Friday, September 30, 2011

အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တတိယအကြိမ်တွေ့ဆုံရာတွင်လွတ်ငြိမ်းချမ်းသာခွင့်အပါအဝင်အကြောင်းအရာ(၄)ရပ်အားဆွေးနွေးခဲ့ကြောင်းသိရ။

အစိုးရသစ်လက်ထက်တွင်  ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တတိယအကြိမ်မြောက်အဖြစ် စက်တင်ဘာ ၃၀ရက်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံခဲ့ကြပြီး လွတ်ငြိမ်းချမ်းသာခွင့် အပါအ၀င် အကြောင်းအရာလေးရပ်အား ဆွေးနွေးခဲ့ကြကြောင်း သ တင်းရရှိပါသည်။
တွေ့ဆုံဆွေးနွေးမှုကို စက်တင် ဘာလ ၃၀ရက်နေ့ မွန်းလွဲ ၁နာရီမှ ၂နာရီ ၁၇မိနစ်အချိန်အထိ ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးမှုအပြီးတွင် သတင်းထုတ်ပြန်ချက်ကို ဦးအောင်ကြည်မှ ကြေညာခဲ့ကာ သတင်းထောက်များနှင့်လည်း တွေ့ဆုံခဲ့ပါသည်။
ဆွေးနွေးမှုအပြီး ထုတ်ပြန်ခဲ့သော ကြေညာချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဖတ်ကြားခဲ့ရာ၌ ''ယနေ့ပြုလုပ်သည့် ဆွေးနွေးမှုတွင် နိုင်ငံတော်သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားဆောင်ရွက်နေသည့် ကိစ္စ၊ ဧရာဝတီ မြစ်ကြောင်းထိန်းသိမ်းရေးအတွက်  နှစ်ဖက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိစ္စ၊ ဥပဒေပြင်ပတွင် လက်နက်ကိုင်ဆောင် ဆန့်ကျင်နေကြသူများကို ဥပဒေဘောင်အတွင်း လာရောက် ငြိမ်းချမ်းရေး တည်ဆောက်ကြရန် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့်ကိစ္စများနှင့် ပြည်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတို့ကို ဆွေးနွေး ခဲ့ကြပါသည်။ တွေ့ဆုံ ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြပါသည်''ဟူ၍ ပါရှိခဲ့ပါသည်။
ds2
ထို့နောက် သတင်းထောက် များက မေးခွန်းမေးမြန်းခဲ့ရာ ရိုက် တာ သတင်းဌာနမှ ဦးအောင်လှ ထွန်းက ''လွန်ခဲ့တဲ့တစ်ပတ်က ဦး ခင်အောင်မြင့်က ကမ္ဘောဒီးယား မှာ ပြောသွားပါတယ်။ အစ်မသာ ပါလီ မန်ထဲကို ၀င်လာခဲ့မယ်ရင် လက် ကမ်းကြိုဆိုမယ်လို့ ပြောသွားပါ တယ်။
အစ်မ၀င်လာဖို့ကျတော့ကျွန် တော်တို့သိတာက technically က နည်းနည်း အဆင်မပြေဖြစ် နေတာ တွေ့ရပါတယ်။ အစိုးရဖက်က အဲ တာကို ၀င်ဖို့အဆင်ပြေအောင် လုပ် ပေးနိုင်မယ့်အနေအထားရှိပါသလား။ ဒါကတော့ ၀န်ကြီးကို မေးတဲ့ မေး ခွန်းပါ။  နောက်တစ်ပိုင်းကတော့ အစ်မကိုမေးတဲ့မေးခွန်းပါ။ တကယ် လို့ အစိုးရဖက်ကသာ နည်းနည်း ပါးပါး ပြုပြင်ပေးမယ်ဆိုရင် NLD ကို registration လုပ်ပြီးတော့လာ မယ့် Byelection  မှာဝင်ဖို့ရှိပါသလား။အစ်မကိုယ်တိုင် ၀င်ဖို့ရောမှန်း ထားတာရှိပါသလား''ဟု မေးမြန်းခဲ့ ပါသည်။ 
ထိုမေးမြန်းချက်ကို ဦးအောင် ကြည်က'' ကျွန်တော့်အနေနဲ့ ဦးစွာဖြေရမယ်ဆိုရင် ဥပဒေနဲ့အညီ ကျွန်တော်တို့ မှတ်ပုံတင်ပြီးသွားတဲ့အချိန်မှာ ကျွန်တော်တို့ NLD  နဲ့အတူ လက်တွဲပြီးတော့ ဆောင်ရွက်သွားဖို့အတွက် အမြဲတန်းကြိုဆိုလျက်ရှိပါ တယ်ဆိုတဲ့အကြောင်း ဖြေကြားလို ပါတယ်'' ဟု ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ '' NLD က တော့၊ ကျွန်မက NLD အတွက်၊ အားလုံးအတွက် ပြောပေး လို့မရဘူးလေ။ CEC ကို ပထမတင် ပြရဦးမှာ။ CEC ကိုတင်ပြပြီးမှ ကျွန်မတို့ ဘယ်လိုဖြေမလဲဆိုတာ ပြောချင်ပါတယ်။ ကျွန်မတို့ကရွေး ကောက်ပွဲကိုမူအရ ကျွန်မတို့ဆန့်ကျင်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်ရဲ့ တစိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတာ ကျွန်မတို့ လက်ခံပြီးသားပါ။ဒီလို ရွေးကောက်ပွဲ ၀င်ပုံဝင်နည်း အခြေအနေ အခင်းအကျင်းအရ ဒါကိုပဲကျွန်မတို့ကြည့်မှာ ဖြစ်ပါတယ်''ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။

ထို့နောက် ဆန်ကေးရှင်ဘွန်း သတင်းစာမှ ဒေါက်တာဇော်သန်းက  ဧရာဝတီမြစ်ဆုံစီမံကိန်းကို သမ္မတကြီး ဦးသိန်းစိန်က ခေတ္တရပ်နားလိုက်ကြောင်း ပြောကြားခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအား မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မတို့ နားလည် သလောက်က ဒီမနက်ကနေပြီးတော့ လွှတ်တော်ကို သမ္မတကြီးဆီက သ၀ဏ်လွှာပို့တယ်လို့ ပြောပါတယ်။ ဒီသ၀ဏ်လွှာမှာဆိုရင် သမ္မတကြီးက ပြည်သူလူထုရဲ့ စိုးရိမ်မှုတွေ၊ ကြောင့်ကြမှုတွေကို ထောက်ထားပြီးတော့ ဒီမြစ်ဆုံရေကာတာစီမံကိန်းကို ရပ်ဆိုင်းထားမယ်လို့ ဒီလိုမှာကြား လိုက်တယ်လို့ ကျွန်မတို့ နားလည်ပါတယ်။ ဒါကတော့ ကျွန်မအမြင်မှာတော့ ပြည်သူရဲ့အသံကိုနားထောင်တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ ဒီဟာဟာအစိုးရတိုင်း လုပ်ရမယ့်ကိစ္စပါ။ ပြည်သူရဲ့အသံကို နားထောင်ရမယ်။ ပြည်သူရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို တကယ်ပဲ လေးလေးနက်နက် ထားပြီးတော့ ဖြေရှင်းပေးရမယ်။ အဲတာကြောင့် ကျွန်မဒါကို ကြိုဆိုပါတယ်''ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။
ပြည်တွင်းသတင်းဂျာနယ်များ ကိုယ်စား မေးခွန်းကို Open News ဂျာနယ်မှ ဦးသီဟစောက မေးမြန်းခဲ့ရာ ''လောလောဆယ် ပြည်သူတွေကနေပြီးတော့ သိချင်နေကြ၊ မျော်လင့်ကြတာရှိတယ်။ အခုပြောင်း နေတဲ့ Political Process ထဲမှာ အန်တီစုတို့နဲ့ NLD က ဘယ်လောက် အထိ Inclusive  ဖြစ်ပြီလဲ။ ဘယ်လောက်အထိ တရားဝင်ရပြီလဲ။နောက်တစ်ခုကတော့ နိုင်ငံရေး အကျဉ်းသားတွေကိစ္စ၊ နိုင်ငံရေး အကျဉ်းသားတွေလွတ်ဖို့ အလားအလာ ဘယ်လောက်ရှိပြီလဲ။ နောက်တစ်ခုကတော့ Ethnic Issue တွေမှာ တိုင်းရင်းသားကိစ္စတွေမှာ ဘယ်လောက်အထိ ငြိမ်းချမ်းရေးနဲ့ ပြေလဲမှု ရပြီလဲ။ အဲဒီကိစ္စတွေမှာ အန်တီစုနဲ့ NLD က ဘယ်လောက်အထိ ပါဝင်ခွင့် ရနေပြီလဲ။ အချိန်တန်ရင် ပြောမယ်ဆိုတာ အဲဒီအချိန်အတွက် အချိန်အကန့်အသတ်တစ်ခု အန်တီစုပြောလို့ရပြီလား''ဟု မေးမြန်းခဲ့ပါ သည်။
ထိုမေးမြန်းချက်ကို ဒေါ်အောင် ဆန်းစုကြည်မှ ပြန်လည်ဖြေကြားခဲ့ရာ၌ ''ခုနတုန်းက ၀န်ကြီးဦးအောင်ကြည်ဖတ်သွားတဲ့ အထဲမှာလည်း ပါပြီးပါပြီ။ ဒီကိစ္စတွေကို  ကျွန်မတို့ ဆွေးနွေးပြီး ဖြစ်ပါတယ်။ ကျွန်မတို့က ဘယ်လောက်အတိုင်းအတာ အထိပါဝင်နေသလဲဆိုတာ၊  ကျွန်မ တို့က ဒီဟာတွေမှာပြည်သူတွေအတွက် အကျိုးဖြစ်နိုင်တဲ့ အတိုင်းအတာအထိ ကျွန်မတို့ ဆောင်ရွက်သွားမှာပါ။ တတ်နိုင်သလောက် ကြိုးစားပြီးတော့မှ တိုင်းပြည်အတွက် အကျိုးဖြစ်မယ်။ ပြည်သူတွေအတွက် အကျိုးဖြစ်မယ့်ကိစ္စတွေမှာ ဆိုလို့ရှိရင် ကျွန်မတို့က အင်တိုက်အားတိုက် ပါဝင်ပြီး လုပ်မှာဖြစ်ပါတယ်''ဟု ပြောကြားခဲ့ပါသည်။
အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၁၂ကြိမ်မြောက် တွေ့ဆုံထားခဲ့ပြီး အစိုးရသစ်လက်ထက် တတိယအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။

မြန်မာဘောလုံးအဖွဲ့ချုပ်ကို FIFA အရေးယူ။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ မြန်မာ- အိုမန် ပွဲစဉ်တွင် မြန်မာပရိသတ် တချို့၏ ရမ်းကားမှုကြောင့် ပွဲဖျက်သိမ်း လိုက်ရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က အရေးယူလိုက်ပြီ ဖြစ်သည်။

မြန်မာပရိသတ်တချို့၏ ပစ်ခတ် တိုက်ခိုက်မှုကို ကွင်းအတွင်းရှိ အိုမန်အသင်း အရံ ကစားသမားများ တိမ်းရှောင်နေရပုံ (ဓာတ်ပုံ-ဧရာဝတီ)

ထိုဖြစ်ရပ်အတွက် FIFA က မြန်မာဘောလုံးအသင်းကို ရုရှားနိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ပြီး ဒဏ်ငွေအဖြစ် ဆွစ်ဖရန့် ၂၅၀၀၀ (ဒေါ်လာသုံးသောင်းခန့်) ချမှတ်ခဲ့သည့် အပြင် ကြားနာမှု အတွက် တရားစရိတ် ဆွစ်ဖရန့် ၂၀၀၀ ကို ဒဏ်ငွေအဖြစ် ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း ယနေ့ထုတ် AFP သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည် ဇူလိုင်လအတွင်းက ၂၀၁၄ ကမ္ဘာဖလား ခြေစစ်ပွဲတွင် အိမ်ရှင် မြန်မာအသင်းက အိုမန်အသင်းအား ၂ ဂိုးပြတ် ရှုံးနိမ့်စဉ် မြန်မာပရိသတ်တချို့က ကွင်းအတွင်း ခဲများ၊ ရေဗူးများ၊ သံချွန်များ၊ ထီး၊ ဖိနပ် အစရှိသည့်တို့နှင် ပစ်ပေါက်ခဲ့သည့်အတွက် ပွဲဖျက်သိမ်း ခဲ့ရသော အဖြစ်အပျက်နှင့် ပတ်သက်၍ FIFA က အရေးယူလိုက်ခြင်းဖြစ်သည်။

ထိုသို့ ပရိသတ်တချို့၏ ရမ်းကားမှုကြောင့် အိုမန်ဘောလုံးသမားများနှင့် နည်းပြတချို့ ထိခိုက် ဒဏ်ရာရကာ ပွဲကို ရပ်ဆိုင်းခဲ့ရပြီး FIFA မှ တာဝန်ရှိသူများက အိုမန်အသင်းအား အနိုင်ပေးခဲ့သည်။

အရေးယူမှုနှင့် ပတ်သက်၍ ဧရာဝတီမှ MFF သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

ဒေါ်စုတို့ ဆွေးနွေးပွဲတွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ငြိမ်းချမ်းရေးပါရှိ။

လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးနှင့် အစိုးရမှ လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နေသည့် ကိစ္စများကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ သောကြာနေ့က ဆွေးနွေးခဲ့ကြသည်။

ဦးသိန်းစိန်အစိုးရ တက်လာပြီးသည့်နောက်ပိုင်း တတိယအကြိမ်မြောက် ဆွေးနွေးမှုဖြစ်သော ရန်ကုန်မြို့ စိမ်းလဲ့ကန် သာ အစိုးရဧည့်ရိပ်သာတွင် ၇၇ မိနစ်ကြာ တွေ့ဆုံဆွေးနွေးအပြီး နှစ်ဦးအတူတကွ သတင်းစာရှင်းလင်းပွဲလုပ်ရာတွင် ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

ထို့အပြင် ဧရာဝတီမြစ်ကြောင်းထိန်းသိမ်းရေးကို နှစ်ဘက်ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် ပြည်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ အတွက်လည်း ဆွေးနွေးခဲ့သည်ဟု ပါရှိသည်။ နှစ်ဘက် ဆက်လက်၍လည်းဆွေးနွေးမှုပြုလုပ်သွားမည်ဟု ကြေညာသွားသည်။


ဆွေးနွေးမှုအပြီးသတင်းထောက်များ၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည့် ဖြေကြားနေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

မြစ်ဆုံဆည်စီမံကိန်းကို သူ၏အစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားမည်ဆိုသော သမ္မတဦးသိန်းစိန်၏ လုပ်ရပ်ကို ကြိုဆိုကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

"ပြည်သူရဲ့ အသံကို နားထောင်တယ် ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ ဒီဟာ အစိုးရတိုင်း လုပ်ရမယ့် ကိစ္စပါ။ ပြည်သူရဲ့အသံကို နားထောင်ရမယ်။ ပြည်သူရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို တကယ်ပဲ လေးလေးနက်နက် ထားပြီးတော့ ဖြေရှင်းပေးရမယ်။ အဲဒါကြောင့်မို့ ကျမဒါကို ကြိုဆိုပါတယ်” ဟု သတင်းစာဆရာများကို ပြောသွားသည်။ ယနေ့အစောပိုင်းက နေပြည်တော်တွင် ပြုလုပ်နေသော လွှတ်တော်နှစ်ရပ်သို့ သမ္မတဦးသိန်းစိန်က သဝဏ်လွှာ တစောင်ပေးပို့ရာတွင် ပြည်သူအများ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမည့် စိုးရိမ်နေမှု ရှိသည်ကို ထောက်ပြပြီး မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်ဟု ပါရှိသည်။

တရုတ်နိုင်ငံနှင့်ချုပ်ဆိုထားသော စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၆,ဝဝဝ ရှိ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းပေါ် မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံညှိနှိုင်းဆောင်ရွက်သွားမည်ဟုလည်း ပါရှိသည်။

သမ္မတ၏ဆုံးဖြတ်ချက်အပေါ် ကြိုဆိုမှုများလည်း အင်တာနက်တွင် တပါတည်းပေါ်ထွက်လာခဲ့သည်။ လွှတ်တော် အပြင်ဘက် အဓိက အတိုက်အခံ ဖြစ်နေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်လိုမှု ရှိ၊ မရှိဆိုသော အမေးကို  လူမှုဝန်ထမ်းဝန်ကြီးလည်း ဖြစ်သော ဦးအောင်ကြည်က အန်အယ်ဒီအနေဖြင့်နိုင်ငံရေးပါတီမှတ်ပုံတင်လျှင် အတူတကွ ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ဖြေကြားသည်။

၁၄ နှစ်ကျော် နေအိမ်အကျယ်ချုပ်သို့မဟုတ်အချုပ်အနှောင် ဖြင့် နေခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က 
တော့ပါတီထိပ်တန်းခေါင်းဆောင်များကို တင်ပြပြီးမှသာ အဖြေပေးနိုင်မည်ဟု ဖြေကြားသွားသည်။

"ကျမတို့က ရွေးကောက်ပွဲကို မူအရ ဆန့်ကျင်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဆိုတာ  ဒီမိုကရေစီစနစ်အတွက် တစိတ်တပိုင်းဖြစ်တယ်ဆိုတာ ကျမတို့ လက်ခံပြီးသားပါ။” ဟု ဆက်လက်ပြောဆိုသွားသည်။

Thursday, September 29, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံထပ်တင်ရေး မဆုံးဖြတ်ရသေးပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံတင်ရေးကို ဘာမှ မဆုံးဖြတ်ရ သေးပါဘူးလို့ပါတီပြန်ကြားရေး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။ဦးဉာဏ်ဝင်းကို ကိုအေးနိုင်က မေးမြန်းထားပါတယ်၊။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ နီးကပ်လာပြီဆိုပြီး တချို့သတင်းတွေမှာ သဘောဆောင်ပြီးတော့ ရေးပါတယ်။ အဲဒါတွေ ဘယ်လောက်ထိအောင် မှန်လည်းဆိုတာ ဦးဉာဏ်ဝင်း ရှင်းပြပေးပါလား။

“ကျနော်တို့ ဒီနိုင်ငံရေးပါတီ မှတ်ပုံတင်ဖို့ကိစ္စ သူတို့တွေရဲ့ issue တွေထဲမှာ စဉ်းစားတဲ့အထဲမှာ ဒါတချက်အပါအ၀င်ရှိတယ်။ ကျနော်တို့ ဒါနဲ့ပတ်သက်ပြီး ဘာမှ မဆုံးဖြတ်ရသေးပါဘူး။”

တလောတုန်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသေးစိတ်ပြန်လည် လေ့လာနေတယ် ဆိုပြီးတော့လည်း ကြားနေရတယ်။ အဲဒါက ဒီအတွက် ပြင်ဆင်တယ် နီးစပ်တယ်ဆိုတဲ့ သဘောမျိုး သက်ရောက်တာမျိုး သတင်းထုတ်လို့ရလားခင်ဗျာ။

