Sunday, January 27, 2013

တပ်မတော်ကို နှစ်သက်ဆဲ ဖြစ်ကြောင်း ဒေါ်စုပြော။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရလက်ထက်မှာ နှစ်ပေါင်း(၁၅)နှစ်ကျော် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပေမဲ့လည်း မြန်မာတပ်မတော်ကို သူမေတ္တာထားနေဆဲဘဲလို့ ဘီဘီစီကထုတ်လွင့်တဲ့ ရေဒီယိုအစီအစဉ်တစ်ခုနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့ပါတယ်။
လူသူကင်းမဲ့တဲ့ ကျွန်ကလေးတစ်ကျွန်းပေါ်က ရင်ခုန်သံအဖြစ် ပုံဖေါ်တင်ဆက်ထားတဲ့ ဘီဘီစီ ရေဒီယို(4)ရဲ့ Desert Island Disc အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဖခင်ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ၊ ခင်မွန်းသည် မိုက်ကယ်အဲရစ်နဲ့ အိမ်ထောင်ရေးခရီးလမ်း မြန်မာ့တပ်မတော်အပေါ်သဘောထား စတာတွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောပြသွားခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ တိုင်းပြည်အပေါ်အင်မတန်ဆိုးရွာတဲ့ လုပ်ဆောင်မှု့တွေ ပြုလုပ်ခဲ့ပေမဲ့လည်း ဒီစစ်တပ်ဟာ သူ့ဖခင်တည်ထောင်ခဲ့တဲ့ တပ်မတော်အဖြစ် မှတ်ယူထားဆဲဖြစ်ပြီး စစ်တပ်အနေနဲ့ ပြန်အဖတ်ဆည်နိုင်လိမ့်မယ်လို့ သူမျှော်လင့်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကချင်ဒေသမှာ အစိုးရစစ်တပ်နဲ့ကချင်တပ်ဖွဲ့(KIA)အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုထုတ်ဖေါ်ပြောသွားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်အပေါ် အခုလိုမေတ္တာမပျက် ဆက်ရှိနေပေမဲ့ စစ်တပ်ရဲ့ဖိနိပ်မှု့ဒဏ်ကို နှစ်ပေါင်းများစွာခံခဲ့ရတဲ့ ပြည်သူတစ်ချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြင်ကွာဟမှု့တွေ ရှိနိုင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က သုံးသပ်ပြောဆိုခဲ့ပါတယ်။



                    

"၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်"

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့ တစ်ချို့အချက်တွေဟာ ဒီမိုကရေစီ စနစ်နဲ့ဆန့်ကျင်နေတာကြောင့် ပြင်ဆင်ဖို့လိုအပ်ကြောင်း၊ ပြင်ဆင်နိုင်မယ်လို့လည်း မိမိအနေနဲ့ မျှော်လင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းက ဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ သောင်္ကြာနေ့ ဇန်န၀ါရီလ ၂၅ ရက်နေ့က ဟာဝိုင်အီပြည်နယ် အခြေစိုက်East-Westcenterအဖွဲ့အစည်းကလက်ခံကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပရိသတ်က၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မလားလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြန်လည် ဆွေးနွေးခဲ့တာပါ။

၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်ဆင်ဖြည့်စွက်စရာတွေ အတော်များများရှိတဲ့အထဲက ၂ ချက်ကို ထောက်ပြ ဆွေးနွေးသွားခဲ့ပြီး၊ အဲဒီအထဲမှာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာစစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်ဖို့အဟန့်အတားဖြစ်နေတယ်လို့ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တဲ့အပြင် “တိုင်းရင်းသားအားလုံးရဲ့ မျှော်မှန်းချက်တွေကို အာမခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်လာမှသာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားအားလုံး အတူတကွငြိမ်းချမ်းစွာ နေထိုင်နိုင်တဲ့အခြေအနေကို ရောက်ရှိလာမှာ ဖြစ်ပါတယ်လို့ ” ပြောခဲ့ပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ နိုင်ငံတော် သမ္မတဖြစ်ပိုင်ခွင့်ကို ကန့်သတ်ပြဌာန်းထားတဲ့ အချက်ဟာ လူပုဂ္ဂိုလ် တစ်ယောက်ကို ဦးတည်ရေးဆွဲပြဌာန်းထားတာဖြစ်တဲ့အတွက် မသင့်လျှော်ကြောင်း နဲ့ ပြင်ဆင်ဖို့လိုအပ်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

အခြေခံ ဥပဒေမှာပါတာက မိသားစုဝင်ထဲမှာ အိမ်ထောင်ဖက် ဒါမှမဟုတ် သားသမီးဟာ နိုင်ငံခြားသား အဖြစ်ခံယူထားရင် သမ္မတဖြစ်ခွင့် မရှိဘူးလို့ ပြဌာန်းထားပါတယ်။

ဒါ့အပြင် လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မယ်ဆိုရင် လွှတ်တော်အမတ်၇၅% ကျော်ရဲ့ ထောက်ခံမဲရရှိမှသာ ပြင်ဆင်နိုင်မှာ ဖြစ်တဲ့အပြင် လွှတ်တော်အသီးသီးမှာ တပ်မတော်သား ကိုယ်စားလှယ် တွေက ၂၅% အသီးသီးရယူထားတာကြောင့် ပြင်ဆင်ဖို့ ခက်ခဲကြောင်း ဒါပေမယ့် တပ်မတော်သားကိုယ်စားလှယ်တွေထဲမှာလည်းနိုင်ငံကောင်းကျိုးကို မြင်ချင်တဲ့ ကိုယ်စားလှယ်တွေ ရှိတဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မယ်လို့မိမိအနေနဲ့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ ဦးဆောင်သည့် အဖွဲ့ ပြည်အကျဉ်းထောင် သို့ သွားရောက်လေ့လာခဲ့။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ Mr. Peter Maurer ဦးဆောင်သည့်အဖွဲ့ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိ လာသည့် ခရီးစဉ်အတွင်းအကျဉ်းဦးစီးဌာနလက်အောက်ရှိ ပြည် အကျဉ်းထောင်သို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ Mr. Peter Maurer ဦးဆောင်သည့် အဖွဲ့ဝင် (၆) ဦးပါ အဖွဲ့မှာ ဇန်န၀ါရီလ (၂၁) ရက်နေ့ ညနေက ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့သို့ ရောက်ရှိလာပြီး ဇန်န၀ါရီလ (၂၂) ရက်နေ့မှ စတင်ကာ (၂၅) ရက်နေ့အထိ ပြည်အကျဉ်းထောင်သို့ နေ့စဉ်နံနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ် သွားရောက်၍ လေ့လာကြည့်ရှုခဲ့ကာ အကျဉ်းထောင်များအတွင်း အကျဉ်းသားများအပေါ် ပေးသည့် ၀န်ဆောင်မှုများ၊ ရေပေးဝေမှုစနစ်နှင့် သန့်ရှင်းရေး၊ မိလ္လာစနစ်၊ အကျဉ်းသားများအပေါ် ကျန်းမာရေး စောင့်ရှောက်မှုများတို့ကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်မြို့သို့ရောက်ရှိနေသည့် ခရီးစဉ်အတွင်း ပြည်မြို့ဆေးရုံကြီးသို့လည်း သွားရောက်၍ ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူလျက်ရှိသည့် အကျဉ်းသားတစ်ယောက်နှင့် အချုပ်သားတစ်ယောက်တို့၏ ကျန်းမာရေးအခြေအနေများ၊ ဆေးဝါးကုသမှုနှင့် ကူးစက်ရောဂါ ကာကွယ်မှုများအပေါ် လေ့လာကြည့်ရှုခဲ့ကြောင်း သိရပြီး (ICRC) ဥက္ကဌနှင့် အဖွဲ့မှာ ဇန်န၀ါရီလ (၂၅) ရက် နေ့လည်ပိုင်း၌ ပြည်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ၄င်း၏ မြန်မာနိုင်ငံသို့ လာရောက်သော ခရီးစဉ်နှင့် ပတ်သက်၍ "ကျွန်တော် မြန်မာနိုင်ငံကို လာခဲ့တဲ့ခရီးစဉ်က မြန်မာအစိုးရနှင့် ဆက်ဆံရေးကဏ္ဍသစ် ဖွင့်လှစ်မှုနဲ့အတူ ကျွန်တော်တို့ရဲ့ လူမှုရေးလုပ်ငန်းစဉ်တွေကို ဒီနိုင်ငံမှာ ပိုမိုလုပ်ကိုင်သွားဖို့အတွက် ဖြစ်ပါတယ်။ ယခုခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှုတွေကလည်း အပေါင်းလက္ခဏာဆောင်ပြီး တိုးတက်ဖြစ်ထွန်းမှု ရရှိခဲ့ပါတယ်" ဟု Mr. Peter Maurer က ဆိုပါသည်။

ပြည်ထောပြည်ထောင်စုဝန်ကြီးများ အရပ်ဘက် လူ့အဖွဲ့အစည်း (၄၆)ခုနဲ့ Myanmar Peace Center မှာ တွေ့ ဆုံ။

ပြည်ထောင်စုဝန်ကြီးများ ဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ နဲ့ဦးခင်ရီတို့ဟာ အရပ်ဘက် လူ့အဖွဲ့အစည်း (၄၆)ခုနဲ့ ရန်ကုန်မြို့ ဦးဝိစာရလမ်းက Myanmar Peace Center မှာ ဇန်န၀ါရီ ၂၇ ရက်နေ့က တွေ့ ဆုံခဲ့ကြပါတယ်။
 တွေ့ဆုံပွဲအပြီး ကချင် စစ်ပွဲတွေနဲ့ ပတ်သက်တဲ့အမေးကို ဒီဗွီဘီ သတင်းထောက်ကမေးမြန်းရာမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ သတင်းထောက်တွေတွေ့ဆုံ ဖို့ ရှိတာကြောင့် အဲ့ဒီတွေ့ဆုံပွဲမှာ မေးမြန်းနိုင်တယ်ဆိုတဲ့ သဘောမျိုးဖြေကြားခဲ့ပါတယ်။
နာင်လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပါ       ၀င်လာလိမ့်မယ်လို့ သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောဆိုခဲ့ပါတယ်။

 

နိုင်ငံခြားမှ တင်သွင်းသောကားများကို အခွန်ပုံစံအသစ်ဖြင့် အနာဂတ်တွင်ကောက်ခံမည်။

ရန်ကုန်၊ ဇန်န၀ါရီ ၂၆၊

နိုင်ငံခြားမှတင်သွင်းသောကားများကို အကောက်ခွန်ဌာနမှ အနာဂတ်တွင် အကောက်ခွန်ကောက်ခံမှု ပုံစံအသစ်ဖြင့် ကျင့်သုံးသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။
အကောက်ခွန်ဌာနမှ အနာဂတ်တွင် ကားရောင်းသူနှင့်ဝယ်သူနှစ်ဖက်စလုံးမှ ကားတန်ဖိုးစာရင်းမှန်ကို ဖော်ပြရ မည်ဖြစ်သည်။ အကောက် ခွန်ဌာနမှ တင်ပြသောကား တန်ဖိုးမှာ ပြင်ပပေါက်ဈေးတွင် မှန်ကန်မှုရှိမရှိကို စစ်ဆေး မှုများပြုလုပ်ပြီး မှန်ကန်မှုမရှိလျှင် အရေးယူမှု ဆောင်ရွက်မည့် ပုံစံဖြစ်ကြောင်း အကောက်ခွန်ဌာန ထုတ်ကုန်သွင်းကုန် ကြီးကြပ်ရေးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဆွေက
ဇန်နဝါရီလ ၂၆ရက်နတွင် အကောက် ခွန်ဦးစီးဌာန၌ ကျင်းပ ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင်ပြောကြားသည်။
“ကားရောင်းသူကလည်း မညာတမ်း ကားဝယ်သူကလည်း မလိမ်တမ်း အမှန်တကယ် ရောင်းအဝယ်ဖြစ်တဲ့ တန်ဖိုး ကိုပြမှ အမှန်တကယ် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါ တယ်။ ကားတန်ဖိုးကို မှန်တကယ်ပြလား မပြလားဆိုတာ ကို ပြင်ပမှာပေါက်တဲ့ ပေါက်ဈေးနဲ့ ညီမညီကို နောက်ပိုင်းမှာ စာရင်းစစ်တဲ့သူတွေနဲ့  လိုက်စစ်မယ်။”ဟု ဦးဆောင်ညွှန်ကြား ရေးမှူး ဦးသိန်းဆွေက ပြောကြားသည်။
လက်ရှိတွင် ထိုစနစ်ကိုကျင့်သုံးနိုင်ခြင်းမရှိသေးခြင်းမှာ အကောက်ခွန်စည်းကြပ်မှုနှင့် ပတ်သတ်သော စည်းမျဉ်း များကို ပြင်ဆင်မှု ပြုလုပ်နေ ခြင်း ကြောင့် ဖြစ်ကြောင်း၊ ပြင်ဆင်မှုပြီးစီးပါက Expoter ၊ Importerများအနေဖြင့် တန်ဖိုးအမှန်ကို တင်ပြရန် လိုအပ်ကြောင်း သိရသည်။
 

Wednesday, January 23, 2013

ပြည်ထောင်စု၏ ပျမ်းမျှ အလုပ်လက်မဲ့ ရာခိုင်နှုန်းမှာ လူဦးရေ၏ ၄၀ ရာခိုင်နှုန်း နီးပါးရှိနေကြောင်း ပြည်သူ့လွှတ်တော်၊ စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ပြောကြား ။

Tuesday, 22 January 2013

ပြည်ထောင်စု၏ ပျမ်းမျှ ဆင်းရဲ နွမ်းပါးမှုမှာ လူ ၁၀၀ တွင် ၂၆ ဦး ဆင်းရဲနေပြီး ပျမ်းမျှ အလုပ်လက်မဲ့ ရာခိုင်နှုန်းမှာ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းနီးပါး ရှိနေကြောင်း ပြည်သူ့လွှတ်တော်၊စီမံကိန်းများနှင့်
ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုး သာက  ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။
 ပြည်သူ့လွှတ်တော်၊ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ဥက္ကဋ္ဌ ဦးစိုးသာက'' မြန်မာနိုင်ငံ အိမ်ထောင်စု စားဝတ်နေရေး အခြေအနေ ဘက်စုံလေ့လာမှု မှတ် တမ်းဆိုပြီး ရှိပါတယ်။ အဲဒီမှာ တစ်ပြည်လုံးရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းက ၂၆ ရာခိုင်နှုန်း ရှိပါတယ်။ ဆိုလိုတာက လူ ၁၀၀ ရှိရင် ၂၆ ဦးက ဆင်းရဲတဲ့ အပိုင်းမှာ ရောက်နေတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ချင်းပြည်နယ်က ၇၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။ရခိုင်က ၄၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ရှမ်းက ၃၃ ပါ။ ကချင်ပြည်နယ်က ၂၉ ရာခိုင်နှုန်း၊ ကရင် ၁၇ ရာခိုင်နှုန်း၊ မွန် ၁၆ ရာခိုင်နှုန်း၊ကယား ၁၁ ရာခိုင်နှုန်း၊ တနင်္သာရီ ၃၃ ရာခိုင်နှုန်း၊ဧရာဝတီ ၃၂ ရာခိုင်နှုန်း၊မကွေး ၂၇ ရာခိုင်နှုန်း၊မန္တလေး ၂၇ ရာခိုင်နှုန်း၊ပဲခူး ၁၈ ရာခိုင်နှုန်း၊ရန်ကုန် ၁၆ ရာခိုင်နှုန်း၊စစ်ကိုင်း ၁၅ ရာခိုင်နှုန်း ဖြစ်ကြပါတယ်။ ဒီစစ်တမ်းအရ ပြည်နယ်လေးခု၊ တိုင်းလေးတိုင်းက Poverty Line အထက်တွင် ရှိနေတာတွေ့ရပြီး ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ဟာ ပြည်နယ်တိုင်း ဒေသကြီးတွေထဲမှာ ဆင်ရဲနွမ်းပါးမှု အမြင့်ဆုံး ပြည်နယ်များ ဖြစ်နေတာကို တွေ့ရပါတယ်။
ဆင်းရဲမွဲတေမှု လျော့ပါးရေးကို စီမံကိန်းဖြင့် မလွဲမသေ အလေးထား ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှုနဲ့ စပ်လျဉ်းပြီး နိုင်ငံတော်အစိုးရရဲ့ ရည်မှန်းချက်က ၂၀၁၅ ခုနှစ်မှာ ၁၆ ရာခိုင်နှုန်း
လျော့ချရန် ရည်မှန်းထားတယ်လို့ သိရပါတယ်။ ဆင်းရဲနွမ်းပါးမှု မြင့်မားနေသော ပြည်နယ်နဲ့ တိုင်းများကို ဆင်းရဲနွမ်းပါးမှု Poverty လိုင်းအောက် ရောက်ရှိအောင် ဆောင်ရွက် ပေးဖို့ လိုအပ်မှာပါ''ဟု
ပြောခဲ့သည်။
 ဆက်လက်၍ ၎င်းက''ဆင်းရဲ နွမ်းပါးမှုဟာ အလုပ်လက်မဲ့နှုန်းနဲ့လည်း ဆက်စပ်ပါတယ်။ ဘက်စုံ လေ့လာမှု စစ်တမ်းအရ တစ်ပြည်လုံးမှာ အလုပ်လက်မဲ့မှု နှုန်းထားအနေဖြင့် ၃၇ ဒဿမ ၅ ရာခိုင်နှုန်း ရှိနေပါတယ်။ပြည်နယ်နှင့် တိုင်းအလိုက် ကြည့်မယ်ဆိုရင် ကယား ၅၈ ဒသမ ၅ ရာခိုင်နှုန်း၊ ကရင် ၄၉ ဒသမ ၉ ရာခိုင်နှုန်း၊ ကချင်၄၈ ဒသမ ၂ ရာခိုင်နှုန်း၊ ချင်း ၄၇ ဒသမ ၉ ရာခိုင်နှုန်း၊ ရခိုင် ၄၃ ဒသမ၅ ရာခိုင်နှုန်း၊ရှမ်း ၄၁ ဒသမ ၄ ရာခိုင်နှုန်း၊ မွန် ၃၉ ဒသမ ၁ ရာခိုင်နှုန်း၊စစ်ကိုင်း၄၄ ဒသမ ၉ ရာခိုင်နှုန်း၊ မကွေး ၄၃ ဒသမ ၄ ရာခိုင်နှုန်း၊တနင်္သာရီ ၃၇ ဒသမ ၁ ရာခိုင်နှုန်း၊ ဧရာဝတီ ၃၃ ဒသမ ၃ ရာခိုင်နှုန်း၊ ရန်ကုန် ၃၃ ဒသမ ၃ ရာခိုင်နှုန်း၊ ပဲခူး ၃၁ ဒသမ ၅ ရာ ခိုင်နှုန်း၊မန္တလေး ၂၉ ဒသမ ၇ ရာ ခိုင်နှုန်း တို့ဖြစ်ပါတယ်။ ဒီမှာကြည့်ရင် ပြည်နယ်အားလုံးရဲ့ အလုပ်လက်မဲ့နှုန်းဟာ ပျမ်းမျှ အလုပ်လက်မဲ့နှုန်းထက် များနေတာကို တွေ့ရပါတယ်။
တိုင်းခုနစ်တိုင်းမှာတော့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသကြီးနှစ်ခု တွင်သာ ပျမ်းမျှ လုပ်လက်မဲ့နှုန်း အထက်မှာရှိပြီး ကျန်ငါးတိုင်းဟာ ပျမ်းမျှ အလုပ်လက်မဲ့နှုန်းထက် လျော့နေတာတွေ့ရပါတယ်။ အထူးသဖြင့် အလုပ်လက်မဲ့နှုန်းမြင့်နေသော ကယား၊ ကရင်၊ ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်းနဲ့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ နိုင်ငံတော်မှ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရန် လိုအပ်မှာ ဖြစ်ပါတယ်။ ထိုပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာ အလုပ်အကိုင်များ ပိုမိုပေါ်ပေါက်လာစေရန် စီမံကိန်းသစ်များ၊ လုပ်ငန်းအစီအစဉ်များ ထည့်သွင်းရေး ဆွဲပေးရန် လိုအပ်မှာ ဖြစ်ပါတယ်။ သို့မှသာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များတွင် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာပြီး ပြည်သူများ၏ ၀င်ငွေပိုမိုရရှိလာမှသာ လူမှု ဘ၀ဖွံ့ဖြိုးမျှတလာမှာ ဖြစ်ပါတယ်''ဟု သုံးသပ် ပြောကြားခဲ့သည်။

UNFC ကတဆင့် ကချင်အရေးဆွေးနွေးဖို့ အစိုးရလက်ခံမည်

မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ ကချင်လက်နက်ကိုင် တပ်တွေကြား တိုက်ခိုက်မှုတွေ ဆက် လက် ဖြစ်ပွားနေချိန်မှာပဲ အစိုးရကတော့ ငြိမ်းချမ်းရေးအတွက် ဆက်လက် ဆွေးနွေးသွားဖို့ ဆန္ဒရှိနေဆဲ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ တိုက်ခိုက်မှုတွေ အပြင်း အထန် ဖြစ်ပွားမယ့် အရိပ်အယောင်တွေ ထွက်ပေါ်နေတာကြောင့် စိုးရိမ်နေကြတဲ့ ဒေသခံတွေလည်း ဆက်လက် တိမ်းရှောင် နေကြရတာပါ။ ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မယ့် အလားအလာတွေ ဘယ်လောက် ရှိနိုင်မလဲ ဆိုတာကိုတော့ ကိုအောင်လွင်ဦး က ပြောပြပေးမှာပါ။

မြန်မာအစိုးရက ကချင်တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ခိုက်မှုတွေ ရှိနေဆဲ ဖြစ်ပေ မဲ့လည်း ဆွေးနွေးညှိနှိုင်းဖို့ မျှော်လင့် ထားဆဲ ဖြစ်တယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီအဖွဲ့က ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ဥက္ကဋ္ဌ ဦးဇောင်းဟရားထံ လိပ်မူပြီး ဆွေးနွေးဖို့ ကမ်းလှမ်း ထားတာကို တဖွဲ့ချင်း အနေနဲ့ မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အဖွဲ့တွေနဲ့ အတူ တွေ့ဆုံဖို့ ကချင်လက်နက်ကိုင် အဖွဲ့ဘက်က တုံ့ပြန်ထား တာပါ။ မြန်မာ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကတော့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့ တွေ့ဆုံဖို့ အတွက်လည်း အသင့်ရှိတဲ့အကြောင်း ပြောပါတယ်။

