Wednesday, November 30, 2011
တရားရုံးများ လာဘ်ပေးလာဘ်ယူ ပပျောက်ရေး စီမံချက်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တရားရုံးတစ်ရုံးချင်းစီအတွက် လာဘ်ပေးလာဘ်ယူမှုများ ပပျောက်ရန် အထူးစီမံချက် ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိုးသိန်းက ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် လာဘ်ပေး လာဘ်ယူမှု ကင်းရှင်းရေးကို အထူးအစီအစဉ်များ ချမှတ်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်းကို ဖြေကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး တရားသူကြီးချုပ်က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သည် တိုင်းဒေသကြီးအတွင်းရှိ တရားစီရင်ရေးကိစ္စရပ်များတွင် တာဝန်ယူ ဆောင်ရွက်လျက်ရှိကြသူများအနေဖြင့် လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု၊ ကျူးလွန်မှုမရှိကြစေရန်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ နည်းလမ်းတကျ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရေးအတွက် အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အချိန်အထိ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ တရားရုံးများမှ စောင့်ထိန်းရမည့် ဂုဏ်သိက္ခာ၊ ကျင့်ဝတ်စည်းကမ်းများ၊ ဝန်ထမ်းစည်းမျဉ်းများနှင့် မကိုက်ညီသည့် မြို့နယ် တရားသူကြီး(၁)ဦး၊ ဒုတိယမြို့နယ်တရားသူကြီး( ၂)ဦး၊ အကြီးတန်းစာရေး(၁) ဦးနှင့် အငယ်တန်းစာရေး(၁) ဦးတို့ကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ မြို့နယ်တရားသူကြီး(၁)ဦးကို သတိပေးခြင်း စသည့်ဝန်ထမ်းဆိုင်ရာ ထိရောက်ဟန့်တားလောက်သည့် ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်ခဲ့သည့်အပြင် မိမိလက်အောက် တရားရုံးများ၏ တရားစီရင်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများအပေါ် စိစစ်ကြီးကြပ်ရန် အားနည်းခြင်းများရှိခြင်းကြောင်း တွေ့ရှိရသည့် ခရိုင်တရားသူကြီး (၁)ဦးကိုလည်း နောင်တွင် အလားတူအားနည်းချက်များ ထပ်မံမဖြစ်ပွားစေရန် သတိပေးသည့် ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ တရားရုံးအသီးသီးသို့ အခါအားလျော်စွာ လှည့်လှယ်ကြည့်ရှုစစ်ဆေးခြင်း၊ တွေ့ဆုံမှာကြား ခြင်းများ ပြုလျက် တရားရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေး၊ လာဘ်ပေးလာဘ်ယူကင်းရှင်းရေး၊ အဂတိတရားများ ကင်းရှင်း ရေးတို့ အလေးပေးမှာကြားမှုများ ဆောင်ရွက် လျက်ရှိကြောင်း ဖြေကြားခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ တရားစီရင်ရေးကဏ္ဍတစ်ခုတည်းသာ လုပ်ဆောင်ခြင်းမျိုး မဟုတ်ဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်အဝှမ်း ဒေသအားလုံး လာဘ်ပေး လာဘ်ယူ ဆောင်ရွက်မှုပြုနေသော ဝန်ထမ်းများကို အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်လျှင် နိုင်ငံတော်၌ လာဘ်ပေးလာဘ်ယူမှု ကိစ္စများ ပပျောက် သွားမည်ဖြစ်ကြောင်း ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
ကလင်တန်ရဲ့ နေ့လည်စာ။
နေပြည်တော်သို့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ရောက်ရှိလာသည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီက လင်တန်၏ ခရီးစဉ်၏  ဒုတိယမြောက်နေ့ သမ္မတအိမ်တော်တွင် တည်ခင်း ဧည့်ခံမည့် နေ့လည်စာ အစားအ သောက်များကို ဖေါ်ပြလိုက်သည်။
တရုတ်အစားအစာ အများစုဖြစ်သော “ဂဏန်းကြွပ်ကြော်၊ ကြက်တောင်ပံ အစာသွပ်ကြော်၊ ငါးရှဥ့်ကြော်၊ ပြောင်းဖူး ဟင်းချို၊ ထိုင်ဝမ် မုန့်ညှင်းခရုဆီ၊ ကျောက်ငါးပေါင်းနှင့် ပဲငံပြာရည်၊ ပင်လယ်ခရုနှင့် ခရုဆီ၊ ဂျပန်တို့ဟူး ကညွတ်နှင့် မဟူရာမှိုနက်၊ ပင်လယ်စာနှင့် ခေါက်ဆွဲကြော်၊ ကြက်ဥ ပဲသီးထမင်းကြော်၊ ရာသီပေါ်သီးစုံ၊ လက်ဖက်ရည်နှင့်ကော်ဖီ” တို့ ဖြစ်သည်။
အထူးလေယာဉ်ဖြင့် ရောက်လာသော ဝန်ကြီးကလင်တန်အတွက် အစားအသောက်များကို ဧဒင်စီးပွားရေး အုပ်စု ပိုင်ရှင် ဦးချစ်ခိုင် ပိုင်ဆိုင်သော သင်္ဂဟ ဟိုတယ်မှ ချက်ပြုတ်ခြင်းဖြစ်ပြီး သမ္မတအိမ်တော်တွင် တည်ခင်း ဧည့်ခံမှာ ဖြစ်သည်ဟု သတင်းရပ်ကွက်များက ပြောသည်။ သင်္ဂဟ ဟိုတည်သည် နေပြည်တော် ဟိုတည်ဇုန်အတွင်း တည်ရှိ သည်။