“အဲဒီလိုတော့ မဟုတ်ဘူး။ ကျနော်တို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ထပ်ခါထပ်ခါ ကျနော်တို့ချည်းးပဲ မဟုတ်ဘူး။ အားလုံးပဲ ဖတ်နေကြတာ။ ထပ်ခါထပ်ခါ ဖတ်ပြီး ဆွေးနွေးတယ်။ ဒါပေမယ့် ဒီကိစ္စအတွက်လို့တော့ ပြောလို့မရပါဘူး။”

ဒါဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြင်ဆင်ဖို့အတွက် အန်ကယ်တို့က တောင်းဆိုထားတဲ့ အချက်တွေကို အစိုးရဘက်ကနေ လိုက်လျောလို့ရှိရင် အန်ကယ်တို့ဘက်ကကော အရန်သင့် ရှိနိုင်တဲ့ အခြေအနေမျိုးကိုကော နီးစပ်နိုင်သလား။

“ကျနော်တို့ ပြင်ဆင်ဖို့ တောင်းဆိုထားတာ မရှိသေးဘူး။ ကျနော်တို့ မကြိုက်တဲ့အချက်တွေကို ဖော်ပြပြီးတော့ ကြေညာချက်ထုတ်ခဲ့တာပဲ ရှိတယ်။ ဘာလုပ်ပေးပါလို့ တောင်ဆိုတာမျိုး ကျနော်တို့မှာ မရှိသေးဘူး။”

သတင်းတွေ ထွက်ပေါ်နေတဲ့ အဖွဲ့ချုပ်ကနေ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ့်ကိစ္စက မဖြစ်သေးဘူးဆိုတဲ့ သဘောလားဗျာ။

“လုံးဝမဆုံးဖြတ်ရသေးပါဘူး။”

လူရွှင်တော် ဇာဂနာ လွတ်ပြီလို့ ကြားရ။

နိုင်ငံရေးအကျဉ်းသား လူရွှင်တော် ကိုဇာဂနာကို အစိုးရက လွှတ်ပေးလိုက်ပြီလို့ RFA က စုံစမ်း သိရှိရပါတယ်။ တခြား နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်ခြင်း ရှိမရှိတော့ မသိရသေးပါဘူး။သူ့ကို မြစ်ကြီးနားထောင် ကနေ ဒီကနေ့ မန္တလေးကို ခေါ်လာပြီး မနက်ဖန် မနက် လေယဉ်ပျံနဲ့ ရန်ကုန်လေဆိပ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။
ဒီသတင်းကို နေပြည်တော် အသိုင်းအ၀န်းက ရရှိတာ ဖြစ်ပြီး မိသားစုတွေကို ကြိုတင် အသိပေးထားခြင်း မရှိပဲ နေအိမ်ကို ထောက်လှမ်းရေးအဖွဲ့က လိုက်လံ ပို့ဆောင်မယ်လို့လည်း သိရပါတယ်။
ဒါပေမယ့် ဒီသတင်းကို သူတို့ဘာမှ မသိကြောင်း ဒီကနေ့လည်ပိုင်းထိတော့ ကိုဇာဂနာ မြစ်ကြီးနားထောင်ထဲမှာ ရှိနေသေးကြောင်း ကြားရတယ်လို့ ခယ်မဖြစ်သူ မငြိမ်းကပြောပါတယ်။
ဒီနေ့ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် လူရွှင်တော် ကိုဇာဂနာနဲ့ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ ပြန်လွတ်လာသလား ဆိုပြီး သတင်း မီဒီယာတွေက မိသားစုတွေကို ဆက်သွယ်မေးမြန်း နေကြတယ်လို့ သိရပါတယ်။
ကိုမင်းကိုနိုင်ကို မိသားစုတွေ သွားမတွေ့နိုင်တာ ၃ လလောက် ရှိနေပြီး လာမယ့် အောက်တိုဘာလ ၁၈ ရက်မှာ ကျရောက်မယ့် ကိုမင်းကိုနိုင် မွေးနေ့ မတိုင်ခင်တော့ သွားတွေ့ဖို့ ရည်ရွယ်ထားတယ်လို့ ကိုမင်းကိုနိုင်ရဲ့ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်ကပြောပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲနဲ့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ပြောဆိုဆွေးနွေး တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ သလို၊ ဦးသိန်းစိန် အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကလည်း နိုင်ငံတော် သမ္မတ အနေနဲ့ အခြေခံ ဥပဒေပါ လုပ်ပိုင်ခွင့်နဲ့အညီ သင့်တော်တဲ့ အချိန်မှာ အကျဉ်းသားတွေကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ ရှိနေတယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ဒီရက်ပိုင်းအတွင်း နိုင်ငံရေး အကျဉ်းသား (၂၀၀) ကျော် ပြန်လွတ်လာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေစဉ်မှာ အခုလို ကိုဇာဂနာကို အစိုးရက လွှတ်ပေးလိုက်ပြီလို့ ကြားရခြင်းပါပဲ။
ဒီသတင်းကို နေပြည်တော် အသိုင်းအ၀န်းက ရရှိတာ ဖြစ်ပေမယ့် တခြား သတင်းဌာနတွေရဲ့ အတည်ပြုချက်တော့ မရသေးပါဘူး။

ရန်ကုန်ရေဘေးကြောင့် မြွေပူရာကင်းမှောင့်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့က ရန်ကုန်မြို့တွင်းမြို့နယ်အများစုတွင် ရေကြီးရေ လျှံခဲ့ပြီး နေအိမ်များအတွင်း ရေနှင့်အတူ အဆိပ်ရှိသတ္တဝါများ မျောပါလာသောကြောင့် လူအများ သတိထားနေရကြောင်း ဒေသခံများထံမှ သိရသည်။

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ သာကေတမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်နှင့် တောင်ဥက္ကာလာပ မြို့နယ်များရှိ လူနေရပ်ကွက် တချို့တွင် ရေကြီး ရေလျှံခဲ့ပြီး ကျောင်းတချို့ပိတ် လိုက်ရကြောင်း၊ နေအိမ်များထဲသို့ ရေနှင့်အတူ မြွေများ၊ ကင်းများ စသည့် အဆိပ်ရှိ
သတ္တ၀ါများ ၀င်လာသောကြောင့် နေအိမ်ထဲများထဲတွင် သဲအိတ်များခင်းပြီး သတိဖြင့် သွားလာ နေထိုင်နေရကြောင်း အရှေ့ဒဂုံမြို့နယ် ရပ်ကွက် ၁၀၈ တွင် နေထိုင်သူ ဦးဖုန်းမြင့်က ပြောသည်။

“ဘေးအိမ်က အဘွားနဲ့ ကလေးတွေကို ကုတင်ပေါ်မှာပဲ တနေကုန် ထိုင်ခိုင်းထားရတယ်။ မီးဖိုဆောင်ရော၊ အိပ်ခန်းတွေထဲပါ ရေ၀င်တော့ လူတွေ နေစရာမရှိဘူး။ ဆိုးတာက ရေနဲ့အတူ မြွှေတို့ ကင်းတို့ပါလာတာပဲ” ဟု သူက ဆိုသည်။

ဒဂုံမြို့သစ်တောင်ပိုင်း ၁၉ ရပ်ကွက်၊ အမှတ် ၅၀၂ နံ့သာမြိုင်လမ်းတွင် နေထိုင်သော မီးသတ်တပ်ဖွဲ့ဝင် မောင်ဝေယံဇော် ဆိုသူမှာ ရေမြောင်းများအား ရှင်းလင်းရင်း ရေစီးဖြင့် မျောပါသွားခဲ့ကြောင်း၊ ၎င်းကို ဒဂုံမြို့သစ်တောင်ပိုင်း ၂၆ ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၇ နှစ်အရွယ် အရန်မီးသတ်တပ်ဖွဲ့ဝင် တဦးက ကယ်တင်လိုက်သောကြောင့် အသက်အန္တရာယ်မှ လွတ်ကင်းခဲ့ကြောင်း ကြားသိရသည်။

“မိုးရွာပြီးရေလျှံတော့ ကျနော်တို့ အရန်မီးသတ် တပ်ဖွဲ့ဝင်တွေက ရေမြောင်းတွေထဲက အမှိုက်တွေကို လိုက်ဆယ်ပေးရင်း မြောင်းထဲ ကျသွားတာပါ။ ကယ်ဆယ်တဲ့သူ ရှိလို့ အသက်မသေဆုံးရတာ” ဟု တာဝန်ခံ မီးသတ်ရဲဘော်က ဆိုသည်။

မိုးစရွာသည်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ဒဂုံ မြို့နယ်အတွင်းရှိ လူနေရပ်ကွက်များ၊ လမ်းများ  အားလုံး နီးပါးမှာ ရေမြုပ်ပြီး နေအိမ်များအတွင်းသို့  ရေ၀ င်လေ့ ရှိကြောင်း ဒေသခံများက ပြောသည်။

ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း စသည့်ဒေသများသည် ငမိုးရိပ်ချောင်းနှင့် နီးသော်လည်း ရေထုတ်မြောင်းများ ပိတ်နေသောကြောင့် ရေစီးဆင်းနိုင်ခြင်းမရှိဘဲ လူနေရပ်ကွက်များအတွင်းသို့ ရေများ ၀င်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ ရေထုတ်မြောင်းတွေ ပိတ်ပြီး မိုးရွာတဲ့အချိန် ရေတွေက လမ်းတွေမှာလျှံတက်လာတာ။ အိမ်ဝန်းတွေထဲ ရေတွေဝပ်ပြီး ခြင်တွေကလည်း ပေါတော့ ကလေးတွေလည်း ခဏခဏ ဖျားကြတယ်” ဟု ဒေသခံ တဦးဖြစ်သူ ကိုသားထွေးက ပြောပြသည်။

ရန်ကုန်မြို့လယ်တွင်လည်း မိုးရွာသွန်းချိန် အနည်းငယ်ကြာမြင့်ရုံဖြင့် လမ်းများရေလျှံခြင်း၊   နေအိမ်များအတွင်း   ရေ၀င်ခြင်း ဖြစ်ပေါ်နေသောကြောင့် အစိုးရအနေဖြင့် ဖြေရှင်းပေးရန် လူအများက မျှော်လင့်နေကြသည်ဟု သူက ဆိုသည်။

“မနေ့က မိုးရွာတော့ ရေတွေက ဒူးခေါင်းလောက်အထိ ၀င်လာတယ်။ တနေကုန်ပဲ ရေတွေ တက်တက်လာတာ။ ရေတွေ ခပ်ထုတ်နေရတော့ ရုံးမတက်နိုင်ဘဲ ခွင့်ယူလိုက်ရတယ်” ဟု ကိုသားထွေးက ဆက်ပြောသည်။

တချို့အိမ်များမှာ လမ်းများ၊ ရေမြောင်းများထက် အမြင့်တွင် ဆောက်လုပ်ထားကြသော်လည်း မိုးရွာသည့်အခါ မိုးရေများမှာ ရေမြောင်းများနှင့် အပြည့်ဖြစ်လာပြီး လမ်းများမှတဆင့် နေအိမ်ထဲအထိ စီးဝင်လာသည်ကို တွေ့မြင်ရသည်။

“လမ်းပေါ်မှာ ရေတွေက ဒူးလောက်ရောက်ပြီဆိုရင် ကျနော်တို့ အိမ်ထဲ ရေ၀င်ပြီ” ဟု ကိုသားထွေးက ဆိုသည်။

၎င်းအိမ်ရှေ့တွင် ရေမြောင်းရှိနေသောကြောင့် ရေမြုပ်သည့်အချိန်တွင် ရေမြောင်းနေရာကို မှတ်သားကာ သတိဖြင့် သွားလာနေရကြောင်း၊ မိုးရွာသည့်အခါ ရေမြောင်းတွင်းသို့ မကြာခဏ ပြုတ်ကျကြသူများ ရှိကြောင်း သူကပြောပြသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာအနေဖြင့် ရေထုတ်မြောင်းများအား ပြန်လည်ပြင်ဆင်ခြင်း၊ အမှိုက်များ ရှင်းလင်း ဖယ်ရှားခြင်းတို့ကို မိုးတွင်းမတိုင်မီ ကတည်းက ပြုလုပ်ပေးထားသင့်သည်ဟု  ရန်ကုန်မြို့ခံများက ပြောဆိုနေကြသည်။

နိုင်ငံရေး အကျဉ်းသား အရေအတွက် ပြန်လည် စိစစ်နေသည်ဟု AAPP ပြော။

မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသား အရေအတွက် စာရင်းကို ပြန်လည်စိစစ်နေသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း မြန်မာနိုင်ငံ AAPP-B တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

“ကျနော်တို့လည်း ပြန်ပြီးတော့ သေချာအောင် ကျနော်တို့ Update လုပ်နေတယ်။ ကျနော်တို့ဆီမှာ မပြည့်စုံတာ တွေလည်း ရှိပါတယ်။ တချို့ဟာတွေက ဖမ်းတာကို သိတယ်။ ဒါပေမယ့် အဲဒီလူရဲ့ နောက်ဆက်တွဲကို ကျနော်တို့ မရတဲ့အခါမှာ လွတ်သွားသလား မလွတ်သွား ဘူးလားကို စုံစမ်းလို့ မရလို့ တချို့ဟာတွေ ကျနော်တို့ စာရင်းထဲမှာ ရှိနေနိုင်ပါတယ်” ဟု ဦးဘိုကြည်က ပြောသည်။

အစိုးရမှ AAPP-B ၏ စာရင်းကို ပြန်လည်စိစစ်ရာ နိုင်ငံရေး အကျဉ်းသား အရေအတွက်မှာ AAPP-B စာရင်းထက်လျော့နည်းနေသည်ကို တွေ့ရကြောင်း သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က အမေရိကန် နိုင်ငံ သို့ ရောက်ရှိနေစဉ် RFA အသံလွှင့်ဌာန မြန်မာပိုင်းအစီအစဉ်သို့ ပြောကြားမှုနှင့် ပတ်သက်၍  မဇ္ဈိမ၏ မေးမြန်းချက်ကို ဦးဘိုကြည်က ဆိုခြင်း ဖြစ်သည်။

သမ္မတအကြံပေး ဦးကိုကိုလှိုင်က RFA မြန်မာပိုင်းကို ပြောကြားရာတွင် “ထိုင်းနယ်စပ်ရဲ့ ဟိုဘက်မှာရှိနေတဲ့ AAPP-B အဖွဲ့တို့ ဘာတို့က ပြုစုထားတဲ့ စာရင်းပေါ့။ တာဝန်ရှိတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက ပြန်စီစစ်တဲ့ အခါကျတော့ သူတို့ပြောတဲ့ စာရင်းအတိုင်းလောက်တော့ မရှိတော့ဘူး။ တချို့အတိုင်းအတာ ရှိတယ်ပေါ့နော်။ကျနော် အရေအတွက်တော့ မသိဘူး”ဟု ပါရှိသည်။

“အဲဒီထဲမှာတောင်မှ တချို့သော ပုဂ္ဂိုလ်များသည် အကြမ်းဖက်တဲ့ ဗုံးဖောက်ခွဲမှုတွေ မူးယစ်ဆေးဝါးအမှု လူသတ်မှုစတဲ့ အမှုကြီးတွေနဲ့ ဆက်စပ်နေတဲ့ လူတွေလည်း ဒီစာရင်းထဲ မှာပါနေတယ်။ ရာနဲ့ချီပြီးမှ ပါနေတယ်လို့ ပြောပါတယ်” ဟုလည်း ဆိုသည်။

၂ဝ၁၁ ခု သြဂုတ်လကုန်အထိ နိုင်ငံရေး အကျဉ်းသား ၁၉၉၈ ဦးရှိသည်ဟု AAPP-B က ထုတ်ပြန်ထားသည်။

“နိုင်ငံရေး အကျဉ်းသားတွေကို ချုပ်နှောင်တဲ့ အခါမှာ ရဲဘက်စခန်းတွေကို ပို့နေတာတွေ ရှိတယ်။ ဆိုတော့ ကျနော်တို့ လက်လှမ်းမီဖို့ တချို့နေရာတွေမှာ အချိန်တော်တော်လေး ယူရတာ ရှိတယ်။ လက်လှမ်း မမီတာတွေလည်း ရှိတယ်” ဟု ဦးဘိုကြည်က မဇ္ဈိမကို ပြောသည်။

AAPP-B က အစိုးရ သတင်းစာရှင်းလင်းပွဲများ၊ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများ၊ ဌာနဆိုင်ရာများမှ ယခုအရေအတွက်ကို ရထားခြင်းဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား ဆိုသည်ကို အဓိပ္ပါယ် ဖွင့်ရာ၌ အစိုးရနှင့် မတူညီကြောင်း ပြောသည်။

“မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ရှိတယ်။ တိုင်းရင်းသား ပြဿနာတွေ ရှိတယ်။ ကျနော်တို့က နိုင်ငံရေး အကျဉ်းသားဆိုပြီး သတ်မှတ်တဲ့ အခါမှာ လက်နက်ကိုင် တိုက်ခိုက်ပြီးတော့ အဖမ်းခံရတဲ့လူတွေ၊ မတရားအသင်း အဖွဲ့အစည်းတွေကို ထောက်ခံလို့ ထောက်ပံ့လို့ ဆိုပြီး အဖမ်းခံရသူတွေလည်း ပါမှာပါ” ဟု ဦးဘိုကြည်က ဆိုသည်။

၂ဝဝ၉ ခု စက်တင်ဘာတွင် ပခုက္ကူမြို့၌ သံဃာတော်များကို တွေ့ဆုံမေးမြန်းခဲ့ပြီး အပြန်လမ်းတွင် ဆိုင်ကယ်လိုင်စင် မရှိဟုဆိုကာ သွင်းကုန် ထွက်ကုန် အက်ဥပဒေ၊ အီလက်ထရောနစ် ဥပဒေတို့ဖြင့် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ပြီး ကသာထောင်တွင် ထိန်းသိမ်းခံနေရသော ဒီဗီဘီ သတင်းထောက် မလှလှဝင်း၏ အမှုကိုလည်း ဥပမာပေး ဆက်လက် ပြောဆိုသည်။

"ကျနော်တို့က သူတို့ဘာကြောင့် အဖမ်းခံရတယ်ဆိုတာကိုကြည့်ပြီးတော့ ရာဇဝတ် ပုဒ်မတွေနဲ့ပဲ တရားစွဲခံရခံရ ဒီလူတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပါတယ်” ဟု ကိုဘိုကြည်က ပြောသည်။

မြန်မာအစိုးရက နိုင်ငံရေး အကျဉ်းသားဟူသော အသုံးအနှုန်းကို လက်မခံဘဲ အကျဉ်းသားဟူ၍သာ ရောထွေး အသုံးပြုဆဲဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေကြီး ဦးအောင်သိန်းကမူ အထောက်အထား မခိုင်လုံဘဲ ညှင်းပမ်း နှိပ်စက်ပြီး ဖြောင့်ချက်ယူ ဖမ်းဆီးခံထားရသူများ ရှိသည်ဟု လွိုင်ကော်ထောင်တွင် ထောင်ဒဏ် တသက် ကျခံနေရသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက် (HRDP) အဖွဲ့ဝင် ဦးမြင့်အေးအား ဥပမာပေး ပြောဆိုသည်။

“သူတို့က ဖောက်ခွဲတပ်တိုင်း ကျနော်တို့က ဖောက်ခွဲလို့ သွားပြောလို့ မရဘူးလေ။ ကျနော်တို့က ထောက်ပံ့ကြေးပေးမြဲပေးနေတာပဲ” ဟု သူက ပြောသည်။