"ကျနော်တို့ကတော့ ခင်ဗျားတို့သိတဲ့အတိုင်းပဲလေ။ ကမ်းလှမ်းထားပြီးပြီ။ နိုင်ငံတော် သမ္မတ ကလည်း အကြိမ်ကြိမ်ပြောတယ်။ နောက်ပြီးတော့ လုပ်ငန်းကော်မီတီကလည်း ကမ်းလှမ်း ထားပြီးပြီ။ KIO ကတော့ ပထမတော့ သူတို့ အကောင်းဘက်ကို မျှော်လင့်တယ်လို့ ပြော တယ်။ နောက်ပိုင်းမှာ သဘောထားပြောင်းပြီးတော့မှ UNFC ကပဲ ပြောမယ်ဆိုပြီးတော့ တုံ့ပြန်ထားတာ ရှိပါတယ်။ ကျနော်တို့ဘက်ကတော့ ဘယ်လိုပဲ ဆွေးနွေးရ၊ ဆွေးနွေးရ-လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်တန့်သွားဖို့ဆိုရင် ဆွေးနွေးဖို့ အသင့်ရှိပါတယ်။"

KIO ကတော့ အစိုးရတပ်တွေက ထိုးစစ်တွေ ဆက်လက် ဆင်နွှဲနေတဲ့အတွက် ဆွေးနွေးဖို့ မဖြစ်နိုင်သလောက် အခြေအနေ ကြုံနေရတာလို့လည်း ပြောဆိုထားတာပါ။ အစိုးရက ထိုးစစ်တွေရပ်ပြီး ဆွေးနွေးဖို့ ကြေညာခဲ့တာ ၅ ရက်မြောက်လာတဲ့ အချိန်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး KIO ထိန်းချုပ်ရာ မဟာဗျူဟာမြောက် တောင်ကုန်း တခုကို လည်း မြန်မာစစ်တပ်က သိမ်းယူဖို့ ကြိုးပမ်းနေတယ်လို့ KIO နဲ့အတူ ရှိနေတဲ့ ABSDF ခေါ် ကျောင်းသားတပ်မတော်က ဗိုလ်မှူးမင်းဋ္ဌေး ကပြောပါတယ်။

"ဒီဒေသမှာ ရှိနေတဲ့ တောင်ကုန်းတွေ တော်တော်များများက ပွိုင့် ၇၇၁ ပေါ့နော်။ အဲဒါလည်း သူတို့ သိမ်းပြီးသွားပြီ။ နောက် ဖုန်းပြင်ဘွမ် ဆိုတဲ့ အမြင့်တောင်ကုန်းကိုလည်း သူတို့ တက်ယူပြီးသွားပြီ။ အခု ဒီမှာ ကျန်နေတာက ခါယာတောင်က သူတို့နဲ့ level ရှိနေတာပေါ့နော်။ အဲဒီ ခါယာတောင်ကို ရရင် သူတို့က ဒီဒေသတစ်ခုလုံး လိုင်ဇာ၊ ဘာ-ညာ အကုန်လုံးကို စိုးမိုးနိုင်ပြီပေါ့။ ဒီ တောင်ကုန်း တစ်ကုန်း ကျန်နေတာ။ အဲဒီ တောင်ကုန်း တစ်ကုန်းကို KIA ကလည်း ခုခံနေကြတယ်။ တတ်နိုင်တဲ့ဘက်ကနေ။ အဲဒီတော့ ဒီဒေသ ကျရေး မကျရေးဆိုတာ အဲဒီ တောင်ကုန်းနဲ့ပဲ ဆိုင်တယ်။ ခါယာတောင်ကုန်းကို သူတို့ သိမ်းပြီးသွားရင်တော့ လိုင်ဇာဒေသအကုန်လုံးဟာ စစ်ရေးအရ ကျသွားပြီလို့ ပြောလို့ ရတာပေါ့နော်။"

ဒါပေမဲ့လည်း စစ်ရေးအရ အခရာကျတဲ့ ခါယာတောင်ကုန်းကို မြန်မာစစ်တပ်က သိမ်း ပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောဆိုချက်ဟာ မမှန်ဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် ကပြောခဲ့တာပါ။ ဒီလိုပဲ ကချင်လက်နက်ကိုင် တပ်ဖွဲ့တွေက မြန်မာ စစ်တပ်ကို ခြုံခိုတိုက်ခိုက်မှုတွေ ရှိနေတာကြောင့် ထိခိုက်မှုတွေတောင် ကြုံနေရတယ် လို့ ပြောပါတယ်။

"မနေ့က ညနေဘက်မှာ လဂျားယန်မှာရှိတဲ့ ကျနော်တို့တပ်တွေ နေရာယူထားတဲ့ တောင် ကုန်း တစ်ကုန်းကို KIA ၅၀ လောက်က နာရီဝက်လောက် လာပစ်တာ ရှိပါတယ်။ ညနေ ၄ နာရီခွဲလောက်မှာ။ မနေ့က မိုးမိတ်ကျောက်စခန်းမှာလည်း ကျနော်တို့ဆီကနေပြီး တပ်ရင်းကို ပြန်လာနေတဲ့ တပ်မတော်စစ်ကြောင်းတွေ စီးလာတဲ့ ကားတွေကို KIA က မိုင်းခွဲ တိုက်ခိုက်တာ ရှိပါတယ်။ ရဲဘော်တချို့ ထိခိုက် ဒဏ်ရာရတာ ရှိပါတယ်။ ခါယာတောင်ကုန်းနဲ့ မျက်နှာချင်းဆိုင်မှာ ကျနော်တို့တပ်တွေ ရှိတယ်။ အဲဒီတပ်တွေကို သူတို့က တောက်လျှောက်ပစ်တော့ ကျနော်တို့ဘက်က  အဲဒီဘက်ကို ပြန်ပစ်တာတော့ ရှိတာပေါ့ဗျာ။ အဲဒါမျိုးတော့ ရှိပါတယ်။ အဲဒီနားမှာ သူတို့တပ်တွေနဲ့ ကျနော်တို့တပ်တွေက ကပ်နေတာကိုး။ ကပ်တော့ သူတို့ကပစ်လိုက်၊ ကျနော်တို့ဘက်က ခုခံတဲ့အနေနဲ့ ပြန်ပစ်တယ်။ အဲဒါမျိုးတော့ ရှိပါတယ်။"

၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲထားတာတွေ ပျက်ပြားပြီး တစ်နှစ်ခွဲလောက် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာတွေ ဒီနှစ်ဆန်းပိုင်းကစလို့ ကြီးထွားလာခဲ့တာပါ။ မြန်မာ အာဏာပိုင်တွေကတော့ အစိုးရရဲ့စစ်ကြောင်းတွေကို ကချင်လက်နက်ကိုင် တပ်တွေ တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် တုံ့ပြန်တဲ့အနေနဲ့ ဒေသတွင်းရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။ စစ်ရေးရည်မှန်းချက်တွေ ရရှိပြီး ဖြစ်တဲ့ အတွက်လည်း ပြီးခဲ့တဲ့ စနေနေ့ကစပြီး ထိုးစစ်တွေ ရပ်မယ်လို့ ကြေညာခဲ့တာပါ။ လတ်တလောမှာတော့ အပြန်အလှန် စွပ်စွဲချက်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာမို့ ဒေသခံတွေကတော့ အထိတ်တလန့်နဲ့ ဆက်လက် တိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် နာမည်ကျော် ကျောက်စိမ်းထွက်ရာ ဖားကန့်၊ လုံးခင်း စတဲ့နေရာတွေက ဒေသခံ အမြောက်အများဟာလည်း ဒီရက်ပိုင်းမှာပဲ ဘေးလွတ်ရာ တိမ်းရှောင် နေကြရတယ် လို့ ဒေသခံတယောက်က ပြောပြပါတယ်။

"အခု လောလောဆယ်တော့ တိုက်ပွဲတွေ ဖြစ်နေတာပေါ့လေ။ ရွာမှာလည်း မီးရှို့ပစ်မယ်လို့ -အဲလိုလည်း ပြောကြတယ်။ သတင်းကြားတယ်။ ဘယ်လိုမှန်းလည်း မသိသေးဘူး။ အခု ကျမတို့တောင်မှ အောင်ရာရပ်ကွက်မှာပဲ လာနေနေပါတယ်။ လူဦးရေကတော့ ၂၀၀- ၃၀၀ လောက်တော့ ရှိမယ်။"

သံဃာတော်တွေ အပါအ၀င် တက်ကြွလှုပ်ရှားသူ တချို့ကတော့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းမှာ ပဋိပက္ခတွေ  အဆုံးသတ်စေရေး ချီတက်လှုပ်ရှားမှုတွေ တနင်္လာနေ့ ကပဲ စတင်လိုက်သလို ဒေသတွင်းနဲ့ ကုလသမဂ္ဂလို နိုင်ငံတကာ အသိုင်း အ၀ိုင်းကလည်း သက်ဆိုင်သူတွေကြား ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။ မြန် မာအစိုးရက တိုက်ခိုက်မှုတွေ ရပ်ဖို့ ကြေညာထားတဲ့ နေ့မှာပဲ အိမ်နီးချင်း တရုတ်နိုင်ငံက အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို ရောက်သွားခဲ့တဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Fu Ying က သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံပြီး ပြဿ နာတွေ ပြေလည်စေရေးနဲ့ ၂ နိုင်ငံ နယ်ခြားဒေသမှာ တည်ငြိမ်မှု ရစေရေး ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တာပါ။ ဒီမတိုင်မီမှာ တုန်းကတော့ တိုက်ပွဲတွေကြောင့် လက်နက်ကြီး ကျည်ဆံတွေ နယ်ခြားဖြတ်ကျော် ကျရောက်လာတဲ့အတွက် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် သတိပေးခဲ့သလို တိုက်ခိုက် မှုတွေ အမြန်ဆုံး ရပ်စဲပြီး ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာဖို့နဲ့ နယ်စပ်ဒေသ တည်ငြိမ်မှု ရှိစေရေး နှစ်ဘက်စလုံးက ကြိုးပမ်းကြဖို့လည်း တိုက်တွန်းထားတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးချီတက်ပွဲ ဒုတိယနေ့။

ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြည်တွင်းစစ် ရပ်စဲဖို့ရည်ရွယ်ပြီး ရန်ကုန်ကနေ ကချင်ပြည်နယ်၊  လိုင်ဇာအထိ လမ်းလျှောက် ချီတက်နေကြတဲ့ သံဃာတော်တွေနဲ့  တက်ကြွလှုပ်ရှားသူတွေဟာ ဒီကနေ့ ပဲခူးမြို့ကို ရောက်နေကြပါပြီ။
ပဲခူးမြို့မှာ အာဏာပိုင်တွေက တားဆီးမှုတွေ ရှိခဲ့ပေမဲ့ အခုတော့  နှစ်ဘက်ကြား ညှိနှိုင်းမှု ပြေလည် သွားပြီလို့ ဦးဆောင်သူတွေက ပြောပါတယ်။ လမ်းလျှောက်လှုပ်ရှားသူတွေအနေနဲ့ အခက်အခဲကြား က လိုရာခရီးရောက်တဲ့အထိ ချီတက်သွားမှာဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရဖို့ အင်အားစု အားလုံး နဲ့ ဆွေးနွေးအဖြေရှာသင့်တယ်လို့လည်း ထောက်ပြ ပြောဆိုမှုတွေ ရှိနေပါတယ်။ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က  သတင်းပေးပို့ထားပါတယ်။  ကချင်ပြည်နယ်မှာဖြစ်နေတဲ့စစ်ပွဲတွေ ရပ်တန့်ပေးဖို့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ သံဃာတော်တွေ အပါအ၀င် တက်ကြွလှုပ်ရှားသူတွေကနေ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ကနေ မိုင်ပေါင်း ၈၀၀ ကျော် ကွာဝေးတဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အထိ လမ်းလျှောက်ရာမှာ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဒီကနေ့မှာ ပဲခူးမြို့အရောက်မှာတော့ သက်ဆိုင်ရာအာဏာပိုင်တွေကနေ ဟန့်တားမှုတွေနဲ့ ကြုံတွေခဲ့ ရတယ်လို့ ချီတက်လမ်းလျှောက် အဖွဲ့ခေါင်းဆောင် ကိုရဲထွဋ်အောင်က ဗွီအိုအေကို အခုလိုပြောပါတယ်။
“သူတို့ကတော့ ကျနော်တို့ကို တားတာပေါ့နော်။ ကျနော်တို့က ခွင့်ပြုမိန့် မတင်တဲ့အတွက်ကြောင့် သူတို့က တားတယ်လို့ ပြောတယ်။ ကျနော်တို့က ဒါကို လမ်းလျှောက်ပြီးတော့ ခရီးသွားတယ် လို့ ပြောတဲ့အခါကျတော့ သူတို့က ဒါက လမ်းလျှောက်ပြီး ခရီးသွားတယ်ဆိုပေမဲ့ စီတန်း လှည့်လည်တာ အဲဒီလို ပြောတယ်ခင်ဗျ။ အဲဒီဟာနဲ့ ကျနော်တို့ကို ခွင့်ပြုမိန့်တင်ဖို့ တားပါတယ်။”
ပဲခူးတိုင်းလုံခြုံရေးအဖွဲ့ကနေ လမ်းလျှောက်ချီတက်ခေါင်းဆောင် (၅) ဦးဖြစ်တဲ့ ကိုရန်နိုင်ထွန်း၊ ကိုဇော်မင်းနိုင်၊ ကိုရဲထွဋ်အောင်၊ ကိုဇင်ကိုကို ကိုကျော်မင်းကျော်တို့ကို ခေါ်ယူတွေ့ဆုံခဲ့တာပါ။ ဒါပေမဲ့နှစ်ဘက်ကြား ညှိနှိုင်းမှုကြောင့် ပြေလည်မှုရရပြီး အခု ပဲခူးမြို့ကနေ ထွက်ခွာလာပြီ ဖြစ်သလို အခက်အခဲကြားကနေ ရှေ့ဆက်တိုးသွားမယ်လို့လည်း ချီတက်လမ်းလျှောက်အဖွဲ့ ခေါင်းဆောင် ကိုရဲထွဋ်အောင်က ဆက်ပြောပါတယ်။
“ရန်ကုန်ကနေ ကျနော်တို့ထွက်လာတဲ့အချိန်မှာ ကျနော်တို့ ကျောပိုးအိတ်တွေမှာ ငြိမ်းချမ်းရေး အလံလေးတွေကို တိုင်လေးတွေ ထူပြီးတော့ စိုက်လာခဲ့တယ်ပေါ့။ အလံတိုင်လေးတွေ လွှင့်လာခဲ့ တာကို  ဒီပဲခူး တိုင်းကနေဖြတ်လာတဲ့အခါကျလို့ရှိရင် အလံတိုင် အဲဒီလို လွှင့်မသွားဖို့။ အလံကို ကျနော်တို့ ရင်ဘတ်မှာချိတ်ရင်ချိတ်၊ ကျနော်တို့ ကျောပိုးအိတ်မှာချိတ်ရင်ချိတ်ဆိုပြီးတော့ သူတို့က တောင်းဆိုတယ်ခင်ဗျ။ ကျနော်တို့တော့ သဘောတူညီမှု ယူပေးတယ်ခင်ဗျ။ ဒီအ၀င် မှာတော့ ကျနော်တို့ ဖြုတ်ပေးလိုက်မှာပေါ့နော်။ ပဲခူးမြို့ထဲ၊ ဒါမှမဟုတ် ဒီအထွက်လောက် ကျနော်တို့ ဖြုတ်သွားမယ်ခင်ဗျ။ ပဲခူးတိုင်းက ထွက်ဖြစ်သွားရင်တော့ ကျနော်တို့ ပြန်ပြီးတော့ ပထမလာခဲ့တဲ့ပုံစံအတိုင်း ပြန်လုပ်မယ်ခင်ဗျ။ ကျနော်တို့ တိုးရသလောက် တိုးသွားမယ် ခင်ဗျ။ နောက်ဆုံး ကျနော်တို့ကို ထိန်းသိမ်းလိုက်တဲ့အခါကျတော့မှ ကျနော်တို့ ဆက်မတိုးနိုင်မှ မတိုးတော့မှာခင်ဗျ။”
ရန်ကုန်မြို့ကနေ ပဲခူးမြို့ခရီးစဉ်မှာ အခက်ခဲတွေရှိနေပေမဲ့လည်း လမ်းတလျှောက် ဒေသ ခံ ပြည်သူတွေရဲ့ ထောက်ခံမှု ရရှိခဲ့တယ်လို့ ချီတက် လမ်းလျှောက် အဖွဲ့ ခေါင်းဆောင် ကိုရန်နိုင်ထွန်းက ပြောပါတယ်။
“အခက်အခဲတော့အများကြီးပါခင်ဗျ။ ကျန်းမာရေးအခြေအနေက လက်ရှိ ကျနော်တို့လူတွေက သိပ်နေမကောင်းကြဘူး။ အာဏာပိုင်တွေရဲ့ တားဆီးတာလည်း ကျနော်တို့ ကြုံတွေ့ရတာပါပဲ။ ဒါပေမဲ့ အားရစရာကောင်းတာတခုက ပြည်သူတွေ ကျနော်တို့ကို လုံးဝ ထောက်ခံချက်ပေးတယ်။ ထမင်းကျွေးတယ်။ အဲဒါတွေကြောင့် ဒီအချိန်အထိ ကျနော်တို့ ခရီးထွက်လာတာပေါ့။”
ဒီလှုပ်ရှားမှုကို ငြိမ်းချမ်းရေးကိုလိုလားပြီး ပြည်တွင်းစစ်ရပ်စဲရေးအတွက် တောင်းဆိုတဲ့အနေနဲ့ သံဃာတော်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ကနေ ရန်ကုန်မြို့ကနေ ဇန္နာဝါရီ (၂၁) မနက်ပိုင်းမှာ လမ်းလျှောက် ချီတက်ခဲ့ကြတာပါ။
နိုင်ငံတော်အနေနဲ့ လက်ရှိအပြောင်းအလဲကို ဦးတည်နေတဲ့ကာလမှာ ပြည်တွင်းစစ်တွေရပ်စဲဖို့ အတွက် အင်အားစုအားလုံးနဲ့ ဆွေးနွေး အဖြေရှာသင့်တယ်လို့လည်း ငြိမ်းချမ်းရေးအတွက် ချီတက်လမ်းလျှောက်လူငယ်အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဇင်ကိုကိုက ပြောပါတယ်။
“တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးသွားဖို့အတွက်ကို တဦးတည်း တစ်ယောက်တည်း၊ တဖွဲ့တည်းနဲ့ သွားပြီးတော့ဆွေးနွေးလိုက်။ ပြီးတော့ ပြန်ပျက်သွားလိုက်ဆိုတာမျိုး မဖြစ်သင့်တော့ဘူး။ ပြီးတော့ ဖြစ်နေတာလည်း ကျနော်တို့ ညီအကိုမောင်နှမတွေဖြစ်နေတာပဲ။ အဲဒီဖြစ်နေတဲ့ ပြဿနာကြီးကိုပဲ ကျနော်တို့က ဟိုဘက်အပြစ်ပုံလိုက်၊ ဒီဘက်အပစ်ပုံလိုက် ဆိုတာ မဖြစ်သင့်ဘူးဗျ။ ဒီအင်အားစု အားလုံးပါဝင်တဲ့ တကယ် စစ်မှန်တဲ့ငြိမ်းချမ်းရေးသွားဖို့အတွက်ကို ဒိုင်ယာလော့လမ်းကြောင်းအနေနဲ့ အသေအချာ ဆွေးနွေးတိုင်ပင်ပြီးတော့ လုပ်ရင်တော့ ပိုအဆင်ပြေမယ်ဗျ။”
တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွါးနေတဲ့ ကချင်ပြည်နယ်ဒေသတွေမှာ တိုက်ပွဲတွေ ရပ် စဲပြီး နှစ်ဘက်ကြားတွေ့ဆုံ ဆွေးနွေးနိုင်ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီ တီကနေ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ကမ်းလှမ်းခဲ့တဲ့ အပေါ်မှာ KIO အနေနဲ့ စစ်ရေးအရ ဖိအားပေးနေတဲ့အခြေအနေမှာ တဖွဲ့တည်းမဆွေးနွေးလိုပဲ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ အနေနဲ့သာ ဆွေနွေးလိုကြောင်းပြန်ကြားခဲ့ပါတယ်။
အခုလို KIO အနေနဲ့ UNFC နဲ့သာ ဆွေးနွေးလိုကြောင်း တုံ့ပြန်တဲ့အပေါ်မှာ ပဋိပက္ခဖြစ်ပွားနေတဲ့ အဖွဲ့တစ်ဖွဲ့ချင်း အရင်မဆွေးနွေးဘဲ တပ်ပေါင်းစုအနေနဲ့သာ ဆွေးနွေးချင်တာဟာ တိုက်ပွဲကို ရပ်တန့်ချင်တဲ့သဘောမဆောင်လို့ စိုးရိမ်မှု ဖြစ်ရတယ်လို့လည်း မြန်မာအစိုးရ ပြန်ကြားရေးဌာနက ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကနေ ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။
ကချင်ဒေသစစ်ပွဲရပ်စဲရေးအတွက် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာကရော ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တောင်းဆိုနေပေမဲ့လည်း နှစ်ဘက်အပြန်အလှန်စွပ်စွဲချက်တွေရှိနေပြီး လက်ရှိ အခြေအနေ မှာတော့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသေးတာကြောင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ အချိန်ယူရဦးမယ့် အခြေအနေ ရှိနေသေးတယ်လို့ စစ်ရေးသုံးသပ်သူတွေကပြောပါတယ်။