အဆိုပါ အစားအသာက်များကို စီစဉ်ရန်အတွက် သင်္ဂဟ ဟိုတယ် စားသောက်စီမံရာဌာနသို့ နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA ကကြိုတင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
United States of America စာတန်းကပ်ထားသော အထူးလေယာဉ်ဖြင့် လိုက်ပါလာသည့် မစ္စကလင်တန်နှင့် အတူ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲလ်နှင့် မိုက်ကယ်ပေါ့စနာတို့လည်း လိုက်ပါလာရာ မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမျိုးမြင့်က ကြိုဆိုနှုတ်ဆက်ခဲ့သည်။
မစ္စကလင်တန်သည် ကြာသပတေးနေ့မှာ  မြန်မာသမတဦးသိန်းစိန်နှင့် တွေ့ဆုံမှာဖြစ်သလို အထက် အောက် လွှတ်တော်များက ဥက္ကဋ္ဌများဖြစ်သော ဦးသူရရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့နှင့် တွေ့ဆုံမှာဖြစ်သည်။
Sunday, November 27, 2011
အိမ် ၊ ခြံ ၊ မြေ တွေ သိမ်းချင်တိုင်းသိမ်းလို့ မရတော့ဘူးလို့ ပြည်ထောင်စုအစိုးရ အဖွဲ့ထုတ်ပြန်။
အများပြည်သူက ရွှေ့ပြောင်း ဖယ်ရှားပေးလိုခြင်း မရှိသည့်နေရာ များတွင် မြေငှားရမ်း၍ ရင်းနှီးမြှုပ် နှံခွင့် မရှိစေရ ဟူသော အချက်ပါရှိသည့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် စပ်လျဉ်းသည့် မြေအသုံးပြုပိုင်ခွင့် အမိန့်ကြော်ငြာစာကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါအမိန့်ကြော်ငြာစာတွင် အခန်း (၉) ခန်း ပါဝင်ပြီး ပါဝင် သည့်အခန်းများမှာ အမည်နှင့် အဓိ ပ္ပာယ်ဖော်ပြချက်၊ ငှားရမ်းခွင့်ပြုသည့် မြေများ၊ မြေအသုံးပြုခွင့်ကာလ သတ်မှတ်ခြင်း၊ မြေအသုံးပြုခွင့် လျှောက်ထားခြင်း၊ မြေငှားရမ်းခနှုန်းထား သတ်မှတ်ခြင်း၊ မြေငှားရမ်းမှုကို ရပ်ဆိုင်းခြင်း၊ ကန့်သတ်ချက်များ၊ ပေးလျော်ခြင်း၊ စည်းကမ်းချက်များ တို့ဖြစ်သည်။
အခန်း (၈) ပေးလျော်ခြင်းတွင် ရင်းနှီးမြှုပ်နှံသူသည် မြေငှားရမ်း၍ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်သည့်မြေပေါ်တွင် လူနေအိမ်ခြေများ၊ အဆောက်အအုံများ၊ လယ်ယာဥယျာဉ်ခြံမြေများ၊ သီးပင် စားပင်များ စသည်တို့ကို ပြောင်းရွှေ့ရှင်းလင်းရန် လိုအပ်ပါက ယင်းတို့အား ပြောင်းရွှေ့နေရာချထားပေးခြင်း၊ ဒေသန္တရ ကာလပေါက်ဈေးဖြင့် ပေးချေခြင်းနှင့် လျော်ကြေးပေးခြင်း တို့ကို သက်ဆိုင်ရာပိုင်ဆိုင်သူ၏ သဘောတူကျေနပ်ကြောင်း ဖော်ပြချက် နှင့်အတူ သက်ဆိုင်ရာအစိုးရဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့တို့၏ ခွင့်ပြုချက်ရယူညှိနှိုင်း ဆောင်ရွက်ရမည်။ အများပြည်သူက ရွှေ့ပြောင်းဖယ်ရှားပေးလိုခြင်း မရှိသည့်နေရာများတွင် မြေငှားရမ်း၍ ရင်းနှီးမြှုပ်နှံခွင့် မရှိစေရ။ ဟု ဖော်ပြ ထားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူအား ကော်မရှင်က ခွင့်ပြုသော စီးပွားရေး လုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်ရန်အလို့ငှာ မြေငှားရမ်းခွင့်ရှိသူ သို့ မဟုတ် မြေအသုံးပြုခွင့်ရသူထံမှ (က) အစိုးရပိုင်မြေများ၊ (ခ) အစိုးရဌာန၊ အဖွဲ့အစည်းပိုင်မြေများ၊ (ဂ) နိုင်ငံသားပိုင် ပုဂ္ဂလိကမြေများ။ ကို ပြည်ထောင်စုအစိုးရ၏ ကြိုတင် သဘောတူညီချက်ဖြင့် ငှားရမ်းရန် ခွင့် ပြုနိုင်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူအား အမှန်လိုအပ်သည့် မြေငှားရမ်းခွင့် ကာလ သို့မဟုတ် မြေအသုံးပြုခွင့်ကာလကို စီးပွားရေးလုပ်ငန်း အမျိုးအစားနှင့် ရင်းနှီးမြှုပ်နှံခွင့် ပမာဏ အပေါ် မူတည်၍ မြေငှားရမ်းခွင့်ရှိသူ သို့မဟုတ် မြေအသုံးပြုခွင့်ရသူ ထံမှ ကနဦး နှစ် ၃၀ အထိ ငှားရမ်း ခွင့်ပြုနိုင်ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် စပ်လျဉ်းသည့် မြေအသုံးပြုပိုင်ခွင့် အမိန့်ကြော်ငြာစာကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Friday, November 25, 2011
အထက်လွှတ်တော်အမတ်ဦးခင်ရွေ၏ ပြောကြားမှု့ကို ကန့်ကွက်ကြောင်း လွှတ်တော်ကို စာပို့ ။
အမျိုးသား လွှတ်တော်အမတ် ဦးခင်ရွှေ၏ မီဒီယာများအပေါ်ပြောကြားမှုကို ကန့်ကွက်ကြောင်း သတင်းစာဆရာ ၂၀၀ ကျော်က စုပေါင်း လက်မှတ်ရေးထိုး၍ ပြည်ထောင်စု လွှတ်တော်နာယကထံ   ပေးပို့လိုက်ကြသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌  ပြည်တွင်းမီဒီယာများ၏ ရေးသားဖေါ်ပြချက်များ အပေါ် ဦးခင်ရွှေမှ ပြစ်တင် ပြောဆိုခဲ့သည့်အတွက် သတင်းစာဆရာများမှကန့်ကွက်ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါကန့်ကွက်စာကို  (၂၅.၁၁.၂၀၁၁)သောကြာနေ့ နေ့လယ်ပိုင်းက ပေးပို့ခဲ့ခြင်း ဖြစ်သည်။
