူတွေကို ဦးစားပေး
ပြန်ရောင်းပေး မယ်ဆိုတာ ဖြစ်သင့်ရဲ့လား။ အဲဒီလို လူတွေဆို အလကားတောင်
ပေးသင့်တယ်။ ဆောက်ပြီးရင်လည်း တကယ် တန်ဖိုးနည်းပြီး ပြည်သူတွေ တစ်ကယ်
အကျိုးရှိမှာလား''ဟု Weekly Eleven News Journal ၏ အယ်ဒီတာချုပ်
ကိုဝေဖြိုးက ပြောပါသည်။