ကချင်တိုက်ပွဲကြောင့် ဒုက္ခသည်တွေ ထပ်မံထွက်ပြေး။

ဒီရက်ပိုင်းတွေအတွင်း နိုင်ငံတော်သမ္မတနဲ့ အစိုးရခေါင်းဆောင်ပိုင်းက ကချင်ပြည်နယ်အတွင်းမှာ အပစ်အခတ်ရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ကမ်းလှမ်းတာရှိနေပေမဲ့ တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေပြီး၊ အထူးသဖြင့် ဖားကန့်ဒေသဘက်မှာ ဒုက္ခသည် ဦးရေဟာ တိုးများလာနေပါတယ်။ ဒီလိုအခြေအနေကြောင့် နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေညာတဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပေါ်မှာလည်း ဝေဖန်မှုတွေ ပေါ်ထွက်လာနေပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်အတွင်း လွန်ခဲ့တဲ့နှစ်ကုန်ပိုင်းက စပြီး စစ်ရေးအရှိန်မြင့်တက်ခဲ့တဲ့နောက် ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ အစိုးရဘက်က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အနီးက လဂျားယန်မှာ စစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့ အစိုးရဘက်က ကြေညာခဲ့သလို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ် ကမ်းလှမ်းတာတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်ခဲ့ပါတယ်။

စစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့ ကြေညာခဲ့တဲ့နောက်မှာလည်း အစိုးရတပ်တွေက သူတို့ဌာချုပ်ကို အမြောက်နဲ့ပစ်ခတ်နေဆဲဖြစ်တယ်လို့ KIO ဘက်က ပြောဆိုတာတွေရှိသလို အစိုးရဘက်ကလည်း KIAက ရဲစခန်းကိုတိုက်ခိုက်တာ၊ ခရီးသည်တင်ကားတွေ မိုင်းခွဲတာ၊ အစိုးရတပ်တွေကို ပစ်ခတ်တာတွေ ရှိတယ်လို့ အပြန်အလှန် စွပ်စွဲတာတွေဟာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

ဒီစွပ်စွဲပြောဆိုနေမှုတွေအကြားမှာပဲ မငြိမ်းချမ်းသေးတဲ့ အခြေအနေတွေကြောင့် ဒေသ ခံ ပြည်သူတွေဟာ စစ်ရဲ့ ဒုက္ခတွေကို ဆက်လက် ခံစားနေကြရပါတယ်။

“ကျမ စံပြကျေးရွာမှာရောက်နေပါတယ်။ စစ်သားတွေ ရောက်လာမယ်ဆိုတဲ့သတင်းတွေ ကြားရလို့ ထွက်ပြေးခဲ့ရတာပါ။ ဒီနေ့တော့ စစ်သားတွေ ရောက်လာပြီ။ သေနတ်သံတွေ ကြားရတယ်။ ဘယ်လောက်လောက် များတယ်ဆိုတာတော့ မပြောနိုင်သေးဘူး။ ဒီနေ့ လောလောဆယ်မှာပဲ တိုက်ပွဲတွေ ဖြစ်နေတာ။”

ဒါကတော့ ဖားကန့်မြို့နယ်က ဒေသခံပြည်သူတယောက် ပြောပြတာဖြစ်ပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်ရာ ဒေသကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဒေါ်ဘောက်ဂျာက သူတွေ့ရှိတဲ့အခြေအနေကို အခုလို ပြောပါတယ်။

“မနက် လေးနာရီလောက်ကတည်းက စစ်ကားတွေ တော်တော်များများပေါ့။ အဲဒီဘက်ခြမ်းကို သွားနေကြတယ်။ ချောင်းယံဘက်ကမ်းတွေမှာ။ အဲဒီနေရာတွေကျတော့ KIA နေတဲ့ နေရာတွေ။ ခွေးတအား ဟောင်တဲ့အခါကျတော့ ထကြည့်တဲ့အခါ စစ်ကားတွေက သွားနေတယ်။ ဒီမနက်ကျတော့ သေနတ်သံတွေလည်း ကြားတယ်။ ရွာသားတွေကတော့ တချို့က မနေ့ တနေ့ကတည်းက - အခြေအနေမကောင်းဘူး၊ စစ်တပ်ဝင်မယ်ပြောတယ်- ပြောလို့ ထွက်ပြေးကြတယ်။”

အောင်ရာစံပြကျေးရွာကို လော့ဂျာ၊ ဆဆင်နဲ့ ဂျဝမ်းကျေးရွာဖက်တွေက ဒုက္ခသည် အနည်းဆုံး ၄၀၀ လောက် ထွက်ပြေးရောက်ရှိလာနေတယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။ ဖားကန့်ဒေသ လုံးခင်းဖက်က အခြေအနေကိုတော့် ဒေသခံက အခုလို ပြောပါတယ်။

“၁၃ ရက်နေ့ကနေ တိုက်ပွဲတွေ စဖြစ်တဲ့ဥစ္စာက ဒီနေ့ထိအောင်ပဲ ကြားထဲမှာ တရက်၊ နှစ် ရက်လောက် နားတာပေါ့ဗျာ။ နားပြီးမှ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေက ဒီနေ့အထိ ဖြစ်နေ တုန်းပဲ ခင်ဗျ။ လုံးခင်းမှာ ဒုက္ခသည်စခန်း ၁၁ ခု ဖွင့်ထားပြီးတော့မှ ကျနော်တို့ လက်ခံထားရပါတယ်ခင်ဗျ။ ၂၁ ရက်နေ့ မနေ့ကအထိ ဒုက္ခသည်စခန်းတခုမှာ လူဦးရေ ၃ ထောင် ဝန်းကျင်လောက်ကို လက်ခံပြီးတော့မှ ထားရတယ်ခင်ဗျ။"

ဒီလ ၁၃ ရက်နေ့က စတင်ဖြစ်တဲ့တိုက်ပွဲတွေကြောင့် လုံခင်းအနီး ရွာပေါင်း ၂၁ ရွာက လူ ၂ သောင်း လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြတာဖြစ်တယ်၊  လုံးခင်းနဲ့ ဖားကန့်က ဒုက္ခသည် စခန်းတွေမှာ လူ ၄ ထောင်လောက်ပဲ လက်ခံနိုင်ပြီး ကျန်တသောင်းခွဲလောက်ဟာ နီးစပ်ရာ ဆွေးမျိုး နဲ့ မိတ်ဆွေတွေ အိမ်မှာ ခိုလှုံနေကြတယ်လို့ ပြောပါတယ်။ လုံးခင်းက ဒုက္ခသည်တွေ ကိုတော့ ဒေသခံပြည်သူတွေ အပါအ၀င်  လူမှုရေး၊ ဘာသာရေးနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက ကူညီထောက်ပံ့ထားရတယ်လို့ လုံးခင်းဒေသခံက ပြောပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာဘက်မှာလည်း တိုက်ပွဲတွေဟာ ဒီနေ့အထိ ပြင်းထန်နေဆဲ ဖြစ်တယ် လို့ ကျောင်းသားတပ်မတော်က ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဌေးက အခုလို ပြောပါတယ်။

“လိုင်ဇာဘက်မှာ လက်နက်ကြီးနဲ့ပစ်တယ်။ ခါယာဘက်မှာတော့ တိုက်ပွဲဖြစ်နေတယ်။ ရပ်တယ်ဆိုတာက - လဂျားယန်ကို သူတို့က အပိုင်သိမ်းလိုက်တာကိုး။ အပိုင်သိမ်းလိုက်တဲ့အချိန်မှာ ကျနော်တို့တွေ အကုန်ဆုတ်တယ်။ ဆုတ်လိုက်တဲ့အချိန်မှာ လဂျားယန်ရွာ ကွက်ကွက်ကလေး မှာတော့ တိုက်ပွဲရပ်သွားတာပေါ့နော်။ ဒါပေမဲ့ နောက်ရက် (အပစ်ရပ်ဖို့) ကြေညာပြီးတဲ့အချိန်မှာပဲ  လဝါယန်ဘက်မှာ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တယ်။ ပြီးတော့ ခုနက ပြောတဲ့ ခါယာဘွမ်ကို မရ ရအောင် တက်ထိုးနေတယ်။သူတို့စာထဲမှာက လဂျားယန်ဒေသလို့ပဲ ပါတာလေ။ ကျန်တဲ့ ခါယာတို့၊ လိုင်ဇာတို့ မပါဘူး။ လဂျားယန်ဒေသမှာ အပစ်အခတ်ရပ်စဲတာဖြစ်တယ်လို့ ပြောတာကိုး။ ပြောတော့ ကျန်တဲ့ဒေသတွေမှာ ဆက်ထိုးမယ်ဆိုတဲ့ သဘောကတော့ ရှင်းရှင်းလေးပါပဲ။”

NDF ခေါ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဒေါ်ဘောက်ဂျာကတော့ အစိုးရဘက်က ကြေညာလိုက်တဲ့ အပစ်အခတ်ရပ်စဲရေးအပေါ်မှာ အခုလို ဝေဖန်ထားပါတယ်။

“သမ္မတအနေနဲ့ အပစ်အခတ်ရပ်စဲဖို့  ပြောတာလည်း အကြိမ်ကြိမ်ဖြစ်နေပြီ။ တခါမှလည်း မမှန်ကန်ဘူး။ ပြေးစရာလမ်းလည်းမရှိ၊ စားစရာ အစားအသောက်လည်းမရှိ၊ တော်တော်လေး ဒုက္ခရောက်နေတာ။ အဲဒီတော့ အစိုးရစစ်တယ်ဆိုရင် ဒါတွေကို ကိုယ်ချင်းစာပြီးတော့ ရှက်တတ်ဖို့ လိုအပ်တယ်လို့ ပြောချင်တာပေါ့နော်။”

ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြန်လည်စတင်တာကတော့ တစ်နှစ်ခွဲကျော်လာပြီဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေအတွင်းမှာတော့ ကချင်ပြည်သူ တသိန်းကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး အရင်နှစ်ကုန်ပိုင်းက စပြီး တိုက်ပွဲတွေပြင်းထန်လာချိန်မှာတော့ KIA  ထိန်းချုပ်ရာနယ်စပ်ဒေသက ဒုကသည် ၆ သောင်း လောက်ဟာ တရုတ်ပြည်ကလည်း လက်မခံတာကြောင့် ပြေးစရာမြေမရှိဖြစ်နေကြရပါတယ်ခင်ဗျား။

နယ်ခြားစောင့် တပ်ဖွဲ့ဝင်တို့ရဲ့ လက်နက်များကို ဒီကေဘီအေက သိမ်းယူ။

လှိုင်ဘွဲမြို့ နယ်မှာ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေကို ဒီကေဘီအေအဖွဲ့က သိမ်းယူခဲ့သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ် စောလာပွယ် ဦး ဆောင်တဲ့ ဒီကေဘီအေ ကနေ အစိုးရ နယ်ခြားစောင့် တပ်တွေ ဆီက လက်နက်တွေ သိမ်းယူ ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ဟာ ဒီကေဘီအေနဲ့ မြဝတီမြို့မှာ အင်္ဂါနေ့က ဆွေးနွေး ခဲ့ကြ ပါတယ်။
အခုလ ၅ ရက် နေ့က ကရင် ပြည်နယ်၊ လှိုင်းဘွဲ့မြို့ နယ်ထဲမှာ အစိုးရ နယ်ခြားစောင့် တပ်တွေနဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေ ပစ်ခတ်မှု ဖြစ်ပွားခဲ့ ပြီးနောက် နယ်ခြားစောင့် တပ်တွေနဲ့ ရဲတွေ ဆီက လက်နက်တွေကို ဒီကေဘီအေက သိမ်းယူ ခဲ့တာ ဖြစ်ပါတယ်။
သိမ်းယူထား ခဲ့တဲ့ လက်နက်တွေထဲက ၃၀ ကျော်ကို ဒီကေဘီအေ ဘက်က ပြန်ပေးခဲ့ပြီ ဖြစ်ပြီး၊ ကျန်ရှိ နေသေးတဲ့ ၁၀ လက်ကို ပြန်ပေးဖို့ အခု ဆွေးနွေးပွဲ မှာ သဘောတူခဲ့ ကြတယ်လို့ ဒီကေဘီအေ ဒုတိယ ဗိုလ်မှူးကြီး ဆန်းအောင်က ဘီဘီစီကို ပြောပါတယ်။

အစိုးရဘက် ကလည်း ဒီကေဘီအေ အတွက် သက်ဆိုရာ နယ်မြေတွေမှာ ဆက်ဆံရေး ရုံးတွေ ဖွင့်ပေးပြီး လိုအပ်တဲ့ ယာဉ်တွေနဲ့ ရိက္ခာတွေ ဖြည့်ဆည်းပေးဖို့ ပြန်ပြီး ကတိပေးခဲ့တယ်လို့ ဒီဆွေးနွေးပွဲမှာ ပါဝင်တဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီက ပြောပါတယ်။ နောက်ပြီး ရန်ကုန် ငြိမ်းချမ်းရေး စင်တာမှာ တွေ့ဆုံဖို့ ကိစ္စတွေ ကိုလည်း ဆွေးနွေး ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီဆွေးနွေးပွဲမှာ အစိုးရ ဘက်က သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ ပြည်သူ့စစ်နဲ့ ပြည်သူ့ ဆက်ဆံရေး ညွှန်ကြာရေးမှူး ချုပ် ဗိုလ်ချုပ် မောင်မောင်အုန်း၊ အရှေ့တောင်တိုင်း တိုင်းမှူးနဲ့ ကရင် ပြည်နယ် ဝန်ကြီးချုပ်တို့ ဦးဆောင် ပါဝင်ပြီးတော့၊ ဒီကေဘီအေ ဘက်ကတော့ ဗိုလ်ချုပ် စောလာပွယ်၊ ဗိုလ်မှူးချုပ် စောမိုရှေး၊ ဒုဗိုလ်မှူးကြီး စောဆန်းအောင်၊ ဒုဗိုလ်မှူးကြီး စောကျော်သက်၊ ဒုတိယ ဗိုလ်မှူးကြီး စောဘိနဲ့ ဒုတိယ ဗိုလ်မှူးကြီး စောမောင်လေးတို့ ပါဝင်ကြတယ်။

အစိုးရ အနေနဲ့ ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူ အတွက် ကူညီ ဆောင်ရွက် ပေးတာတွေ များနေလို့ ဒီကေဘီအေ ဘက်က စိတ်အား ငယ်ပြီး အခုလို ပစ်ခတ်မှုတွေ ဖြစ်ခဲ့ရတာလို့ လူမျိုးစု လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့တွေမှာ ပြောဆို မှုတွေ ရှိနေ ပါတယ်

Wednesday, January 16, 2013

အရှေ့တောင်အာရှ၏ အမြင့်ဆုံးဆီးနှင်းဖုံးတောင်နှင့် မြန်မာနိုင်ငံ၏ အကြီးဆုံး ဥယျာဉ် ခါကာဘိုရာဇီ။

ဥယျာဉ် ၊ ဘေးမဲ့တောနှင့် သဘာဝနယ်မြေများကို ပျက်စီးမှုလျော့နည်းအောင် ထိန်းသိမ်းစောင့်ရှောက် သော လုပ်ငန်းသည် များစွာအရေးပါလှသည်။ ထို့ပြင်ပျက်စီးမှုမရှိအောင် ထိန်းသိမ်းထားနိုင်မှသာ သစ်တောများ၊ ရှားပါးဆေးဖက်ဝင်အပင်များနှင့် တောတောင်များကို အမှီပြုပြီးနေထိုင်သော တောရိုင်း တိရိစ္ဆာန်များကိုထိန်းသိမ်းထားနိုင်မည်။ သစ်တောဂေဟစနစ်များကို လေ့လာနိုင်မည်ဖြစ်သည်။ သစ်တောများသည် ရာသီဥတုပြောင်းလဲမှု ၊လေထုညစ်ညမ်းမှုများကို ကာကွယ်ပေးနိုင်မည့် သဘာဝအတားအဆီးများ အဖြစ်လည်း အကျိုးသက်ရောက်လျက်ရှိပေသည်။ မြန်မာနိုင်ငံရှိ ဥယျာဉ်၊ဘေးမဲ့တော များအနက် မြန်မာနိုင်ငံ၏ အကြီးဆုံး ဥယျာဉ်နှင့် အမြင့်ဆုံးတောင်ဖြစ်သည့် ခါကာဘိုရာဇီ အမျိုးသာဥ ယျာဉ်အ ကြောင်းကို ရေးသားဖော်ပြလိုက်ပါသည်။

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ကို ၁၉၉၆ ခုနှစ်တွင် သစ်တောထိန်းသိမ်းရေးနယ်မြေအမဖြစ် ပထမဆုံး တည်ထောင်ခဲ့ပြီး ၁၉၉၈ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ် ကြေငြာခဲ့သည်။ ယခုအခါ အာဆီယံအမွေအနှစ်ဆိုင်ရာ ဥယျာဉ်အဖြစ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။
ယင်ဥယျာဉ်သည် မြန်မာနိုင်ငံမြောက်ဘက်စွန်းရှိ ကချင်ပြည်နယ်ပူတာအိုခရိုင် နောင်မွန်မြို့နယ်တွင် တည်ရှိပြီး ဧရိယာ ၁၄၇၂ စတုရန်းမိုင်ကျယ်ဝန်းသည်။ ခါကာဘိုရာဇီတောင်သည် အမြင့်ပေ ၁၉၀၀၀၀ ကျော်ရှိပြီးမြန်မာနိုင်ငံတွင် အကြီးဆုံးသဘာဝဥယျာဉ်ဖြစ်ပြီး တောင်တန်းများ ၊ရေတံခွန်များ ၊ရေစီးသန်သော စမ်းချောင်းများနှင့် ဖွဲ့စည်းတည်ရှိသည်။နိုင်ငံ၏ အရေးပါဆုံး ဧရာဝတီမြစ်၏မြစ်ဖျားခံရာ ဒေသတစ်ခုလဲဖြစ်သည်။ခါကာဘိုရာဇီအမျိုးသားဥယျာဉ်သည် ရှားပါးတိရိစ္ဆာန်များဖြစ်သော သားမင်း၊ဒရယ်၊ချေ ၊ ဆတ်တို့နှင့် သားရဲတိရိစ္ဆာန်မျိုးစိတ် အမြောက်အများတို့အပြင် ရှားပါးငှက်များ ၊ရှားပါးအနက်ရောင်သစ်ခွများ ၊ ရှီးပတီးနှင့် ဆေးဖက်ဝင် သစ်မြစ် ၊သစ်ဥများကိုထိန်းသိမ်းကာကွယ်ထားပြီး အမြဲစိမ်းတော၊ ရွက်ပြတ်ရောနှောတော တော်ပေါ်ထင်းရှုးတော ဂေဟစနစ်များကိုလည်း ထိန်းသိမ်းထားသည်။

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်သည် နို့တိုက်သတ္တ၀ါမျိုးစိတ် ၄၂ ၊ ငှက်မျိုးစိတ် ၃၇၀ ၊ တွားသွားသတ္တ၀ါ နှင့်ကုန်းနေရေနေ သတ္တ၀ါမျိုးစိတ် ၈၀ ၊ လိပ်ပြာမျိုးစိတ် ၃၆၀ ၊ သစ်ပင်မျိုးစိတ် ၂၉၇ နှင့် သစ်ခွမျိုးစိတ် ၁၀၆ တို့၏နေရင်းဒေသလည်းဖြစ်သည်။ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ပြတိုက်ရှိ ဥယျာဉ်တစ်ခုတွင် အနက်ရောင်သစ်ခွများကို စနစ်တကျ စိုက်ပျိုးထားသည်။
အဆိုပါ ဥယျာဉ်သည် ရုက္ခဗေဒ၊ ဘူမိဗေဒ ၊ သတ္တဗေဒ နှင့်ပထ၀ီဝင်ကျောင်း သားများအတွက် ကွင်းဆင်းလေ့လာရန် အကောင်းဆုံးပြတိုက်ဖြစ်ပေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ် ပြည်မကြီး စီးပွားရေးနဲ့  ကူးသန်းရောင်းဝယ်ရေး ဒု-၀န်ကြီး မစ္စတာ Chen Jian နေပြည်တော်မှာလာရောက်တွေ့ဆုံ။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်ကို ရောက်၇ှိနေတဲ့ တရုတ် နိုင်ငံရဲ့ စီးပွားရေးနဲ့  ကူးသန်းရောင်းဝယ်ရေး ဒု-၀န်ကြီး မစ္စတာ Chen Jian တို့ နေပြည်တော်မှာ ဒီက နေ့ (၁၅.၁.၂၀၁၃)နေ့လည်ပိုင်းမှာ တွေ့ဆုံခဲ့တယ်လို့ အန် အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူ ဦးအုံးကြိုင်ကပြောပါတယ်။ တရုတ် ဒု- ၀န် ကြီးနဲ့ အဖွဲ့ ဝင် ၁၄ ဦးက ဒေါ်အောင် ဆန်းစုကြည်ကို လွှတ်တော်ဝန်းအတွင်းမှာ လာရောက် တွေဆုံတာ ဖြစ်ပြီး ဆွေး နွေးတဲ့ အကြောင်းအရ အသေးစိတ်ကိုတော့တော့ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။ ဒေါ်အောင် ဆန်းစုကြည်ဟာ ပါတီ ဥက္ကဌအနေနဲ့ တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ ဆုံတာဖြစ်ပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကိစ္စနဲ့ ပတ်သက်ပြီး ပြောဆို ဆွေးနွေးခဲ့ခြင်းရှိ မရှိ မသိရသေးဘူးလို့ လည်း ဦးအုန်းကြိုင်က ပြော ပါ တယ်။