“သတင်းမီဒီယာသမားတွေကို တော်တော်ကြီးကို အရည်အချင်း မရှိဘူး။ အောက်တန်းကျတယ်။ အဲဒီလို ဝေဖန်ပြီးတော့ ရှုတ်ချတဲ့ သဘောဖြစ်တဲ့ အခါကျတော့ ကျနော်တို့က ပြန်ပြီးတော့ ချေပဖို့တော့ လိုတယ်။ ပြန်ရှင်းဖို့တော့ လိုတယ်” ဟု လက်မှတ်ရေးထိုး ကန့်ကွက်ရာတွင် ပါဝင်သည့် ဝါရင့်သတင်းစာဆရာ မောင်ဝံသက မဇ္ဈိမကို ပြော သည်။
Journal
သတင်းစာ ရှင်းလင်းပွဲ၌ ပြည်တွင်းမီဒီယာများ၏ လုပ်ရပ်များ အပေါ် ဦးခင်ရွှေမှ ပြစ်တင် ပြောဆိုခဲ့သည့်အတွက် ကန့်ကွက်စာကို ပြည်ထောင်စု လွှတ်တော်နာယက ထံပေးပို့ (ဓါတ်ပုံ မဇ္ဈိမ)
“ပြည်ပမီဒီယာက မကောင်းမြင်တာရေးဖို့က သူ့တာဝန်။ သူ့အလုပ် သူလုပ်တာ။ အဲဒါကို ပြည်တွင်းက သတင်း အဖွဲ့ကပါ လိုက်ပြီးတော့ မကောင်းမြင်ရေးမှ ဂျာနယ် ရောင်းရမယ်ဆိုတဲ့ အိုင်ဒီယာ မျိုးရှိနေရင်တော့ အတွေးတွေ လွဲနေပြီ၊ မှားနေပြီ” ဟု ဦးခင်ရွှေ၏ ပြောဆိုခဲ့မှုကိုလည်း  ကန့်ကွက်စာတွင် ကိုးကားဖော်ပြထားသည်။
လက်မှတ်များကို နိုဝင်ဘာလ ၂၂ ရက်နေ့မှ စတင် ကောက်ယူခဲ့ခြင်း ဖြစ်ကာ ရန်ကုန် အခြေစိုက် ဂျာနယ် ၃၉စောင်၊ မဂ္ဂဇင်း ၉ စောင်နှင့်  မီဒီယာ အသီးသီးမှ ဝါရင့်သတင်းစာဆရာများ၊ အယ်ဒီတာများနှင့် သတင်းထောက် ၂၂၅ ဦးက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ကန့်ကွက်စာနှင့် အတူ သတင်းစာ ရှင်းလင်းပွဲအတွင်း ဦးခင်ရွှေ၏ ပြောကြားခဲ့မှု အသံဖိုင်အား စီဒီဖြင့် တွဲ၍ ပေးပို့ခဲ့ ကြသည်။ကန့်ကွက်စာ ပေးပို့မှုနှင့် ပတ်သက်၍ ကာယကံရှင်ဖြစ်သူ ဦးခင်ရွှေကို ဖုန်းဖြင့် ဆက်သွယ်ရာတွင် မရခဲ့ပေ။
ဦးခင်ရွှေက သတင်းသမားများအား လူကြီးမင်းဟု ခေါ်ဆိုကာ  ဆီဒိုးနားဟိုတယ်သို့ခေါ်၍ ကျွေးမွေးသည့် အပြင် စာအုပ်များပင် ပေးခဲ့သော်လည်း  အာဆီယံ-ဂျပန် စီးပွားရေးပွဲသတင်းကိုမူ မီဒီယာများက ဖော်ပြမပေးသည့် အတွက် အပြစ်တင် ပြောဆိုခဲ့သည်။
ဂျပန်မှ လူ ၆၀ ကျော်နှင့် အာဆီယံမှ လူ ၁၀၀ ကျော် ပါဝင်ခဲ့သည့်အတွက် ရေးသားသင့်သည့် ကိစ္စဖြစ်သော်လည်း မရေးသားသည့်အတွက်  ပြောဆိုရခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
ယခုကဲ့သို့ ကန့်ကွက်ခြင်းမှာ အထက်အာဏာပိုင်များ သိစေရန်သာ ရည်ရွယ်ခြင်းဖြစ်ပြီး တစုံတရာ အရေးယူလိုစေခြင်း မဟုတ်ကြောင်း၊ သတင်းသမား အနေဖြင့် သတင်းအလုပ်ကို လုပ်ကိုင်ခြင်းသာ ဖြစ်၍ အပြန်အလှန် လေးစားမှု ဖြစ်သင့်ကြောင်း သတင်းသမားများက တောင်းဆိုထားသည်။
မိမိတို့အနေဖြင့် အပြုသဘော ဝေဖန်အကြံပြုမှုများကို ကြိုဆိုမည် ဖြစ်သော်လည်း ယခုကဲ့သို့ ကျင့်ဝတ်နှင့် အတတ် ပညာဆိုင်ရာကိုမူ တဦးတည်း အမြင်ဖြင့် လက်လွှတ်စပယ် ပြောဆိုမှုကိုမူ လက်မခံနိုင်ကြောင်း  ကန့်ကွက်စာတွင်ဖော်ပြထားသည်။
“သတင်းအရင်းအမြစ်နဲ့ သတင်းမီဒီယာသမားနဲ့ ဆက်ဆံတာ ဒါ  အပြန်အလှန် လေးစားသမှုနဲ့ ဆက်ဆံရတာပဲ။ ကျနော်တို့ကလည်း ပေးတာယူ၊ ကျွေးတာ စားပြီးတော့ ရေးခိုင်းတာ ရေးရတဲ့ အလုပ်မျိုးတော့ ဘယ် လုပ်ချင်ကြ ပါ့မလဲ။ အဲဒီလိုလည်း ခံယူချက် မရှိပါဘူး။ သူက အဲဒီလို ခံယူတယ် ထင်ပြီးတော့ ကလေးတွေကို ကျွေးသလို၊ပေးသလို သဘောမျိုး ရှိနေတယ်ဆိုရင်လည်း ဒါ ကျနော်တို့က ပြန်ပြီးတော့ မှန်မှန်ကန်ကန် မြင်အောင် ပြန်ကြိုးစား ရတာပေါ့” ဟု ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသက ဆိုသည်။
ဝေဖန်သူ အချို့ကတော့ မီဒီယာလောကတွင်း ကျင့်ဝတ်နှင့် မညီသူ တချို့လည်း ရှိနေသည်ဟုဆိုကာ “ မီဒီယာ သမား အချို့က ပေးတာ စားနေတာတွေ ရှိတယ်။ သူတို့ကိုလည်း အရေးယူသင့်တယ်။ ဂျာနယ်တိုက် အချို့မှာရှိတဲ့ ကျင့်ဝတ်မသိတဲ့ သတင်းထောက်တွေကိုပါ ပြောသင့်တယ်” ဟု အယ်ဒီတာတဦးက ပြောသည်။
ကန့်ကွက်မှုများ ထွက်ပေါ်လာပြီးနောက် မီဒီယာကျင့်ဝတ်ဆိုင်ရာ သင်တန်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲ တခုကို ဒီဇင်ဘာ ၁ ရက်မှစ၍ ၃ ရက်ကြာ ကျင်းပရန် သတင်းသမားများက စီစဉ်နေကြသည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲကို ပြည်တွင်းရှိ သတင်းသမားများဖြင့် ဖွဲ့စည်းထားသည့် Myanmar Journalist Network မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကာ သင်တန်းဆရာအဖြစ် ဦးရဲနိုင်မိုးနှင့် ပြည်တွင်းမီဒီယာများမှ သုံးဦးက လာရောက်ဟောပြောမှာဖြစ်သည်။  တရက်လျှင် သင်တန်းသား ၂၅ ဦးသာ လက်ခံသွားမည်ဟု သိရသည်။