လူ့အခွင့်အရေး ပညာပေး လုပ်ငန်းများ လုပ်ဆောင်လာသူ ဦးမြင့်အေးကို ရန်ကုန်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ (USDA) ရုံးတခုကို ဗုံးဖေါက်ခွဲခဲ့မှုဖြင့် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာ၌ ပြစ်ဒဏ် ချမှတ်ခဲ့သည်။

အစိုးရမှအတိုက်အခံအများအပြားကို ထောင်သွင်းချလေ့ရှိသော နိုင်ငံရေး ပြစ်မှုများအနက် နိုင်ငံတော်အစိုးရကို အကြည်ညို ပျက်စေမှု၊ လူငါးဦးထက်ပို၍ စုရုံးဆန္ဒပြမှု၊ မတရားအသင်း ဖွဲ့စည်းမှု၊ တရားမဝင် နယ်စပ် ဖြတ်ကျော်မှု၊ ၁၉၅ဝ ခုနှစ် အရေးပေါ် စီမံချက် ဥပဒေ၊ ၁၉၆၂ ခုနှစ် ပုံနှိပ် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ၊ အီလက်ထရောနစ် ဥပဒေတို့ ပါဝင်လေ့ရှိသည်ဟု ရန်ကုန်မြို့နေ ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

ယင်းအပြင် သဘောကွဲလွဲသူများကို ရာဇဝတ်ပြစ်မှုများတပ်၍လည်း အမှုဆင်ဖမ်းဆီးထောင်ချမှုများ ရှိသည်ဟုလည်း ဦးအောင်သိန်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန်က မေလအတွင်း၌ အကန့်အသတ်ဖြင့် ပြစ်ဒဏ် လျှော့ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာထောင်အသီးသီးမှ အကျဉ်းသား ၁၄,၆၀၀ ဦးကျော် လွတ်လာသော်လည်း နိုင်ငံရေး အကျဉ်းသား အနည်းစုသာ ပါဝင်သည်။ လွတ်မြောက်ခဲ့သော နိုင်ငံရေးအကျဉ်းသား အရေအတွက် အတိအကျကိုမူ မရနိုင်ဘဲဖြစ်နေပြီးအယောက် ၃၀ မှသည် ၇၀ အထိရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။

စက်တင်ဘာ ၂၇ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောကြားရာ မကြာမီ နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် တခု ကြေညာဦးမည်ဟု ထည့်သွင်းပြောဆိုသွားသည်။

နိုင်ငံရေး အကျဉ်းသား ၁,၉၉၈ ဦးအနက် ထောင်ဒဏ် ၆၅ နှစ်ကျော်ကျနေသည့် ၈၈ ကျောင်းသား ခေါင်းဆောင် ၃၇ ဦး၊ SSA-N (ရှမ်းပြည် မြောက်ပိုင်းတပ်မတော်) ဥက္ကဋ္ဌ ဗိုလ်ချုပ်ဆေထင် (ထောင်ဒဏ် ၁ဝ၆ နှစ်)၊ ရှမ်းအမျိုးသား ဒီမိုကရေစီပါတီဥက္ကဋ္ဌ ခွန်ထွန်းဦး (ထောင်ဒဏ် ၉၃) နှစ်တို့လည်း ရှိနေကြောင်း AAPP-B ကထုတ်ပြန် ထားသည်။

ဂျပန်အမျိုးသမီးတဦး ကျောက်ပန်းတောင်းမှာ သတ်ဖြတ်ခံရ။

နိုင်ငံခြားခရီးသွား ဂျပန်အမျိုးသမီး တဦး မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နဲ့ ၁၂ မိုင်အကွာ တောတွင်းတနေရာမှာ သတ်ဖြတ်ခံရတယ်လို့ ကျောက်ပန်းတောင်း ရဲစခန်းက အတည်ပြု ပြောဆိုပါတယ်။

လည်ပင်းမှာ ညိုမဲတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဂျပန်အမျိုးသမီးရဲ့ အလောင်းကို ကျောက်ပန်းတောင်းကနေ ညောင်ဦးအသွား လမ်းဘေးက တောတွင်း တနေရာမှာ ၂၈ ရက်နေ့ညနေက တွေ့ရှိတယ်လို့ ရဲက ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသူ အသက် ၃၀ အရွယ် ဂျပန်အမျိုးသမီးကို သတ်တဲ့တရားခံကို ဖော်ထုတ်နိုင်အောင် အဲဒီအမျိုးသမီး ငှားရမ်းစီးနင်းတဲ့ ဆိုင်ကယ်ကယ်ရီသမားကို သံသယနဲ့ ထိန်းသိမ်းစစ်မေးနေတယ်လို့ ကျောက်ပန်းတောင်း ရဲစခန်းက ဒု-ရဲအုပ်စိုးလွင်က ပြောပါတယ်။

“ဂျပန်လူမျိုးပါ။ နာမည်တော့ စုံစမ်းတုန်းဖြစ်လို့ ဂျပန်ကောင်စစ်ဝန်ရုံးကို ဆက်ပြီး မေးနေတုန်းပါ။ မနေ့က လေးနာရီကျော်လောက်မှာဖြစ်တာ၊ ညောင်ဦးနဲ့ ကျောက်ပန်းတောင်း အစပ်မှာဖြစ်တာပါ။ သူတို့က ရွာသားတွေက အဲဒီထဲကို ဆိုင်ကယ်ဝင်သွားတာကို တွေ့လို့ ရွာသားတွေက ၀ိုင်းထားပေးပြီးတော့ အပြင်က အော်မှ သိတာ။ ရဲစခန်းကို အကြောင်းကြားတော့ ရဲတွေက လိုက်သွားပြီး သေသွားတဲ့ အလောင်းကိုပဲ တွေ့ရတယ်။ သူ့ပစ္စည်းတွေကို ဓာတ်ပုံရိုက်နေတုန်းပဲ။ ရင်ခွဲရုံမှာ စစ်ဆေးနေတုန်းပါ။ တကယ်သတ်တယ် ဆိုရင်တော့ မုဒိမ်းကျင့်ခံရရင်လည်း၊ မုဒိမ်းမှုပေါ့။ လူသတ်မှုတို့ ၂ ခုလုံးနဲ့ အရေးယူဖို့ စဉ်းစားထားပါတယ်။ အခုတော့ အမှုတော့ ဖွင့်ထားတယ်။ တရားခံကိုတော့ စစ်ဆေးတုန်းပါ။ ဂျပန်ကိုလည်း လောလောဆယ် အမှုကိစ္စ လုပ်နေတုန်းမို့လို့ အတိအကျ မဖြေနိုင်ပါဘူး။”

ဒီအမျိုးသမီးသေဆုံးမှုကို ရဲကသိပုံကတော့ အဲဒီဂျပန်အမျိုးသမီးကို ဆိုင်ကယ်နဲ့ တင်ခေါ်သွားတာကို တွေ့လိုက်တဲ့ဒေသခံတွေက အမျိုးသမီးတဦး အော်သံနဲ့ ဆက်စပ်ပြီး သတင်းပေးလို့ တွေ့ရှိခဲ့တာပါ။

အခုအချိန်မှာ အဲဒီအမျိုးသမီးထံက ပစ္စည်းလုယက်မှုနဲ့ အဓမ္မပြုကျင့်မှု ရှိမရှိ ပိုင်ဆိုင်မှုနဲ့ ဆေးစစ်မှုစတဲ့ ကိစ္စတွေကို ဆောင်ရွက် စစ်ဆေးနေတုန်းပဲလို့ ဒု-ရဲအုပ်က ပြောပါတယ်။

အသတ်ခံရသူ ဂျပန်အမျိုးသမီးရဲ့အလောင်းကို ကျောက်ပန်းတောင်း ဆေးရုံမှာပဲထားရှိပြီး နေပြည်တော်က မှုခင်းဆရာဝန် လာရောက် စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပြပါတယ်။

ဂျပန်ကောင်စစ်ဝန်ရုံးက သူတို့ဆီပို့ပေးဖို့ တောင်းဆိုထားချက်အရ အလောင်းကို ၂၉ ရက်နေ့ညနေမှာ ရန်ကုန်ကို ပို့ဆောင်မှာ ဖြစ်တယ်လို့ ဒု-ရဲအုပ်စိုးလွင်က ပြောပါတယ်။

ဒေသခံတွေအပြောအရ အဲဒီ ဂျပန်အမျိုးသမီးဟာ ကျောက်ပန်းတောင်းမြို့ကနေ ညောင်ဦးမြို့ကို ဆိုင်ကယ်ကယ်ရီငှားပြီး အသွားမှာ အသတ်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားပုံကို ဒေသခံတဦးက အခုလို ရှင်းပြပါတယ်။

“ကျောက်ပန်းတောင်းမှာ ညောင်ဦးသွားတဲ့ ကားဂိတ်ရှိတယ်။ အဲဒီမှာ ဆိုင်ကယ် ကယ်ရီက ၇ စီး၊ ၈ စီးလောက် အမြဲတမ်း ထိုင်နေတယ်။ ကားမစီးချင်တဲ့ ဧည့်သည်တွေကိုဆိုရင် ဆိုင်ကယ်နဲ့ သွားကြတယ်။ သူက အဲဒီဆိုင်ကယ်နဲ့ သွားတော့ ဟိုနားဒီနား ဓာတ်ပုံရိုက်လို့ရတယ်လေ။ ကျောက်ပန်းတောင်းက ထွက်ပြီးမှ ၁၂ မိုင်လောက်မှာ တောအုပ်လေးထဲမှာ ဖြစ်တာ။ ၀ါခင်းကြီးဆိုတဲ့ ရွာနားလေးမှာဖြစ်တာ။ လူသွားလူလာ နည်းနည်းပြတ်တယ်။ ဒါပေမယ့် ကျွဲကျောင်းသား၊ နွားကျောင်းသားတွေတော့ ရှိတာပေါ့။ အဲဒီမှာ သူတို့က တွေ့တယ်။ အော်သံလည်း ကြားတယ်ပေါ့။ ဆိုင်ကယ်လည်း ဝေါကနဲ့ ထွက်သံလည်းကြားတော့ အဲဒီမှာ ကျောက်ပန်းတောင်း ရဲစခန်းက ရောက်လာပြီး ဒေသခံတွေနဲ့ လိုက်ရှာတော့ ကျောက်ပန်းတောင်းနယ်ထဲမှာပဲ လာမိတယ်။”

ရဲက ဆိုင်ကယ်ကယ်ရီသမားတဦးကိုပဲ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဖြေပေမယ့် မြို့ခံတွေကတော့ ဆိုင်ကယ်ကယ်ရီသမားရဲ့ ညီကိုပါ ထိန်းသိမ်း စစ်မေးခံနေရတယ်လို့ ပြောပြပါတယ်။

မီးမလာသဖြင့် ဒေသခံ ၃၀၀ ကျော် လျှပ်စစ်ဌာနကို သွားရောက် တောင်းဆို။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် အမှတ်၂ ယုဇနရပ်ကွက်က ပြည်သူတွေ ၃၀၀ ကျော်ဟာ လျှပ်စစ်မီးမလာတာ ၁၅ ရက်လောက်ရှိတဲ့အတွက် မနေ့ စက်တင်ဘာလ ၂၈ ရက်ညပိုင်းက လျှပ်စစ်ရုံးဆီ ချီတက် တောင်းဆိုခဲ့ကြပါတယ်။

မြောက်ဥက္ကလာ ယုဇနရပ်က ၁ လမ်း၊ ၂ လမ်း၊ ၃ လမ်းက လူတွေဟာ မီးမလာတာကြောင့် လျှပ်စစ်ရုံးကို မီးမလာတဲ့ကြောင်း ဖုန်းဆက် အကူအညီ တောင်းခံခဲ့ပေမယ့် လုပ်ဆောင်ပေးတာ မရှိတဲ့အတွက် ချီတက်ပြီး တောင်းဆိုခဲ့တာလို့ ပါဝင်ခဲ့တဲ့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“မီးကို ၁၅ မိနစ်လာတယ် မီးအားနည်းတယ်။ ပျက်သွားတယ်။ အဲဒါက အကြိမ်ပေါင်းများစွာ ဖြစ်နေတော့ ယုဇနမှာရှိတဲ့ လူတွေ တော်တော်များများ မိသားစုကနေ အီးပီစီရုံးကို အကျိုး အကြောင်း လှမ်းဖုန်းဆက်ပြီး ပြောကြတယ်။ လက်ခံဖုန်းစကားပြောတဲ့သူက စီစဉ်ဆောင်ရွက်နေတာပဲ မလာတဲ့အတွက်ကြောင့် မတတ်နိုင်ဘူးလို့ ပြောတယ်။

ဖုန်းဖိုးသာကုန်တယ် ဘာမှလည်း ထူးခြား မလာဘူး ဆိုပြီးတော့ ယုဇနအပိုင်မှာ ရှိတဲ့ မိသားစုတွေက အီးပီစီရုံးက လူကြီးတွေကို တိုက်ရိုက်သွားပြီး ပြောဆိုဆောင်ရွက်မယ်ဆိုပြီး မနေ့ညက ၇ နာရီခွဲမှာ အီးပီစီဌာနက ၀န်ကြီးနဲ့ သွားပြီး ဆွေးနွေး ကြပါတယ်။ အီးပီစီဌာနကလူကြီးကလည်း သူလည်း မသိရှိတဲ့အကြောင်းနဲ့ မနက်ဖြန်မှာ (ဒီနေ့ပေါ့) လာပြီးတော့ စစ်ဆေးပေးပါ့မယ်လို့ အကြောင်းပြန်ပါတယ်။”

ရပ်ကွက်လျှပ်စစ်ဝန်ထမ်းတွေဟာ ရပ်ကွက်တွင်း လုပ်ငန်းရှင်တချို့ ဆီကနေ ငွေယူပြီး လုပ်တဲ့အတွက် မီးရတာ မညီမျှတာတွေ မီးအားနည်းတာတွေ ဖြစ်ရတာလို့လည်း အဲဒီဒေသခံက ပြောပါတယ်။

“လုပ်ငန်းရှင်တွေ ဖြစ်တဲ့ သူတွေက ရပ်ကွက်မှာ တာဝန်ကျတဲ့ အီးပီစီက ၀န်ထမ်းတွေကို ပေးပြီး သူတို့ လိုင်းတွေ မီးမပျက်ရေး ဆောင်ရွက်တော့ ကျန်တဲ့အများစု မိသားစုတွေက မီးလည်းပျက်တယ် မီးလာတော့လည်း အားနည်းနေတဲ့ဒဏ်က နိစ္စဓူဝ ခံနေရတော့ မိသားစုတွေ အယောက် သုံးလေးရာလောက် စုပြီး တောင်းဆိုတဲ့အခါကျမှ ညက ကိုးနာရီခွဲက တောက်လျှောက် ခုထက်ထိ လာတယ်ပေါ့။”

မနေ့ညက သွားရောက် တောင်းဆိုတဲ့အတွက် ညပိုင်းနဲ့  ဒီနေ့မနက်မှာ မီးလင်းလာတယ်လို့လည်း ပြောပါတယ်။ လူရာနဲ့ချီပြီး လျှပ်စစ်ဌာနကို ချီတက် တောင်းဆိုပေမယ့် ဖမ်းဆီးအရေးယူခံရတာတွေ မရှိဘူးလို့ လည်း ပြောပြသွားပါတယ်။

လက်နက်မှောင်ခိုမဟုတ် ဟု ဦးတေဇပြောပြီ ။

လက်နက်မှောင်ခို ရောင်းဝယ်မှုကြောင့် ချမ်းသာလာခြင်း မဟုတ်ကြောင်း မြန်မာပြည်၏ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် FORBES ASIA မဂ္ဂဇင်းနှင့် တွေဆုံမေးမြန်းခန်းတွင် ပြောဆိုလိုက်သည်။

လက်ရှိ စင်ကာပူနိုင်ငံတွင် နေထိုင်နေသည့် ဦးတေဇက Forbes မဂ္ဂဇင်း သတင်းထောက် Simon Montlake ကို ကြယ်ငါးပွင့် အဆင့်ရှိ မရီနာဘေးလ် ဟိုတယ်တွင် လက်ခံတွေ့ဆုံကာအထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံခန်းတွင် ဦးတေဇက အနောက်နိုင်ငံ အစိုးရများ ပြောဆိုနေသကဲ့သို့ လက်နက်ကုန်သည်တဦး မဟုတ်ကြောင်း၊ လူအများက ၎င်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားမက်အဖြစ် ပြောဆိုနေမှုသည်လည်း ကောလာဟလများသာ ဖြစ်၍ မမှန်ကန်ကြောင်း ငြင်းဆိုသွားသည်။

“လက်နက်ကုန်သည်မဟုတ်ဘူး။ ဟယ်လီကော့ပတာ တမျိုးပဲ စစ်တပ်ကို ရောင်းတာ။ ကျည်ဆန်တွေ သေနတ်တွေ ဘယ်တော့မှ အရောင်း အ၀ယ်မလုပ်ဘူး။ ဗိုလ်ချုပ်မှူးကြီး သားမက်လည်း မဟုတ်ခဲ့ဘူး” ဟု ဦးတေဇက အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။

ယခင်စစ်အစိုးရနှင့် နီးစပ်သည်ဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက် ရှမ်းကြီးမြင့်ဆွေဟု လူသိများသည့် ဒု ဗိုလ်မှူးကြီးမြင့်ဆွေ၏ ဒုတိယ သားဖြစ်သည်။

ဒဿမတန်း အောင်မြင်ပြီးနောက် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သော်လည်း တတိယနှစ်တွင် ပြည်ခရိုင် ကြို့ပင်ကောက်မြို့ ထူး ဆန်စက်ပိုင်ရှင် ဒေါ်ထူး၏ သမီး ဒေါ်သီတာမြင့်နှင့် လက်ထပ်ခဲ့သည်အတွက် စစ်တက္ကသိုလ်မှ ထွက်ခဲ့ရသည်။

ဦးတေဇသည် ကျောင်းမှ ထွက်ပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ကာ စီးပွားရေးလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ၎င်းလည်းပါဝင် ဆန္ဒပြခဲ့ကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

“၈၈ ဆိုတာ ကျနော်တို့ မျိုးဆက်လေ။ အဲဒီတုန်းက လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာပေါ့” ဟု သူက ဆိုသည်။

၁၉၈၉ ခုနှစ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အချ မခံရမီက သွားရောက်ခဲ့သည့် နယ်ခရီးစဉ်များတွင် ၎င်းပိုင် မော်တော်ကားကို ပေးအပ် အသုံးပြုစေခဲ့ကြောင်းလည်း ဦးတေဇက ပြောသည်။

၁၉၉၄ - ၉၅ ခုနှစ်ခန့်တွင် ရန်ကုန်မြို့ ရွှေတောင်ကြားရပ်ကွက်၌ ထူးကုမ္ပဏီကို တည်ထောင်ကာ ထိုင်း- မြန်မာ နယ်စပ် မြိတ်- ထားဝယ် ဒေသ၌ သစ်ကွက်များကို လေလံဆွဲ၍ သစ်ထုတ်လုပ်ရေးလုပ်ငန်း စတင်လုပ်ဆောင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင်မူ သစ်ထုတ်လုပ်ခြင်း လုပ်ငန်းကို ရပ်ဆိုင်းခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှု များပြားလာသည့်အတွက် ထိန်းသိမ်းရန်လိုအပ်လာခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယခုအခါ ဦးတေဇသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်များတွင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