ဆပ်ပြာမြှုပ်နှင့် ပဲအနံ့များသုံးကာ ပဲဆီအတုများ ရောင်းချနေခြင်းများရှိနေ။


 မြန်မာပြည်တွင်းရှိ စားသုံး သူ ဈေးကွက်ထဲတွင် စားအုန်းဆီ များအား မခဲအောင် ဆပ်ပြာမြှုပ် များထည့်၍ ရောင်းချခြင်းများ၊ စားအုန်းဆီများအား မခဲအောင် ပြုလုပ်၍ ပဲဆီအနံ့ထည့်ကာ ပဲဆီအတုများ ပြုလုပ်၍ ရောင်း ချခြင်းများ ရှိလာကြောင်း သိရှိ ရသည်။
စားသုံးသူ ကာကွယ်ရေး အသင်းမှ ဦးဗအုပ်ခိုင်က ပြော ကြားရာတွင် ““အဲလိုလုပ်တာဟာ ဘယ်သူ သေသေ ငတေမာပြီး ရော စိတ်နဲ့ ၀ိသမလောဘစိတ်နဲ့ လုပ်နေကြတယ်။ စိတ်ဓာတ်က လူမျိုးကြီးစိတ်ဓာတ်မဟုတ်ဘဲနဲ့ ဆင်းရဲနွမ်းပါးမှုကြောင့် တရားတဲ့ နည်းနဲ့ စီးပွားမရှာချင်ဘဲနဲ့ မတရားတဲ့နည်းနဲ့ စီးပွားရှာချင် တယ်။ အခု စားအုန်းဆီက တော် သေးတယ်။ စားအုန်းဆီကို ဆပ်ပြာမှုန့်ထည့်ပြီးတော့ မခဲအောင်လုပ်ပြီးတော့ အဲဒီ့ ထဲကို ပဲဆီနံ့ နှမ်းဆီအနံ့တွေ ထည့်ပြီးတော့ ပဲဆီ၊ နှမ်းဆီလုပ်ပြီး အခု လုပ်ရောင်းလာတာတွေရှိ တယ်။ စားအုန်းဆီမှာ လူစား လို့ရတာနဲ့ လူစားလို့မရတာ ဆိုပြီးတော့ရှိတယ်။ တကယ် တော့ စားအုန်းဆီဟာ လူစား ဖို့ ထုတ်တာ မဟုတ် ဘူး။ စက်တွေ ထဲမှာထည့်ဖို့သာ ထုတ်ကြတာ အဲဒါကိုမှ ဆင်းရဲတဲ့ နိုင်ငံတွေက စားကြတာ””ဟု ပြောကြားခဲ့သည်။
ယင်းကဲ့သို့ စားအုန်းဆီများ ကို ဓာတုဆေးဝါးများထည့်၍ ရောင်းချခြင်း ပဲဆီအတုနှင့် နှမ်းဆီ အတုများကို ထည့်သွင်း ရောင်းချခြင်းများကို စားသုံးသူ ကာကွယ်ရေးအသင်းမှ ကိုယ်ပိုင် ဓာတ်ခွဲခန်းများ ရရှိပါက စစ်ဆေး ပြီး ယင်းကဲ့သို့ ရောင်းချသူများ ဥပဒေအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
 

နိုင်ငံပိုင် မြေကွက်နှင့် အဆောက်အအုံများစွာ ပုဂ္ဂလိကမှ ရယူထားသော်လည်း ရရှိသည့်တန်ဖိုး၊ ရယူသွားသည့် နည်းလမ်းများကို သက်ဆိုင်ရာမှ အများပြည်သူသို့ မထုတ်ပြန်။

နိုင်ငံပိုင်မြေကွက်နှင့် အဆောက်အအုံများစွာကို ပုဂ္ဂလိကမှ ရယူထားသော်လည်း ရရှိသွားသည့် တန်ဖိုး၊ ရယူသွားသည့် နည်းလမ်းများကို သက်ဆိုင်ရာမှ အများပြည်သူသို့ ထုတ်ပြန်ခြင်းမပြုကြောင်း၊ အချို့ဆို လျင် တင်ဒါပင်ခေါ်ယူခြင်းမပြုဘဲ လက် သိပ်ထိုး ရရှိသွားသူများရှိကြောင်း၊ ခရိုနီစီးပွားရေးဈေးကွက် မပျောက်သေးကြောင်း ပြည်သူများကြား ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

အများပြည်သူနှင့် တိုက်ရိုက်သက်ဆိုင်သည့် တန်ဖိုးနည်းအိမ်ရာကဲ့သို့ အများပြည်သူဆိုင်ရာ စီမံကိန်း များ တည်ထောင်ရာတွင်လည်း နိုင်ငံပိုင်မြေအား သိမ်းယူတည်ဆောက်သည့်တိုင် အများပြည်သူမှာ အဆိုပါစီ မံကိန်းများ၏ အကျိုးကျေးဇူးကို မခံစားရဘဲ တည်ဆောက်ခွင့်ရသည့် ကုမ္ပဏီများသာ အကျိုးအမြတ် ရှိနိုင် မည့် အနေ အထားများသာ ဖြစ်နေသည်ဟု အများပြည်သူ၊ နိုင်ငံ့ဝန်ထမ်း၊ အငြိမ်းစား ၀န်ထမ်းများ၊လုပ်ငန်း ရှင်များနှင့် ပညာရှင်များက သုံးသပ်နေကြပါသည်။

အိုးအိမ်ဦးစီးဋ္ဌာနအနေဖြင့် တန်ဖိုးနည်းတိုက်ခန်းများအား နိုင်ငံတော်ပိုင်မြေပေါ်တွင် ဆောက်လုပ်ခြင်း ဖြစ်သဖြင့် မြေတန်ဖိုး ပါဝင်တွက်ချက်ထားမှု မရှိဟု မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုး ဒေါ်အေးအေးမြင့်က ပြောကြားထားခဲ့သည်။

လက်ရှိ၌ပင် နိုင်ငံတော်မြေအဖြစ် သိမ်းယူထားသည့် မြေပေါ်တွင် တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများဖြစ်သည့် ဧရာဝဏ်နှင့် ရတနာစီမံကိန်းများအတွက် ရောင်းချမည့် ဈေးနှုန်းများသည် အများ ပြည်သူ လက်လှမ်းမမီသည့် ဈေးနှုန်းများဖြစ်နေသည်။

သို့သော် အဆိုပါ စီမံကိန်းများမှာ နိုင်ငံပိုင်မြေ အပါအ၀င် နိုင်ငံတော် ဘတ်ဂျက်မှ ကျပ်ဘီလျံ ၅၀၀ အထိ ကုန်ကျခံ တည်ဆောက်မည့် စီမံကိန်းများ ဖြစ်သည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန တာဝန်ရှိသူ များက ထုတ်ဖော် ပြောကြားထားပြီးဖြစ်သည်။

နိုင်ငံပိုင်မြေ၊ နိုင်ငံတော် ဘတ်ဂျက်ဖြင့် တည်ဆောက်မည့် စီမံကိန်းများဖြစ်သော်လည်း တိုက်ခန်းတစ်ခန်း လျင် အများဆုံး ကျပ်သိန်း ၂၀၀ ဖြင့် ရောင်းချမည်ဟု သတင်းထုတ်ပြန်ထားသည်။

''၀င်ငွေနည်းတဲ့ အများပြည်သူ၊ အခြေခံဝန်ထမ်းတွေအနေနဲ့ ကျပ် သိန်း ၂၀၀၊ ကျပ်သိန်း ၁၀၀ ဆိုတာ မ၀ယ်နိုင်ဘူး။ တန်ဖိုးနည်းလို့ပြောရင် ၀င်ငွေနည်း ၀န်ထမ်းတွေ၊ ၀င်ငွေနိမ့်တဲ့ အများပြည်သူတွေ ၀ယ်ယူ နိုင် တဲ့ ဈေးဖြစ်ရပါမယ်။ ဒါမှမဟုတ်ရင် တန်ဖိုးနည်းနဲ့ လုပ်နိုင်တဲ့သူတွေကို အလုပ်အပ်တာ ပိုပြီး ကောင်း ပါ မယ်။ နိုင်ငံပိုင်မြေ ပေးထားရက်နဲ့ မြေဈေး အလကားနဲ့ ဆောက်တဲ့သူတွေက မဆောက်နိုင်ရင် ဆောက်နိုင် တဲ့သူ အပ်သင့်ပါတယ်။ ကြားထဲက ဆောက်တဲ့သူ၊ အစိုးရနဲ့ နီးစပ်သူတွေပဲ အခွင့်အရေးရသွားတာမျိုး က တော့ မဖြစ် သင့်တော့ပါဘူး''ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ်အဖွဲ့ဝင် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ အိမ်ရာစီမံကိန်းနှစ်ခုမှာ နိုင်ငံတော်ပိုင် ဖြစ်သည်ဟု ဆိုသော် လည်း ယင်းမြေဧက၂၂၀ မှာ ၁၉၉၁ ခုနှစ်တွင် အိုးအိမ်မှ မြေကွက်ပေါင်း ၄၄၀၀ ဖြင့် တရားဝင် ရောင်းချပေးခဲ့သည့် မြေကွက်များဖြစ်ပြီး ၂၀၀၁ ခုနှစ်တွင် နိုင်ငံတော်စီမံကိန်းအရဆိုကာ ပြန်လည်သိမ်းယူခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းယူခဲ့သည် မြေကွက်များအစား မြေကွက် ပြန်လည်ပေးအပ်ခဲ့သော်လည်း အစားထိုးပေးသည့် နေရာဝေးကွာသောကြောင့် ဂရန်ပြန်လည်အပ်သူ နည်းပါးခဲ့ကြောင်း သိရသည်။နောက်ပိုင်းတွင် စီမံကိန်း ပျက်သွားခဲ့ပြီး သိမ်းယူခဲ့သည့် မြေကွက် များအား ဌာနဆိုင်ရာဝန်ထမ်းများကိုသာ ပြန်လည်ပေးအပ်ခဲ့ပြီး  ကျန်ပိုင်ရှင်များအား ပြန်လည်ပေးအပ်ခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။

''စီမံကိန်း မဖြစ်တဲ့အချိန်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေ မြေကွက်ပြန်ရပေမယ့် ကျွန်တော်တို့က မရခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်တို့လက်ထဲမှာ အနှစ် ၆၀ ဂရန်တွေ ရှိနေတယ်။ နောက်ပြီး တိုက်ခန်းဝယ်ခွင့်ပေး မယ်ဆိုတဲ့ စကားက လက်ရှိ နစ်နာနေတဲ့ ကျွန်တော်တို့အတွက် ဖြေသိမ့်စရာ မဖြစ်နိုင်လို့ ဒီအိမ်ရာစီမံ ကိန်းထဲက အမည် ပေါက်ဂရန်သမားတွေအတွက် ပြန်လည်သုံးသပ်ပေးဖို့ နိုင်ငံတော်သမ္မတကြီးကို တင်ပြ ထားပါတယ်''ဟု မြေကွက်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးမင်းတလဉာဏ်က ပြောပါသည်။
''ရန်ကုန်မှာ တိုးလာတဲ့လူတွေ နေထိုင်ဖို့အတွက် အိမ်ရာတွေ ဖော်ထုတ်ဖို့ အိုး/အိမ်က မြို့ပြဆိုင်ရာ ပညာရှင်တွေက ဒီနေရာမှာ ဒီလိုစီမံကိန်းတွေ ဖော်ထုတ်ပေးရင် အဆင်ပြေမယ်ဆိုတာ ဖော်ထုတ်ပေး တယ်။  တန်ဖိုးနည်းအိမ်ရာ ဆောက်မယ်ဆိုပြီး တင်ဒါခေါ်တယ်။ တင်ဒါနဲ့ လာလုပ်တဲ့သူတွေက လုပ်ငန်း ရှင်တွေ။ ဈေး နှုန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတ်မှတ်မယ်လို့ ပြောတယ်။ ဖြစ်သင့်တာက ၀င်ငွေ အသင့်အတင့်သာရှိတဲ့သူတွေ ၀ယ်နိုင်တဲ့ နှုန်းထား ဖြစ်သင့်တယ်။ ၀ယ်နိုင်အောင် စီစဉ်ပေးသင့် တယ်။အခုတော့ စီမံကိန်းတစ်ခု ဖော်လိုက်ဝယ်ရမယ့်သူက မသက်သာပဲ လုပ်ငန်းရှင်တွေပဲ ကောင်းစား သွားတာမျိုး မဖြစ်သင့်ဘူး''ဟုလည်း ရန်ကုန်မြို့နေ အိုး/အိမ်ဦးစီးဌာနမှ အငြိမ်းစား အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

''တန်ဖိုးနည်းအိမ်ရာဆိုတာ အစက ထင်ထားတာက ရတဲ့လခနဲ့ ပေးချေလို့ ရမယ်လို့ ထင်ထားတာ။ အခုတော့ ကျွန်မတို့ရတဲ့လခနဲ့ ကျပ် သိန်း ၁၀၀၊ ၂၀၀ ဆိုတာ အိမ်မက်တောင် မက်လို့မရဘူး''ဟု မြောက် ဒဂုံမြို့နယ်တွင် အိမ်ငှားရမ်းနေထိုင်သူ အလယ်တန်းပြ ကျောင်းဆရာမတစ်ဦးက ပြောပြခဲ့သည်။

တော်ဝင်ကုမ္ပဏီ အနေဖြင့်လည်း တန်ဖိုးနည်းအိမ်ရာဟုဆိုကာ တစ်ခန်းလျင် ၆၅၀ စတုရန်းပေ၀န်းကျင် အကျယ်ရှိသည့် တိုက်ခန်းများကို ကျပ် ၁၂၈ သိန်းမှ ၁၆၅ သိန်း အထိ ဈေးများဖြင့် ရောင်းချခဲ့ဖူးသည်။ သို့သော် အဆိုပါ ကွန်ဒိုများမှာ ရေ၊ မီး၊ ကားပါကင်၊ ဓာတ်လှေခါး ပါဝင်ကြောင်း သိရသည်။
တန်ဖိုးနည်းဟုဆိုကာ ယခုကဲ့သို့ ဈေးနှုန်းကြီးမြင့်ရမှု၏ အဓိက ပြဿနာမှာ မြေ၊ တိုက်ခန်းဈေးနှုန်းများ အဆမတန် ဈေးမြင့်တက်မှုကြောင့် ဖြစ်ကြောင်းလည်း သုံးသပ်ကြသည်။နိုင်ငံပိုင်မြေ၊ အဆောက်အ အုံများကို သက်သာသည့်ဈေးဖြင့် ရရှိသွားသူများအနေဖြင့် ဈေးကစားခြင်းကြောင့် မြေဈေး၊ တိုက်ခန်း ဈေးများ ထိုးတက်လာခဲ့ပြီး ထိုသို့ တိုက်ခန်းနှင့် မြေဈေးထိုးတက်သည့် အချိန်မှ တည်ဆောက်သည့် အတွက်လည်း ယခုကဲ့သို့ ဈေးမြင့်ရသည့် အခြေအနေသို့ ရောက်ရှိခြင်းဟု တွက်ချက်ထားကြသည်။

၂၀၀၈ ခုနှစ်တွင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို အနည်းဆုံး နှစ်ကြိမ်အထိ ပုဂ္ဂလိက ပိုင်ပြုလုပ်ခဲ့ပြီး စီး ပွားရေးလုပ်ငန်းပေါင်း ၉၀ ကျော်ကို ပုဂ္ဂလိကပိုင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။၂၀၀၉ ခုနှစ်တွင် နိုင်ငံပိုင် စီးပွား ရေးလုပ်ငန်း၊ အိမ်ခြံမြေ၊ ဂိုဒေါင် စသည်ဖြင့် လုပ်ငန်းပေါင်း ၃၀၀ ကျော်ကို ပုဂ္ဂလိကပိုင် ထပ်မံပြု လုပ်ခဲ့ သည်။

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံပိုင် စက်သုံးဆီဆိုင် ၂၄၆ ဆိုင် အပါအ၀င် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၁၀၀ ကျော် နှင့် နိုင်ငံပိုင်အဆောက်အအုံ ၃၂ ခုကို ပုဂ္ဂလိကပိုင် ပြုလုပ်ခဲ့ပြန်သည်။ ယင်းအပြင် ဗိုလ်တစ်ထောင်၊ ဗိုလ် အောင်ကျော်၊ ပန်းဆိုးတန်း-နန်းသီတာ၊ ကျန်းမာရေး၊ ဆူးလေ ဆိပ်ကမ်းများ အပါအ၀င် အလုံဆိပ်ကမ်းမှ ဗိုလ်တစ်ထောင်-သန်လျက်စွန်းအထိ ဆိပ်ကမ်းနေရာများကိုလည်း ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပေးခဲ့သည်။

၂၀၁၁ ခုနှစ်တွင် နိုင်ငံပိုင် လုပ်ငန်း ၇၆ ခု၊ မြေကွက်၊ တိုက်ခန်း ၁၀၀ ကျော်အား ထပ်မံ၍ ပုဂ္ဂလိကပိုင် ပြု လုပ်ခဲ့သည်။ အချို့မြေကွက်နှင့် နိုင်ငံပိုင် အဆောက်အအုံများမှာ တင်ဒါခေါ်ယူခြင်းပင် မပြုဘဲ နီးစပ်ရာ ချထားပေးခဲ့မှုများ ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

တင်ဒါခေါ်ယူစဉ်က ခေါ်ယူ ကြောင်း တရားဝင်ကြေညာခြင်း နိုင်ငံပိုင်လုပ်ငန်းများဆိုလျင် ကြမ်းခင်းဈေးပင် ပါဝင်ခြင်းများ ရှိသော်လည်း တင်ဒါအောင်လျင် တန်ဖိုးမည်မျှနှင့် အောင်သည်ကိုမူ နိုင်ငံပိုင်မီဒီယာများမှ ထုတ်ပြန်မှု မရှိခဲ့ကြောင်း သိရသည်။

တင်ဒါ ၀င်ရောက်ဆွဲသူများကြားတွင် ပြောကြားကြသည်များက မတန်တဆဈေးများနှင့် ရသွားသူများ ရှိကြောင်း၊ အချို့ဆိုလျင် မိမိလျောက်ထားသည့်နေရာကို အခြားကုမ္ပဏီ အမည်ဖြင့် လုပ်ကိုင်ခွင့်ရသွား မှုမျိုးပင် ရှိသည်ဟု ဆိုကြသည်။
စက်မှုဇုန်များတွင်လည်း ဈေးကစားမည့်သူများကို မြေကွက်များ လွယ်ကူစွာ ချထားပေးသော်လည်း အမှန် တစ်ကယ် တည်ဆောက်မည့်သူများမှာ မြေကွက်ရရှိရန် များစွာခက်ခဲပြီး မြေကွက်မရသည့်အတွက် လုပ် ငန်း ကို ခက်ခဲစွာ ရုန်းကန်တည်ထောင်နေရသူများ ရှိသည်ဟုလည်း စက်မှုဇုန်လုပ်ငန်းရှင်များက အတည် ပြု ပြောကြားထားသည်။
ထိုသို့ အတည်မပြုနိုင်သည့် ဈေးများဖြင့် အလွယ်တကူ ရရှိထားသူများ ဈေးကစားမှုကြောင့် မြေဈေးမြင့် တက်ပြီး တိုက်ခန်းဈေးများလည်း လိုက်ပါ မြင့်တက်ခဲ့သည်။ အများပြည်သူအနေဖြင့်မူ နေစရိတ်အတွက် ယခင်ကထက် တစ်ဆမှ နှစ်ဆအထိ ပိုမိုသုံးစွဲရသည့် ဒဏ်ခံစားခဲ့ရသည်။
''ခရိုနီစီးပွားရေးက မပျောက်သေးဘူး။ အရင်က ဘာပဲလုပ်ခဲ့လုပ်ခဲ့ အစိုးရသစ် လက်ထက်မှာတော့ မှန် သင့်ပြီထင်တယ်။ ခြောက်ထပ်ရုံး၊ ဟိုက်ကုတ်၊ စုပေါင်းရုံး၊ ပြည်ထောင်စုရိပ်သာ၊ ခရေပင်လမ်းနဲ့ အလုံလမ်း ထောင့်က မြေကွက်ကြီးတွေ ဘယ်သူတွေက ဘယ်လောက်ဈေးနဲ့ ရသွားလည်း။ ဧရာဝဏ်လမ်းမဘေးက ဧက ရာနဲ့ချီတဲ့ မြေကွက်ကြီးကို အေးရှားဝေါလ်ကုမ္ပဏီအနေနဲ့ ဘယ်လောက်နဲ့ ရခဲ့တာလည်း၊ ပြောရရင် ရန်ကုန်မြို့ရဲ့ ဈေးအကြီးဆုံးနေရာမှာပါတဲ့ ပြည်လမ်းမပေါ်က မြေကွက်နဲ့ လုံးချင်းတိုက်တွေ ဘယ်ဈေးနဲ့ ရသွားလည်း၊ နိုင်ငံပိုင်လုပ်ငန်းတွေ၊ စက်ရုံတွေကိုရော ဘယ်ဈေးနဲ့ရလဲ။ အင်မတန် ဈေးမြင့်တက်လာ တယ်ဆိုတဲ့ စမ်းချောင်းက စက်သုံးဆီဆိုင် တစ်ဆိုင်ကိုရော ဘယ်ဈေးနဲ့ ပေးလိုက်တာလဲ။ ဒါမျိုးတွေက တော့ အများပြည်သူကို ထုတ်ပြန်သင့်ပါတယ်။ ထင်သာမြင်သာတော့ ရှိ သင့်ပါပြီ။ ဘာကြောင့်လဲဆိုတော့ ဥပမာ-စက်မှုဝန်ကြီးဌာနက တာယာ စက်ရုံ၊ လောင်းလုံက ဧက ၂၀၀၀ ကျော်ကျယ်တဲ့ ဆီအုန်းခြံနဲ့ စက်ရုံ အပါအ၀င် စက်ရုံတော်တော်များများကို ငှားဦးမှာလေ။ နိုင်ငံပိုင်တွေကို ဘယ်ဈေးနဲ့ပေးလို့ ဘယ်လိုလုပ် လည်းဆိုတာ နိုင်ငံသားတွေလည်း သိသင့်တယ် ထင်ပါတယ်''ဟု ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အသင်းဝင်၊ ကုန်ထုတ်လုပ်ငန်းရှင်တစ်ဦးက ပြော ကြားခဲ့သည်။

နိုင်ငံပိုင်မြေကွက်၊အဆောက်အအုံနှင့် လုပ်ငန်းများအား သက်သာသည့် နှုန်းထားများဖြင့် ရရှိထားသူက ဈေးကစားသည့်ဒဏ်ကို အများပြည်သူ ခံစားခဲ့ရပြီး နိုင်ငံတော်မှ ရရှိသင့်သည်များလည်း ဆုံးရှုံးခဲ့ရကာ များစွာနစ်နာခဲ့သည်။