NLD ပထမဆုံးအသုတ် ပါတီဝင် ၁၀ သိန်း လက်ခံမည် ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အသစ်ပြန်လည်ဖွဲ့စည်းတော့မည်ဖြစ်ရာ ပထမဆုံး အသုတ်အဖြစ် ပါတီဝင် ၁၀ သိန်း လက်ခံရန် ပြင်ဆင်ထားသည်ဟု NLD ဖွဲ့စည်းထူထောင်သူများက ပြောသည်။
ပါတီဝင် လျှောက်လွှာပုံစံများကို ပုံနှိပ်ရန် ပြင်ဆင်နေပြီဖြစ်ကာ လာမည့်အပတ်အတွင်း တိုင်းနှင့် ပြည်နယ် အားလုံးသို့ ဖြန့်ဝေသွားရန်ရှိသည်ဟု ပါတီထူထောင်ရာတွင် ပါဝင်သူတဦးဖြစ်သည့် ဒေါ်မေဝင်းမြင့်က ပြောသည်။ လက်ရှိ ပါတီခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်မှအစ ပါတီဝင်လိုသူများအားလုံး လျှောက်လွှာတင်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ဒေါ်မေဝင်းမြင့်က ပြောသည်။
"လျှောက်လွှာတင်တယ်ဆိုတာ အန်တီတို့က အဟောင်းကို လုပ်တာမဟုတ်ဘူး၊ အန်တီတို့ကအစဒေါ်စုတို့က အစ ပါတီ လျှောက်လွှာအသစ်ကို ပြန်တင်ပြီးတော့ အန်တီတို့လျှောက်ရမှာ။" ဟု မဇ္ဈိမကိုပြောသည်။
dhome4
ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတတေးသံရှင် ၅၀ ကျော်တို့ NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်းများ ရေးစပ် သီကုံးသွားနိုင်ရေး တိုင်ပင်ဆွေးနွေးနေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)
ပါတီဝင်လျှောက်လွှာပုံစံတွင် အသက်၊ ပညာအရည်အချင်း လူမျိုး၊ ဘာသာနှင့် နေရပ်လိပ်စာတို့ပါဝင် မည်ဟု လည်း ပါတီထူထောင်သူတဦးဖြစ်သည့် ဒေါ်ခင်မိုးမိုးက ပြောသည်။ NLD ၏ လူမှုရေးလုပ်ငန်း များတွင် ပါဝင်ကူညီနေသူ တဦးဖြစ်သည့် ကဗျာဆရာ ကိုငြိမ်းသစ်က ပါတီဝင်များ၏ အရည်အချင်းသည် ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပါဝင်ခြင်းဖြင့်ပင် လုံလောက်သည်ဟု သုံးသပ်သည်။
"သတ်မှတ်ထားတဲ့ အရည်အချင်းတော့ မရှိပါဘူး၊ တက်ကြွစွာ ရိုးသားစွာ ဒီမိုကရေစီအရေးမှာ ပူးပေါင်း ပါဝင်မယ် ဆိုရင်ပဲ လုံလောက်ပါပြီ။ အဲဒီလောက်ဆိုရင်တော့ မည်သူမဆို ဝင်ခွင့်ရမှာပါပဲ။" ဟု ကိုငြိမ်း သစ်က မဇ္ဈိမကိုပြောသည်။
ပါတီဝင်လိုသူများအနေဖြင့် လျှောက်လွှာပြန်တင်ရမည် ဖြစ်သော်လည်း ပါတီဝင်ဟောင်းနှင့် ပါတီဝင်သစ် ခွဲခြားမည် မဟုတ်ဘဲ ပါတီဝင်အသစ်များသည်လည်း သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပါက လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းဖြစ်ခွင့်ရှိသည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကိုပြောသည်။
ကိုယ်စားလှယ်လောင်းများကို ဒေသံခံ၊ တိုင်းရင်းသား၊ အမျိုးသမီးနှင့် ပညာအရည်အချင်းတို့ကိုကြည့်ကာ ဦးစားပေး ရွေးချယ်မည်ဖြစ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောသည်။
NLD အနေဖြင့် လက်ရှိအချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေပြီဖြစ်ကာ ပြည်နယ်နှင့် တိုင်းရွေးကောက်ပွဲအောင်နိုင်ရေး ကော်မရှင်များ ဖွဲ့စည်းရန်ပြင်ဆင်နေပြီဟု NLD တည်ထောင်သူများက ပြောသည်။
သောကြာနေ့တွင်လည်း NLD ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သီချင်းများစပ်ဆိုရေးသားသွားနိုင်ရန် အနုပညာရှင် ၅ဝ ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြသေးသည်။ တေးရေးဆရာ တဦးဖြစ် သည့်ကိုရဲလွင်က NLD အတွက် အကူအညီပေးသွားမည်ဟုလည်း မဇ္ဈိမကိုပြောသည်။
"ကျနော်ကတော့ NLD ပါတီဝင်မဟုတ်ပါဘူး၊ ဒါပေမယ့် အမေစုကို ကူညီမှာပဲလေ၊ သူ့ကိုတော့ ကျနော်က ယုံကြည်တာပဲ၊ သူကိုယ်တိုင်က လုပ်ပေးပါဆိုရင်တော့ ဖြစ်အောင်လုပ်ပေးမှာပဲ။" ဟု ကိုရဲလွင်ကပြောသည်။
တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်ရာထူးမှ အနားပေးခံရ။