စင်ကာပူနိုင်ငံတွင်သာ အနေများသည့် ဦးတေဇသည် ထူး ကုမ္ပဏီကို တဦးတည်းပိုင်အဖြစ်မှ ကုမ္ပဏီအရာရှိကြီးများကိုပါ ရှယ်ယာ ပိုင်ဆိုင်စေသည့် ကော်ပိုရေးရှင်း သဘော ဖွဲ့စည်းကာ လုပ်ငန်းများကို စိတ်ချရသည့် ၀န်ထမ်းများဖြင့် လွှဲအပ်ထားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူပြီး နောက်ပိုင်းကာလ သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ဦးတေဇတဦးတည်းကို လုပ်ပိုင်ခွင့်များ ချထားပေးခြင်း မရှိတော့ဘဲ၊ တခြားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်၊ မက်စ်မြန်မာ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဒေါက်တာကိုကိုကြီး၊ ဒဂုံအုပ်စုမှ ဦးဝင်းအောင် စသည့်လုပ်ငန်းရှင်များကိုပါ လုပ်ငန်းများ ခွဲဝေလုပ်ကိုင်ခွင့်ပြုထားသည်။

“ကျနော်တို့က စီးပွားရေးမှာ တရားသဖြင့် ပြိုင်ဆိုင်ရတာကို သဘောကျတယ်။ အဲဒီလိုမျိုးပဲ ပြိုင်ချင်တယ်” ဟု ဦးတေဇက သတင်းထောက်ကို ဆက်လက်ပြောဆိုသည်။

Forbes မဂ္ဂဇင်း သတင်းထောက်က ထူးကုမ္ပဏီ၏ တနှစ်ဝင်ငွေ၊ အကျိုးအမြတ်၊ ရှယ်ယာအများဆုံး ပိုင်ဆိုင်သည့် ဥက္ကဋ္ဌ တဦး၏ တနှစ်ဝင်ငွေ စသည့် အသေးစိတ်မေးမြန်းချက်များ ကိုမူ ဦးတေဇက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

ထိုကြောင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းကြီး အများစုသည် ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့် ပတ်သက်၍ ထုတ်ပြန် ကြေညာခြင်း မရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့ မည်မျှ ချမ်းသာကြွယ်သည်ကိုလည်း ထုတ်ဖော်ပြောဆိုလေ့မရှိကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ကောက်ချက်ချ ရေးသားထားသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ရန်ကုန်မြို့၌ အီတလီသတင်းထောက် တဦးနှင့် တွေဆုံမေးမြန်းခန်းတွင်မူ ၎င်းပိုင်ဆိုင်သည့် ထူး ကုမ္ပဏီသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့်ဝင်ငွေရှိ သည်ဟု ပြောဆိုခဲ့ဖူးသည်။

မကြာသေးမီက Wall Street ဂျာနယ်၏ အင်တာနက် စာမျက်နှာတွင်လည်း အရှေ့တောင်အာရှရှိ အချမ်းသာဆုံး ပုဂ္ဂိုလ် ၃၀ ဦး၌ ဦးတေဇသည် အဆင့် ၁၂ တွင်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော် ပြီးခဲ့သည့် မေလအတွင်း ပြည်ပမှ စားအုန်းဆီ တင်သွင်းဖြန့်ဖြူးခွင့်နှင့် ပတ်သက်၍ ဦးတေဇ တဦးတည်းသာ တင်သွင်းခွင့် ပေးထားသည်ကို အစိုးရက ရုတ်သိမ်းခဲ့သည့်နောက်ပိုင်း ဦးတေဇ၏ ဥစ္စာဓန ကြွယ်ဝ ချမ်းသာမှုသည် တဖြည်းဖြည်း ကျဆင်း လာကြောင်း၊ ထိုအတွက် ၎င်းပိုင်ဆိုင်သည့် ဟိုတယ်များကို ရောင်းချနေကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းတွင် ပြောဆိုနေသည်။

လက်ရှိ ဦးတေဇပိုင် ထူးကုမ္ပဏီ၌ ၀န်ထမ်းပေါင်း ၄ သောင်းဖြင့် လည်ပတ်နေပြီး ဦးတေဇသည် ၀န်ထမ်းများ၏ အကျိုးခံစားခွင့်ကို အပြည့်အ၀ပေးထားကြောင်း၊ပထမဆုံး မြန်မာအ မျိုးသမီး လေယာဉ်မောင်း တဦးအပါအ၀င် ရာနှင့်ချီသည့် ၀န်ထမ်းကောင်းများကို နိုင်ငံခြား ပညာတော်သင် အပါအ၀င် ခရီးစဉ်များကိုလည်း စီစဉ်ပေးသည့်အတွက် ၀န်ထမ်းများ အကြား နာမည်ကောင်း ရရှိနေကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ထပ်တွေ့ကြမည်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ကိုယ်စားလှယ် အလုပ်သမားရေးရရာနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဦးအောင်ကြည်တို့ သောကြာနေ့ နေ့လယ်ပိုင်းတွင် တွေ့ဆုံကြမည် ဖြစ်သည်။

 
ရွှေဝါရောင် လှုပ်ရှားမှုအပြီး ၂၀၀၈ ဇန်နဝါရီလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - Getty Images)

ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာ၌ တတိယအကြိမ် တွေ့ဆုံဆွေးမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောသည်။

ဆွေးနွေးမည့် အကြောင်းအရာကို မသိရသေးသော်လည်း ယခင်က ဆွေးနွေးသည့် ကိစ္စရပ်များကို ဆက်လက် ဆွေးနွေး နိုင်ကြောင်း သူက ခန့်မှန်းပြောဆိုသည်။

သို့သော်လည်း လေ့လာသူများက နိုင်ငံရေး အကျဉ်းသားကိစ္စ၊ ပါတီ မှတ်ပုံ တင်ရေး ကိစ္စများ ဆွေးနွေးနိုင်ကြောင်း သုံးသပ်ကြသည်။

ယမန်နှစ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဦးအောင်ကြည်နှင့် ၂ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပူးတွဲ ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

၎င်းတို့ ဆွေးနွေးပွဲရလဒ် တိုးတက်မှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးသည်။

တချိန်တည်းတွင် ယခု သီတင်းပတ်အတွင်း ကျင်းပသည့် ကုလသမဂ္ဂ ညီလာခံတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏ မောင်လွင်ကလည်း အကျဉ်းသားများကို မကြာမီ လွှတ်ပေးရန် ရှိသည်ဟု ပြောကြားခဲ့သည်။

ယင်းအတွက် နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များက လွတ်မြောက်ရန် မျှော်လင့်လျက်ရှိပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ လူရွှင်တော် ကိုဇာဂနာတို့အား လွှတ်ပေးလိုက်ပြီ ဆိုသော ကောလာဟလများ ပျံ့နှံနေသည်။

“မနေ့ကတည်းက အဲဒီသတင်းတွေက ပျံ့နေတာ။ အဲဒါနဲ့ မြစ်ကြီးနား အကျဉ်းထောင်ကို ဖုန်းဆက်တော့ ဟိုမှာရှိနေတုန်းပဲလို့ ပြောတယ်” ဟု ကိုဇာဂနာ၏ ခယ်မဖြစ်သူ မထွေးထွေးက ဧရာဝတီသို့ ပြောသည်။

Wednesday, September 28, 2011

ဗုဒ္ဓ ဆင်းထုတော်များ မဖွယ်မရာ ပြုလုပ်ခံရ၍ စစ်တွေတွင် မကျေနပ်မူတိုးပွား။


ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဗုဒ္ဓဆင်းထုတော်များကို အမည်မသိသူများက မဖွယ်မရာ ပြုလုပ် ထားခဲ့သဖြင့် ဒေသခံ ဗုဒ္ဓဘာသာများ အကြား အထူး မကျေနပ်မူ တိုးပွားနေကြောင်း သတင်း ရရှိသည်။

စစ်တွေမြို့ အာဂျိတ်တောင်ကုန်း သင်္ချိုင်းဟောင်း အနီးရှိ သရက်ဦး ဘုန်းတော်ကြီးကျောင်းတွင် ဘုရားကြီး ၃ ဆူ၏ မျက်နှာတော်များကို ကြက်ချေး ရေနံများဖြင့် မဖွယ် မရာ သုတ်လိမ်း ထားပြီး မျက်နာ နဖူးတော်တွင်လည်း မထင်မရှား ရခိုင်လို "ခွီး" ဆိုသော စာလုံးကို ရေးသား ထားသည်ဟု သိရသည်။
၎င်းပြင် အမြင့် ၄ ပေ ကျော်ရှိသော ရခိုင်ဘုရင် စန္ဒသူရိယ၊ ရှင်သီဝလိနှင့် ဇီဝက ဆင်းတုတော် များ၏ မျက်နာများကိုလည်း ကြက်ချေး ရေနံများဖြင့် လိမ်းကျထားသည်ဟု ဒေသခံများက ပြောသည်။
ယခုကဲ့သို့ မဖွယ်မရာ လုပ်ထားခြင်းကို စက်တင်္ဘာလ ၂၃ ရက်နေ့က ပြုလုပ်ထားခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
ဒီလို လုပ်တာက ဒီလ ၂၃ ရက်နေ့မှာပါ။ အခု ဒေသခံ ဗုဒ္ဓဘာသာဝင်တွေက ဒီလိုလုပ်တဲ့ အပေါ်မှာ အတော်ကို မကျေမနပ် ဖြစ်နေကြတယ်။ အနီးအနားက မွတ်ဆလင် ဘာသာဝင်တွေ လုပ်တယ်ဆိုပြီး ထင်နေကြတယ်။ ဒီကိစ္စ ပြည်နယ် ၀န်ကြီးချုပ်ထိ တက်တိုင်ထားတယ်။ ပြေပြေလည်လည် မဖြေရှင်း နိုင်ရင် ပြဿနာ ကြီးထွား လာနိုင် ပါတယ် ဟု သူက ဆက်ပြောသည်။
အဆိုပါ ကိစ္စကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားထားပြီး နောက်ပိုင်း ယခုအခါ မသင်္ကာမှုဖြင့် ဒေသခံ မွတ်ဆလင် (၅) ဦးကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေသည်ဟု သူက ပြောသည်။
အဲဒီအမှုနဲ့ပတ်သက်ပြီးတော့ မသင်္ကာမှုနဲ့ ဒေသခံမွတ်ဆလင်လူမျိုး ၅ ဦးကို အမှတ် (၁) ရဲစခန်းမှာ ခေါ်ယူစစ် ဆေးနေတယ်လို့ သိရပါတယ်။ လူတွေကတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ် ဟု ပြောသည်။ ယခုလိုလုပ်ရပ်မှာ ယခင်ကတခါမှ မဖြစ်ပွား ခဲ့ဖူးကြောင်းနှင့် ယခု လုပ်ရပ် အပေါ် ဗုဒ္ဓ ဘာသာဝင် များက အထူး ခံပြင်းနေကြောင်း သိရသည်။
ယခု လုပ်ရပ်အပေါ် ဘာသာရေး အဓိဂရုဏ်း ဖြစ်အောင် အာဏာပိုင်များပ ဖန်တီးခြင်းလည်း ဖြစ်နိုင်ကြောင်း အမည် မဖေါ်လိုသူ နိုင်ငံရေး လေ့လာ အကဲခတ်သူ တစ်ဦးက ပြောသည်။
အခု စစ်တွေမှာ ဘာသာရေး အဓိဂရုဏ်းတွေ ဖန်တီးနိုင်လာတဲ့ အခြေအနေရှိတယ်။ သတိထားရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ သရက်ဦး ဘုန်းတော်ကြီးကျောင်းက ဘုရားကြီးကို မဖွယ်မရာ လုပ်ထား တာတွေ အာဏာပိုင်တွေလည်း ဖြစ်နိုင်တယ်။ တိုင်းပြည်မှာ ရှုပ်ထွေးနေတဲ့ နိုင်ငံရေး ပြဿနာတွေ ပေါ်ပေါက်နေတဲ့ အတွက် ဘာသာရေး အဓိဂရုဏ်း မဖန်တီးနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး ဟု သူက ပြောသည်။
ယခု လုပ်ရပ်မှာ အနီးအနားမှ မွတ်ဆလင်များက ပြုလုပ်သည်ဟု သတင်းထွက်နေပြီး ဒေသခံ ရခိုင် ဗုဒ္ဓဘာသာဝင်များက အထူး မကျေမနပ် ဖြစ်နေကြောင်း သတင်း ရရှိသည်။

သဘာဝဓာတ်ငွေ့ တရုတ်ကိုရောင်းထား၍ ဒေသအကျိုးမသုံးနိုင်။

ရခိုင်ပြည်နယ် ကမ်းလွန်ဒေသက ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကို ဒေသအကျိုး အတွက် အနည်းငယ်တောင် အသုံးပြု့လို့မရဘူးလို့ စွမ်းအင်ဝန်ကြီးက ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကနေ ဒေသမီးလင်းရေး အသုံးပြု့ဖို့ အစီအစဉ်ရှိမရှိ ရခိုင်ပြည်နယ် ကျောက်ဖြူမဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးဘရှင်က ပြည်သူ့လွှတ်တော်မှာ ဒီနေ့ မေးမြန်းတာကို စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက အဲဒီလိုဖြေကြားလိုက်တာလို့ မြေပုံမြို့နယ် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပြပါတယ်။

“ဒါတွေက တရုတ်ပြည်ကို ရောင်းထားတာ။ အဲဒီမှာသတ်မှတ်ချက်အတိုင်းပဲ အပြည့်ပေးရမှာမို့လို့ ဖောက်ပြီးတော့ သုံးစွဲဖို့ဆိုတာ မဖြစ်နိုင်ဘူး။ စာချုပ်စာတမ်းနဲ့ လုပ်ထားတာမို့လို့ အဲဒီအတိုင်း မပြည့်မီရင် လျော်ပေးရမှာ ဖြစ်တယ်။ အဲဒါကြောင့် ဒီတောင်းဆိုချက်ဟာ မဖြစ်နိုင်ဘူးလို့ သူက ပြန်ဖြေပါတယ်။ ဘာတခုမှကို မရလိုက် ပါဘူး။ သူတောင်းစားလိုပေါ့ဗျာ။ လက်ဖြန့်ပြီး တောင်းခံတော့လည်း မပေးဘူးဗျ။”

စွမ်းအင်ဝန်ကြီးရဲ့ အခုပြောကြားချက်ဟာ ပြီးခဲတဲ့ရက်ပိုင်းက အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးက ပြောဆိုခဲ့တာနဲ့ ကွဲလွဲနေပါတယ်။ လျှပ်စစ်ဝန်ကြီးက ရခိုင်ကမ်းလွန် ‘ရွှေ’ သဘာဝဓာတ်ငွေ့စီမံကိန်းက ထွက်ရှိတဲ့ ဓာတ်ငွေ့တွေကို နိုင်ငံတော်ရဲ့ စက်မှုကဏ္ဍတွေကို ဦးစားပေး ပို့လွှတ်မယ်လို့ ပြောခဲ့တာပါ။

စွမ်းအင်ဝန်ကြီးရဲ့ ပြောဆိုချက်မှာ ကိုရီးယားနိုင်ငံ ဒေ၀ူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်းက ဦးဆောင်ပြီး အိန္ဒိယနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပြုလုပ်နေတာလို့လည်း ဆိုပါတယ်။

ဒီစီမံကိန်းက ထွက်ရှိမယ့် သဘာဝဓာတ်ငွေတွေကို တရုတ်နိုင်ငံကို စီမံကိန်း ကာလ နှစ် ၃၀ ရောင်းချဖို့ သဘောတူထားတာပါ။

ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားရရှိရေးအတွက်ကိုတော့ ရေအားလျှပ်စစ် စီမံကိန်းတွေ ဆောင်ရွက်ပေးမယ်လို့လည်း စွမ်းအင်ဝန်ကြီးက ပြောပါတယ်။ ပြည်နယ်တွင်းက ထွက်ရှိတဲ့ သဘာဝ ဓာတ်ငွေ့ ရောင်းရငွေတွေကို ပြည်နယ်ရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးဆိုင်ရာ ကဏ္ဍတွေမှာ အနည်းငယ် ပြန်လည် အသုံးပြုပေးဖို့ ဒီအရင်ကလည်း ရခိုင်ကိုယ်စားလှယ်တွေက လွှတ်တော်တွင်း မေးမြန်းဖို့ ကြိုးစားခဲ့ကြပေမယ့် ပယ်ချခံရဖူးပါတယ်။

အာဆီယံ ညီလာခံတွင် အမေရိကန်နှင့် ရုရှ သမ္မတတို့ တက်မည် ။

လာမည့် နိုဝင်ဘာ ၁၄မှ ၁၉ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပမည့် ၁၉ ကြိမ် မြောက်၊ အရှေ့တောင် အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီး အစည်းအဝေးပွဲသို့ အမေရိကန် သမ္မတ ဘာရက်အိုဘားမားနှင့် ရုရှသမ္မတ ဒီမီထရီ မက်ဗီဒက်တို့ တက်ရောက်မည် ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက ဘာလီတွင်ပင် ပြုလုပ်ခဲ့သည့် အာဆီယံ ဒေသတွင်း ဖိုရမ်တွင် အမေရိကန်၏နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် တက်ရောက်ခဲ့ကာ၊ ယခု ထိပ်သီး အစည်းအဝေးတွင်မူ သမ္မတ အိုဘားမား ကိုယ်တိုင် လာရောက်မည် ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှလည်း အဆိုပါ ထိပ်သီးညီလာခံသို့ သမ္မတ ဦးသိန်းစိန်တက် ရောက်မည်ဟု နေပြည်တော်ရှိ သတင်း ရပ်ကွက်များက ပြောသည်။

မြန်မာနိုင်ငံသည် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရန် အသင့်ဖြစ်နေရာ အဆိုပါ ထိပ်သီးညီလာခံတွင် အလှည့်ကျ ဥက္ကဋ္ဌရာထူးနှင့် ပတ်သတ်သည့် အာဆီယံ၏ ဆုံးဖြတ်ချက် အပြီးသတ် ချမည် ဟုလည်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြီးခဲ့သည့် သြဂုတ်လ အတွင်းက တရားဝင် ပြောကြားခဲ့သည်။

ထိုထိပ်သီး အစည်းအဝေး မတိုင်ခင် လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာမာတီနာတာလီဂါဝါ ခေါင်းဆောင်သည့် သံအဖွဲ့ အောက်တိုဘာလ အတွင်းမြန်မာနိင်ငံသို့ လာရောက် လည်ပတ်ရန်လည်း ရှိနေသည်။

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ထင်သာမြင်သာသည့် ဆန္ဒခံယူပွဲလုပ်ရန် တောင်းဆို။

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ထင်သာမြင်သာ ရှိတဲ့ ပြည်သူလူထုအားလုံးရဲ့ ဆန္ဒကို တိုက်ရိုက်ခံယူတဲ့ (Referendum) နည်းနဲ့ ဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက တိုက်တွန်းလိုက်ပါတယ်။