''မကြာသေးခင်က လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေးကော်မရှင် ဆိုပြီးဖွဲ့တယ်။ တစ်ကယ်ဖြစ်သင့်တာ က အဂတိလိုက်စားမှု တိုက်ဖျက်ရေးပါ။ အဲဒီကော်မရှင်ကို ပြည်သူတွေကိုယ်စား ဒီကနေပဲ တိုင်ချင်ပါ တယ်။ ကျန်တဲ့နေရာတွေကို ခဏထား၊ ရန် ကုန်မြို့က အရေးပါတဲ့ နေရာတွေအားလုံးနီးပါးရဲ့အဆောက် အအုံနဲ့ မြေတွေကို ဘယ်လိုမူတွေနဲ့ ဘယ်သူတွေကို ဘယ်လိုပေးခဲ့ပါသလဲ။ နိုင်ငံအတွက်ရော ပြည်သူတွေ အတွက်ပါ အမှန်တကယ် အကျိုးရှိခဲ့ရဲ့လား။ ရန်ကုန်မှာ ဈေးအကောင်းဆုံးနေရာက တစ်စတုရန်းပေကို ကျပ်တစ်သန်းကျော်အထိ ပေါက်ဈေးရှိတဲ့ အနေအထားမှာ အချက်အခြာကျတဲ့ နေရာက မြေကွက်တွေကို ဘယ်ဈေးနဲ့ ရသွားသလဲဆိုတာ ရှင်းရှင်းလင်းလင်းရှိဖို့ လိုပါတယ်။ တစ်ကယ် တာဝန်ရှိတဲ့သူတွေက သေသေချာချာ စစ်ဆေးမယ်ဆိုရင် ပေါ်လာမှာပါ။ တစ်ကယ် စစ်ဆေးဖို့တော့ လိုပါတယ်။ အချက်အခြာကျတဲ့ အရေးပါတဲ့နေရာ အတော်များများကို ဘယ်လိုရထားမှန်းမသိဘဲ ဈေးတွေကိုတော့ ကမောက်ကမ ထိုးတက်အောင် လုပ်ပစ်တယ်။ တိုက်ခန်းနဲ့ မြေဈေးတွေကောင်းတော့ ကားပါကင်တောင် မချန်ဘူး။ ရှိသမျှ အကုန်ဆောက်ကြတယ်။ ပန်းခြံတွေတောင် မချန်ဘူး။ အခုလည်း တန်ဖိုးနည်း အိမ်ရာ ဆိုပြီး လုပ်တော့ မြေတွေ သိမ်းပြန်ရော၊  ပြီးတော့ မြေသိမ်းခံရတဲ့သူတွေကို ဦးစားပေး ပြန်ရောင်းပေး မယ်ဆိုတာ ဖြစ်သင့်ရဲ့လား။ အဲဒီလို လူတွေဆို အလကားတောင် ပေးသင့်တယ်။ ဆောက်ပြီးရင်လည်း တကယ် တန်ဖိုးနည်းပြီး ပြည်သူတွေ တစ်ကယ် အကျိုးရှိမှာလား''ဟု Weekly Eleven News Journal ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

Monday, January 14, 2013

၈၈မျိုးဆက်ကျောင်းသားများ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ရောက်ရှိ

ယနေ့(၂ဝ၁၃ခုနှစ်၊ ဇန်န၀ါရီလ၊ ၁၄ ရက်) နံနက် ၈း၃ဝ နာရီတွင် ရန်ကုန်လေဆိပ်မှ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့သို့ ထွက်ခွာလာခဲ့ကြသော ၈၈မျိုးဆက်ကျောင်းသား ၁၆ ဦးသည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာလေဆိပ်သို့ ဒေသစံတော်ချိန် ည ၇း ၁၀ နာရီတွင် ဆိုက်ရောက်ခဲ့ကြရာ Centrer Peace and Conflict Studies မှ တာဝန်ရှိသူများနှင့် ဖိလစ်ပိုင်နိုင်ငံတွင် ပညာတော်သင်ရောက်ရှိနေကြသော မြန်မာကျောင်းသားများက လေဆိပ်သို့ လာရောက်ကြိုဆိုခဲ့ကြသည်။ ၈၈မျိုးဆက်ကျောင်းသားများသည် မနီလာမြို့ရှိ ခေတ္တ တည်းခိုရာ The Richmonde Hotel သို့ ဒေသစံတော်ချိန် ၈း ၃၀ နာရီတွင် ရောက်ရှိခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် Centrer Peace and Conflict Studies ( ငြိမ်းချမ်းရေးနှင့် ပဋိပက္ခများ လေ့လာရေးစင်တာ CPCS ) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမိတ်ဆက်ခဲ့ကြသည်။ ၈၈မျိုးဆက်ကျောင်းသားများသည် မနက်ဖြန် ( ဇန်န၀ါရီလ၊ ၁၅ ရက်) နံနက်တွင် ဖိလစ်ပိုင်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် Lt. General Emmanuel T Bautista နှင့် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။ ထို့အပြင် ဖိလစ်ပိုင်နိုင်ငံ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှု ပြုလုပ်နေကြသည့် လူမှုအဖွဲ့အစည်းများဖြစ်ကြသော BMFI , MILF , TAF စသည့် အဖွဲ့များနှင့်လည်း တွေ့ဆုံကြမည်ဖြစ်ပြီး၊ ဖိလစ်ပိုင်နိုင်ငံရှိ ဗြိတိသျှသံရုံးမှ သံအမတ်ကြီး Stephen Lille နှင့် ပထမအတွင်းဝန် Thomas Philpps တို့နှင့်လည်း တွေ့ဆုံကြမည်ဖြစ်သည်။

KIA မှ ဖမ်းမိထားသော ပြည်ထောင်စုအစိုးရစစ်သားများအား ပြန်လွှတ်။

ဇန်န၀ါရီ (၁၄) တနင်္လာ

စစ်ပွဲအတွင်း KIA အစိုးရမှ ဖမ်းမိထားသည့် အစိုးရ တပ်မတော် တပ်သား များ အယောက် ၂၃ ယောက်အား ၂၀၁၃ ဇန်န၀ါရီ ၁၃ ရက်နေ့ တွင် KIA မှကိုယ်ဒေသကိုယ် ပြန်နိုင်အောင် တရားဝင် ပြန်လွှတ်ပေးသည့် အခမ်းအနားကျင့်ပခဲ့သည်။

“အခုခင်ဗျားတို့ဒီမှာရောက်နေတာ တော်တော်ကြာပြီ။ကျွန်တော်တို့ ခင်ဗျားတို့ကို ပြန် အပ်ဖို့နည်းအမျိုးနဲ့ ကြိုးစားတယ်။ ကြားက အဖွဲ့အစည်းတွေနှင့် ပြန်အပ်ဖို့လည်းကြိုးစားတယ်။ အခုနောက်ဆုံး ဒီ ၈၈ ကျောင်းသားအဖွဲ့ ကကိုမြအေးတို့ ခင်ဗျားတို့ကို ၂ ကြိမ်လောက်လာတွေ့ပြီးပြီထင် တယ်။ ကိုမြအေးတို့က နေတဆင့် ပြန်အပ်ဖို့ကြိုးစားတယ် ဒါပေမဲ့ လက်ရှိအစိုးရ က ခင်ဗျားတို့ကိုလက်ခံဖို့ မပြောလာဘူး။ လက်မခံနိုင်တဲ့အနေအထားဖြစ်နေတယ်။

ကိုမြအေးတို့ကနေ တဆင့်ပြန်ကြားရတာတော့ ခင်ဗျားတို့ဟာ တပ်မတော်သားတွေ မဟုတ်ဘူး။ တပ်မတော်ကနေ ခွင့်မဲ့ ထွက်ပြေးလာတဲ့တပ်ပြေးတွေ ဖြစ်တယ်ဆိုပြီး တပ်မတော်က နေ ဘယ်လိုမှ လက်မခံနိုင်ဘူး။ သုံ့ပန်း မဟုတ်ဘူး ဗြောင် ငြင်း တဲ့သဘောရှိတယ်။” ဟု KIA ဗိုလ်ကြီး ဦးဇော်တောင် က အဆိုပါ အခမ်းအနားတွင်ပြောကြားခဲ့သည်။

စစ်သုံ့ပန်း ၂၅ ယောက် တွင် ကလေးစစ်သား ၈ ယောက်ပါရှိသည်။ အဆိုပါ ကလေး စစ်သား ၈ ယောက်ကို မူ ILO (International Labor Organization) မှ တဆင့် ကိုယ့်အိမ်ကိုယ် ပြန်ပို့ပေးမည် ဖြစ်ကြောင်း အခြား စစ်သုံ့ပန်း ၁၅ ယောက်ကိုမှု KIA မှ ပို့နိုင်သည့် နေရာအထိ လိုက်ပို့ပေးမည် ဖြစ်ကြောင်း ကျန်ရှိသေးသည့် ခရီးကိုမှု မိမိနေရပ်ဒေသ ကို ပြန်ချင်တဲ့လူတွေ ပြန်နိုင်ကြောင်း မပြန်ချင်ရင် မိမိသဘောအတိုင်း ကြိုက်နှစ်သက်ရာကို ခရီးဆက်နိုင်ကြောင်း လမ်းခရီးစရိတ် အားလုံးကို လည်း KIA မှ ထုတ်ပေးမည် ဖြစ်ကြောင်း ဗိုလ်ကြီးဦး ဇော်တောင် က ဆက်လက် ပြောဆိုသည်။

“ကျွန်တော် ဒီမှာနေတာ ၁ နှစ်နှင့် ၁ လရှိပြီ။ ကျွန်တော်က ၁၆ နှစ်ကတည်းကနေ စစ်တပ်ထဲဝင်တာ ကလေးစစ်သားထဲမှာပါတယ်။ အိမ်ပြန်ရမယ်ဆိုတော့ တကယ်ပျော်တယ် စိတ်ထဲ မှာ မပြောတတ်လောက်အောင် ပျော်တယ်။ အိမ်မပြန်ရတာ ၄ နှစ် ၅ နှစ်ရှိပြီ။ ကျွန်တော်ဘာမှ မသိပဲ စစ်တိုက်ခဲ့တာတွေကို တကယ်ကို စိတ်မကောင်းဘူး။ အခုလို ကောင်းကောင်း ပြန်လွှတ်ပေးခဲ့တဲ့ KIA အစိုးရကို တကယ်ကို ကျေးဇူးတင်တယ်။ သူတို့လိုချင်တဲ့ ငြိမ်းချမ်းရေးလည်း အမြန်ရပါစေလို့ ဆုတောင်ပေးတယ်။” ဟု စစ်သုံ့ပန်း မှ ကို ချစ်ဦးနိုင်က ဆိုသည်။

Friday, January 11, 2013

"အမေရိကန်ရှိ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ"

နေပြည်တော် ဇန်န၀ါရီ ၁၁ ရက်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နေ့လည် ၁၂ နာ၇ီ ၃၀ မိနစ်တွင် Pacific Council မှ ရင်းနှီမြုပ်နှံမှု ဆိုင်ရာ လုပ်ငန်းရှင် များနှင့် နေပြည်တော် လွှတ်တော် အဆောက်အအုံ ရှိ ( I.12)တွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။
" ရင်းနှီးမြုပ်နှံ မှု အခြေအနေတွေ ကို လာပြီးလေ့လာတာပါ၊အခြေအနေတွေ ဘယ်လို ရှိနေပြီလဲ ဆိုတာ သိချင်တဲ့ သဘောပါပဲ၊အားလုံးက အမေရိကန်က  ကမ္ဘာ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေချည်းပါပဲ၊ဆက်သွယ်ရေး၊ပြတိုက်လုပ်ငန်း၊မြို့ပြစီမံကိန်းလုပ်ငန်းရှင်တွေ၊ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ၊ကမ္ဘာ
ကျော်(NIKE/OKLEY)စတဲ့ အ၀တ်အထည် တံဆိပ်တွေထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေပါ။ "ဟု ၄င်းအဖွဲ့နှင့် လိုက်ပါလာသော DR. Miemie Winn Byrd (Associate professor) ကပြောသည်။
ယင်းအဖွဲ့တွင် လုပ်ငန်းရှင် စုစုပေါင်း ၁၆ ဦးပါဝင်ကြောင်းသိရသည်။

ဖွန်းပျန်ဘွမ် စခန်း ဌာနချုပ်ကို ထပ်မံ စစ်ဆင်ရန် အစိုးရ ပြင်ဆင်

အစိုးရ တပ်ဖွဲ့ဝင်များသည် ထိခိုက် ကျဆုံးမှုများ သဖြင့် KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း(၂၄) စခန်း ဌာနချုပ် ဖြစ်သော ဖွန်းပျန်ဘွမ် စခန်းကို ယနေ့ စစ်ဆင်နိုင်ခြင်း မရှိဘဲ ရပ်တန့် နေသည်ဟု KIA တပ်ရင်း (၂၄) မှ ရှေ့တန်း အရာ ရှိတဦးက ဆိုပါသည်။

“ ဒီလိုပါ။ မနေ့တုန်းက (၆)ကြိမ်လောက် တပ်ရင်း (၂၄) စခန်းကို တက်တိုက်ပါတယ်။ (၆) ကြိမ်စလုံး လန်ကျသွားတာ ပေါ့။ ဒီတိုက်ပွဲမှာ အကျအဆုံး များလိမ့်မယ်။ မျက်မြင် ရွာသားတွေပြောတာက ထမ်းစင်နဲ့က (၃၀) လောက်၊ ကျိုင်း တောက်နဲ့က (၂၀) လောက်၊ တခြား ထိခိုက်မှုတွေလဲ ရှိသေးတယ်။ လမ်းလျှောက်နိုင်တဲ့လူတွေပေါ့။ သူတို့ ဗန်းမော်ဖက်ကို ဆင်းသွားကြတယ်ဗျ။ ဒါကြောင့် ထင်ပါတယ် ကနေ့ သူတို့ တိုက်ပွဲ ရပ်တယ်ဆိုတာက အဲဒါတွေကို စီစဉ် နေလို့ဖြစ်လိမ့်မယ်။ ပြီးတော့ အသေအပျောက်တွေကိုလဲ ရှင်းနေတဲ့ပုံလဲ ရပါတယ်။ အမြောက် (၈) လုံးလောက် ဟိုပစ် ဒီပစ် လုပ်တာဘဲ ရှိပါတယ်။” ဟုဆိုပါသည်။

ယခု KIA တပ်ရင်း (၂၄) ဌာနချုပ်ကို တပ်ရင်း (၂) ရင်းအပြင် အထူးတပ်များနှင့် အင်အား (၅၀၀)ခန့် စစ်ဆင်နေသည် ဟု KIA ရှေ့တန်း တပ်မှူးက ဆိုပါသည်။ သို့သော် ယမာန်နေ့ စစ်ဆင်ရေး၌ ထိခိုက်ကျဆုံးမှု အနဲဆုံး (၇၀)ခန့် ရှိလိမ့် မည်ဟု ခန့်မှန်းထားပါသည်။ ဤသို့ကြောင့် ယနေ့ တိုက်ပွဲ ရပ်ထားရခြင်း ဖြစ်ဖွယ်ရှိပါသည်။

သို့သော် ဤစစ်ဆင်ရေးအတွက် အရန်စစ်ကူများအဖြစ် ခလရ (၁၄၂)၊ ခမရ (၂၇၆) တပ်မ (၂၂)မှ တပ်ရင်းအချို့နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ ရှိနေသည်ဟု ဆိုပါသည်။

အစိုးရသည် လိုင်ဇာဌာနချုပ်ကို လာမည့် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့ မတိုင်ခင် သိမ်းပိုက်ရန် ရှိသည် ဟု KIA ဖက်က တွက်ဆထားပါသည်။ ဗန်းမော်၊ မြစ်ကြီးနား ဆေးရုံတွင် တပ်သားလူနာများ ပြည့်ကြပ် ညှပ်လျှံနေသည့် အခြေအနေမျိုးဖြစ်ပြီး မကွေးတိုင်းရှိ တပ်ရင်း ဌာနချုပ်များ၌လည်း ရက်လည် ဆွမ်းများနှင့် အစိုးရ အပေါ် မကြေနပ်မှုများ ဖြစ်ပေါ်နေသည်ဟုဆိုပါသည်။

သို့သော်လည်း အစိုးရသည် KIA အပေါ် စိတ်ဓါတ်စစ်ဆင်ရေးများ တိုးပြီးတိုက်ခိုက်လာပါသည်။ မြစ်ကြီးနား ရထားကို ဗုံးခွဲခြင်းကိစ္စကိုဖန်တီးပြီး KIA အားစွပ်စွဲနေခြင်း၊ သမ္မတကလည်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စများမှ အတွေ့အ ကြုံများအား ရယူ၍ ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမျိုး လုပ်ဆောင်ရန် ရှိ ကြောင်း နှစ်သစ်လွှတ်တော် သ၀ဏ်လွှာစာကို ၀ါဒဖြန့်ခြင်းနှင့် တပ်မ (၃၃) တပ်မ(၇၇) စစ်ကူများ ပေးပို့နေခြင်းနှင့် ဒေါ့ဖုန်းယန်ရှိ ဟန်ကိုင်းတောင် လက်နက်ကြီးစ ခန်းမှာKIA တိုက်ခိုက်ခြင်းကြောင့် ပြောင်းရွှေ့ရခြင်း မဟုတ်ဘဲ အစီစဉ်အရ ပြောင်းရွှေ့နေသယောင်များကို ၄င်းတို့၏ ခရို နီမီဒီယာများနှင့် လူထုဆက်ဆံရေး (ဆိုရှယ်) မီဒီယာများကို အသုံးချပြီး ၀ါဒဖြန့်နေသည်ဟု KIA ကဆိုပါသည်။

ထို့အပြင် KIA စခန်းများစွာ ကိုလည်း ၄င်းတို့သိမ်းပိုက်ထားပြီးဖြစ်ကြောင်း မြေပုံများနှင့်တကွ ၀ါဒဖြန့်နေကြောင်း၊ KIA များကိုတန်ပြန်ရန်၊ ကျေးရွာပြည်သူ့များကိုလည်း ဖွဲ့စည်းနေကြောင်း ၀ါဒဖြန့်ထားသည်ဟုဆိုပါသည်။ အမှန်မှာမူ ပြည် သူ့စစ်များကို အတင်းစုဆောင်းပြီး၊ အရန်တပ်ဖွဲ့အဖြစ်ထားရှိကာ ကချင်နှင့် လူမျိုးမတူသူများကို အသုံးချပြီး စိတ်နာ အောင် စီစဉ်နေခြင်းရှိသလို တိုက်ပွဲပြင်းထန်သော နေရာများသို့ ပြည်သူ့စစ်အမည်ခံ ကချင်ရွာသားများကို အသုံးပြု ခြင်းဖြင့်သေကြေ ပျက်စီးအောင် ဖန်တီးဆောင်ရွက်နေသည်ဟုဆိုပါသည်။

ဤကဲ့သို့ ၀ါဒဖြန့်နေခြင်းနှင့်အတူ ဖွန်းပျန်ဘွမ်စခန်းစစ်ဆင်ရေးကို နက်ဖြန်၌ ပြန်စရန်စီစဉ်ထားကြောင်း၊ လေကြောင်း အကူအညီကိုလည်း ထပ်မံအသုံးပြုပြီး ပြင်းထန်စွာတိုက်ခိုက်မည်ဟု KIA ဖက်မှတွက်ချက်ထားပါသည်။ အစိုးရသည် လိုင်ဇာ စစ်ဆင်ရေး အတွက် ဗန်းမော်-လဂျာယန်လမ်းကြောင်းကို အဓိကထားပြီးချီတက်နေပါသည်။ KIA ဖက်မှလည်း စစ်ဆင်လာသမျှသော အစိုးရတပ်များကို အပြင်းအထန် ခုခံသွားမည်ဟု ဆိုပါသည်။

အစိုးရ၏ စစ်ဆင်ရေး အနိုင်အရှုံးသည် မြောက်ပိုင်းတိုင်း တိုင်းမှူး၏ ရာဇသံပေးသည့် ဒီဇင်ဘာ(၂၅)ရက်နေ့မှစပြီး ရေ တွက်ရလျှင် ကြည်းတပ်အင်အား အလုံးအရင်းနှင့် လေကြောင်းပစ်ကူများ ပြင်းပြင်းထန်ထန် အသုံးပြုသော်လည်း KIA တပ်ရင်း(၂၃)ဌာချုပ်စခန်းဖြစ်သော ပွိုင့် (၇၇၁) တောင်ကုန်းတကုန်းသာ ရရှိထားပါသည်။

"စစ်ပွဲများကြား တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကချင်ပြည်နယ်သား ၂ဝဝဝ ခန့် တိုးပွား"

စစ်ဖြစ်နေသော ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုရန် လျှောက်လွှာတင်ထားသည့် ကျောင်းသား၊ ကျောင်းသူဦးရေမှာ ယခင်နှစ်ထက် ၂ဝဝဝ နီးပါး ပိုတိုးလာကြောင်း ကချင်ပြည်နယ် ပညာရေးဌာနစာရင်းများအရ သိရှိရသည်။

အစိုးရက ၂ဝ၁၃ ခုနှစ် မတ် လတွင် စစ်ဆေးမည့် တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် ကချင်ပြည် နယ်၌ စာစစ်ဌာန ၄၈ ခု ဖွင့်လှစ် သွားရန်ရှိပြီးယခင်နှစ်က ဝင်ရောက် ဖြေဆိုသူ ၂ဝ၇၇၂ ဦးသာ ရှိနေခဲ့ရာ ယခု နှစ်တွင်မူ လျှောက်လွှာတင် ထားသူမှာ ၂၂၆၄၈ ဦး  ရှိသည်ဟု ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဌာနမှ သိရသည်။