သမ္မတကြီး ဦးသိန်းစိန် အစိုးရ တက်ပြီးနောက်ပိုင်း ၈ လအကြာ၌ တိုင်းဒေသကြီး ဝန် ကြီးချုပ် အဖြစ် တာဝန်ထမ်း ဆောင်နေသည့် ဦးခင်ဇော်မှာ ယမန်နေ့က ရာထူးမှ အနားပေး ခြင်း ခံလိုက်ရကြောင်း ဗဟို အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။  ”ဒီနေ့ ရန်ကုန်ကို ဦးခင်ဇော် ရောက်လာပြီး အထုတ် အပိုးတွေ အများကြီးနဲ့၊ ဒီတော့ ကြည့်ရတာ ရာထူးက အနားပေးခံရတာ သေချာ သလောက်ရှိသွားပြီ” ဟု အမည် မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။   ယခင် အစိုးရ လက်ထက်၌ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် စစ် ဘက်ဆိုင်ရာ တာဝန်များကို ထမ်း ဆောင်ခဲ့ဖူးပြီး ယခု အစိုးရသစ် လက်ထက်၌ တနင်္သာရီတိုင်းဒေသ ကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ ဦးခင်ဇော်မှာ မည်သည့် အချက်ကြောင့် ယခုကဲ့သို့ ရာထူးမှ အနားပေးခံရသည်ကို မည်သူမှ တိကျစွာ ထုတ်ဖော်ပြောဆို   နိုင်ခြင်း မရှိသည်ကိုလည်း ပေါ်ပြူလာ နယူးစ်မှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်လပိုင်း အတွင်းက လည်း ရှမ်းပြည်နယ်အဆင့်ရှိ ဝန် ကြီးတစ်ဦး၏  တရားဝင်နှုတ်ထွက် သွားခဲ့မှုလည်း ရှိခဲ့ကြောင်း အစိုးရ မှ ထုတ်ပြန်သည့် စာရင်းများအရ သိရှိခဲ့ရသည်။
Wednesday, November 23, 2011
ဦးခင်ရွှေအား သတင်းထောက်များ ကန့်ကွက်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေက သတင်းသမားများသည် ပေးတာယူ၊ ကျွေးတာစားပြီး ပြောသည့် အတိုင်း မရေးကြသူများဖြစ်သည်ဟု မကြာသေးမီက မှတ်ချက်ချခဲ့သဖြင့်  ပြည်တွင်းမှ စာနယ်ဇင်းသမားများ စုပေါင်းလက်မှတ်ထိုး ကန့်ကွက်ပြီး  သမ္မတ ဦးသိန်းစိန်ထံ တိုင်ကြားသွားမည်ဟု သိရသည်။
၂၀၁၁ နိုဝင်ဘာ ၃ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် အစည်းအဝေး တခုတွင် တွေ့ရသော ဦးခင်ရွှေ (ဓာတ်ပုံ - Reuters)
နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ ယုဇနဂါးဒင်းဟိုတယ်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဦးခင်ရွှေက ထိုသို့ ပြောဆိုခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျွေးတာ စားဖို့၊ ပေးတာယူဖို့ လာတာ မဟုတ်ဘူး၊  သတင်းယူဖို့ လာတာ။ သတင်း သမားဆိုတာ မေးခွန်းမေးမယ်၊ ဖြေတာ မဖြေတာက ခင်ဗျားကိစ္စ လို့ ချက်ချင်း ပြန်ပြောတော့ ခင်ဗျားတို့ နိုင်ငံခြားသတင်းထောက်တွေ ပြောတာ မဟုတ်ဘူး၊ ပြည်တွင်းဂျာနယ်က သတင်းထောက်တွေကို ပြောတာပါလို့ ပြန်ဖြေတယ်” ဟု Reuters သတင်းဌာနမှ ဦးအောင်လှထွန်းက  ထိုသတင်းစာ ရှင်းလင်းပွဲ အဖြစ်အပျက်ကို ပြန်ပြောပြသည်။
လူငယ်သတင်းထောက်များ၊ သတင်းစာဆရာကြီးများဖြင့် ဖွဲ့စည်းထားသော မြန်မာ သတင်းထောက်များကွန်ရက်က ဦးဆောင်ပြီး ရန်ကုန်မြို့လယ်ရှိ လေထန်ကုန်း၊ ဧရာဗိုလ် လက်ဘက်ရည်ဆိုင်တို့တွင် ယနေ့နံက် ၁၀ နာရီမှ ညနေ ၆ နာရီအတွင်း လက်မှတ်ရေးထိုးကြမည်ဟု ကွန်ရက်အဖွဲ့ဝင်တချို့က ဧရာဝတီကို ပြောသည်။
“ကွန်ရက်အဖွဲ့ဝင် သတင်းထောက် ၁၃၀ အပြင် တခြားသတင်းထောက်တွေ အားလုံး လက်မှတ်ထိုးနိုင်အောင် စီစဉ်ထား ပါတယ်၊ မနေ့ဖြန် သမ္မတနဲ့ လွှတ်တော်က ရေးရာ ကော်မတီ တချို့ကို စာပို့မယ်၊ ပြီးရင် ဦးခင်ရွှေ ပြောတာကို ကန့်ကွက် ရှုတ်ချကြောင်း ကြေညာချက် ထုတ်မယ်” ဟု သတင်းထောက်တဦးက ရှင်းပြသည်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသည့်နေရာဖြစ်သော ၀န်ကြီးများရုံးအား ဟိုတယ်အဖြစ် ပြောင်းလဲ လုပ်ကိုင်လိုသူ ရှိပါက ငှားရမ်းပေးမည်ဟု မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးခင်ရွှေက  ပြည်တွင်း၊ ပြည်ပမီဒီယာများကို ပြောဆိုခဲ့သည်။
သို့သော်လည်း ဦးခင်ရွှေ၏ ကမ်းလှမ်းချက်အား ကန့်ကွက်ပြောဆိုမှုများ မီဒီယာတွင် ဖော်ပြခဲ့ကြပြီးနောက်တွင် သမိုင်းဝင် အဆောက်အအုံအား ဟိုတယ်အဖြစ် ပြောင်းလဲမည့် အစီအစဉ် ပျက်သွားခဲ့သည်။
ထိုအစီအစဉ် ပျက်သွားခြင်းကို ဦးခင်ရွှေက ကျေနပ်မှုမရှိကြောင်း၊ ထို့ကြောင့် မီဒီယာများသည် အဆိုးမြင် ၀ါဒ ဖြင့်ရေးသားနေကြသည်ဟု မှတ်ချက်ခဲ့ခြင်း ဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သူ လူငယ်သတင်းထောက် တချို့က ပြောသည်။
ကွန်ရက်အဖွဲ့ကို ပြီးခဲ့သည့် စက်တင်ဘာလက ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်တို့မှ သတင်းသမားများ ပါဝင်သည်။ ကွန်ရက်အဖွဲ့၏ လတ်တလော အစီအစဉ်ကို သတင်းစာဆရာ မောင်ဝံသက ကြိုဆို လိုက်သည်။
“ဦးခင်ရွှေရဲ့ ပြောဆိုမှုဟာ မီဒီယာတွေ အဆင့်အတန်း မရှိဘူးလို့ ပြောတာနဲ့ အတူတူပဲ၊ သတင်းစာ လုပ်လာတာ နှစ် ၅၀ ရှိပြီ၊ ဒီလိုပြောတာမျိုး လုံးဝ သည်းမခံနိုင်ဘူး၊ အဲဒီတော့ ဒီလိုပြောတာတွေ ရပ်တန့်ဖို့၊ နောက်ထပ် မလုပ်ဖို့ ဆိုတာတွေကို ကျနော်တို့က ချေပဖို့၊ ရှင်းလင်းဖို့ လိုအပ်တယ်၊ ဒါကြောင့် သတင်းထောက်ကွန်ရက်က လုပ်တာကို ထောက်ခံတယ်” ဟု ဆရာ မောင်ဝံသက ဆိုသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဧရာဝတီမှ  ဦးခင်ရွှေအား မေးမြန်းရာ “ပုတ်ခတ်တာ မဟုတ်ပါဘူး၊ မိဘက သားသမီးကို ပြောတဲ့၊ ဆုံးမတဲ့ သဘောမျိုး ပြောပြတာပါ၊ ကိုယ့်ရဲ့ ရရှိထားတဲ့ စတုတ္ထမဏ္ဍိုင်ကို မဆုံးရှုံးရအောင်  ကောင်းတာတွေလည်း ရေးကြ ဦးပေါ့၊ အဆိုးတွေချည်းပဲ ရေးမှ မီဒီယာမဟုတ်ပါဘူးလို့ ပြောတာပါ” ဟု ဆိုသည်။