ဦးခင်မောင်ဆွေ

ဒီလ ၂၇ ရက်နေ့စွဲနဲ့ NDF က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အစိုးရ အပါအ၀င် လွှတ်တော်အရပ်ရပ်ကို တိုက်တွန်း တောင်းဆိုလိုက်တာ ဖြစ်ပြီး ဒါနဲ့ ပတ်သက်လို့ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက အခုလို ပြောပါတယ်။

“အချုပ်အခြာအာဏာ ပြည်သူမှာ တည်တဲ့အတိုင်းပဲ ပြည်သူ့ဆန္ဒကို ဦးထိပ် ထားပြီးတော့ လေးစားမယ် ဆိုလို့ရှိရင် ဒီလို တဦးတယောက်၊ တဖွဲ့တသင်း အစိုးရ တရပ်၊ လွှတ်တော်တခုကနေ ဆုံးဖြတ်ခြင်းထက် ကျနော်တို့ ပြည်သူတရပ်လုံး ပါတဲ့ ပြည်သူ့ဆန္ဒခံယူပွဲ တိုက်ရိုက်ဒီမိုကရေစီကျင့်စဉ်နဲ့ ဆုံးဖြတ်မှသာလျှင် မှန်ကန်လိမ့်မယ်လို့ ကျနော် အလေးအနက် ယူဆယုံကြည်ပြီး ဖြစ်ပါတယ်။ နောက်ပြီးတော့ အဲဒီလိုမှ မလုပ်နိုင်ဘူး ဆိုရင်လည်း အငြင်းပွားဖွယ်ကိစ္စ အနာဂတ် မျိုးဆက်တွေကို သဘာဝကျိမ်စာတွေ ကျန်ခဲ့စေမယ့်ဟာမျိုး မပေးဖြစ်ခဲ့နိုင်အောင် ကျနော်တို့က ဒါကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားခြင်းက ပိုပြီးတော့ ကောင်းမြတ်မယ်လို့ ယူဆလို့ အာလုံးဆိုင်တဲ့ ဧရာဝတီ မို့လို့ ကျနော်တို့က ဒီဟာကို အခု သဘောထားပေးပြီးတော့ လွှတ်တော်ကိုသော်လည်းကောင်း၊ အစိုးရကို သော်လည်းကောင်း တိုက်တွန်းခြင်း ဖြစ်ပါတယ်။”

ဒါ့အပြင် ဆန္ဒခံယူပွဲ (Referendum)ရဲ့ ထင်သာမြင်သာ ရှိမှုအတွက် ကုလသမဂ္ဂ အပါအ၀င် အာဆီယံအဖွဲ့တွေရဲ့ ပါဝင်စောင့်ကြည့်မှုတွေ ပြုလုပ်ပေးဖို့ကိုလည်း ဦးခင်မောင်ဆွေက တိုက်တွန်းပြောကြားလိုက်ပါတယ်။

“ပြည်သူ့ဆန္ဒ ခံယူတဲ့နေရာမှာလည်း အင်မတန်ကို ထင်သာမြင်သာ ရှိတဲ့ အဖွဲ့အစည်းတွေရဲ့ ကြီးကြပ်မှုနဲ့ ပြီးတော့ နိုင်ငံတကာ ဆည်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းကြီးလည်း ရှိတာကိုး။ ရှိတော့ ဒီလို မြစ်စုံကိစ္စကို ဆန္ဒခံယူမယ် ဆိုလို့ရှိရင် ကုလသမဂ္ဂလို သို့မဟုတ် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်တာကြောင့်မို့ အာဆီယံ နိုင်ငံတွေက ကြီးကြပ်ပြီးတော့ လာရောက် လုပ်ပေးတဲ့ဟာမျိုး ဆိုရင်တော့ ပိုပြီးတော့ သင့်တော်တာပေါ့ဗျာ။ ဒါကတော့ အစိုးရပိုင်းနဲ့ လွှတ်တော်ပိုင်းက စဉ်းစားရမယ့် ကိစ္စဖြစ်လို့ —။”

လက်ရှိအခြေအနေမှာတော့ အစိုးရက ဧရာဝတီမြစ်ဆုံနဲ့ အထက်ဘက် မေခ-မလိခမြစ်ဝှမ်းတွေ ရေအားလျှပ်စစ်စီမံကိန်း ရှစ်ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်မှု ၁၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်းနဲ့ ချီဗွေငယ် ရေအားလျှပ်စစ်စီမံကိန်းက ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ကျန်စီမံကိန်း ၆ ခုမှာ စူးစမ်းလေ့လာရေးနှင့် တည်ဆောက်ရေးအကြိုလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

အခြားပညာရှင်တွေကတော့ အစိုးရဲ့ မြစ်ဆုံစီမံကိန် အကောင်းအထည် ဖော်မှုတွေဟာ ၂၀ ရာခိုင်နှုန်းပြီးစီးနေပြီလို့လည်း ပြောဆိုနေကြပါတယ်။

အစိုးရ ထဲ ၂ ပိုင်းကွဲနေ၊ ပိတ်ဆို့မှုကြောင့် တရုတ်အစိုးရကို ပိုမို မှီခိုရမည်ဟုဆို။

မြန်မာ အစိုးရအဖွဲ့ထဲမှာ သဘောထားတင်းမာသူ နဲ့ အလယ်အလတ်သမားတွေ ဆိုပြီး ရှိနေပါတယ်လို့ ဘန်ကောက်ပို့စ်အင်တာနက်ဝက်ဆိုက်မှာ စက်တင်ဘာ ၂၇ ရက်နေ့ အာဘော်တခုက ဆိုပါတယ်။
စာရေးသူက အမည်မဖော်တဲ့၊ တာဝန်ထမ်းဆဲဖြစ်တဲ့ အတွေ့အကြုံရင့် အရာရှိတဦးလို့ ဆိုပါတယ်။

အစိုးရ ၂ ပိုင်းကွဲနေ
"အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲပြီး နည်းလမ်းရှာခြင်းဖြင့် ဒီမိုကရေစီဖော်ဆောင်နိုင်မည်ဟု ယုံကြည်သည့် အစိုးရအရာရှိများ ရှိပါသည်။ ဤ အလယ်အလတ်အတွေးအခေါ်ရှိသည့် အရာရှိများက နိုင်ငံရေး အပြောင်းအလဲကို လွတ်လပ်စွာ ဖောင်ဆောင်နိုင်ခြင်း မရှိပေ" တဲ့။

"နိုင်ငံရေးအပြောင်းအလဲကို ဆန့်ကျင်သည့် အရာရှိများလည်း ရှိသည်။ ထိုသို့ သဘောထားတင်းမာသူများက အစိုးရအဖွဲ့အတွင်း အင်အားကောင်းနေသည်" လို့လည်း ဆိုပါတယ်။ နာမည်တွေ ရေးမထားပါ။

"အလယ်အလတ်အတွေးအခေါ်ရှိသည့် အရာရှိများ အင်အား နည်းနေသည်။ ဤအရာရှိတို့ အင်အားကောင်းပါမှ နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်နိုင်သည်၊ အပေါ်စီး မရပါက နိုင်ငံရေးပွင့်လင်းမှုအတွက် အချိန်များစွာ ယူရဦးမည်"လို့ ဆိုပါတယ်။

စာရေးသူ ဘယ်သူလဲ
နာမည် တပ်မထားပါ။ ကလောင်အမည်ဝှက်တောင် မတပ်ပါ။ သူ့စာမူကို မြန်မာပြည်နိုင်ငံရေးဖြစ်ထွန်းမှုများ - Understanding Burma's political development လို့ ခေါင်းတပ်ပါတယ်။ အတွင်းသိတဦး၏အမြင် တဲ့။ ဘန်ကောက်ပို့စ်ရဲ့ ရှင်းချက်မှာတော့ စာရေးသူဟာ ယခင်ကရော ယခုကာလတွင်ပါ ထိပ်တန်းအရာရှိတဦးအဖြစ် တာဝန်ယူထားသူ၏ စာမူဟု ဆိုသည်။ သူက စစ်တပ်တွင် တာဝန်ထမ်းခံဖူးသူဖြစ်သည်။ သူ့လုံခြုံရေးအတွက် အမည်ဖော်ပြခြင်း မပြု တဲ့။သူ့စာထဲမှာလည်း ပြီးခဲ့သည့် နှစ် ၄၀ အတွင်း ဌာနအသီးသီးတွင် တာဝန်ယူခဲ့ဖူးသူ ဆိုပြီး သူ့ကိုယ်သူ ညွှန်းထားပါတယ်။
တကယ်ပဲ လုပ်သက် ၄၀ ရှိ အတွင်းသိပဲ ထားပါတော့။ သူ ဘယ်သူလဲ ဆိုတာထက် သူဖွင့်ချတာတွေ ဟုတ်မဟုတ် ဆိုတာက ပို အဓိက ကျပါတယ်။

"နိုင်ငံရေးအကျဉ်းသားဟုဆိုသူများ"ကို မလွှတ်ပေးသည့်အတွက် အစိုးရကို တချို့က ဝေဖန်နေကြသည် ဆိုတဲ့ အရေးအသားမျိုးကိုကြည့်ရင်တော့ အတွင်းသိတဦး၊ အစိုးရထဲကလူ ဆိုတာတော့ ဟုတ်ပုံရတယ်။
"ယခင်အစိုးရအာဏာပိုင်တို့က နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက် အစွမ်းကုန်လုပ်ဆောင်ခဲ့သည်" ဆိုတဲ့ အရေးအသားကြောင့်လည်း ဒီဆရာဟာ ဒီပုတ်ထဲက ဒီပဲ ဆိုတာ သေချာပါတယ်။ ဒီဆရာဟာ ဦးဝဏ္ဏမောင်လွင်များလား။ သမ္မတရဲ့အကြံပေးအရာရှိ ဒေါက်တာ နေဇင်လတ်လား။ မသိပါ။

တရုတ်အစိုးရကို ပိုမို မှီခိုရမည်
စီးပွားရေးပိတ်ဆို့မှု အလုပ်မဖြစ်ဘူး၊ ရုပ်သိမ်းကြစမ်းဗျာ လို့ ဒီစာမှာ တွေ့ပါတယ်။ ဒီစာ ဘန်ကောက်ပို့စ်မှာ ပါတဲ့ အချိန်မှာပဲ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလသမဂမှာ အလားတူ အော်ချက် ထုတ်ပါတယ်။ ပိတ်ဆို့မှု ရုပ်သိမ်းပါ၊ အကျဉ်းသား လွှတ်ပါမယ် တဲ့။ ဒီဆရာကတော့ ဦးဝဏ္ဏမောင်လွင်လို အကျဉ်းသားလွှတ်မယ်လို့ အာမ မခံပါဘူး။

"အနောက်နိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှု ဆက်လုပ်လျှင်၊ ထပ်မံ တိုးချဲ့လျှင် မြန်မာပြည်က တရုတ်နှင့် ပိုမို နီးကပ်သွားမည်ဖြစ်သည်" တဲ့။ တရုတ်ကို အသားပေးပါတယ်။ ပိတ်ဆို့မှုကြောင့် တကယ်ပဲ ဒီအစိုးရ ဒုက္ခရောက်နေသလား။ နာမည်ပျက်လို့ ထိုင်အော်နေတာများလား။

"တရုတ်အစိုးရ၏ လက်အောက်ခံဖြစ်သွားမည်ကို ကျွန်ုပ်တို့ မလိုလားပါ။ သို့သော်လည်း အနောက်နိုင်ငံတို့က ချောင်ထဲသို့ တွန်းပို့လျှင် ကျွန်ုပ်တို့အနေဖြင့် တရုတ်ကို ပိုမို မှီခိုရန်မှတပါး တခြား ရွေးစရာနည်းလမ်း မရှိတော့ပေ" တဲ့။ ဒါလည်း ယုတ္တိ မရှိပါဘူး။ တရုတ်ကြီးကပဲ နေပြည်တော်နဲ့ ရွှေလမ်းခင်းနေတာမဟုတ်။ အာဆီယံကိုကိုမမများလည်း နေပြည်တော်ကို ရွှေတံတား ခင်းနေတာ မဟုတ်ဘူးလား။ ဒဏ်ခတ်ပိတ်ဆို့မှု ဆိုတာ ကျောက်တုံးကြီးမဟုတ်ဘဲ သူတို့ အသည်းခိုက်အောင် နာတဲ့ မြားတစင်း ဖြစ်နေပြီ ထင်ပါတယ်။

စိတ်ရှည်ပါ
နှစ် ၄၀ လုပ်သက်ရှိတယ် ဆိုတော့ နှစ် ၄၀ စကားလုံးပဲ ပြန်သုံးရပါတယ်။ စိတ်ရှည်ပါ တဲ့။
"တိုင်းပြည်၏ လူမှု၊ စီးပွား၊ နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရန် အချိန်ယူမည်၊ အစိုးရသစ်ကို စိတ်ရှည်သည်းခံပေးရန် လိုအပ်ကြောင်း နိုင်ငံခြားအစိုးရများ၊ သက်ဆိုင်ရာ ပြည်သူများကို သိစေလိုသည်" တဲ့။
သူကတော့ ပြောပါတယ်၊ အစိုးရသက်တမ်း ၆ လပဲ ရှိသေးတယ်၊ စိတ်ရှည်ပါ တဲ့။ ဒီစကားလုံးက စစ်ဗိုလ်ချုပ်ကြီးများ တွင်တွင်သုံးခဲ့တာမဟုတ်လား။

အာဏာသိမ်းပစ်မယ်
စာအရေးအသားတော့ အင်မတန် ကောင်းပါတယ်။ အချက်အလက် စုံလင်တယ်။ ပြောချင်တာတွေကို လိုတိုရှင်း အကုန် ပါအောင် ပြောသွားတယ်။ လန်းတယ်။
"မြန်မာပြည်တွင် တပ်မတော်က အင်အားကြီးသော အဖွဲ့အစည်းဖြစ်နေဆဲပင်။ အကြောင်းပြချက်ကောင်းရှိလျှင် တပ်ခေါင်းဆောင်တို့က အချိန်မရွေး အာဏာသိမ်းရန် ၀န်လေးမည်မဟုတ်" တဲ့။ ကျုပ်ပြောနေတာတွေ သေချာစဉ်းစားကြနော်။ ကျုပ်ပြောသလို မလုပ်ရင် ဒုံရင်း ပြန်ဖြစ်သွားမယ် တဲ့။ ဒါတော့ ပြောနေတာ ကြာပေါ့။

သဘောထားကြီးမှု
ဒေါ်အောင်ဆန်းစုကြည်ကို ခနဲ့တဲ့ တိုက်ခိုက်တဲ့ အရေးအသားမျိုး သူ့စာမှာ လုံးဝ မတွေ့ရပါ။ "မှတ်ပုံတင်မထားသည့် NLD ကို အထိုက်အလျောက် လွတ်လပ်စွာ လုပ်ရှားနိုင်ရန် အစိုးရက ခွင့်ပြုထားသည်" နဲ့ "သမ္မတကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပြီးပြီ။ နိုင်ငံအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူကြသည်" ဆိုတာတွေပဲ တွေ့ရပါတယ်။
ရန်သူကို လှုပ်ရှားခွင့်ပြုထားတာ နည်းတဲ့သဘောထားကြီးမှုမှမဟုတ်ဘဲ။

သတိပေးချက်
"အစိုးရက မကြာမီ စီးပွားရေး နှင့် နိုင်ငံရေးဆိုင်ရာ မူဝါဒများကို ချမှတ်တော့မည်။ တိုင်းပြည်၏ စီးပွားရေး နိုင်ငံရေး ပြဿနာများကို ထိုမူဝါဒသစ်တို့ဖြင့် ကုစားမည်" လို့ ဆိုထားသလို "မြန်မာပြည်တွင် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုကိုသာ လိုသည်။ ထိပ်တိုက်ရင်ဆိုင်မှုကို မလိုအပ်ပေ" လို့လည်း သတိပေးထားပါတယ်။

ထိပ်တိုက်ရင်ဆိုင်တာ မလုပ်နဲ့လို့ နိဂုံးမှာ ခြိမ်းခြောက်ပါတယ်။ သူကတော့ ခြိမ်းခြောက်တဲ့သဘော ရေးတာ ဟုတ်ချင်မှ ဟုတ်ပါမယ်။

သုံးသပ်ချက်
ဒီစာက မူဝါဒရေးဆွဲသူ ချမှတ်သူတွေကို ပစ်မှတ်ထားတာသေချာပါတယ်။ ဒဏ်ခတ်ပိတ်ဆို့တဲ့ ဆရာကြီးနိုင်ငံတွေက ဆရာ့ဆရာကြီးတွေလည်း အခုလောက်ဆို ဒါကို ဖတ်ပြီးသလောက် ရှိမှာပါ။ ဒီစာဟာ သူပြောသလို အစိုးရအဖွဲ့ထဲက အတွင်းသိတဦး ရေးတာ ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ ၀ါရင့် သံတမန်များက နိုင်ငံတကာမှာ ပါးစပ်က အမြှုပ်ထွက်မတတ် ပြောနေတာတွေ ဖြစ်နိုင်ပါတယ်။

ရေးတာ ပြောတာတွေချည်းပဲ မဟုတ်ဘဲ လုပ်ပြ လှုပ်ပြမှ ဟိုဆရာကြီးများက သဘောကျမှာပါ။ နိုင်ငံရေးသမား တရာလောက် ပါတဲ့ အကျဉ်းသား နှစ်သောင်းလောက် လွှတ်ပြတာမျိုးပေါ့လေ။ အနည်းဆုံးတော့ အဲဒီလိုမျိုးလေးတွေ ၆ လ တခါလောက် လုပ်ပြသင့်ပါတယ်။ ဒါဆို အနောက်က ဆရာ့ဆရာကြီးတွေကို ချွေးသိပ်နိုင်ပါပြီလေ။

ကချင်ပြည်နယ် အန်ဒီအက်ဖ်ပါတီ စည်းရုံးရေးတာဝန်ခံ ဒေါ်ဘောက်ဂျာ တိမ်းရှောင်နေရ။

ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ရဲ့ စည်းရုံးရေးတာဝန်ခံ ဒေါ်ဘောက်ဂျာက ရန်ကုန်ကနေ ကချင်ပြည်နယ်အသွားလမ်းမှာ သူ့ကို ရဲက တားဆီးမယ်လို့ကြားလို့ ရှောင်တိမ်းပုန်းအောင်းနေရတယ်လို့ ပြောပါတယ်။

“ကချင်ပြည်နယ် စည်းရုံးရေးတာဝန်ခံဆိုတော့ လူငယ်တွေကို အမြင်ဖွင့်ပေးတဲ့ သင်တန်းလေးတွေ လုပ်ဖို့ဆိုပြီးတော့ ရန်ကုန်ကနေ မြစ်ကြီးနားကို တက်လာတာပေါ့လေ။ လမ်းမှာ ရဲတွေက တားဆီးရှာဖွေတာတွေ ကြားရတော့ ဘူတာမှာလည်း စောင့်နေတယ်၊ အိမ်မှာလည်း စောင့်နေတယ်ဆိုတော့ အဲဒီလို သတင်းကြားတာနဲ့ မြစ်ကြီးနား မရောက်ဘဲနဲ့ တခြားနေရာမှာ ရှောင်နေရတာပေါ့လေ။ မန္တလေး ဆက်သွားမယ်ဆိုရင် ဦးမြင့်တင်ရဲ့ အိမ်ပတ်လည်မှာ ရဲတွေ စောင့်နေတာတို့ ဘာတို့ပေါ့ အဲလို ဖြစ်နေတော့ မန္တလေးလည်း မဆင်းဖြစ်ဘဲ လမ်းခုလတ်မှာ ရှောင်နေရတာပေါ့။”