၂ဝ၁၁ ခုနှစ် ဇွန်လပိုင်းက စကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား မှုအရ ၁ နှစ်ခွဲ ကျော်လာသည့် အချိန်တွင် မြန်မာအစိုးရ ထိန်း ချုပ်မှု နယ်မြေအတွင်း၌ စစ်ရှောင် စခန်း ၈၄ ခု အထိရှိလာခဲ့သော်လည်း တက္ကသိုလ် ဝင်အဆင့် ကျောင်းသား၊ ကျောင်းသူ ပါဝင်မှု အချိုးအစား မှာ ရာခိုင်နှုန်းနည်းပါးနေမှုကြောင့်တက္ကသိုလ်ဝင် စာမေးပွဲဝင်ဖြေမည့် အရေအတွက် အပေါ် အကျိုးသက် ရောက်မှုနည်းခဲ့သည်ဟု စစ်ရှောင် စခန်း တာဝန် ခံများက မှတ်ချက် ပြုသည်။

အဖြူရောင်တွဲလက်များ အဖွဲ့ မှ ကိုဘိုဘိုကမူ ၄င်းတို့ သွားရောက် ကူညီပေးနေသော မန့်ဝိုင်းကြီး စခန်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် အရေအတွက်မှာ လွန်စွာနည်းပါးကြောင်း ပြော သည်။
ကချင်ပြည်နယ် လူမှုရေးဝန် ကြီးဌာန စာရင်းအရ ပူတာအိုခရိုင် တွင် စာစစ်ဌာန ၅ ခု၊ မြစ်ကြီးနား ခရိုင်တွင် ၁၉ ခု၊ မိုးညှင်းခရိုင်တွင် ၁၅ ခုနှင့် ဗန်းမော်ခရိုင်တွင် ၉ ခု ဖွင့်လှစ်စစ်ဆေးသွားမည် ဖြစ်သည့် အပြင် ယခုနှစ်တွင် ပူတာအိုနှင့် မြစ်ကြီးနားခရိုင် နှစ်ခုကိုခရိုင် တစ်ခုတည်းအဖြစ် ကြီးကြပ်စစ် ဆေးသွားမည် ဟုလည်း ထပ်မံ သိရှိရသည်။
 

ှိ ရန်ကုန်မြို့တွင်းခရီးသည်တင် ယာဉ်များကို လိုင်းပြေးဆွဲရန် CNG ကုဗဗေ တစ်သန်း ပေးမည်။

Friday, 11 January 2013

လက်ရှိ ရန်ကုန်မြို့တွင် ရောက်ရှိနေသော တင်သွင်းပြီး ခရီးသည်တင်ကားများ ယာဉ်လိုင်းပြေးဆွဲရန် တစ်နေ့လျှင် CNG ကုဗဗေ တစ်သန်း ခွင့်ပြုချထား ပေးသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၉ ရက်က ပြုလုပ်သော မထသ (ဗဟို) အစည်းအဝေးမှ သိရသည်။

ထိုသို့ CNG ခွဲဝေချပေးမည့် အဆိုပါ ယာဉ်များကို လမ်းကြောင်းအသစ် ခွင့်ပြုမည် မဟုတ်ဘဲ ယခင်ရှိပြီး ယာဉ်လိုင်းများ အောက်တွင်သာ ပြေးဆွဲစေမည် ဖြစ်သည်။

“ဒီမှာ ရောက်ရှိပြီး ယာဉ်စီးရေ ၂၀၀၀ ခန့်ကိုပဲ ချပေးမှာ ဖြစ်ပါတယ်။ နောက်သွင်းလာမယ့် ကားတွေ မပါဘူး။ ယာဉ်ပိုင်ရှင်တွေ အနေနဲ့ မထသ လက်အောက်က ရှိပြီးသား ယာဉ်လိုင်းတွေမှာ ၀င်ရောက် ပြေးဆွဲရမှာ ဖြစ်ပါတယ်။ လမ်းကြောင်းအသစ် ချပေးမှာ မဟုတ်ဘဲ နဂိုရှိပြီးသား ယာဉ်လိုင်းအောက်မှာပဲ ပြေးဆွဲရမှာပါ” ဟု မထသ (ဗဟို) မှ ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။

၎င်းကပင် “တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့လည်း ကားတင်းသွင်းတဲ့ ကုမ္မဏီတွေကို ခေါ်ယူ အသိပေး ထားပါတယ်။ ကုမ္မဏီတွေကနေ ကိုယ့်အစီအစဉ်နဲ့ကို တင်သွင်းလာတဲ့ ကားတွေကို CNG ချပေးသွားမှာ ဖြစ်ပါတယ်” ဟု ဆက်လက် ပြောကြားသည်။

ရန်ကုန်မြို့တွင်း လက်ရှိပြေးဆွဲနေသော ယာဉ်လိုင်း ၁၇ လိုင်း၏ အောက်တွင် ယာဉ်လိုင်း ၃၈၆ လိုင်း ရှိကြောင်း သိရသည်။

Thursday, January 10, 2013

လွှတ်တော် ကော်မတီကော်မရှင်တို့မှ ဥက္ကဌ များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ တွေ့ဆုံ

နေပြည်တော်၊ ဇန်န၀ါရီ ၁၀

လွှတ်တော် ကော်မတီကော်မရှင်တို့မှ ဥက္ကဌ များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတို့ သည် လွှတ်တော်အတွင်း လုပ်ငန်းဆောင်ရွက်မှု များ မြန်ဆန်လာစေရေးအတွက်ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပြီးဆုံးချိန်တွင် ညှိနိုင်းအစည်းအဝေးတစ်ခု ကိုပြုလုပ်ခဲ့ကြသည်။

ယင်းအစည်းအဝေးအပြီးတွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော် အဆောက်အအုံအတွင်းရှိ( I .12 )ခန်းမတွင် လက်ပံတောင်းတောင် အရေးကိစ္စနှင့် ပတ်သတ်၍ ပြည်တွင်းရှိသဘာဝပတ်ဝန်းကျင် နှင့် သိပ္ပံ ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းတွေ့ဆုံခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သတ်၍ လောလောဆယ် သတင်းထုတ်ပြန်မှု မရှိသော်လည်း ယခုလ တတိယပတ်တွင် သွားရောက်မည့် အမေရိကန်နှင့် ကိုရီယားခရီးစဉ် မတိုင်မီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
 

Wednesday, January 9, 2013

ဒေါ်အောင်ဆန်းစုကြည်ဆုနှင့် ကိုမင်းကိုနိုင်ဆု ချီးမြှင့်မည်။

လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ကိုမင်းကိုနိုင် ဆုများကို ပေးအပ်ချီးမြှင့် သွားမည်ဟု ရုပ်ရှင်ပွဲတော်စီစဉ်သူ ဒါရိုက်တာမင်းထင်ကိုကိုကြီးက ပြောသည်။
“Documentary အကောင်းဆုံး ဖန်တီးမှုကို ဒေါ်အောင်ဆန်း စုကြည်ဆု၊ Short (ဇာတ်လမ်းတို)အကောင်း ဆုံး ဖန်တီးမှုကို ကိုမင်းကိုနိုင်ဆုဟု အမည်ပေးထားပြီး Animation အကောင်းဆုံးဆုကိုမူ နာမည်မပေး ရသေးကြောင်း ၄င်းက ပြောသည်။

အဆိုပါ ရုပ်ရှင်ပွဲတော်သို့ နိုင်ငံတကာနှင့် ပြည်တွင်းမှ အနုပညာရှင်များ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန် ဖိတ်ခေါ် ထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သော ဇွန်လ ၁၉ ရက်တွင် အထက်ပါဆုများကို ရွေးချယ် ပေးအပ် သွားမည် ဟု ၄င်းက ပြောသည်။
''ကိုမင်းကိုနိုင်နဲ့ ဒေါ်အောင် ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ လူ့အခွင့်အရေး လှုပ် ရှားသူတွေ ဖြစ်လို့ ကျွန်တော်တို့ ရုပ်ရှင်ပွဲတော်မှာ ပေးအပ်မယ့် ဆု တွေကို ဒီလိုနာမည်တွေ ပေးခဲ့တာပါ'' ဟု ၄င်းက ဆက် ပြောသည်။

၎င်းရုပ်ရှင်ပွဲတော်တွင် နိုင်ငံတကာမှ ပါဝင်ယှဉ်ပြိုင်သူများနှင့် ပြည်တွင်း ယှဉ်ပြိုင်သူများဟူ၍ ကဏ္ဍနှစ်ရပ်ခွဲ ထားကာ သီးသန့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ပြိုင်ပွဲကျင်းပမည့် ကာလမှာ ဇွန်လ ၁၅ ရက် နေ့မှ ၁၉ ရက်နေ့အထိ ဖြစ် ကြောင်း သိရသည်။
''နိုင်ငံတကာနဲ့ ပြည်တွင်း အတူရောပြီး ယှဉ်ပြိုင်လို့မရဘူး။ အရမ်းရောထွေး ပြီး ဆုရွေးချယ်မှုမှာ အခက်အခဲတွေ ဖြစ်သွားလိမ့်မယ်'' ဟု ၄င်းက ဆက် လက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်တို့ကိုလည်း ဆက်သွယ် အကြောင်း ကြားထားပြီး ဖြစ်ရာ ကိုမင်း ကိုနိုင်ကိုယ်တိုင် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်မည် ဖြစ်သည်။ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များ နှင့် ဆက် သွယ်ထားပြီး အကဲဖြတ်ဒိုင်အဖြစ် ပြုလုပ်မည့် ပညာရှင်များအား ထပ်မံကြေညာ သွားမည်ဟု ဆက်ပြော သည်။
''ပူးပေါင်းပါဝင်လိုတဲ့ Media များကို ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ ရုပ်ရှင်ပွဲတော်မှာ ပြသမယ့် ဇာတ်လမ်း တွေကို ရုပ်သံ Channel တွေမှာ လွှင့်ခွင့်ရချင်ပါတယ်'' ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့၌ ရုပ်ရှင်ပွဲတော် ပြီးစီးသွားပါက ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး ရှိ မြို့ကြီးများတွင် Mobile အသွင်ဖြင့် ဆက်လက် ပြသသွားမည်ဟု သိရ သည်။
ဝင်ရောက်ယှဉ်ပြိုင်လိုသော ပြည်တွင်းပြည်ပမှ အနုပညာရှင်များ အနေဖြင့် အခန်း-၃ဝ၂၊ တတိယထပ်၊ တာဝါ (B)၊ ၇ မိုင်ကွန်ဒို၊ ပါရမီလမ်း၊ မရမ်းကုန်း မြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံသို့ ဆက်သွယ် နိုင်ပြီး ဖုန်း ဝ၁-၆၅၄ဝ၈၅ နှင့် Website လိပ်စာ www.hrhdiff.org တွင် ဆက်သွယ် ကြည့်ရှုစုံစမ်း နိုင် ကြောင်း သိရသည်။

Spitfire လေယာဉ်များ ရှာဖွေတွေ့ရှိ။

Wednesday, January 09, 2013

မြန်မာနိုင်ငံ၌ မြှုပ်နှံထားသည်ဆိုသော ဗြိတိန်တိုက်လေယာဉ် Spitfire များကို တူးဖော်မည့် အဖွဲ့အနေဖြင့်မြန်မာနိုင်ငံ အတွင်း လေယာဉ်မြှုပ်နှံ ထားသည့်နေရာများတွင် ရှာဖွေမှုများ စတင်ခဲ့ရာ ၂၀၁၃ ခုနှစ် ဇန်န   ၀ါရီလ  ၈ ရက်နေ့တွင်မြစ်ကြီးနားမြို့ လေဆိပ် လေယာဉ်ပြေးလမ်း အနီး မြောက်ဘက်သို့ တွင်းများ တူးပြီး camera ဖြင့် ကြည့်ရှု၍နည်းပညာ အကူအညီဖြင့် ရှာဖွေခဲ့ရာ လေယာဉ်မျာထည့်ထားသည်ဟု ယူဆ  ရသော စုစုပေါင်း သစ်သား သေတ္တာ ၁၈ လုံးတွေ့ရှိခဲ့သည်။

ထို့ပြင် ၄င်းအဖွဲ့သည် ရန်ကုန်မြို့  မင်္ဂလာဒုံ လေဆိပ်တွင် အဆင့်မြင့် နည်းပညာသုံး ကရိယာများအသုံးပြု၍ ရှာဖွေခဲ့ရာပင်မ လေယာဉ် ပြေးလမ်း၏ အနောက်ဘက် ပြည်လမ်းဘက်ခြမ်းတွင် လေယာဉ်များ ထည့်ထားသည့် သေတ္တာများ မြှုပ်နှံထားသည့် နေရာအား တွေ့ရှိခဲ့သည်။ ၄င်း တွေ့ရှိရသော လေယာဉ်ထည့်ထားသည့် သေတ္တာများအား စက်ကရိယာများအသုံးပြု၍ တူးဖော်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာပြည်အတွင်း ရန်ကုန်လေဆိပ် အနီးတွင် Spitfire လေယာဉ်၃၆ စီး၊ မြစ်ကြီးနားတွင် ၁၈ စီး၊ မိတ္ထီလာတွင် ၆ စီးတို့ မြှုပ်နှံထားဖွယ် ရှိသည်ဟု လေယာဉ်ရှာဖွေရေး အဖွဲ့က ယူဆထားသည်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က ဒုတိယကမ္ဘာစစ်တွင်းတွင် ဗြိတိန် လေတပ်မတော်က အားထားရတဲ့ Spitfire တိုက်လေယာဉ်တော်တော် များများကို ဒုတိယကမ္ဘာစစ် ပြီးခါနီးမှာ မြန်မာ့မြေပြင်အောက် လုံလုံခြုံခြုံ သိမ်းဖွက်သွားခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိအချိန် ကမ္ဘာပေါ် ၌ှSpitfire လေယာဉ် အစီး ၅၀ အောက်သာ ကျန်ရှိတော့မည်ဟု ခန့်မှန်းထားကြပြီး ယခုတူးဖော်မှု များမှ မပျက်စီးဘဲ အကောင်းပတိအတိုင်း တွေ့ရှိရပါကအရေအတွက်မှာ နှစ်ဆဖြစ်လာနိုင်ခြေ ရှိသည်။

တူးဖော်မှုတွင် နိုင်ငံတော် အစိုးရ၊ ရွှေတောင်ပေါ် ကုမ္ပဏီ နှင့် ဗြိတိသျှ အခြေစိုက် DJC ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင် ကြမည်ဖြစ်ပြီး လေယာဉ် ရှာဖွေရေးအဖွဲ့ တွင် ဗြိတိသျှ DJC ကုမ္ပဏီ ဥက္ကဋ္ဌ အသက် ၆၂ နှစ်အရွယ် Mr.David J.Cundall ဦးဆောင်သည့် အဖွဲ့ဝင် ၂၁ ဦးပါဝင်ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။

လေယာဉ်များ ရှာဖွေမှုတွင် အကျိုးအမြတ် ခွဲဝေမှုအနေဖြင့် နိုင်ငံတော် အစိုးရက ၅ဝ ရာခိုင်နှုန်း၊ရွှေတောင် ပေါ် ကုမ္ပဏီ က ၂ဝ ရာခိုင်နှုန်း နှင့် ဗြိတိသျှ DJC ကုမ္ပဏီက၃ဝ ရာခိုင်နှုန်း ဖြင့် သဘော တူညီခဲ့ ကြခြင်း
ဖြစ်သည်။

လဘ်ပေးလဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ ဖွဲ့စည်း။

Wednesday, January 09, 2013

လဘ်ပေးလဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ တစ်ရပ်အား နိုင်ငံတော်အစိုးရမှ ဇန်န၀ါရီ ၈ ရက် ရက်စွဲဖြင့် ဖွဲ့စည်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀ဘ်ဆိုဒ်တွင်ယနေ့ ဖော်ပြထားသည်။

ယင်းကော်မတီတွင် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊သမ္မတရုံး ၀န်ကြီးဌာန ၁၊၂၊၃ နှင့် ၅ တို့မှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသိန်းညွှန့်၊ဦးစိုးမောင် ဦးစိုးသိန်း နှင့် ဦးတင်နိုင်သိန်း၊ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်၊နိုင်ငံတော် သမ္မတ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဦးသန်းကျော်တို့ ပါဝင်ဖွဲ့စည်းထားပြီး နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းက အတွင်းရေးမှူး အဖြစ်ဆောင် ရွက် မည်ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့သစ် တာဝန်ယူပြီးနောက် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးအတွက် အစိုးရအဖွဲ့အစည်းများအတွင်း အဂတိတရာများကင်းရှင်းရေးနှင့် လဘ်ပေး လဘ်ယူမှုများပပျောက်ရေးတို့အတွက် ယင်းကော်မတီကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
 

နိုင်ငံတော်သမ္မတဧ။်ပြောရေးဆိုခွင့်ရှိသူခန့်အပ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

အမိန့်ကြော်ငြာစာ

(အမှတ်၊ ၆/၂၀၁၃)

၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်

(၂၀၁၃ ခုနှစ် ၊ ဇန်နဝါရီလ ၈ ရက်)

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(က) ပါ ပြဌာန်းချက်အရ ''နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ'' အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်အား တာဝန်ပေးအပ်လိုက်သည်။

အမိန့်အရ

ဇော်သန်းသင်း

အတွင်းရေးမှူး

ပြည်ထောင်စုအစိုးရအဖွဲ့

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်လေ့လာ ။

Wednesday, January 09, 2013
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက် နေသူတွေပြန် လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် အင်ဒိုနီးရှားနိုင်ငံက အမေရိကန်ဒေါ်လာ တစ်သန်း အကူအညီပေးမယ်လို့ မြန်မာနိုင် ငံကို ၂ ရက်ကြာ သွားရောက် လည်ပတ်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး  Marty Natalegawa က ကတိပြုခဲ့ပါတယ်။ လူမျိုးအချင်းချင်းကြား ပဋိပက္ခ ဖြစ်ပွားမှုတွေနဲ့ပတ်သက်လို့ အတွေ့အကြုံရှိထားတဲ့ နိုင်ငံ တခုဖြစ်တာနဲ့အညီ ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ ကူညီလုပ်ဆောင်ပေး လိုတဲ့အကြောင်းလည်း ကမ်းလှမ်းခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်း လှိုင် တင်ပြပေးပါမယ်။
 အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marty Natalegawa ဟာ ရခိုင်ပြည်နယ် အတွင်းက ဒုက္ခသည် စခန်းတွေကို တနင်္လာနဲ့ အင်္ဂါနေ့တွေက ၂ ရက်ကြာ သွားရောက် လေ့လာခဲ့တာဖြစ်ပြီး ဒီခရီးစဉ်ဟာ အချက်အလက် ရှာဖွေရေးခရီးစဉ်ဖြစ်တယ်လို့ ပြောပါတယ်။
မစ္စတာ နာတာလီဂါဝါဟာ အင်္ဂါနေ့တုန်းကတော့ မြန်မာအစိုးရ နယ်စပ်ဒေသရေးရာဝန်ကြီး ဦးသိန်းဌေး အပါအ၀င် တခြား အစိုးရအရာရှိတွေ၊ ဒေသခံ မြို့မိ မြိုဖတွေနဲ့ တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းက ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေအတွက် အင်ဒိုနီးရှားနိုင်ငံက အကူအညီပေးမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။
 “အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာအစိုးရကို အမေရိကန်ဒေါ်လာ တစ်သန်း အကူအညီပေးဖို့ ကတိပြုတဲ့အ ကြောင်း နယ်စပ်ရေးရာဝန်ကြီး ဦးသိန်းဌေးနဲ့ တွေ့ဆုံစဉ် မစ္စတာ နာတာလီဂါဝါက ပြောကြား သွားတာ ဖြစ်ပါတယ်။”
 အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်နဲ့ဆိုင်တဲ့ တခြား အချက် အလက်တွေကိုတော့ ရန်ကုန်မြို့မှာရှိတဲ့ အင်ဒိုနီးရှားသံရုံး ဒုတိယ အတွင်းဝန် ဂျင်မာရာ ဆူပရီယာမီက ဗွီအိုအေကို အခုလို ပြောပြပါတယ်။
“ဒီခရီးစဉ်မှာ အဓိက ရည်ရွယ်ချက် ၃ ခုပါပါတယ်။ ပထမကတော့ - ရခိုင်ပြည်နယ်အတွင်း မှာ ဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံရေးအရ ညှိနှိုင်း အဖြေရှာရေးပဲဖြစ်ပါတယ်။ ဒုတိယ ရည်ရွယ်ကတော့ - လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးရေးကိစ္စဖြစ်ပါတယ်။ အဲဒီမှာအင်ဒို နီးရှား အစိုးရက အမေရိကန်ဒေါ်လာ တစ်သန်း ကူညီမယ့်ကိစ္စလည်း ပါပါတယ်။ တတိယ အချက်ကတော့ - ရခိုင်ပြည်မှာ ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေးမှာ အင်ဒို နီးရှားအနေနဲ့ ကိုယ်တိုင် ပါဝင် ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ အင်ဒိုနီးရှား အနေနဲ့ ဘာသာရေး ပဋိပက္ခဖြေ ရှင်းရေး၊ ပြန်လည်ထူထောင်ရေး စသဖြင့် တို့မှာ အတွေ့အကြုံ ရှိတဲ့အတွက်ကြောင့် - အထူးသဖြင့် ဆူနာမီ ပြန်လည်ထူထောင်ရေးမှာ အတွေ့အကြုံ ရှိခဲ့တဲ့အတွက် အခု ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးမှာ ကူညီပေးနိုင်ပါတယ်။”
 နိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါအနေနဲ့ မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံစဉ် တခြား အကြံပြုချက် တွေကိုလည်း မြန်မာအစိုးရကို တင်ပြ ဆွေးနွေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။“အင်ဒို နီးရှား
အစိုးရအနေနဲ့ မြန်မာအစိုးရကို အကြံပေးရာမှာ နိုင်ငံသား ခံယူမှု ဥပဒေနဲ့ ပတ်သက်ပြီးတော့ တရားမျှတစွာ စဉ်းစားပေးဖို့ တခြား ကုလသမဂ္ဂ အပါအဝင် တခြား နိုင်ငံတွေ ကလည်း အကြံပြုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် ပြဿနာဖြေရှင်းရေး အပါအဝင် ဒေသတွင်း တည်ငြိမ်ရေးမှာ အာဆီယံနိုင်ငံတွေနဲ့ ပါဝင် ဆောင်ရွက်ပေးနိုင်မယ့် အခန်းကဏ္ဍကို အင်ဒိုနီးရှားက လာရောက် လေ့လာတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။”
 လူသားချင်းစာနာတဲ့အကူအညီပေးမှာနဲ့ပတ်သက်လို့တော့ ဘယ်လိုပုံစံနဲ့ ပေးမယ်ဆိုတဲ့ အသေးစိတ် တွေကို နောက်ပိုင်းမှာ ဆွေးနွေး ညှိနှိုင်းသွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံခြားရေးဝန်ကြီး
နာတာလီဂါဝါဟာ သူ့ရဲ့ ၂ ၇က်ကြာ ရခိုင်ပြည် ခရီးစဉ်အတွင်း ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး အင်ဒိုနီးရှား အစိုးရရဲ့ အကူအညီနဲ့ တည်ဆောက်နေတဲ့ အဆောက်အဦးတွေကိုလည်း လေ့လာခဲ့တယ်လို့ ရခိုင်အဓိကရုန်း သတင်းထုတ်ပြန်ရေးကော်မီတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။
“ညအိပ်ပါတယ်ခင်ဗျ။ မနေ့က ညအိပ်ပြီးတော့ အစိုးရအဖွဲ့တွေ၊ ဒီက အမျိုးသမီးအဖွဲ့တွေ နဲ့ တွေ့ပြီးတော့ ဒီနေ့ ပြန်သွားပါတယ်ခင်ဗျ။ ပထမနေ့ကလည်း ဗိုလ်ချုပ်ကြီး သိန်းဌေး တို့နဲ့ မောင်းတောမြို့ကစခန်းရှိတဲ့ နေရာတွေကို သွားကြတယ်။ ဒီနေ့မနက်တော့ အစိုးရအဖွဲ့မှာ မြို့မိမြို့ဖတွေနဲ့တွေ့ပြီးတော့အကူအညီပေး ရေး ကိစ္စတွေကိုပဲ ဆွေးနွေးပါတယ်။ ဘာတွေ ထပ်ပေးမယ်ဆိုတာကိုတော့ ကျနော်တို့ မသိသေးဘူးခင်ဗျ။ စခန်းရှိတဲ့နေရာတွေကိုပဲ သွားကြည့်တာပါ။
လောလောဆယ် အဆောက်အဦးဆောက်တဲ့ ကိစ္စတွေကိုပဲ ရှင်းပါတယ် ခင်ဗျ။ဆောက်ပြီးတဲ့အိမ်တွေရယ်၊ နောက်ပြီး ဆက်ပြီးဆောက်မယ့် နေရာတွေရယ်။”
 အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဖနွမ်းပင်မှာ ကျင်းပခဲ့တဲ့ ၂၁ ကြိမ်မြောက် အာဆီယံထိပ်သီး ညီလာခံပြင်ပမှာ အင်ဒိုနီးရှားသမ္မတနဲ့ မြန်မာသမ္မတ ၂ ဦးတို့ တွေ့ဆုံ ဆွေးနွေးမှုတွေရဲ့ နောက်ဆက် တွဲ ထွက်ပေါ်လာတဲ့ အကျိုးဆက် ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကနေ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့ကို အင်ဒိုနီးရှားနိုင်ငံက လက်ခံထားတယ် လို့လည်း သိရပါတယ်ခင်ဗျား။