နိုင်ငံတော်အစိုးရ သွားနေသော လမ်းကြောင်းသည် ကောင်းမွန်နေကြောင်း၊ သမ္မတကလည်း စတုတ္ထမဏ္ဍိုင်ကို အလေးထား ပြောဆိုနေကြောင်း၊ ထို့ကြောင့် ကောင်းသည့်အရာများကို အဓိက ရေးသားရန် လိုအပ်ပြီး အဆိုးများရေးနေပါက  လမ်းကြောင်း ပြောင်းသွားမည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ ပြောဆိုရခြင်းဖြစ်ကြောင်း ဦးခင်ရွှေက ရှင်းပြသည်။
သတင်းစာဆရာ မောင်ဝံသက “အဲဒီလို ပြန်ချေပတာက ပိုပြီး ခံပြင်းတယ်၊ ထပ်ပြီး စော်ကားလိုက်သလိုပဲ၊ အလကားနေရင်း ဘာကြောင့် ကျနော်တို့က သူ့ သားသမီးတွေ ဖြစ်သွားရတာလဲ၊ သူ့ကို မိဘလို့လည်း မသတ်မှတ်နိုင်ဘူး၊ လုပ်ငန်းရှင် တယောက် လို့ပဲ နားလည်တယ်၊ မြင်တယ်” ဟု ဆိုသည်။
မောင်ဝံသက “စတုတ္ထမဏ္ဍိုင်အား မထိပါးပါနဲ့” ဟူသော ဆောင်းပါးတပုဒ်အား ယနေ့ ထုတ်ဝေသည့်  ပြည်သူ့ခေတ်ဂျယ်နယ်၌ ရေးသား ဖော်ပြထားသည်ဟု သိရသည်။
ထိုဆောင်းပါးသည် ဦးခင်ရွှေ တဦးတယောက်တည်းကို ရည်ရွယ်ခြင်းမဟုတ်ဘဲ အားလုံးကို ရည်ရွယ်ရေးသားထားကြောင်း၊ စတုတ္ထမဏ္ဍိုင်သည် ပြည်သူ အားလုံး အတွက် လုပ်ကိုင်နေခြင်းကြောင့် မထိပါးစေရေး အတွက် ရေးသားရခြင်း ဖြစ်ကြောင်း  ပြည်သူ့ခေတ်ဂျယ်နယ် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသက ပြောသည်။
သတင်းထောက်များ သမ္မတထံ တိုင်ကြားရန် စီစဉ်နေခြင်းနှင့် ပတ်သက်၍ ဦးခင်ရွှေ “ဒါကတော့ သူတို့ အလုပ်ပေါ့၊ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်တွင်းမီဒီယာတွေက နုသေးတာကော၊ အတွေ့အကြုံက နည်းသေးတယ်” ဟု ဆိုသည်။
ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနှင့် ခမည်းခမက် တော်စပ်သည်။
အမျိုးသားလွှတ်တော် ကြံ့ဖွံ့အမတ် ဦးခင်ရွှေရတဲ့ ဒေါက်တာဘွဲ့ အတုဖြစ်နေ။
ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ ကြီးပွားချမ်းသာလာခြင်းဟာ  စစ်အစိုးရက သူကောင်းပြုတဲ့ စီမံကိန်းတွေနဲ့ ခေတ်ပျက်သူဌေးဖြစ်ပြီး  ချမ်းသာလာသူ ဖြစ်ပါတယ်။
နအဖ န၀တ စစ်အစိုးရ အဆက်ဆက် ကျေးဇူးကြောင့် ချမ်းသာလာတဲ့ ဦးခင်ရွှေကို စစ်အစိုးရကလည်း ထိုက်ထိုက်တန်တန် အသုံးချခဲ့ပါတယ်။
၁၉၉၇ ခုနှစ် အမေရိကန်ဆန်ရှင်ခေါ် စီးပွားရေး ပိတ်ဆို့မှုကြောင့်  မြန်မာစစ်အစိုးရ အလူးအလဲ ခံနေရချိန်မှာ အမေရိကန်စီးပွားရေး  ပိတ်ဆို့မှုပြန်ဖွင့်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ  သိက္ခာပြန်တင်နိုင်ရေးအတွက် အမေရိကန် Public Relations ကုမ္ပဏီတွေကို  ဇေကမ္ဘာကုမ္ဗဏီပိုင်ရှင် ဦးခင်ရွှေကတဆင့် ငှားရမ်းခဲ့ပါတယ်။
၁၉၉၀ ပြည့်နှစ်အစောပိုင်းကစပြီး Jafferson Waterman International  ဆိုတဲ့ ကုမ္ပဏီကို တနှစ် အမေရိကန်ဒေါ်လာ ၄ သိန်းနဲ့ စစ်အစိုးရက ငှားပီး  လော်ဘီလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒီနောက်မတော့ Bain &  Associates ကုမ္ပဏီကို တနှစ် ဒေါ်လာ ၂ သိန်းခွဲကျော်ပေးပီး  ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ ကတဆင့် ငှားခဲ့ပါတယ်။ ဒါလည်း  မအောင်မြင်ခဲ့ပါဘူး။
ဒီနောက် Atlantic Group ကုမ္ပဏီကို ဒေါ်လာအမြောက်အများပေးငှားပေမဲ့လဲ  စစ်အစိုးရ သိက္ခာတက်မလာခဲ့ပါဘူး။ ဒိနောက် ၂၀၀၂ ခုမှာ DCI Group ဆိုတဲ့  အမေရိကန် ကုမ္ဗဏီကို ရှစ်လတွက် ဒေါ်လာ ၃ သိန်းခွဲနဲ့ ငှားခဲ့ပေမဲ့  နောက်ဆုံး ဒီကုမ္ပဏီနဲ့လည်း စစ်အစိုးရ ခွာပြဲခဲ့ပါတယ်။
ဒီအခြေအနေတွေကိုကြည့်ရင် ဦးခင်ရွှေဟာ စစ်အစိုးရလက်ထက်ကထဲက ဘယ်လောက် အတိုင်အတာထိ အရေးပါနေသလဲ သိသာပါတယ်။
အမေရိကန် ဆန်ရှင်ပြန်ဖွင့်နိုင်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ  သိက္ခာတက်လာရေး စီမံကိန်းကို တချိန်က OSS ထောက်လှမ်းရေး  စစ်ဗိုလ်တွေလုပ်ခဲ့တာမို့ ဦးခင်ရွှေဟာ ထောက်လှမ်းရေးအဖွဲ့က လက်ရင်းထား  အားကိုးခံခဲ့ရသူ လုပ်ငန်းရှင်ကြီး တဦးဆိုလည်း မမှားပါဘူး။  ဒီစီမံကိန်းသာေ အာင်မြင်ခဲ့ရင် ဦးခင်ရွှေဟာ ဒီထက်ပြိုပီး သူကောင်းပြုခံရမှာ  ဧကန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်းကို အနောက်နိုင်ငံ စာနယ်ဇင်းတွေက  ဖော်ထုတ်ခဲ့တဲ့အတွက် ဦးခင်ရွှေပါ စစ်အစိုးရနဲ့အတူ ရောပြီး  သိက္ခာကျခဲ့ပါတယ်။
ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က ဦးခင်ရွှေကို သုံးပြီး အမေရိကန်ကို လိမ်ဖို့  ထောက်လှမ်းရေးအဖွဲ့က ကြိုးစားခဲ့တာတွေကို အမေရိကန်မှာ နိုင်ငံရေး  ခိုလှုံခွင့်ရသွားတဲ့ ထောက်လှမ်းရေးဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်ကလည်း ခုထိ  ဖော်ထုတ်ခြင်း မပြုဘဲ ငြိမ်နေပါတယ်။
ဦးခင်ရွှေ ဒေါက်တာဘွဲ့အတု ဘယ်လိုရသလဲ
စစ်အစိုးရဟာ တဘက်က ဦးခင်ရွှေကို အသုံးချပီး အမေရိကန် PR ကုမ္ဗဏီတွေနဲ့  သိက္ခာတက်အောင် ကြိုးစားနေချိန်မှာ တဘက်ကလည်း ဦးခင်ရွှေကို  ဒေါက်တာဘွဲ့တစ်ခု ရအောင် ဖန်တီးပေးပီး PR ကမ်ပိန်း အရှိန်ရအောင်  ကြိုးစားခဲ့တာဖြစ်တယ်လို့ ဦးခင်ရွှေရတာ ဒေါက်တာဘွဲ့အတုဖြစ်ကြောင်း  ဖော်ထုတ်ခဲ့တဲ့ အမေရိကန်တွေဘက်က မြင်ပါတယ်။
ဦးခင်ရွှေဟာ စစ်အစိုးရ သိက္ခာတက်ရေးအတွက် Bain & Associates  ကုမ္ပဏီနဲ့ အလုပ်များနေတုံးမှာ ဦးခင်ရွှေကို အမေရိကန်နိုင်ငံ  ၀ါရှင်တန်တက္ကသိုလ်က ပေးအပ်တဲ့ Business Administration ဆိုင်ရာ  ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်တဲ့အခမ်းအနားလုပ်တဲ့အကြောင်း  စစ်အစိုးရသတင်းကို ကိုးကားပြီး အမေရိကန် Washington Post သတင်းစာက  ဖော်ထုတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံက ကောလိပ် တက္ကသိုလ်တွေကို ပိတ်ထားတာ  တနှစ်ကျော်နေတဲ့အချိန်မှာ စစ်အစိုးရက ဦးခင်ရွှေသတင်းကို  ထုတ်ပြန်လိုက်လို့ ပြည်ပရောက် ဒီမိုကရေစီရေး မြန်မာအတိုက်အခံတွေလဲ  အံ့အားတသင့် ဖြစ်ကုန်ပါတယ်။
စစ်အစိုးရ သတင်းစာတွေအရဆိုရင် ဦးခင်ရွှေကို  ဒေါက်တာဘွဲ့ပေးတဲ့အခမ်းအနားမှာ အမေရိကန်ပညာရေး ဖောင်ဒေးရှင်းအဖွဲ့ရဲ့  ကမကထနဲ့ ၀ါရှင်တန် တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Carey Rosenthal နဲ့  ၀ါရှင်တန် တက္ကသိုလ် ဂုဏ်ထူးဆောင် သုတေသန ကော်မီတီ ဥက္ကဌ ဒေါက်တာ Jom Lim  တို့ကနေ ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။
တကယ်တော့ ဦးခင်ရွှေဟာ စစ်တပ်ကနေ တပ်ကြပ်ကြီးအဆင့်က  အငြိမ်းစားယူခဲ့သူဖြစ်ပီး အတန်းပညာ အထက်တန်းတောင် မအောင်ခဲ့ဘူးလို့  အမေရိကန် သတင်းစာတွေက ရေးပါတယ်။
မှောင်ခို ဒေါက်တာဘွဲ့အတုဆိုတာ ဖော်ထုတ်နိုင်ပြီ
ဦးခင်ရွှေရဲ့ ဒေါက်တာဘွဲနောက်ကြောင်းကို အမေရိကန် တက်ကြွလှုပ်ရှားသူတွေက စုံစမ်းဖော်ထုတ်ရာမှာ-
၁။ ဦးခင်ရွှေကို ဒေါက်တာဘွဲ့ပေးတဲ့ အမေရိကန်နိုင်ငံ  ၀ါရှင်တန်တက္ကသိုလ်ဆိုတာ အသိအမှတ်ပြုခံထားရတဲ့ တက္ကသိုလ်မဟုတ်ဘဲ  ဟာဝိုင်အီကျွန်းမှာ မှတ်ပုံတင်ထားပီး ပင်ဆယ်ဗေးနီးယားပြည်နယ် Bryn Mawr  မှာ စာတိုက်သေတ္တာနံပတ်တခုနဲ့ ဘွဲ့တွေ ရောင်းစားနေတဲ့ တက္ကသိုလ်အတု  ဖြစ်နေတာ တွေ့ရပါတယ်။ ဒေါက်တာဘွဲ့တခုကို အမေရိကန်ဒေါ်လာ ၃၆၀၀ ကနေ ဒေါ်လာ  ၆၀၀၀ ကြားဈေးနဲ့ မှောင်ခိုရောင်းနေတဲ့ တက္ကသိုလ်အမည်ခံ  မှောင်ခိုလုပ်ငန်းတခုသာ ဖြစ်ပါတယ်။
၂။ ဒါပေမဲ့ ဦးခင်ရွှေကို မှောင်ခို ဒေါက်တာဘွဲ့အတုရောင်းတဲ့  တကယ်မရှိတဲ့ နာမယ်တူ ၀ါရှင်တန်တက္ကသိုလ်ရဲ့ သတင်းကြောင့် အမေရိကန်နိုင်ငံ  St. Louis မှာတကယ်ရှိတဲ့ ၀ါရှင်တန်တက္ကသိုလ်က ကြားကနေ အချောင်  နာမယ်ပျက်သွားပါတယ်။ ဒီမှာတင် အမှန်တကယ် တည်ရှိတဲ့ St. Louis  ၀ါရှင်တန်တက္ကသိုလ်က ဦးခင်ရွှေ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ရတယ်ဆိုတဲ့  စစ်အစိုးရသတင်းဟာ မှားယွင်းကြောင်းနဲ့ အထင်လွဲစရာတွေ  ဖြစ်ကုန်ကြောင်းကြေငြာချက်ထုတ်ပြန်ြပီး တရားစွဲဖို့ ပြင်ဆင်ခဲ့ပါတယ်။
(ပင်ဆယ်ဗေးနီးယား အခြေစိုက် စီးပွားဖြစ်လုပ်စားနေတဲ့  ၀ါရှင်တန်တက္ကသိုလ်အတုကို St. Louis ၀ါရှင်တန်တက္ကသိုလ် အစစ်ကနေ ဦးခင်ရွှေကို  ပေးတဲ့ဘွဲ့ကိစ္စနဲ့ ပတ်သက်ပြီး Federal District တရားရုံးကနေ  တရားစွဲခဲ့ရာမှာ နောက်ဆုံး တရားရုံးပြင်ပမှာ ကျေအေးခဲ့ပါတယ်။ ဒါပေမဲ့  စာတိုက်ပုံးတစ်လုံးနဲ့ မှောင်ခို ဒေါက်တာဘွဲ့တွေ ရောင်းစားနေသူတွေအနေနဲ့  တရားရုံးဆုံးဖြတ်ချက်အရ နောက်နောင် ၀ါရှင်တန်တက္ကသိုလ်အစစ်နဲ့  တခြားအမေရိကန်တက္ကသိုလ်တွေရဲ့ အမည်သုံးပြီ်း စီးပွားမလုပ်နိုင်အောင်  ဟန့်တားနိုင်ခဲ့ပါတယ်)။