အခုလ ၂၂ ရက်နေ့ကတည်းက ရန်ကုန်ကနေ ထွက်ခွာသွားတာ ဖြစ်ပေမယ့် တားဆီးစစ်ဆေးမယ့် သတင်းကြောင့် မြစ်ကြီးနားလည်းမရောက်၊ ရန်ကုန်လည်း မပြန်နိုင် ဖြစ်နေတယ်လို့ ပြောပါတယ်။ အာဏာပိုင်တွေအနေနဲ့ အခုလို တားဆီးမှုလုပ်တာဟာ မြစ်ဆုံရေကာတာ ကန့်ကွက်ရေးလှုပ်ရှားမှာကို စိုးရိမ်တာ ဖြစ်တယ်လို့ ဒေါ်ဘောက်ဂျာက မှတ်ချက်ပေးပါတယ်။

“သူတို့အနေနဲ့က ကျမက ကချင်ပြည်နယ်တက်လာတယ်ဆိုတော့ မြစ်ဆုံ အဓိကလုပ်မယ်လို့ ထင်လို့ ဖြစ်ပါလိမ့်မယ်။ မြစ်ဆုံကိစ္စကတော့ လောလောဆယ် ဘာမှ မလုပ်သေးပါဘူး။”

ဒေါ်ဘောက်ဂျာဟာ မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက် လှုပ်ရှားဆောင်ရွက်မှုမှာ ပါဝင်သူဖြစ်ပြီး အခုနှစ် ဇန်န၀ါရီလက ကချင်ပြည်နယ်က လယ်သိမ်းမှုနဲ့ ပတ်သက်ပြီး လယ်သမားတွေကို ကူညီတရားစွဲဆိုခဲ့သူ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာလည်း ဒေါ်ဘောက်ဂျာဟာ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ကိုယ်စားပြုပြီး ကချင်ပြည်နယ် ဖားကန့်မြို့နယ် မဲဆန္ဒနယ်မှာ ဝင်ရောက် ယှဉ်ပြိုင်င်ခဲ့ပါတယ်။ ဒါပေမယ့် ကြံ့ဖွံ့ပါတီကိုယ်စားလှယ် စစ်ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်ကို ရှုံးနိမ့်ခဲ့ပါတယ်။
ဒေါ်ဘောက်ဂျာ

ဧရာဝတီအတွက် လှုံ့ဆော်စာတမ်း လူမြင်ကွင်းကနေ ဖြုတ်ခံရ။

ဧရာဝတီတိုင်း ကျုံပျာ်မြို့နယ် ရဲစခန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာ စိုက်ထူထားတဲ့ “ဧရာဝတီမြစ်ကို ထိန်သိမ်းကာကွယ်ကြပါစို့ ဆိုတဲ့ နဖူးစည်းစာတမ်းကို ဖြုတ်ယူနေရာရွှေ့ခဲ့တဲ့အတွက် တရားဝင် ကန့်ကွက်ထားတယ်လို့ အဖွဲ့ချုပ် မြို့နယ်တာဝန်ရှိသူ ဦးစိန်လှိုင်က ပြောပါတယ်။

အဖွဲ့ချုပ်မြို့နယ် ဥက္ကဋ္ဌနေအိမ်မှာ အခြေပြုတဲ့ မြို့နယ်ရုံးရှေ့မှာ ဒီလ ၂၄ ရက်နေ့က နဖူးစည်းစာတမ်းနှစ်ခုတင်ခဲ့ပြီး အဲဒီနေ့မှာပဲ အဲဒီရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ကျုံပျော်ရဲစခန်းက ဒု-ရဲအုပ်တဦး ခွင့်မတောင်းဘဲ ခြံအတွင်း ၀င်ရောက်ပြီး နေရာရွှေ့သွားတဲ့အပေါ် ကန့်ကွက်ထားတာပါလို့ ဦးစိန်လှိုင်က ပြောပါတယ်။

“ပထမတော့ ကျနော်တို့ ထောင်ထားတာက မြင်မြင်ထင်ထင်နဲ့ အများမြင်နိုင်အောင် လုပ်ထားတဲ့ကိစ္စကို သူတို့ကလာပြီးတော့ အထဲကို ရွေ့သွားတယ်။ ရွေ့သွားတော့ ၂၆ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို ကန့်ကွက်စာ ပို့ထားတယ်ဟု ဦးစိန်လှိုင်က ပြောပါသည်။

နောက်ပြန်မဆုတ်တဲ့ အပြောင်းအလဲများ ဖြစ်စေဖို့ ဘန်ကီမွန်း တိုက်တွန်း။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ မြန်မာ့မိတ်ဆွေများ အဖွဲ့ အစည်းအဝေးကို မနေ့က နယူးရောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံမှာ မကြာသေးခင်က ပေါ်ပေါက်လာတဲ့ တိုးတက်မှုတွေကို ကုလသမဂ္ဂ အနေနဲ့အသိအမှတ်ပြုတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းပြောပါတယ်။

ဒ့ါအပြင် ပြောင်းလဲနေတဲ့ ကမ္ဘာနဲ့အညီ ရင်ဘောင်တန်း လိုက်နိုင်အောင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲဖို့ အတွက် သမ္မတဦးသိန်းစိန်ရဲ့ ကတိကိုလည်း ကြိုဆိုတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ တိုးတက်မှု အတွက် အခွင့်အရေးတွေ ရှိနေတယ် ဆိုပေမယ့် အားလုံး ပါဝင်ပြီး နောက်ပြန်မဆုတ်တဲ့ အသွင်ကူးပြောင်းမှု ဖြစ်ဖို့ အစိုးရဘက်က ကြိုးစား ဆောင်ရွက်ပေးဖို့ အတွင်းရေးမှုးချုပ်က မြန်မာအစိုးရကို တိုက်တွန်းသွားပါတယ်။

ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ တကယ်ဖြစ်လာဖို့ မျှော်လင့်နေတယ်လို့ အထွေထွေ ညီလာခံမှာ လေ့လာသူအဖြစ် တက်ရောက်နေတဲ့ အဝေးရောက် ညွန့်ပေါင်း အစိုးရ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆွေးနွေးမှုအပေါ်   နိုင်ငံတကာက မျှော်လင့်မှု ထားရှိပေမဲ့ တချိန်ထဲမှာ တိကျတဲ့ ရလာဒ်တွေ ထွက်ရှိဖို့နဲ့ နောက်ကြောင်း ပြန်မဆုတ်တဲ့ ဒီမိုကရေစီရေး ပြောင်းလဲမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဦးတည်သွားဖို့ ရလာဒ်ကောင်းတွေကို   မြင်ချင်တဲ့ကြောင်း   ပြောသွားတယ်လို့ ဒေါက်တာ သောင်းထွန်းက ပြောပြပါတယ်။

 မြန်မာနိုင်ငံမှာ ပြောင်းလဲမှု ဖြစ်နေတယ် ဆိုတဲ့အချက်ကို သူအပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေက သဘောတူ လက်ခံကြတယ်လို့လည်း အတွင်းရေးမှုးချုပ်က ပြောပါတယ်။ ဒါအပြင် နိုင်ငံရေး လှုပ်ရှားသူ အားလုံး ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေး အကောင်အထည် ဖေါ်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းသွားပါတယ်။ ညီလာခံမှာ မြန်မာနိုင်ငံခြားရေး ၀န်ကြီးက မြန်မာအစိုးရသစ် အနေနဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် မကြာခင် ထုတ်ပြန်ဖို့ စဉ်းစားနေတယ်လို့ ပြောသွားတဲ့ အချက်ကိုလည်း သူရဲ့ ထုတ်ပြန်ချက်မှာ ကိုးကား ဖေါ်ပြထားပါတယ်။

စစ်မှန်တဲ့ အပြောင်းအလဲ မတွေ့ရသေးလို့ ကင်တားနားပြော။

သမ္မတဦးသိန်းစိန်ရဲ့ အစိုးရက ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာဖို့ ကတိပေးလိုက်တာကို ကြိုဆိုပေမယ့် မြန်မာနိုင်ငံမှာ အခုချိန်ထိ စစ်မှန်တဲ့ အပြောင်းအလဲတွေ မတွေ့ရသေးဘူးလို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကင်တားနားက ပြောကြားလိုက်ပါတယ်။

" မြန်မာနိုင်ငံမှာ အမှန်တကယ် ပြုပြင်ပြောင်းလဲတဲ့ အခြေခံ အဆင့်မျိုးဆိုတာ ကျနော်တို့ မတွေ့ရသေးပါဘူး။ ရှေ့လာမယ့် အောက်တိုဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ကျနော်တင်သွင်းမှာပါ။ အဲဒီအချိန်ဟာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အတွက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ကောင်းမွန်လာဖို့ ထိရောက်တဲ့ အရေးယူမှု လုပ်ပေးရမယ့် အခွင့်အရေး တရပ်ပါပဲ" လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

 နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စမှာလည်း အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ထပ်ပြီးပေးဖို့ သမ္မတက စဉ်းစားနေတယ် ဆိုပေမယ့် လက်တွေ့မှာ အကောင်အထည်ဖေါ် ဆောင်ရွက်တာ မတွေ့ရသေးဘူးလို့ သူက ပြောပါတယ်။ ရှေ့လမှာ တင်သွင်းမယ့် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာဟာ ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေမှာ အသုံးဝင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 ဒ့ါအပြင် ပြုပြင်ပြောင်းလဲရေး လက်တွေ့လုပ်ဖို့ မြန်မာ အာဏာပိုင်တွေ အတွက်လည်း အစီရင်ခံစာဟာ အထောက်အကူ ပြုနိုင်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ ကင်တားနားက ပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက သူ့ကို ၂၀၀၈ ခုနှစ်မှာ တာဝန် ပေးအပ်ခဲ့ပြီး နောက်ပိုင်းမှာ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို လေးကြိမ် သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။

ပါတီမှတ်ပုံတင်ရေး NLD စောင့်ဆိုင်း။

မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ အားလုံးပါဝင်ခွင့် ရစေဖို့ နိုင်ငံတကာ အသိုင်းအ၀န်းက လိုလားနေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ အဓိက နိုင်ငံရေး အင်အားစုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနေနဲ့ တရားဝင် မှတ်ပုံတင်နိုင်ရေးကို မျှော်လင့်နေပါတယ်။

အစိုးရသစ် တက်လာချိန်ကစလို့ အပြောင်းအလဲတွေ လုပ်သွားမယ်လို့ ကတိပေးထားတဲ့အတိုင်း အစိုးရသစ် အကောင်အထည်ဖော်တဲ့ နေရာမှာ တချိန်က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD လို ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံရေး အင်အားစုတွေကို ဘေးဖယ်မထားဖို့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း လိုလားနေကြတာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ် တရပ်အဖြစ် ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲမှာ မှတ်ပုံတင် ပါဝင်တာတွေ မလုပ်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဆုံးဖြတ်ထားပေမဲ့တိုင်းပြည်မှာ ပြန်လည် သင့်မြတ်ရေးအတွက် နိုင်ငံရေးပါတီ တခုအဖြစ် တရားဝင် အသိအမှတ်ပြု လက်ခံဖို့ လိုမယ်လို့ နိုင်ငံတကာ အသိုင်းအ၀န်းက မြင်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး မာ့ခ် ဂရန့်တ် (Mark Grant) က ဆိုရင်လည်း နိုင်ငံရေးပါတီ တခုအဖြစ် အစိုးရက အသိအမှတ် ပြုမထားတဲ့ NLD ပါတီကို မှတ်ပုံတင်ခွင့် ပေးတာလို အစိုးရဘက်က ဆောင်ရွက်တာတွေ မြင်ချင်တဲ့အကြောင်း ကုလသမဂ္ဂ ရုံးချုပ်မှာ အင်္ဂါနေ့နှောင်းပိုင်း ပြုလုပ်တဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ ဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

NLD ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကလည်း ဒီလိုအခြေအနေတွေ ပေါ်ပေါက်လာဖို့ ပါတီအနေနဲ့ မျှော်လင့်နေတဲ့အကြောင်း ပြောပါတယ်။

“NLD ပါတီ မှတ်ပုံတင်နိုင်မယ့် အခြေအနေတရပ် ဖြစ်ဖို့ လိုနေတယ်လို့ ကျနော်တို့ တွက်ထားပါတယ်။ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတဲ့ အချက်တွေကိုတော့ ကျနော်တို့ မသိပါဘူး။ ဒါကြောင့် အဲဒီဆွေးနွေးပွဲရဲ့ သူတို့ မျှော်မှန်းထားတာတွေ ဖြစ်ပေါ်လာဖို့ စောင့်မျှော်နေတာ အခု နည်းနည်း နောက်ကျလာပြီဆိုတဲ့ သဘောတော့ တွေ့တယ်။ ဒါကြောင့် တကယ်လို့ NLD ပါတီ အနေနဲ့ကတော့ မှတ်ပုံတင်နိုင်မယ့် အခြေအနေတခု ပေါ်ပေါက်လာရင်တော့ ကျနော်တို့ ဒီဟာကို စဉ်းစား ဆုံးဖြတ်မှာပါ။ ကြိုတင် ဆုံးဖြတ်ထားတာတော့ မရှိပါဘူး။”

ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကိုတော့ ဒီမိုကရေစီ အခြေခံတွေ ကင်းမဲ့တယ်ဆိုပြီး NLD ပါတီက ပြောဆိုခဲ့သလို မှတ်ပုံမတင်ဘဲ နေခဲ့တဲ့အတွက် တရားဝင် နိုင်ငံရေးပါတီတခု မဟုတ်ဘူးဆိုပြီး အာဏာပိုင်တွေက သဘောထားနေကြတာပါ။ ဒါပေမဲ့လည်း အစိုးရသစ် တက်လာပြီးတဲ့နောက် ပထမဆုံး အကြိမ်အဖြစ် ပြီးခဲ့တဲ့လထဲ သမ္မတ ဦးသိန်းစိန်နဲ့ NLD ပါတီရဲ့ အဓိက ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာလို ဖြစ်ထွန်းမှုတွေ ရှိလာတဲ့အတွက် အခြေအနေတွေ ပြောင်းလဲလာလေမလား မျှော်လင့်ချက်တွေလည်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် မိန့်ခွန်းပြောရာမှာလည်း   မြန်မာနိုင်ငံဟာ   ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ သန္နိဋ္ဌာန် ချထားသလို ရှေ့လျှောက် ဆက်လုပ်သွားမှာလည်း ဖြစ်တယ်လို့ ထည့်သွင်း ပြောဆိုသွားတာပါ။ ဒီအတွက်လည်း မကြာခင်မှာ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ သြစတြေးလျ အမျိုးသား တက္ကသိုလ်က ဆေးဘက်ဆိုင်ရာ မနုဿဗေဒ ပညာရပ်အတွက် မြန်မာနိုင်ငံမှာ လေ့လာခဲ့ဖူးသူ ပါမောက္ခ မိုနစ်ခ် စကစ်ဒ်မိုး (Monique Skidmore) တို့လို အကဲခတ်တွေက မြင်ပါတယ်။

“မြန်မာအစိုးရက သိပ်စကားပြောလေ့ရှိတာ မဟုတ်ပါဘူး။ ကုလသမဂ္ဂမှာလည်း ဒီလိုပြောတတ်တာ မဟုတ်ပါဘူး။ ဒီလို မှတ်ချက်ပေး ပြောဆိုတာတွေဟာ ထူးခြားပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း အပြောင်းအလဲတွေ ဖြစ်နိုင်တယ် ဆိုတာကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြားလူအများအပြားလို သူလည်း ယုံကြည်တဲ့အကြောင်း မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့နဲ့ တွေ့ဆုံအပြီးမှာပဲ ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုခဲ့တာပါ။ ဒီလို တိုးတက်မှုတွေ ထွက်ပေါ်နိုင်တဲ့ အလားအလာတွေ ရှိနေပေမဲ့လည်း တချိန်တည်းမှာ အစိုးရအနေနဲ့ အားလုံးပါဝင်ခွင့်ရှိပြီး နောက်ပြန်ဆုတ်လို့ မရတဲ့ အသွင်ကူးပြောင်းမှုတွေကို ဆောင်ကြဉ်းပေးမယ့် ပြုပြင်ပြောင်းလဲမှုတွေလည်း လုပ်ရလိမ့်မယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်က တိုက်တွန်းထားတာပါ။

ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကတော့ NLD ပါတီ အနေနဲ့လည်း အတွင်းရေးမှူးချုပ်နဲ့ တသဘောတည်း ရှိတဲ့အကြောင်း ပြောပါတယ်။

“မစ္စတာ ဘန်ကီမွန်း ပြောတဲ့ဟာကို ကျနော်တို့လည်း သဘောတူပါတယ်။ အခုဟာက ပြည်သူ့လွှတ်တော်နဲ့ အစိုးရသစ်တွေ ဖြစ်ပြီးတဲ့အခါမှာ သမ္မတရဲ့ အဖွင့်မိန့်ခွန်းရော၊ ပြီးတော့ ပြောကြားချက်တွေအရ ဆိုရင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်မယ်။ အခု လုပ်တော့ လုပ်နေတယ်၊ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှု မဖြစ်လာသေးဘူး။ ဒါကြောင့် မစ္စတာ ဘန်ကီမွန်းက အမြန်ဆုံးလုပ်ဖို့ တိုက်တွန်းတာကို ကျနော်တို့လည်း ကြိုဆိုပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေများ အဖွဲ့နဲ့ ဆွေးနွေးအပြီး မြန်မာနိုင်ငံက အခြေအနေတွေအပေါ် သံတမန်တွေရဲ့ အားမရတဲ့ သဘောထားတွေလည်း ထွက်ပေါ်ခဲ့တာပါ။ မြန်မာနိုင်ငံလည်း အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ရဲ့ လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) ကလည်း မြန်မာနိုင်ငံမှာ ဖြစ်ထွန်းမှုတွေ ရှိနေတာကို လက်ခံကြပေမဲ့ ဆွေးနွေးပွဲအတွင်းမှာ ပါဝင်ကြတဲ့ အဖွဲ့ဝင် နိုင်ငံတွေကြား ဒီထက်ပိုပြီး တိုးတက်မှုတွေကို မြင်တွေ့ချင်တဲ့ မျှော်လင့်ချက်တွေ ရှိနေတဲ့အကြောင်း သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

တောင်၊ မြောက်ဒဂုံမြို့နယ် မိုးသည်းထန်၍ လူနေရပ်ကွက်အချို့ရေမြုပ်။

ယမန်နေ့ နံနက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ဒဂုံနှင့် မြောက်ဒဂုံ မြို့နယ် အချို့တို့တွင် ရေကြီးရေလျှံကာ စာသင်ကျောင်းနှင့် စက်ရုံ အချို့ပိတ်ထားကြရသည်။