ရွှေဘိုငလျင် လှုပ်ခတ်ပြီးနောက် ရွှေကြောအသစ်များ ထွက်ပေါ်။

ရွှေဘိုငလျင်လှုပ်ပြီးနောက်ပိုင်းတွင် ရွှေကြောအသစ်များ ထွက်ပေါ်လာကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသူတော်က ပြောသည်။

''ငလျင်ကြောင့် ရွှေကြောအ သစ်တွေပေါ်လာတယ်''ဟု ၄င်းက ဇန်နဝါရီ ၅ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်း စတုတ္ထအကြိမ်နှစ် ပတ်လည်အသင်းသားစုံညီအစည်း အဝေးတွင်ပြောသည်။

၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ် ခန့်တွင် မန္တလေး၊ ရွှေဘို၊ သပိတ် ကျင်း၊ မိုးကုတ် စသည့်နေရာများကို ဗဟိုပြုကာ အင်အား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်နှင့် ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်ခဲ့ရာ အဆိုပါ ငလျင်များကြောင့် ရွှေကြောအသစ် များ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ဦးသူတော်က ထပ်လောင်း ပြော သည်။

အသစ်တွေ့ရှိရသော ရွှေ ကြောနေရာများမှာ မြစ်ကြီးနား၊ ရွှေဘို၊ ကန့်ဘလူ၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ဂေါ်ဦးချောင်း ဒေသနှင့် ကချင်ပြည်နယ်ရှိ ဘုရား သုံးဆူအနီးဝန်းကျင် ဒေသများဖြစ် ကြောင်း သိရသည်။

ယင်းကဲ့သို့ ရွှေကြောအသစ် များ ရှာဖွေ တွေ့ရှိထားခြင်း သည် ပြည်တွင်းရွှေဈေးကွက်ကို တည်ငြိမ် လာနိုင်ကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

''ရွှေကြောအသစ်တွေကနေ တူးဖော်ရေးလုပ်ငန်းတွေလည်းများ လာမယ်။ ရွှေအထွက်လည်း တိုး လာမယ်။ ဒါဟာပြည်တွင်းရွှေဈေး ကွက်တည်ငြိမ်ဖို့အကြောင်းတစ်ခုပါ ပဲ။ ပစ္စည်းရှားရင် ဈေးတက်မယ်။ ပစ္စည်းပေါရင် ဈေးကျမယ်။ ဒီ သဘောပါပဲ'' ဟု ၄င်းက ပြော သည်။

ယင်းကဲ့သို့ ရွှေကြောအသစ် များကြောင့် ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်လာနိုင်သကဲ့သို့ ရွှေလုပ် ငန်းရှင်အများစုမှာလည်း ယခုနှစ် သည် ရွှေဈေးနှုန်း တည်ငြိမ်၍ အဝယ်တိုးမည့်နှစ်ဟု ခန့်မှန်းထား ကြသည်။

၂ဝ၁၂ ခုနှစ်အတွင်း မြန်မာ့ ရွှေဈေးသည် နှစ်ဆန်းပိုင်း၌ ကျပ် ခုနစ်သိန်းအောက်တွင် ရှိခဲ့ရာမှ မတ်လဆန်းပိုင်းမှစတင်၍ မြန်မာ့ အခေါက်ရွှေဈေးသည် တစ်ကျပ် သားလျှင် ကျပ်ခုနစ်သိန်း အထက် သို့တက်လာခဲ့သည်။ ၄င်းနောက် ပိုင်း စက်တင်ဘာလဆန်းအထိ ကျပ်တစ်သောင်းဝန်းကျင်ခန့်သာ ရွှေဈေးအတက်အကျ ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ဒုတိယအပတ်တွင် အခေါက်ရွှေ တစ်ကျပ်သားဈေး နှုန်းမှာ ခုနစ်သိန်းရှစ်သောင်း အ ထက်သို့ တက်ခဲ့သည်။ အဆိုပါ ဈေးကြောင့် နှစ်ကုန်ပိုင်းတွင် ရွှေ ဈေး

ရှစ်သိန်းအထိ ရှိလာနိုင် ကြောင်း ရွှေလုပ်ငန်းရှင်အများစုက သုံးသပ်ကြသော်လည်း ယင်းဈေးမှ တစ်စစပြန်လည် ကျဆင်းလာပြီး နှစ်ကုန်ပိုင်း ရွှေဈေးနှုန်းသည် ခုနစ် သိန်း ငါးသောင်း ရှစ်ထောင်အထိ သာ ဈေးပေါက်ခဲ့ကြောင်း ဈေး ကွက်မှ သိရသည်။

ယနေ့ မြန်မာ့ရွှေပေါက်ဈေး သည် အခေါက်ရွှေတစ်ကျပ်သား လျှင် ၇၆ဝ၅ဝဝ ဖြစ်၍ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ၇၁၇၈ဝဝ ဖြစ် သည်။ ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင် ကန်ဒေါ်လာ ၁၆၅၇ ဖြစ်ကြောင်း ဈေးကွက်မှ သိရ သည်။

ရန်ကုန်မှာ ဟိုတယ်ဇုံသစ် ဖော်ထုတ်ဖို့ စီစဉ်နေ။

Tuesday, January 08, 2013
မြန်မာဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန က ဒဂုံမြို့သစ် က ၈၁ ဟက်တာအကျယ် (၁ ဟက်တာ = ၁၀၀၀၀ စတုရန်းမီတာ) မြေကွက်မှာ ဟိုတယ်ဇုံတခု တည်ဆောက်ဖို့ လေ့လာသုံးသပ်နေတယ်လို့ သိရပါတယ်။
တစစ တိုးများလာမဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အတွက် လိုအပ်ချက်ကို
ဖြည့်ဆည်းနိုင်ဖို့ ယခုလို ဟိုတယ်ဇုံအသစ်တွေ ဖော်ထုတ်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် နဲ့ ဟံသာဝတီလေဆိပ်အသစ် တို့အကြား မင်္ဂလာဒုံ၊ ထောက်ကြံ့ နဲ့ လည်းကူး စတဲ့ နေရာတ၀ိုက်
နားမှာလည်း ဟိုတယ်ဇုံနေရာ ဖော်ထုတ်ဖို့ ပြောသံကြားနေရပါတယ်။
လောလောဆယ် ရန်ကုန်မှာ ၄-၅ စတား ဟိုတယ် ၁၁ လုံး နဲ့ ၃ စတား ဟိုတယ် ၁၃ ခုသာရှိတယ်လို့ သိရပြီး ၂၀၁၂ မှ ၂၀၁၆ ခုနှစ်အတွင်း ဟိုတယ်အရေအတွက် တနှစ်ကို ၃၇% တိုးများလာမယ်လို့ ခန့်မှန်းထားကြောင်း Jones Lang LaSalle မှ မကြာခင်က ထုတ်ပြန်ထားပါတယ်။
 မြန်မာပြည်မှာ ဟိုတယ်တွေ တည်ဆောက် ရင်းနှီးမြုပ်နှံဖို့ နာမည်ကျော် ဟိုတယ်အုပ်စုများ ကလည်း စိတ်ဝင်စားနေပြီး Best Western အုပ်စုက အာရှဒေသဆိုင်ရာ ဒုဥက္ကဌ Glenn de Souza က ရန်ကုန်၊ မန္တလေး နဲ့ အခြားမြို့ကြီးတွေမှာ ဟိုတယ်တွေဆောက်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
 ဟိုတယ်အခန်းများ တိုးလာလိမ့်မယ် ဆိုပေမဲ့လည်း အခန်းလိုအပ်ချက်က လာမဲ့နှစ်တွေမှာ ဖြည်းဆည်းနိုင်တာထက် ကျော်လွန်သွားမှာဖြစ်ပြီး အခန်းခတွေ ဈေးမြင့်သွားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အစိုးရက မနှစ်တုန်းက ဟိုတယ်အခန်းခကို အများဆုံး ဒေါ်လာ ၁၅၀ ထက် ပိုမကျော်ရလို့ ကန့်သတ်ထားပေမဲ့ ခရီးသွားလာရေးနဲ့ အေးဂျင့်တွေနဲ့ပဲ သက်ဆိုင်ပါတယ်။ အဲဒီ သတ်မှတ်ချက်ကလည်း ဒီနှစ် မတ်လကုန်မှာ သက်တမ်းကုန်မှာဖြစ်ကြောင်း သိရပါတယ်။

Monday, January 7, 2013

မြန်မာ လက်ဝှေ့ သမားက ဂျာမန်နှင့် အီရန် လက်ဝှေ့ သမား များအား အနိုင်ယူ ထိုးသတ်။

ဒဂုံ ရွှေအောင်လံ မြန်မာ့ ရိုးရာ လက်ဝှေ့ ပြိုင်ပွဲ(၂ဝ၁၃) တတိယနေ့ ဖိုင်နယ်ပွဲစဉ် များကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၆ ရက် (တနင်္ဂနွေ နေ့) မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း အမျိုးသား အားကစား ပြိုင်ပွဲရုံ (၁)၌ အားကစား ဝန်ကြီးဌာန မြန်မာ နိုင်ငံ ရိုးရာ လက်ဝှေ့ အဖွဲ့ ချုပ်မှ ကြီးမှူးပြီး ဒဂုံ အဖျော် ယမကာ ကုမ္ပဏီ လီမိတက်က အဓိက ပံ့ပိုး ကူညီကာ မြန်မာ မီဒီယာ ဂရု(ပ်)မှ စီစဉ်၍ ဆက်လက် ယှဉ်ပြိုင် ခဲ့ရာ

လေးချီစိန် ခေါ်ပွဲ များတွင် အောင်သူရိန် (Top One)က ပထမအချီ ၂မိနစ် ၄၄ စက္ကန့်၌ ရဲရင့်ထွန်း (မုဒုံသား) အား အလဲ ထိုးဖြင့် လည်းကောင်း၊ ဇွဲမောင်မောင် (အဖြူရောင် သွေးသစ်) နှင့်သက်ကို (ဝါဆို) တို့မှာ လေးချီ ပြည့်သည် အထိ အနိုင် အရှုံး မပေါ် သောကြောင့် ပူးတွဲ သရေဖြင့် လည်းကောင်း၊ စလူကာ (ဝါဆို)နှင့် ရှမ်းသွေးလေး (Top One) တို့မှာ လေးချီ ပြည့်သည် အထိ အနိုင် အရှုံး မပေါ် သောကြောင့် ပူးတွဲ သရေဖြင့် လည်းကောင်း ပြီးဆုံးခဲ့သည်။

တတိယတန်း ဒဂုံ ရွှေအောင်လံ (ဖိုင်နယ်) ပွဲစဉ်တွင် ရဲမြင့်အောင် (အဖြူရောင် သွေးသစ်)နှင့် မြှားထက် အောင် (မြထက်ကျော်)တို့ ယှဉ်ပြိုင် ထိုးသတ်ရာ ရဲမြင့်အောင် (အဖြူရောင် သွေးသစ်)က တတိယ အချီ ၂ မိနစ် ၅၇ စက္ကန့်တွင် အလဲထိုး အနိုင် ရရှိခဲ့ပြီး တတိယတန်း ဒဂုံ ရွှေအောင်လံ ဆုဖလားကို ရရှိခဲ့သည်။

ဒုတိယတန်း ဒဂုံ ရွှေအောင်လံ (ဖိုင်နယ်) ပွဲ အဖြစ် တူးတူး (နဂါးမာန်)နှင့် ဖိုးသားကြီး (မန္တလေး) တို့ ငါးချီ ပြည့်သည် အထိ ယှဉ်ပြိုင် ထိုးသတ် ခဲ့ကြပြီး တူးတူး (နဂါးမာန်)က အမှတ် ပြည့်ဖြင့် အနိုင် ရရှိ ခဲ့သည်။

အထူး ဒဂုံ ရွှေအောင်လံ လုပွဲ အဖြစ် ထွန်းထွန်းမင်း (မြန်မာ)နှင့် ဖူးခက်မွေ ထိုင်း ချန်ပီယံ ဖဲလစ်စ် (ဂျာမန်) တို့ယှဉ်ပြိုင် ထိုးသတ်ရာ ထွန်းထွန်းမင်း (မြန်မာ)၏ ထိုးချက်များ၊ ခေါင်းတိုက် ချက် များ၊ ခြေကန် ချက်များ၊ ဒူးတိုက်ချက် များကြောင့် ဖဲလစ်စ် (ဂျာမန်)အား ဒုတိယ အချီ ၁ မိနစ် ၄၄ စက္ကန့်တွင် အလဲထိုး အနိုင်ယူ၍ အထူး ဒဂုံ ရွှေအောင်လံ ပထမဆုကို ရရှိခဲ့သည်။ အထူး ဒဂုံ ရွှေအောင်လံ လုပွဲ ဒုတိယ ပွဲစဉ် အဖြစ် ထွန်းထွန်း (မြန်မာ) နှင့် အီရန်နှင့် အာရှ မွေထိုင်း ချန်ပီယံ အက်ရှ်ခန် အင်တီခါဘီ (အီရန်)တို့ ယှဉ်ပြိုင် ထိုးသတ်ရာ ပထမ အချီ စစချင်း ၅၂ စက္ကန့်တွင် ထွန်းထွန်း (မြန်မာ)၏ ခြေကန်ချက် များဖြင့် အက်ရှ်ခန် အင်တီခါဘီ (အီရန်)ကို အနိုင်ရရှိပြီး အထူး ဒဂုံရွှေ အောင်လံ ပထမဆုကို ဆွတ်ခူးခဲ့သည်။

ပထမတန်း ဒဂုံ ရွှေအောင်လံ (ဖိုင်နယ်) ပွဲအဖြစ် တွေ့မရှောင် (နဂါးမာန်) နှင့် ဖိုးကေ (မန္တလေး)တို့ ယှဉ်ပြိုင် ထိုးသတ် ကြရာ တွေ့မရှောင်၏ ထိုးချက်၊ ကန်ချက် များကြောင့် ပထမ အချီ ၂ မိနစ် ၂ဝ စက္ကန့် တွင်ပင် ဖိုးကေအား အလဲထိုးနိုင် ခဲ့ပြီး ပထမတန်း ဒဂုံ ရွှေအောင်လံ ပထမ ဆုဖလားကို ရရှိ ခဲ့ကြောင်း သတင်း ရရှိသည်။

ကျားနဲ့ဆင်နဲ့ လယ်ပြင်မှာ တွေ့တော့မယ်။

“ရိုဟင်ဂျာ” ဆိုတာ မရှိ၊ ကိုလိုနီခေတ်မှာ လယ်ကူလီ လုပ်ဘို့အင်္ဂလိပ်ကိုလိုနီများကခေါ်လာသူများသာ ဖြစ် တယ်-လို့ ပြောထားတဲ့ ရခိုင်သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းအား-၊

ရိုဟင်ဂျာ ဆိုတာ ရှိတယ်၊ မူလဒေသခံ လူမျိုးဖြစ်တယ်၊ ရိုဟင်ဂျာတို့ဟာ ဘင်္ဂလီမဟုတ် ကျေးကျွန်များ မဟုတ်ကြောင်း Debate လုပ်ဘို့ စိန်ခေါ်လိုက်တဲ့ ဦးဌေးလွင်ဦးကို ဒေါက်တာအေးချမ်းက လက်ခံလိုက်ပြီ။-

စိန်ခေါ်သည့်နေ့ ၂၀၁၂ ဒီဇင်ဘာ ၁၆ ရက်-၊
လက်ခံသည့်နေ့ ၂၀၁၂ ဒီဇင်ဘာ ၂၉ ရက်-

ဦးဌေးလွင်ဦးဘက်မှ- သတ်မှတ်ခေါင်းစဉ် တစ်ခုအားရွေးရန်-၊ ပရိသတ်များရှေ့၊ မီဒီယာများရှေ့၌ Debate လုပ်ရန်၊ သတ်မှတ်နေရာအားရွေး ရန်- ဒေါက်တာအေးချမ်းအား အကြောင်းပြန်လိုက်ပေပြီ။ အကယ်၍ သတ်မှတ် မည့်နေရာသည် ဂျပန်နိုင်ငံ အပါအ၀င် အာရှဒေသ နိုင်ငံတစ်ခုခု၌ ဖြစ်ခဲ့သော်- ဦးဌေးလွင်ဦး ဘက်မှ ၂၀၁၃ မတ်လတွင် အချိန်ပေးနိုင်ကြောင်းလည်း ဒေါက်တာအေးချမ်း အား ရွေးချယ် မည့်နေ ရာနှင့် အချိန် သတ်မှတ်နိုင်ရန် အကြောင်းပြန်လိုက်ပေပြီ။

ကျားနဲ့ ဆင် လယ်ပြင်မှာ တွေ့တော့ကြတော့မည်။ ပရိသတ်များမှ- သူ့ဘက်ကိုယ့်ဘက် ရင်တမမနှင့် ပွဲကြည့်ရတော့မည်- ဖြစ်သည်။

ရခိုင်သမိုင်းသည် ဒေါက်တာ အေးချမ်းတင်ပြထားသကဲ့သို့ ဆက်လက်ရပ်တည်မည်လော--၊ သို့မဟုတ် ဦးဌေးလွင်ဦး တင်ပြသကဲ့သို့ သမိုင်းပြောင်းသွားမည်လော ဆိုတာကတော့ ဆက်လက်ကြည့်ရှု့ကြရမှာဖြစ်ပါတယ်။

ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေး တည်ဆောက်ရန် KNU နှင့် ကာချုပ်တို့ ဆွေးနွေး။


ကရင့်အမျိုးသားအစည်းအရုံး-KNU ထိပ်ပိုင်းခေါင်းဆောင်များနှင့် မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံပွဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရအကြား ခိုင်မာသည့်အပစ်အခတ်ရပ်စဲရေး တည်ဆောက်ရန် KNU ဘက်က တင်ပြဆွေးနွေးခဲ့သည်။

ယမန်နေ့က နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာတွင် တွေ့ဆုံခဲ့စဉ် တင်ပြခဲ့ခြင်း ဖြစ်သည်ဟု KNU ၏ တွဲဖက်အတွင်းရေးမှူး(၂)ပဒိုမန်းမန်းမန်းက “ကျနော်တို့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရကြားက ပစ်ခတ်ရပ် စဲရေးကို ခိုင်မာအောင်တည်ဆောက်သွားဖို့ရယ်။ နောက်ပြီး ကျနော်တို့(KNU)က တင်ထားတဲ့ code of conduct ကို ပြန်ပြီးတော့ ညှိနှိုင်းဆွေးနွေးဖို့ ပြောဆိုဖြစ်ခဲ့တယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

 

ဆက်လက်၍ KNU နှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေးကိစ္စအပြင် လက်ရှိဖြစ်ပေါ်နေသည့် ကချင်ဒေသ အခြေ အနေများကို ဆွေးနွေးခဲ့ပြီး ကချင်ပြည်နယ်တွင် တိုက်ပွဲများရပ်စဲပြီးမှသာလျှင် နိုင်ငံရေးအဆင့် ဆက်ဆွေးနွေးမည့်အကြောင်း ဒု-ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဆွေးနွေးခဲ့သည်ဟု ပဒိုမန်းမန်းမန်း ပြောသည်။

 

