မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက်  မစ်ချယ်  ယနေ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ် အဖြစ် ထွက်ခွာလာပြီ  ဖြစ်ကြောင်း  အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ    သတင်းထုတ်ပြန်သည်။
 တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့အစည်းအဝေးတခု၌ ဆွေးနွေးပြောဆိုနေသည့် မစ္စတာ ဒဲရက် မစ်ချယ်“မြန်မာပြည်သူတွေအတွက်   ဖွံ့ဖြိုးရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ စစ်မှန်သော   ပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက်ရေး ရည်မှန်းချက်များအတွက် အမေရိကန်က   ထိတွေ့ဆွေးနွေးမှု ပြုလုပ်သွားရန် မစ္စတာ ဒဲရက် မစ်ချယ်၏ ခရီးစဉ်က   ရည်ရွယ်သည်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
လာမည့်   စက်တင်ဘာ ၉ ရက်နေ့မှ စတင်ကာ နေပြည်တော်၌ အစိုးရအရာရှိကြီးများဖြင့် ၂   ရက်ကြာ တွေ့ဆုံမည်ဖြစ်ကြောင်း၊ ထို့နောက် ရန်ကုန်မြို့သို့ သွားရောက်ကာ   မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ   နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများဖြင့်လည်း   တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းလည်း သိရသည်။
စက်တင်ဘာ ၁၄  ရက်နေ့တွင်  မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး၊  ထိုင်းနိုင်ငံနှင့်  အင်ဒိုနီးရှား နိုင်ငံများသို့လည်း သွားရောက်မည်ဟု  ဆိုသည်။
ပြီးခဲ့သည့်  သြဂုတ်လက နေပြည်တော်၌ သမ္မတ  ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့  တွေ့ဆုံပြီးနောက်ပိုင်း မစ္စတာ  ဒဲရက် မစ်ချယ်၏ ခရီးစဉ် အကောင်အထည်  ပေါ်လာခြင်းဖြစ်သည်။
သမ္မတ  ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့  တွေ့ဆုံမှုကို ကြိုဆိုကြောင်း၊  သို့သော် မြန်မာအစိုးရက ဒီမိုကရေစီရေးအတွက်  လမ်းဖွင့်ပေးမှုအပေါ် မူတည်၍  ဆုံးဖြတ်ရမည်ဖြစ်ကြောင်း အမေရိကန်က  ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်  ဇွန်လက အမေရိကန် လွှတ်တော်တွင်  ကြားနာပွဲ၌ မစ္စတာ ဒဲရက် မစ်ချယ်က  မြန်မာအစိုးရနှင့် “တိုက်ရိုက်  ပွင့်ပွင့်လင်းလင်း” ဆွေးနွေးနိုင်ရန်  အခွင့်အလမ်းရှာမည်ဖြစ်ကြောင်း၊  အမေရိကန်ဘက်ကလည်း ပျော့ပြောင်းစွာ  တုံ့ပြန်ရန်လိုပြီး မြန်မာအစိုးရဘက်မှ  လမ်းခင်းပေးသည့် အခွင့်အလမ်းကို  အလျင်အမြန် ဆုပ်ကိုင်ရန် လိုကြောင်း  ပြောဆိုခဲ့သည်။
မစ္စတာ  ဒဲရက် မစ်ချယ်သည် အာရှနှင့် ပစိဖိတ်ဒေသ  လုံခြုံရေးဆိုင်ရာ ဒုလက်ထောက်  ၀န်ကြီး တဦးဖြစ်ပြီး တရုတ်ရေးရာ  ကျွမ်းကျင်သူတဦးလည်း ဖြစ်သည်။ ၎င်းကို  ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းက  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၏ ပထမဆုံး  မူဝါဒ ညှိနှိုင်းရေးမှူးအဖြစ်  အမေရိကန် လွှတ်တော်က အတည်ပြုလိုက်ခြင်း  ဖြစ်သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာမိတ်ဆွေနိုင်ငံများ အစည်းအဝေးကို ယခုလအတွင်း ကျင်းပရန်စီစဉ် နေသည်။
No comments:
Post a Comment