“မနက်ကတည်းက ကလေးကိုကျောင်းပို့တော့ ရေကဒူးလောက်ရောက်နေပီ။ နောက် မနက် ၁၀နာရီလောက်ကျတော့ ကလေးတွေ ထိုင်ခုံမှာထိုင်လို့ မရအောင်ကို ရေတွေတက်လာနေလို့ ကျောင်းတွေပိတ်လိုက်ရတယ်” ဟု  ဒေသခံတစ်ဦးက ပြောပြသည်။  
အကူအညီလိုအပ်သူများအား တပိုင်တနိုင်ကူညီရေး အဖွဲ့များက တတ်နိုင်သရွေ့ ကူညီပေးလျှက်ရှိကြသည်။

လူနေရပ်ကွက်အတွင်း ရေများဝင်ရောက်မှုကြောင့် တောင်ဒဂုံမြို့နယ်မှ အမက ၁၁၊ ၁၂၊ ၁၉၊ ၂၂နှင့်၂၃အစရှိသော မူလတန်းကျောင်း ၁၀ကျောင်း ၀န်းကျင် မနက်ကတည်းက ပိတ်ထားခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ရေ၀င်ခဲ့သည့် နေအိမ်အရေအတွက် ခန့်မှန်းခြေ ၅၀၀ ၀န်းကျင်ရှိသည်ဟု အကူအညီပေး သည့်အဖွဲ့တဖွဲ့က ပြောသည်။

တောင်ဒဂုံမြို့နယ်တွင် နေထိုင်သည့် သွေးလှူအကူအညီပေးရေးအဖွဲ့- Blood Group မှ ကိုညီညီက “ မနက်က မိုးအဆက်မပြတ်ရွာပြီးတော့ ၉နာရီခွဲလောက်မှာ မိုးကောင်းပြီး ရေပါလာတယ်။ အဓိကကတော့ မြေနိမ့်ပိုင်းတွေမှာ ပိုရေ၀င်တယ်၊ လက်တပြန်စာ အိမ်တွေဆိုရင် လူတွေလုံးဝ နေလို့မရတော့ဘူး” ဟု ပြောသည်။

သက်ဆိုင်ရာမှ ရေ၀င်လျှက်ရှိသည့် အိမ်များအတွက် အခြားရပ်ကွက်များမှ ထမင်းထုပ် ကောက်ခံပြီး ဝေငှပေးသော်လည်း လုံလောက်မှု မရှိဟု ရပ်ကွက်နေသူများ၏ ပြောသည်။

“ မနက်ကတည်းက ကျွန်မတို့ အိမ်တွေထဲ ရေတွေလိမ့်ဝင်လာတာနဲ့ နီးစပ်ရာအကူညီတောင်းတော့ ညနေပိုင်းမှာ အလှူရှင်တွေ ထမင်းထုပ်လာ လှူကြတယ်။ ရေတက်တော့ အလုပ်သမားတွေ အလုပ်နားရတယ်။ အဲမှာတနေ့လုပ် တနေ့စားတွေ ပိုဒုက္ခရောက်ကြရတယ်”လို့ တောင်ဒဂုံ ၅၄ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောပြသည်။

ရေဘေးဒုက္ခရောက်သူများအတွက် BG မှကိုညီညီနှင့် ကမ်းလက်များ အဖွဲ့မှ သွားရောက်ကာ ထမင်းထုပ် ၃၀၀ကျော်ခန့် ဝေငှပေးကြောင်းသိရသည်။

“ လာဝေတော့ ကျေးဇူးတင်တယ်။ တချို့ဆို အဖိုးကြီးအဖွားကြီး နှစ်ယောက်ထဲ ရှိတဲ့အိမ်တွေမှာ ထမင်းဟင်း မချက်နိုင်ဘူးလေ” ဟု တောင်ဒဂုံ ၅၄ရပ်ကွက်တွင် နေထိုင်သူ မချိုက ပြောသည်။

ထို့သို့ရေ၀င်မှုသည် ယခင်နှစ်များထက်ပိုမို များပြားကြောင်း အချို့နေရာများတွင် ရေတက်သဖြင့် ကား အသွားအလာ ရပ်ဆိုင်းသွားကြောင်းလည်း သိရသည်။

ရန်ကုန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး နေရာအတော်များများတွင် ရေကြီးရေလျှံ၍ ယာဉ်အသွားအလာများပိတ်ဆို့။

ရွှေဂုံတိုင်လမ်း တာမွေ အဝိုင်းထိပ် မှတ်တိုင်တွင် စက်တင်ဘာလ ၂၈ ရက်နေ့ မနက် ၁၀ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးခဲ့ပြီး ကားလမ်းများ ပိတ်နေသည်ကို တွေ့ရစဉ်။

တပ်မ ၉၉ အကျအရှုံး များစွာဖြင်. တပ်ဆုတ်။


-
ကေအိုင်အေ တပ်မဟာ ၄၊ လက်အောက်ခံ တပ်ရင်း ၈ ကို ထိုးစစ်ဆင်ရန်လာသည့် တပ်မ ၉၉ တို့ ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင်ပြန်လည် ဆုတ်ခွာသွားကြောင်းသိရသည်။
-
တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတွင် မြုပ်နှံခြင်းမပြုဘဲချန်ထားခဲ့သည့် အလောင်းခြောက်ဆယ်ကျော်ရှိပြီး အလောင်းအများစုမှာ ငယ်ရွယ်နုနယ်သည့်မျက်နှာများနှင့် ကလေးစစ်သားများဖြစ်ကြောင်းသိရသည်။
-
မြန်မာအစိုးရစစ်တပ်သည်ယင်းတိုက်ပွဲများတွင် ကျေးရွာသားများကို ပေါ်တာအဖြစ်အများအပြားအသုံးပြုခဲ့ 
ကြောင်း ကိုယ်တိုင်ပေါ်တာဆွဲခံရသူ တဦး ကဆိုသည်။
-
တပ်ဆုတ်သွားသည့် တပ်မ ၉၉ နေရာကို တပ်မ ၃၃ ဖြင့်အစားထိုးထားကြောင်းသိရသည်။

ရှမ်းပြည် ဌာနချုပ်မှ KIA ဆုတ်ခွာ။

အစိုးရတပ်များ၏ ထိုးစစ်ကြောင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်ရှိ ၎င်း၏ အမှတ် ၄ တပ်မဟာ ဌာနချုပ် နှင့် စခန်း တချို့မှ ယခု ရက်ပိုင်းအတွင်း ဆုတ်ပေးလိုက်ရကြောင်း သိရသည်။

 
KIA တပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် အခြေစိုက် လှုပ်ရှားနေကြသည် (ဓာတ်ပုံ - KIA)

အစိုးရတပ်၏ ၁၂၀၊ ၁၀၅ မမ အမြောက်များနှင့် ၅ ရက်ကြာ ပစ်ခတ်သည့် ဒဏ်ကို မခံနိုင်သောကြောင့် ဆုတ်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း ထိုနေရာသည် စစ်ရေးအရ ဗျူဟာ မကျကြောင်း၊ အစိုးရတပ်က ယင်းနေရာကို သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း KIA တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရောက ပြောသည်။

“အစိုးရတပ်က တဖြည်းဖြည်းနဲ့ ချဉ်းကပ်လာနေတယ်၊ တပ်ရင်းပေါင်း ၂၀ ကျော်သွားပြီး အားလုံး ပေါင်းလိုက်ရင် အင်အား ၂၀၀၀ နီးပါးလောက် ရှိမယ်၊ ကျနော်တို့က ပြောက်ကျားစနစ်နဲ့ ပြန်လည် ခုခံ တိုက်ခိုက်နေတယ်” ဟု ဗိုလ်မှူးကြီး ဇော်ရောက ဆိုသည်။

အစိုးရတပ်များကို ခုခံတိုက်ခိုက်နေသည့် တပ်ရင်းများမှာ KIA တပ်ရင်း ၁၇ နှင့် ၂၉ တပ်ဖွဲ့ဝင်များ ဖြစ်သည်။ KIA ဘက်မှ ရှမ်း ပြည် တပ်မတော် (SSA) မြောက်ပိုင်း တပ်ဖွဲ့ဝင် တချို့ကူညီ တိုက်ခိုက်နေသည်ဟု သိရသည်။

“ကျနော်တို့ ဖယ်ပေးလိုက်ရတဲ့ နေရာဝန်းကျင်နဲ့ တခြားနေရာတွေပါ တန်ပြန်ပြောက်ကျားစနစ်နဲ့ ပြန်တိုက်နေတယ်” ဟု ဗိုလ်မှူး ဇော်ရောက ဆက်ပြောသည်။

ယခုရက်ပိုင်း မူဆယ် ၁၀၅ မိုင် ကားလမ်းမ၏ အနောက်ဘက်ရှိ KIA တပ်ရင်း ၈ လှုပ်ရှားနေသော ဒေသ၊ KIA တပ်ရင်း ၂ ဒေသများတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲတွင် နှစ်ဖက်အကျအဆုံး စာရင်းများကိုမူ မသိရှိရသေးပေ။ တိုက်ပွဲများကြောင့် ဒေသခံ ကချင်၊ ရှမ်း၊ ပလောင် တိုင်းရင်းသားများက တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့နယ်သို့ ထွက်ပြေး တိမ်းရှောင် နေကြရသည်။ စစ်ပြေးဒုက္ခသည် အများစုမှာ ကွတ်ခိုင်မြို့နယ် အတွင်းရှိ ကျေးရွာများမှဖြစ်သည်။

ထိုဒေသမှ တိုက်ပွဲများ ရက်အတန်ကြာလာပြီ ဖြစ်သော်လည်း မြန်မာအစိုးရက သတင်းထုတ် ခြင်း မရှိသေးပေ။

စစ်အစိုးရသည် မိုးမောက်မြို့နယ်အတွင်း တာပိန်ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIA တပ်များအား လုံခြုံရေးအရ စိတ်မချဟု အကြောင်းပြ၍ ထွက်ခွာရန် ပြောဆိုခဲ့ကြပြီးနောက် နှစ်ဖက်တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် စတင်ခဲ့သည့် အစိုးရတပ်နှင့် KIA အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး ရသူပေါင်း ၂၀၀၀၀ ကျော်ရှိပြီး တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ KIA ထိန်းချုပ်ရာ ဒေသများ၊ မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့တို့ရှိ ဘာသာရေး အဆောက်အအုံများ၊ ဆွေမျိုးများထံတွင် ဒုက္ခသည်များ ခိုလှုံနေကြဆဲ ဖြစ်သည်။

နှစ်ပေါင်း ၁၀၀ ကျော်အတွင်း မြန်မာနိုင်ငံ၌ ငလျင်လှုပ်ခတ်မှု အဖြစ်များဆုံးဒေသမှာ ကချင်ပြည်နယ် ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရ။

မြန်မာနိုင်ငံတွင် စစ်ကိုင်းပြတ်ရွေ့သည် သက်ရှင်ပြတ်ရွေ့တစ်ခုဖြစ်ပြီး ကျောက်ကြမ်းပြတ်ရွေ့၊ ဖာပွန်ပြတ် ရွေ့ကြော စသည်ဖြင့် ရှိကြောင်းလည်း သိရှိရသည်။
“မြန်မာနိုင်ငံမှာ ငလျင်နဲ့ပတ်သက်ပြီး လှုပ်ခတ်မှုအများဆုံးကစစ်ကိုင်းပြတ်ရွေ့တစ်လျှောက် ပဲ။ ဒေသနဲ့ ပြောမယ်ဆိုရင် ကချင်ပြည်နယ်မှာ အဖြစ်အများဆုံးဆိုတာ သမိုင်းမှတ် တမ်းတွေအရ သိရှိရတယ်။ စစ်ကိုင်း ပြတ်ရွေ့ဟာ သက်ရှင်ပြတ်ရွေ့ဖြစ်လို့ အချိန်မရွေး ငလျင်ကြီးတွေ လှုပ်နိုင်ပါတယ်။ စစ်ကိုင်းပြတ်ရွေ့ကိုပဲ ပြောမယ်ဆိုရင် ၂၀၀၃ ခုနှစ် တောင်တွင်း ငလျင်ဖြစ်ပွားပြီးနောက်ပိုင်းမှာ ငလျင်ကြီး လှုပ်ခတ်မှု မရှိသေးပါဘူး။ မတ်လ ၂၄ ရက်နေ့က တာလေမှာလှုပ်ခဲ့တာ ကတော့နမ္မပြတ်ရွေ့ကြောပဲ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံမြေ ငလျင်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ကချင်ပြည်နယ် အတွင်း၌ ၁၉၃၁ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၆ အဆင့်ရှိ အင်အားပြင်းမြေငလျင်တစ်ခု ကာမိုင်းမြို့အနီးတွင် လှုပ်ခတ်ခဲ့မှုကြောင့် တောင်များပြိုကျကာ မြေကြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
ကချင်ပြည်နယ် အတွင်း၌ ၁၉၃၁ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၆ အဆင့်ရှိ အင်အားပြင်း မြေငလျင်တစ်ခု ကာမိုင်းမြို့အနီးတွင် လှုပ်ခတ်ခဲ့မှုကြောင့် တောင်များပြိုကျကာ မြေကြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ကြောင်းအလားတူ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က တကောင်းမြို့ အနီးတွင် အင်အားရစ်ခ်ျတာစကေး ၇ ဒသမ အဆင့်ရှိ အင်အားပြင်းငလျင် တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် တကောင်း မြို့တွင်း ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်းလည်း သိရှိရသည်။
ထို့ပြင် ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့က ထီးချိုင့်ဒေသတွင်အင် အား ရစ်ခ်ျတာစကေး ၇ ဒသမ ၁ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ထီးချိုင့်နှင့် တကောင်းဝန်းကျင်ရှိ အဆောက်အအုံများနှင့် ဘုရားစေတီအချို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရှိရသည်။
ထို့ပြင် ၁၉၉၄ ခုနှစ် ဇန်န၀ါရီ လ ၁၁ ရက်နေ့က မြစ်ကြီးနားတွင် အင်အား၆အဆင့်ရှိ ငလျင်လှုပ်ခတ် ခဲ့ကြောင်း လည်း သိရှိရသည်။
“ငလျင်လှုပ်ရင် အဆောက်အအုံ ပျက်စီးတာတွေ၊ ဘုရားစေတီ ပျက်စီး ပြိုကျတာတွေဖြစ်ဖူးပါတယ်။ ဒီတော့ ငလျင်ကြောမလွတ်တဲ့ ဒေသတွေမှာ အဆောက်အအုံ ဆောက်မယ်ဆိုရင် ငလျင်ဒဏ်ခံနိုင်အားကို ထည့်သွင်း တွက်ချက်ဖို့ လိုပါတယ်။ ဆိုလိုတာက ရိုးရိုး အဆောက်အအုံ ဆိုရင်တောင် ငလျင်ကြောမလွတ်ရင်၊ နီးကပ်လွန်းရင် ငလျင်ဒဏ်ခံနိုင်အားကို ထည့်တွက် ရမယ်လို့ပြောတာ။ ငလျင်မှာပြတ်ရွေ့ သဘောအရ လှုပ်တာရှိသလို လူလုပ် ငလျင်ဆိုတာလည်း ရှိပါတယ်။ အဆိုးဆုံးကလူလုပ်ငလျင်ပဲ။ လူလုပ်ငလျင် ဆိုတာ အဆောက်အအုံတစ်ခုဆောက်ရင် အဲဒီအဆောက်အအုံရဲ့ ဒဏ်ကိုအောက်က မြေသားကမခံနိုင်တော့ ငလျင်ထလှုပ်တာကို ဆိုလိုတာပါ။ ပြတ်ရွေ့ ကြောကြောင့် ငလျင်လှုပ်တာကို ခန့်မှန်းလို့မရပေမယ့် လူတွေကြောင့် ငလျင် ဖြစ်နိုင်တယ် ဆိုတာကိုတော့ ကြိုတင်ခန့်မှန်းနိုင်ပါတယ်”ဟုလည်း ဘူမိဗေဒ ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၀၄ ခုနှစ် ဆူမားတြားကျွန်း အနောက်ပိုင်း၌ အင် အားရစ်ခ်ျတာစကေး ၉ ဒသမ ၁ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ၂၀၀၈ ခုနှစ် တရုတ်နိုင်ငံတွင် လှုပ်ခတ်ခဲ့သော အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၉ အဆင့်ရှိ စီချွမ်ငလျင်မှာ ဇီးပင်ဖူး ဆည်ကြောင့် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း လည်း သိရှိရသည်။

“သမိုင်းမှတ်တမ်းတွေအရ စစ်ကိုင်းပြတ်ရွေ့မှာငလျင်ကြီးတွေက နှစ် ၈၀၊ ၁၀၀ ၀န်းကျင်မှာ တစ်ကြိမ် လှုပ် လေ့ရှိတယ်။ စစ်ကိုင်းပြတ်ရွေ့မှာ ငလျင်ကြီးတွေမ လှုပ်တာကလည်း နှစ် ၈၀ လောက် ရှိနေပြီဆိုတော့ စစ်ကိုင်း ပြတ်ရွေ့ရဲ့ဘယ်အပိုင်းမဆို သတိပြု နေထိုင်ရမယ့်အနေအထားမှာ ရှိနေပါ တယ်။ ငလျင်ပြင်းအားဟာ ခန့်မှန်းလို့ မရတော့ ငလျင်ကြောင့် ပျက်စီးဆုံးရှုံး နိုင်မှုတွေကို လျှော့တွက်လို့လည်း မရ ပါဘူး။ ဒါတွေကို ကြိုတင်တွက်ချက် ကာကွယ်မထားရင်တော့ ခံရဖို့ပဲရှိပါတယ်။ ထိရောက်တဲ့ကာကွယ်မှုတွေ မလုပ်နိုင်သေးရင်တောင် ပြတ်ရွေ့ကို တွန်းအားပေးတဲ့ အဖြစ်မျိုးတွေကိုတော့ အတတ်နိုင်ဆုံး လျော့ကျအောင်လုပ် သွားဖို့ပါ”ဟု မြန်မာနိုင်ငံမြေငလျင် ကော်မတီမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

ဆရာဒဂုံတာရာ၏ ငြိမ်းချမ်းရေးပန်ကြားလွာ(၃)။

Tuesday, September 27, 2011

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းမှု လုပ်ရပ်ကောင်းဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို။


    ရွေတိဂုံရင်ပြင် အင်္ဂါထောင့်တွင်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက်ဆုတောင်းနေကြစဉ်။

ရန်ကုန်၊ စက်တင်ဘာလ ၂၇

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဝတ်ပြုဆုတောင်းပွဲများ ကျင်းပနေမှုအပေါ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လုပ်ရပ်ကောင်းတစ်ခုအဖြစ် ရှုမြင်ကြောင်း The Voice Weekly သို့ ပြောကြားသည်။

စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတွင် ကျင်းပပြုလုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၂၃ နှစ်မြောက် အခမ်းအနားအပြီး The Voice Weekly က ရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသော ဝတ်ပြုဆုတောင်းပွဲများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မည်သို့ မှတ်ချက်ပေး ရှုမြင်ပါသနည်းဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က လုပ်ရပ်ကောင်းအဖြစ် ရှုမြင်ကြောင်း ပြောကြားခြင်း ဖြစ်သည်။

" ကောင်းဖို့အတွက် ဆုတောင်းတာ ကောင်းတာပေါ့။ အဓိက စေတနာနဲ့ အားလုံးရဲ့ ကောင်းကျိုးအတွက် ဆုတောင်းတာပဲ " ဟု ဒေါ်အောင်ဆန်းစုကြည်က ဝတ်ပြုဆုတောင်းပွဲများနှင့် ပတ်သက်သော သူ၏အမြင်ကို ထုတ်ဖော် ပြောဆိုသည်။