ဒု-ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကေအိုင်အေနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကြိုးစားနေကြောင်း၊ သမ္မတ ဦးသိန်းစိန် အစိုးရ အကောင်အထည်ဖော်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး ကိစ္စတွေကို (၇၀)ရာခိုင်နှုန်း အားရကျေနပ်မှုရှိကြောင်းနှင့် တပ်မတော်မှလည်းငြိမ်းချမ်း ရေးကို လိုလားကြောင်း KNU တာဝန်ရှိသူများအား ပြောကြားခဲ့သည်ဟု WunPawng ကချင်သတင်းစာမျက်နှာတွင် ရေးသားထားသည်။

 

ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ ပဒိုမန်းမန်းမန်းက “တိုက်ပွဲတွေ ရပ်နိုင်ဖို့ကလည်း အဓိကတော့ အစိုးရပေါ်မှာ တာဝန်ရှိတာပေါ့နော်။ ဒါပေမယ့် ကျနော်တို့ တိုင်းရင်းသားလူမျိုးစုတွေ အားလုံးကလည်း ပူးပေါင်းဆောင် ရွက်နိုင်မှ ပြေလည်နိုင်မှာ ဖြစ်ပါတယ်။ အပစ်ခတ်ရပ်စဲရေးတစုံတရာ ရပြီးမှသာလျှင် နိုင်ငံရေးအဆင့်ကို ဆက်ပြီး တက်လို့ရမှာ ဖြစ်တော့ အပစ်အခတ်ရပ်စဲရေးကို ရအောင် အသေအချာလုပ်ဖို့တော့ လိုတယ်” ဟု ပြောသည်။

 

မိမိတို့အနေဖြင့် နိုင်ငံရေးတွင် မတူကွဲပြားမှုအချို့ ရှိမည်ဖြစ်သော်လည်း တိုင်းပြည်အတွက် အကျိုးရှိစေမည့် တူညီ သည့်ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်သွားရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တိုင်းရင်းသားအားလုံး တန်းတူ ညီမျှအတူတကွ ပူးပေါင်းဆောင်ရွက်လိုပါကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်ဟုပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်- သမ္မတရုံး ၀က်ဘ်ဆိုဒ်၌ ယမန်နေ့က ဖော်ပြပါရှိသည်။

 

အလားတူ အစိုးရနှင့် KNU တို့သည် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆွေးနွေးပွဲများ ဆက်လက်ကျင်းပရေး၊ အပစ်အခတ် ရပ်စဲမှု ပိုမိုခိုင်မာရေး၊ ဆက်ဆံရေးရုံးများ ဆက်လက်ဖွင့်လှစ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်ဟုလည်း နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

 

သမ္မတဦးသိန်းစိန်၏ဖိတ်ကြားချက်အရ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး မှ ဦးဆောင်၍ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်းမန်း၊ ပဒိုမန်း ငြိမ်းမောင်၊ ပဒိုစောရောဂျာခင်နှင့် ပဒိုစောလှထွန်းတို့သည် ယခုလ ဒီဇင်ဘာလ ၃ ရက်နေ့က နေပြည်တော်သို့ သွားရောက်ခဲ့သည်။

UNFC ညီလာခံမှာ ကချင်ပြည်နယ်အရေး အလေးထားဆွေးနွေးမည်။

အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ အပစ်အခတ်မရပ်စဲရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ရဲ့ ဒုတိယ အကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဒီကနေ့ ဇန်န၀ါရီလ ၇ရက်နေ့ ကနေ ၁၁ရက်နေ့ထိ ၄ရက်ကြာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေ ပါတယ်။

ဒီအစည်းအဝေးမှာ ကချင်ပြည်နယ်အရေးကိစ္စ အပါအ၀င် UNFC အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေ၊ အစိုးရနဲ့ UNFC တို့ တွေ့ဆုံဆွေးနွေးနေမှု အခြေအနေတွေကို အဓိကထား ဆွေးနွေးသွားကြဖို့ရှိတယ်လို့ UNFC အဖွဲ့အတွင်းရေးမှူး ၂ ဦးခွန်ဥက္ကာ က RFA ကို ပြောပါတယ်။

အခုကျင်းပနေတဲ့ အစည်းအဝေးကို UNFC ဥက္ကဌ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO က ဒုတိယ ဗိုလ်ချူပ်ကြီး အင်ဘန်လ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကခေါင်းဆောင်တစ်ဦးဖြစ်သူ အေဘယ်တွိ၊ ကရင်အမျိုးသားအစည်းအရုံး KNU ကခေါင်းဆောင်တစ်ဦးဖြစ်သူ ပဒိုစောဒေးဗစ်သကဘော၊ မွန်ပြည်သစ်ပါတီ NMSP ကခေါင်းဆောင် နိုင်ဟံသာ တို့အပါအ၀င် အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင် ၄၅ဦး တက်ရောက်နေတယ်လို့သိရပါတယ်

UNFC အဖွဲ့ဝင် ၁၁ ဖွဲ့မှာ ချင်းအမျိုးသားတပ်ဦးCNF ၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPP၊ ကရင်အမျိုးသားအစည်းအရုံးKNU၊ မွန်ပြည်သစ်ပါတီNMSP စတဲ့အဖွဲ့တွေပါဝင်ပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး စစ်တွေ ရောက်ရှိ။

အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး Marty Natalegawa သည် ယနေ့ နေ့လည်ပိုင်းက စစ်တွေမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

ယနေ့ နေ့လည် ၁ နာရီ ၅၅  ငါးမိနစ်တွင် တပ်မတော် လေယာဉ်ဖြင့် ရောက်ရှိလာခဲ့သည်ဟု ဒေသဆိုင်ရာ လူကြီး တစ်ဦးက ပြောသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးသည် စစ်တွေမြို့သို့ ရောက်ရှိလာ ပြီးနောက်  ရဟတ်ယာဉ်များဖြင့်  နေ့လည်  ၂ နာရီ ၁၀ မိနစ်တွင် ဒုက္ခသည်များရှိရာ ပေါက်တော၊ မင်းပြား၊ ကျောက်တော်နှင့် မောင်တောမြို့နယ်များသို့ ထွက်ခွာသွားခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးနှင့် အတူ နေပြည်တော်မှ ၀န်ကြီးများ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဦးလှမောင်တင်၊ ဒကစ မှူး နှင့် အစိုးရ အရာရှိကြီးများ လိုက်ပါသွားသည်ဟု ဆိုသည်။

“ ရခိုင်ဘက်က မြို့မိမြို့ဖတွေနဲ့ ညနေ ၄ နာရီမှာ တွေ့ဖို့ ချိန်းထားပါတယ်။ အခုအချိန်ထိ မရောက်သေးပါဘူး။ ရဟတ်ယာဉ်တွေနဲ့ ထွက်သွားတာ ပြန်မရောက်သေးပါဘူး” ဟု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

စစ်တွေမြို့သို့  ညနေ ၅ နာရီ ကျော်မှ  ပြန်လည် ရောက်ရှိလာသည်ဟု သိရသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးနှင့် စစ်တွေမြို့မှ ကုန်သည်ကြီးများ အားလုံးကိုတွေ့ဆုံရန် စစ်တွေ ဟိုတည်သို့ ဖိတ်ကြားထားသည် ဟုဆိုသည်။

ယနေ့ ညနေတွင် စစ်တွေဟိုတည်တွင်  အရေးအခင်းဖြစ်ပွါးသော  ပေါက်တော ၊ ကျောက်တော် ၊ မင်းပြား ၊ မောင်တောမြို့နယ်ရှိ ဒုက္ခသည်များနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားမည်ဟု သတင်းများ ရရှိသည်။

စစ်တွေဟိုတည်တွင် ညနေစာ ဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်ကြောင်းနှင့်   နောက်တစ်နေ့ နံနက်တွင် သဲချောင်းကျေးရွာရှိ မွတ်ဆလင်  ဒုက္ခသည်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရပါသည်။

လိုင်ဇာအနီးမှာ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်။

ကချင်ပြည်နယ်မှာ လဂျားယန်စခန်းနဲ့ တမိုင်လောက်သာဝေးပြီး ကေအိုင်အေ တပ်ရင်း ၂၄ အခြေစိုက်ထားတဲ့ ဖွန်းပျဉ်ဘွမ်ဆိုတဲ့ တောင်ကုန်းတဝိုက်ကို အစိုးရတပ်တွေက ဒီကနေ့ ဇန်နဝါရီလ ၇ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒီကနေ့ မနက် ၉နာရီလောက်က ဟန်းကိုင်တောင်နဲ့ ဘွမ်ဆန် ဆိုတဲ့နေရာကနေ ကေအိုင်အေ စခန်းထိုင် အဲဒီ ဖွန်းပျဉ်ဘွမ်ဆိုတဲ့နေရာကို အစိုးရတပ်ဖက်က လက်နက်ကြီးတွေနဲ့ ညနေပိုင်းအထိ ပစ်ခတ်ခဲ့တယ်လို့ အဲဒီနေရာတဝိုက်မှာရှိတဲ့ RFA သတင်းထောက်က ပြောပါတယ်။

ဒါ့အပြင် ဒီနေ့ ညနေ ၃နာရီခွဲလောက်မှာ စစ်ရဟတ်ယဉ် ၃စီးနဲ့ ဂျက်တိုက်လေယဉ် ၂စီး ရောက်လာပြီး စစ်ရဟတ်ယဉ် ၂စီးကတော့ ဒီဇင်ဘာ ၃ဝရက်နေ့က အစိုးရတပ်တွေ သိမ်းပိုက်လိုက်တဲ့ ပွိုင့် ၇၇၁တောင်ကုန်းပေါ် ဆင်းသက်ခဲ့တယ်လို့ သိရပါတယ်။ ကျန်တဲ့ စစ်ဂျက်တိုက်လေယဉ် ၂စီးကတော့ အမြင့်ပိုင်းကနေ ခေတ္တ ပျံဝဲနေခဲ့ပြီး ရဟတ်ယဉ် ၂စီး ပျံတက်သွားပြီးနောက်ပိုင်း ဂျက်တိုက်လေယဉ် ၂စီးက အပေါ်ကနေပစ်ခတ်သွားတာကို မြင်တွေ့ရတယ်လို့ပြောပါတယ်။

အခုလို ပွိုင့် ၇၇၁တောင်ကုန်းကို ဆင်းသက်ရတဲ့အကြောင်းကတော့ လက်နက်ခဲယမ်းကျည်ဆံတွေ လာပို့တာဖြစ်နိုင်တယ်လို့ အေဘီအက်စ်ဒီအက်ဖ်နဲ့ ကေအိုင်အေ တပ်မှုးတွေက ယူဆကြပါတယ်။

NLD ရဲ့ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ကျင်းပမည်။

လာမယ့်ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပသွားမယ် လို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က RFA ကို အတည်ပြုပြောပါတယ်။

အဲဒီညီလာခံကို တနိုင်ငံလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် စုစုပေါင်း ၁၃ဝဝလောက် တက်ရောက်ကြမယ်လို့ ခန့်မှန်းထားပြီး၊ ညီလာခံကနေ လာမယ့် ၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကိုလည်း ဆွေးနွေးသွားမယ်လို့လည်း သိရှိရပါတယ်။

လတ်တလောမှာတော့ ညီလာခံကျင်းပဖို့အတွက် ဆွေးနွေးနေဆဲဖြစ်တာကြောင့် ညီလာခံကျင်းပမယ့် နေရာအတိအကျနဲ့ ရက်ကိုတော့ ထုတ်ပြန်နိုင်ခြင်း မရှိသေးဘူးလို့ ဦးအုန်းကြိုင်က ပြောပါတယ်။
 

ကွန်တိန်နာအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိမှုအပေါ် စစ်ဆေးမှု ပြီးစီး။

ကွန်တိန်နာအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိမှုအပေါ် စစ်ဆေးမှု ပြီးစီခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အဖြေရလဒ် တင်ပြထားကြောင်း သိရ သည်။

ဒဂုံမြို့သစ်အရှေ့ပိုင်း စက်မှုဇုန်အတွင်းရှိ ဒိုင်းမွန်းစတားကုမ္ပဏီမှ မှာယူထားသော ဂျုံစေ့များထည့်ထားသည့် ကွန်တိန်နာအတွင်း လက်နက်ခဲ့ယမ်းများ တွေ့ရှိမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုပြီးစီးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အဖြေရလဒ် တင်ပြထားပြီးဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"ကျွန်တော်တို့အနေနဲ့က ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ အားလုံးကို စစ်ဆေးပြီးသွားပါပြီ။ ရလာတဲ့အဖြေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ စစ်ဆေးချက်အဖြေကိုတော့ ပြောပိုင်ခွင့်တော့ မရှိပါဘူး" ဟု ကွန်တိန်နာအတွင်း လက်နက်ခဲယမ်းပါရှိမှုတွင် စုံစမ်းစစ်ဆေးခဲ့သည့်အဖွဲ့မှ ရဲမှူးမြင့်အေးမှ ပြောခဲ့သည်။

အဆိုပါ လက်နက်ခဲယမ်းများပါရှိသော ကွန်တိန်နာမှာ M.V Vission 1204 သဘောင်္နှင့် ရန်ကုန်ဆိပ်ကမ်းရှိ MITT တံတားသို့ စက်တင်ဘာလ ၁၂ ရက်နေ့က ရောက်ရှိလာခြင်းဖြစ်ပြီး ၄င်းကွန်တိန်နာ အပါအ၀င် ဒိုင်းမွန်းစတားကုမ္ပဏီ၏ ဂျုံစေ့ကွန်တိန်နာ အလုံး ၄၀ အား စက်တင်ဘာလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် ဆိပ်ကမ်းမှ ထုတ်ယူခဲ့ကြောင်း သိရသည်။

ကွန်တိန်နာအတွင်း လက်နက်ခဲယမ်းများ ပါရှိမှုမှာ ကုမ္ပဏီနှင့် သက်ဆိုင်ခြင်းမရှိကြောင်းနှင့် လက်နက်ခဲယမ်းများ တွေ့ရှိချိန်မှစ၍လည်း သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း ကုမ္ပဏီတာဝန်ရှိသူမှ ဖြစ်စဉ်ဖြစ်ပွားချိန်အတွင်း ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်ဖြစ်ပွားချိန်တွင် သီလ၀ါဆိပ်ကမ်းရှိ X-ray စက်မှာ ပျက်နေကြောင်း၊ ကွန်တိန်နာအတွင်းရှိ ဂျုံအိတ်များကို X-ray နဲ့မစစ်ဘဲ ဆူးထိုးပြီးစစ်ဆေးခဲ့ကြောင်း၊ လက်နက်ခဲယမ်းပါရှိသော ကွန်တိန်နာမှာ စင်ကာပူဆိပ်ကမ်းမှ လာရောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Sunday, January 6, 2013

နယ်စပ်ဖြတ်ကျော်ခိုးဝင်လာသည့်ဘင်္ဂါလီများ၊ ကလေးနယ်တွင် အုပ်စုလိုက်ဖမ်းဆီးရမိနေ။

ကလေးဒေသတွင်တစ်ဖက်နိုင်ငံမှဖြတ်ကျော်ခိုးဝင် လာသော ဘင်္ဂါလီများအုပ်စုလိုက်မကြာခဏ ဖမ်းဆီး ရမိလျှက်ရှိ့ရာ၊ယခု(၂၀၁၂)ခုနှစ်ဒီဇင်ဘာ လ(၃၁)ရက်နေ့က၊ကလေးမြို့တောင်ပိုင်းခုံဒိုးမြို့သာတွင်ခိုးဝင်လာသူ ဘင်္ဂါလီ(၅)ယောက်အဖွဲ့ကိုလည်းကောင်း၊ထိုနေ့မှာပင်လျှင်ကလေး-ဂန့်ဂေါရထားလမ်းဘေး ကြံသာရွာတွင်ဘင်္ဂါလီ(၂)ယောက်ကိုလည်းကောင်း၊(၂၀၁၃)ဇန်န၀ါရီလ(၂)ရက်နေ့ကမြောက်စည်းရွာတွင် ဘင်္ဂါလီ(၅)ယောက်ကိုလည်းကောင်းဖမ်းဆီးရမိလျှက်ရှိ့ကြောင်းသိရသည်။ယခုဖမ်းဆီးရမိသော
ဘင်္ဂါလီများမှာ အိန်္ဒိယနိုင်ငံမီဇိုရမ်ဖက်မှတစ်ဆင့်ချင်းပြည်နယ်ကိုဖြတ်၍ကလေးဒေသသို့ဝင် ရောက် လာ ခြင်း ဖြစ်ကြောင်းသိရသည်။

““ကလေးဒေသထဲကိုခိုးဝင်လာနေတဲ့ဘင်္ဂါလီတွေရဲ့သတင်းတွေကတော့နေရာတိုင်းမှကြားနေရတယ်။တချို့ဘင်္ဂါလီတွေဆိုရင်ကလေးမြို့ထဲကအဆက်အသွယ်ကနေတစ်ဆင့်လိုင်းကားစီးပြီးမုံရွာမန္တလေးကို လိုက်သွားကြတယ်လို့သတင်းရတယ်။

အခုလည်းဖမ်းမိလိုက်တဲ့ဘင်္ဂါလီတွေဆိုတာအ၀တ်တစ်ထည်ကိုယ်တစ်ခုပဲပါတယ်၊ပိုက်ဆံလည်း များများ မပါကြဘူးလမ်းအဆက်အသွယ်တွေကနေတစ်ဆင့်စရိတ်ယူပြီးသွားကြတယ်လို့ ပြောသံကြားရတယ်။ကလေးဒေသမှာဖြစ်နေတဲ့သတင်းတွေအရလွတ်ထွက်သွား  တဲ့ဘင်္ဂါလီတွေလည်း အများကြီးလို့ပြောသံကြားရတယ်။””

—-ဟုကလေးဒေသခံတစ်ဦးမှပြောသည်။ ကလေးဒေသသို့ခိုးဝင်လာသော ဘင်္ဂါလီများ မကြာခဏ ဖမ်းဆီးရမိလျှက်ရှိ့ရာ တရားဝင်သိရသော သတင်းများအရပြီးခဲ့သည့်(၂၀၁၂)ခုနှစ်စက်တင်ဘာလ(၁၄)ရက်နေ့က၊တမူးနယ်စပ်မှခိုးဝင်လာသောဘင်္ဂါလီ(၁၀)ယောက် ကလေးနယ်ပေါက်တောရွာတွင်လည်းကောင်း၊ အောက်တိုဘာ(၆)ရက်နေ့တွင် ကလေးနယ် လက်ပံချောင်းကျေးရွာတွင်-ဘင်္ဂါလီ(၃)ယောက်၊အောက်တိုဘာ(၁၄)ရက်နေ့တွင်ဘင်္ဂါလီ(၁၆)ယောက်၊အောက်တိုဘာ(၂၀)ရက်နေ့တွင်ကလေးမြို့ဈေးင်္ကြးအရှေ့ဖက်တိုက်တန်းတွင်ဖမ်းမိသောဘင်္ဂါလီ(၁)ယောက်၊အောက်တိုဘာလ(၂၄)ရက်နေ့တွင် ကလေးမြို့ပေါ် တွင်ဖမ်းမိသောဘင်္ဂါလီ(၃)ယောက်၊နိုဝင်ဘာ(၅)ရက်နေ့တွင်ကလေးမြို့အနောက်ဖက်ချင်းတောင်ခြေရင်းလျှို အတွင်းမှဖ မ်းမိသော ဘင်္ဂါလီ(၁၉)ယောက်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ရန်ကုန်တက္ကသိုလ်ပြန်ဖွင့်က " ကျော်သူ " ကျောင်းပြန်တက်မည်။

ဆယ့်ခြောက်နှစ်ကြာပိတ်ထားခဲ့သော ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့ကြိုသင်တန်းများ ပြန်လည်ဖွင့်လှစ်ပါက တက္ကသိုလ်သို့ ပြန်လည်တက်ရောက်သွားမည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်းဥက္ကဋ္ဌ အသက် ၅၃ နှစ်အရွယ်ရှိ ဦးကျော်သူကပြောကြားသည်။

အနုပညာလုပ်ငန်းများကြောင့် ၁၉၈၂ခုနှစ်တွင် ကျောင်းထွက်ခဲ့သော ရှုပဗေဒ နောက်ဆုံးနှစ်ကျောင်းသား ဦးကျော်သူသည် တက္ကသိုလ်တွင် နောက်ဆုံးနှစ် ရှုပဗေဒ နောက်ဆုံးနှစ်ကို ဆက်လက်သင်ယူသွားမည်ဖြစ်ကြောင်း ၄င်းကပြောကြားသည်။

" ပညာလိုချင်လို့ ကျောင်းပြန်တက်တာပါ " ဟု ၄င်းကပြောပြသည်။
နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူသည် ယခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုရှိ National Endowment For Democracy (NED) အဖွဲ့က ချီးမြင့်သော ဆုကိုရရှိထားသူ တစ်ဦးလည်းဖြစ်သည်။

ဦးကျော်သူသည် နာရေးကူညီမှုအသင်းသာမက သုက္ခကုသိုလ်ဖြစ်ဆေးခန်းကို ဖွင့်လှစ်ပြီး ငွေကြေးချို့တဲ့သူများကို အခမဲ့ ဆေးဝါးကုသပေးလျှက်ရှိသည်။

ရန်ကုန်တက္ကသိုလ်ရှိ ဘွဲ့ကြိုသင်တန်းများကို ၁၉၉၆ ခုနှစ် ဒီဇင်ဘာလတွင် ပိတ်ခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးရပြီးခါစအချိန်တွင် ရန်ကုန်တက္ကသိုလ်သည် အရှေ့တောင်အာရှ၌ ကျော်ကြားသော တက္ကသိုလ်ဖြစ်သဖြင့် နိုင်ငံခြားသားကျောင်းသားများပင် လာရောက်ပညာသင်ယူခဲ့ရသည်။

ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာအဆင့်မှီ တက္ကသိုလ်အဖြစ် ပြန်လည်ဖွင့်လှစ်နိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေးတွင် အရေးကြီးအဆို တင်သွင်းခဲ့ပြီး ပြည်သူလွှတ်တော်၏ အတည်ပြုချက်ရရှိခဲ့သည်။