ရန်ကုန်မြို့တွင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲများ ဆက်တိုက် ဖြစ်ပေါ်နေပြီး စက်တင်ဘာလ ၂၆ ရက်နေ့က ဆူးလေ စေတီတော်တွင် လည်းကောင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့က ရွှေတိဂုံ စေတီတော်တွင်လည်းကောင်း နှစ်ရက်ဆက်တိုက် ဖြစ်ပေါ်လျက် ရှိသည်။

ပျော့ပြောင်းသော နည်းလမ်းဖြင့် နိုင်ငံရေး အဖြေရှာမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် တွေ့ဆုံဆွေးနွေးရေး မူဝါဒအပေါ် အခြေခံသည့် ပျော့ပြောင်းသော နည်းလမ်းဖြင့် နိုင်ငံရေးပြဿနာများကို ညှိနှိုင်း ဖြေရှင်းသွားမည်ဖြစ်ပြီး NLD က လုပ်ဆောင်မည့် နိုင်ငံရေးလမ်းစဉ်များကို ပြည်သူလူထုထံ အသိပေး သွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

NLD တည်ထောင်ခြင်း ၂၃ နှစ်မြောက် အခမ်းအနားအပြီး မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)

ရန်ကုန် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ကျင်းပပြုလုပ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စတင်တည်ထောင်ခြင်း ၂၃ နှစ်မြောက် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

NLD သည် ၂၃ နှစ်တာ ကာလအထိတိုင်အောင် ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရကြောင်း၊ ပါတီတရပ်အဖြစ် ဆက်လက် ရပ်တည်နိုင်ရေးအတွက် ညီညွတ်ရေး၊ စည်းကမ်းရှိရေး၊ သတ္တိတို့အရေးကြီးကြောင်း၊ စည်းကမ်းမရှိဘဲ ညီညွတ်ရေး မရနိုင်ကြောင်း၊ သတ္တိဟုဆိုရာတွင်လည်း အဖွဲ့ဝင်များသည် ၂၃ နှစ်တာ ကာလအတွင်း ခံရဲသည့်သတ္တိ၊ လုပ်ရဲသည့် သတ္တိ၊ အနာဂတ်ကို ရင်ဆိုင်ရဲသည့် သတ္တိ စသည့် သတ္တိအမျိုးမျိုးနှင့် ၂၃ နှစ်ကြာသည်အထိ ကြံ့ကြံ့ခံ ရပ်တည်ခဲ့ရကြောင်း၊ အတိတ်ကာလကို သင်ခန်းစာယူပြီး ပစ္စုပ္ပန်နှင့် အနာဂတ်ကာလ အကျိုးရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အနာဂတ်ကို ရင်ဆိုင်ရတဲ့ သတ္တိဆိုတာက အတိတ်နဲ့ ပစ္စုပ္ပန်ကို ရဲရဲဝံ့ဝံ့ ကြည့်နိုင်မှဖြစ်နိုင်မှာပါ။ အတိတ်နဲ့ ပစ္စုပ္ပန်ကို ရဲရဲဝံ့ဝံ့ မကြည့်နိုင်တဲ့သူတွေက အနာဂတ်ကို သတ္တိနဲ့ ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုင်ငံနှင့် ပြည်သူအကျိုးအတွက် ဆောင်ရွက်ရာတွင် မကျေနပ်စိတ်၊ ကလဲ့စားချေစိတ်များ မထားသင့်ကြောင်း၊ မိမိ လုပ်ဆောင် နေသော အလုပ်ကို အနစ်နာခံ လုပ်ဆောင်နေသည်ဟု မမြင်ဘဲ မိမိယုံကြည်ချက်ဖြင့် လုပ်ဆောင်နေသည်ဟု စိတ်ထား တတ်ရန် လိုကြောင်း သူက ဆက်ပြောသည်။

“ကျမတို့ အဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့အကျိုးအတွက်၊ တိုင်းပြည်အကျိုးအတွက် လုပ်နေတယ်ဆိုရင် အနစ်နာခံရတယ်ဆိုတဲ့ စိတ်မျိုးကို မထားစေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အနစ်နာခံရတယ်လို့ စိတ်ထဲမှာ ထားရင် ဒီစိတ်နဲ့ဒွန်တွဲပြီး ကလဲ့စား ချေချင်စိတ်တွေ၊ မကျေနပ်တဲ့ စိတ်တွေပေါ်လာတယ်။ ကျမကတော့ ကျမရွေးတဲ့ လမ်းကြောင်းကို လျှောက်ခဲ့တယ်။ ကျေနပ်တယ်။ ကိုယ်က လိုလိုလားလား ပေးဆပ်ရမယ်။ ငါလုပ်ရချည်ရဲ့၊ အနစ်နာခံရချည်ရဲ့ဆိုတဲ့ စိတ်တွေပေါ်လာရင် အကြွေးယူချင်တဲ့စိတ်၊ အကြွေးတောင်းချင်တဲ့စိတ်ကလေးတွေ ပါလာတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

NLD သည် ဒီမိုကရေစီလမ်းစဉ်အတိုင်း အရေးကြီးခြေလှမ်းများ လှမ်းတိုင်း ပြည်သူကို အသိပေးသွားမည်ဖြစ်ပြီး တွေ့ဆုံ ဆွေးနွေးရေး မူပေါ်တွင် အခြေခံကာ ပျော့ပျော့ပြောင်းပြောင်း အကြမ်းမဖက်သော လမ်းစဉ်ဖြင့် နိုင်ငံရေး ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း သူက ပြောသည်။

“ဒီမိုကရေစီ ရရှိရေးအတွက် ကိုင်ဆုပ်ထားတဲ့ တွေ့ဆုံဆွေးနွေးရေး မူတွေပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ပြီးတော့ ပျော့ပျော့ပြောင်းပြောင်းနဲ့ ဆက်ပြီး လုပ်သွားမှာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ညီညွတ်ရေး လမ်းစဉ်အတိုင်းပင် ဆက်လက်ထောက်ခံ လုပ်ဆောင်သွားမည်ဖြစ်ပြီး ယနေ့အချိန်သည် NLD အတွက် အထိအခိုက် မခံနိုင်သော အရေးကြီးသည့် အချိန်တွင် ရောက်ရှိနေကြောင်း ပြောဆိုကြသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိမည့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးပြီး ဖြစ်သည့်အတွက် NLD အတွက် အရေးကြီးသော အချိန်ရောက်ရှိနေကြောင်း၊ ထို့ကြောင့် NLD ခေါင်းဆောင်များနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့များအကြားတွင် လည်းကောင်း၊ စည်ရုံးရေး အဖွဲ့အစည်းများ အကြားတွင်လည်းကောင်း အပြန်အလှန် လေးစားရေး၊ အပြန်အလှန် နားလည်မှုရှိရေးမူတို့ဖြင့် NLD ၏ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒ လမ်းညွှန်ချက်များကို လုပ်ကိုင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဦးတင်ဦးက ပြောသည်။

“အခုအချိန်ကာလမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေးအတွက် အဖွဲ့ချုပ် အဖွဲ့ဝင်များက ဘယ်လိုနည်းနှင့်မှ စုစည်း ညီညွတ်မှု၊ စည်းလုံးညီညွတ်မှု၊ ကြိုးပမ်းအားထုတ်မှုတွေကို လျော့ပါးစေမယ့်၊ ထိခိုက်စေမယ့် အပြောအဆို၊ အပြုအမူတွေကို မပြုလုပ်မိကြဖို့ အထူး လိုအပ်ပါတယ်” ဟု ဦးတင်ဦးက ဆိုသည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် ၀တ်ပြုဆုတောင်းပွဲ များနှင့်ပတ်သက်သည့်အမြင်ကို ပြည်တွင်း သတင်းထောက်တဦးက ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းရာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းခြင်း ဖြစ်သည့်အတွက် ကောင်းမွန်ကြောင်း ပြောသည်။

“စေတနာနဲ့ အားလုံးကောင်းဖို့ ဆုတောင်းတာဖြစ်တဲ့အတွက် ကောင်းတာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယနေ့ နံနက် ၁၁ နာရီက စတင်ကျင်းပသော အခမ်းအနားကို NLD အဖွဲ့ဝင်များ၊ ပြည်တွင်းပြည်ပ သတင်းထောက်များ အပါအ၀င် ပြည်သူပေါင်း ၆၀၀ ကျော် တက်ရောက် ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ခဲ့ရသော်လည်း စစ်အစိုးရက အာဏာလွှဲပေးခြင်း မပြုဘဲ ဖမ်းဆီးအကျဉ်းချထားမှုများ အပါအ၀င် ဖိနှိပ်မှုများကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသော နိုင်ငံရေး ပါတီအဖြစ် ၂၃ နှစ်တိုင်တိုင် ရပ်တည်လျက်ရှိသည်။

KIA တပ်ရင်း ၉ နယ်မြေမှ ရွာသား ၆၀ ကျော် ဘုရားကျောင်း၌ ခိုလှုံ။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၉ အခြေစိုက် သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် တလိုင်းရွာမှ ရွာ သား ၆၀ ကျော်သည် မူစယ်မြို့နယ် နမ့်အွန်ကျေးရွာ ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်း၌ စစ်ပြေးဒုက္ခသည် အဖြစ် ရောက်ရှိ ခိုလှုံနေကြောင်း သိရသည်။အစိုးရစစ်တပ်ထိုးစစ်ကြောင့် ယခုလ ၂၅ ရက်နေ့က ၄င်းရွာမှ  KIA တပ်ရင်း ၉ ဆုတ်ခွာခဲ့ရာ အိမ်ခြေ ၅၀ဝကျော် ခန့်ရှိ တ လိုင်း ရွာသားများ စစ်ဘေးလွတ်ရာ ထွက်ပြေးနေခြင်း ဖြစ်သည်။
 -

-
တလိုင်းရွာသားဒုက္ခသည်နှင့်နီးစပ်သူ တစ်ဦးက “စားဖို့ နေဖို့ မလုံလောက်တာကြောင့် နမ့်အွန်ဘုရားကျောင်းမှာ ဒုက္ခသည် ၆၀ ကျော်လောက်ပဲ အသင်းတော်က လက်ခံထားလိုက်တယ် ကျန်တဲ့လူတွေကတော့ မူစယ်နယ် တစ်ဝိုက်မှာရှိတဲ့ နီးစပ်ရာ မိတ်ဆွေတွေ ဆွေမျိုးတွေထံမှာ သွားပြီးခိုလှုံကြတယ် ” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ယခုအခါ တလိုင်းရွာ၌ အစိုးရစစ်တပ်များရောက်ရှိနေပြီး အစိုးရတပ်မှ ကျေးရွာအတွင်း အိမ်ထောင်စုစာရင်း စစ်ဆေးနေ ကြောင်း လူမရှိသည့် အိမ်များကို KIA တပ်ဖွဲ့ဝင်အိမ်များဖြစ်သည်ဟု သတ်မှတ်ကြောင်း သူက ဆိုသည်။အလားတူ KIA တပ်ရင်း ၂ အခြေစိုက်ရာ မူစယ်မြို့နယ် တီးမားကျေးရွာ အုပ်စုအတွင်းရှိ ရွာ ၆ ရွာမှ ရွာသား များလည်း နီးစပ်ရာဆွေမျိုးများထံ ထွက်ပြေးခိုလှုံနေကြောင်း သိရသည်။

အစိုးရတပ်များသည် သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၊ ကွတ်ခိုင်နှင့် မန်တုံမြို့နယ်များအတွင်းရှိ KIA တပ်မဟာ ၄ လက်အောက်ခံတပ်များကို ယခုလ ၂၄ ရက်နေ့မှ စ၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်ပြီး အစိုးရစစ်တပ်များ လားရိုးမှ မူစယ်သို့  ယနေ့နံနက်ပိုင်းတွင် ထပ်မံရောက်ရှိလာကြောင်း သိရသည်။

KIA ၏ တပ်မဟာ(၄) ဌာနချုပ် ဗျုဟာကုန်းကို အစိုးရတပ် ထိုးစစ်ဆင်။

ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် KIA တပ်မဟာ(၄) ဌာနချုပ်၏ စစ်ရေးအရ မဟာဗျူဟာ ကျသည့် စခန်းကုန်းအား အစိုးရတပ်များက ယနေ့နံနက်ပိုင်းမှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိသည်။

ယခု ရက်ပိုင်းအတွင်း အစိုးရတပ်၏ ပြင်းထန်သည့် ထိုးစစ်ဆင်မှုကြောင့် KIA ဖက်မှ တပ်ရင်း(၂) နှင့် တပ်ရင်း(၉) အခြေစိုက်ရာ တပ်စခန်းများမှ ဆုတ်ခွာပေးလိုက်ပြီးနောက် KIA တပ်မဟာ(၄) ဌာနချုပ်အား ကာကွယ်ပေးထားသည့် ဂျန်ရှင်ဂျိုင်  စခန်းကုန်းအား အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု KIO တောင်ပိုင်းတိုင်း တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က အခုလိုပြောသည်။

“သူတို့ရဲ့ အဓိက ထိုးစစ်ကတော့ တပ်မဟာ(၄) ဌာနချုပ်နဲ့ တပ်ရင်း(၂) စပ်ကြားမှာ ကျနော်တို့ မဟာဗျူဟာ ကုန်းတခုရှိတယ်။ အဲဒီနေရာကို အဓိက ထားပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ အလုံးပေါင်း တစ်ရာကျော်သွားပြီထင်တယ်။ မနက် ၅ နာရီ ခွဲကတည်းက သူတို့ ပစ်ထည့်နေတာ။ ကျနော်တို့ဖက်က ခံစစ်ကြောင်းကတော့ ဒီတိုင်းပဲ ရှိနေပါသေးတယ်။ ဆုတ်ခွာတာတို့ ဘာတို့ ဘာမှ မရှိသေးပါဘူး။”

ယင်းစခန်းကုန်း ကျဆုံးသွားပါက KIA တပ်မဟာ(၄) ဌာနချုပ်အား အစိုးရတပ်ဖက်မှ အလွယ် တကူ သိမ်းပိုက်နိုင်သဖြင့် ယခုကဲ့သို့ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ပြီး KIA ဖက်ကလည်း ပြောက်ကျားနည်းကို အသုံးပြု၍ ပြန်လည် တိုက်ခိုက်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အစိုးရဖက်မှ အင်အား (၁၀၀၀) ခန့်နှင့် ယခုလ ၂၃ ရက်နေ့က စတင်၍ ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ယခုအခါ တပ်မဟာ(၄) ဒေသအတွင်း တပ်ရင်း(၈)နှင့် တပ်ရင်း(၁၇) တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ယခုတပတ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် KIA ဘက်မှ ၃ယောက် ကျဆုံးပြီး အစိုးရဘက်မှ ဒဏ်ရာရသူနှင့် ကျဆုံးသူ စုစုပေါင်း ၁၅၀ခန့် ရှိသည်ဟု  KIA ဖက်က ပြောဆိုသော်လည်း သီးခြား အတည်ပြုချက် မရသေးပေ။

တိုက်ပွဲကြောင့် တရုတ်မြန်မာနယ်စပ်သို့ ထွက်ပြေးလာသည့် ဒေသခံများအား နှစ်ဖက် အာဏာပိုင်များက နယ်စပ်ဖြတ်ကျော်ခွင့်ကို ပိတ်ပင်ထားသည့်အတွက် အခက်အခဲ ဖြစ်နေကြသည်ဟု သိရကြောင်း ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။

တချိန်တည်းတွင် KIO ဌာနချုပ် အခြေစိုက်ရာ တပ်မဟာ(၅)ထိန်းချုပ် ဒေသအတွင်းရှိ ဧရာဝတီမြစ်နှင့် မြစ်ကြီးနား ဗန်းမော်ကားလမ်း အကြားတွင် ယမန်နေ့က စတင်၍ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေပြီး အစိုးရ စစ်ကြောင်းတခုအား KIA တပ်ဖွဲ့များက ၀ိုင်းရံ ပိတ်ဆို့ထားသည်ဟု KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က ပြောသည်။

“မနေ့ကကတည်းက တိုက်ပွဲတွေ ဖြစ်နေပြီးတော့ အဲဒီနေရာကို သူတို့ တပ်ရင်း သုံးရင်းလောက် စစ်ကူဝင်လာတယ်။ တာလော ဖက်ကလည်း အင်အား (၂၀၀) လောက် တက်လာတယ်လို့ ပြောတယ်။ အဲတာ ကျနော်တို့ဖက်က ဖြတ်တောက်ရေးတွေ လုပ်နေကြတယ်။ အဓိက ကတော့ အခု ၀င်လာတဲ့တပ်တွေက ပိတ်မိနေတဲ့ ဗိုလ်မှူးကြီး ခင်မောင်ချို အဖွဲ့ကို လာပြီးတော့ ကယ်ထုတ်ဖို့ ဖြစ်ပါလိမ့်မယ်။”

ပိတ်ဆို့ခံရသည့် စစ်ကြောင်းတွင် ဗိုလ်မှူးကြီး ခင်မောင်ချိုနှင့်အတူ အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၃၇)နှင့် ခြေမြန်တပ်ရင်း ခမရ (၄၃၈) ပေါင်း အင်အား (၆၀) ခန့်ရှိသည်။

ထို့အပြင် ယခုလ (၂၅) ရက်နေ့ကလည်း KIA တပ်မဟာ (၅) ဌာနချုပ် ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေါ့ဖုန်းယန် မြို့နယ်အတွင်း မိုင်းငို့ ကျေးရွာအနီးတွင်   နှစ်ဖက်တိုက်ပွဲ  ဖြစ်ပွားခဲ့သည်ဟု ဒေါ့ဖုန်းယန် မြို့ခံ တဦးက အခုလိုပြောသည်။
“လွန်ခဲ့တဲ့ နှစ်ရက်ကပေါ့နော် ရွာကနေ ထွက်သွားပြီး မိုးလွဲချောင်း ဟိုဖက်ကမ်းကို ကူးတာနဲ့ သူတို့က တိုက်ပွဲ ဖြစ်နေကြတယ်။ နေ့လည် တစ်နာရီ လောက်ကနေ ညနေပိုင်း လေးနာရီလောက် ထိ ဖြစ်တယ်။”

ယင်းတိုက်ပွဲကြောင့် မိုင်းငို့ ရွာသူကြီး ရိုက်နက်ခံခဲ့ရကာ အစိုးရတပ်ဖွဲ့ဖက်မှ သုံးယောက် ကျဆုံးသည်ဟု သတင်းကြားရပြီး KIA ဖက်မှ ထိခိုက်ကျဆုံးမှု ရှိ၊ မရှိကိုမူ မသိရကြောင်း ၎င်းက ဆက်ပြောသည်။

ဒေသတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ မဖြေရှင်းဘဲ စစ်ရေးနည်းဖြင့် ဖြေရှင်းပါက ရေရှည်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဦးမည်ဟု ဦးလနန်က သုံးသပ်ပြောဆိုသည်။

KIA သည် ၁၉၉၄ ခုနှစ် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး ယခုနှစ် ဇွန်လက တာပိန် ရေအားလျပ်စစ်စက်ရုံ လုံခြုံရေး အကြောင်းပြချက်ဖြင့် နှစ်ဖက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့သည်။