၃။ ဦးခင်ရွှေကို မှောင်ခိုဒေါက်တာဘွဲအတုပေးတဲ့ အမေရိကန်ပညာရေး  ဖောင်ဒေးရှင်းအဖွဲ့ဆိုတာ စင်္ကာပူနိုင်ငံမှာသာ အခြေစိုက်တဲ့အဖွဲ့ဖြစ်နေတာ  တွေ့ရပါတယ်။
၎။ စစ်အစိုးရသတင်းစာပါ ဦးခင်ရွှေကို ဒေါက်တာဘွဲ့အတုပေးတဲ့ ၀ါရှင်တန်  တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Carey Rosenthal ဆိုတာလဲ အမေရိကန်နိုင်ငံ  Philadelphia မှာရှိတဲ့ Drexell တက္ကသိုလ်က ဓါတုဗေဒ ပါမောက္ခဖြစ်နေတာ  တွေ့ရပြီး ဦးခင်ရွှေဘွဲ့ပေးဖို့ သူမြန်မာနိုင်ငံသွားတဲ့စရိတ်ကို  ဦးခင်ရွှေကပဲ စိုက်ထုတ်ကျခံတယ်လို့ သိရပါတယ်။
၅။ တကယ်တော့ ဦးခင်ရွှေရတယ်ဆိုတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ဆိုတာ ဘွဲ  ဒီဂရီ ပေးခွင့်မရှိတဲ့ အဖွဲ့အစည်းတခုက ပေးတဲ့  မှောင်ခိုဒေါက်တာဘွဲ့အတုသာဖြစ်ပီး ဒေါက်တာဘွဲပေးတဲ့ ဖြစ်စဉ်တခုလုံးရဲ့  ကုန်ကျစရိတ်တွေကို ဦးခင်ရွှေကဘဲ အကုန်အကျခံတာ ပေါ်လွင်နေတယ်လို့  ကိုလံဘီယာတက္ကသိုလ် နိုင်ငံတကာရေးရာ ပါမောက္ခ Tom Lansner ကပြောပါတယ်။
ခုလို ဦးခင်ရွှေကို မှောင်ခို ဒေါက်တာဘွဲ့ အတုရအောင် စစ်အစိုးရက  ဘာကြောင့် လုပ်ပေးရသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက  ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တွေပေးတာ မနာလိုတဲ့အတွက် ဖြစ်နိုင်တယ်လို့  ဦးခင်ရွှေရတယ်ဆိုတဲ့ ဒေါက်တာဘွဲ့ နောက်ကြောင်းကို ဖော်ထုတ်သူ အမေရိကန်  တက်ကြွလှုပ်ရှားသူတွေက မှတ်ချက်ချပါတယ်။
နိဂုံး
ဦးခင်ရွှေဟာ စစ်အစိုးရအကျိုးစီးပွားကို နာမယ်ပျက်ခံ  ဆောင်ကျဉ်းပေးခဲ့သူဖြစ်တဲ့အတွက် ကနေ့ အမျိုးသားလွှတ်တော်မှာ  ကြံ့ဖွံ့အမတ်အနေနဲ့ နိုင်ငံရေးနယ်ပယ်ထိ ဦးသိန်းစိန်အစိုးရက  ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အစိုးရ ဒါမှမဟုတ်  ဦးသိန်းစိန်အစိုးရဟာ ဦးခင်ရွှေနဲ့ အကျိုးတူဖြစ်နေတာမို့ ဒီလို  သိက္ခာမဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မျိုးကို အခြေခံဥပဒေ ၂၀၀၈ အရ  လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရပ်ဆိုင်းပေးပါရန် (recall) မဲဆန္ဒရှင်တွေက  စုပေါင်းလက်မှတ်ထိုးပြီး ရွေးကောက်ပွဲကော်မရှင်ထံ  တောင်းဆိုခွင့်ရှိပါတယ်။
ဂျက်ဖရီ ဆန်းမောင် စုဆောင်းတင်ပြသည်။
ဝါရှင်တန်တက္ကသိုလ်မှ ဦးခင်ရွှေအား မည်သည့်အခါကမျှ မည်သည့်ဘွဲ့မျိုး မပေးအပ်ခဲ့ကြောင်း ထုတ်ပြန်လိုက်သည့်စာ
Monday, November 21, 2011
အခုတပတ် သောကြာနေ့မှာ NLD ပါတီ မှတ်ပုံတင်ဖို့ရှိ။
အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အခုသီတင်းပတ် အတွင်း ပါတီ ပြန်လည် မှတ်ပုံတင်မယ်လို့ သိရပါတယ်။ အသေးစိတ် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပြီး ဒီတပတ် သောကြာနေ့ မှတ်ပုံတင် လျှောက်ထားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဌာနချုပ်တွင် မတ်လ ၂၉ ရက်က ပါတီ မှတ်ပုံတင်ရေး၊ မတင်ရေး ခေါင်းဆောင်များ ဆွေးနွေးနေစဉ် ရုံးအပြင်တွင် ပါတီဝင်များက ဆုံးဖြတ်ချက်ကို စောင့်မျှော်နေခြင်း ဖြစ်ပါသည်။ (Photo: RFA)
အန်လ်အယ်ဒီ ပါတီ အနေနဲ့ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ် အဖြစ် ရွေးချယ်ရာမှာ လူငယ်တွေနဲ့ တိုင်းရင်းသားတွေကို ဦးစားပေးမယ်လို့ သိရပါတယ်။ ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ ရှိပေမယ့် ဘယ်မြို့နယ်က ၀င်ရောက် ယှဉ်ပြိုင်မယ်ဆိုတာ လတ်တလော မဆုံးဖြတ်ရသေးဘူးလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲ အတွက် ပြည်သူ့ လွှတ်တော်မှာ နေရာ (၄၀)၊ အမျိုးသားလွှတ်တော်မှာ (၆)နေရာနဲ့ တိုင်းဒေသကြီးမှာ (၂) နေရာ - စုစုပေါင်း (၄၈) နေရာ လစ်လပ်လျှက် ရှိပြီး၊ အန်အယ်လ်ဒီ ပါတီ အနေနဲ့ လစ်လပ်နေရာ (၄၈) ခုလုံးမှာ ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
NLD အမှတ်တံဆိပ် ပြောင်းလဲ အသုံးပြုမည် ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ အမှတ်တံဆိပ်ဖြစ်သော ခမောက်ပုံကို ပါတီပြန်လည် မှတ်ပုံတင်ရာ၌ အသုံးပြုတော့မည် မဟုတ်ကြောင်း သိရသည်။
“ဘာကိုပြောင်းမယ်ဆိုတာ စိတ်ကူးမရှိသေးဘူး။ ဒါပေမယ့် ခမောက်တံဆိပ် လိုဂို ကတော့ ကျနော်တို့ သုံးမှာ မဟုတ်တော့ဘူး၊ ဝိဝါဒ ဖြစ်စရာတွေရှိနေလို့။” ဟု NLD၏ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။ပါတီတံဆိပ် ပြောင်းမည်ဖြစ်သော်လည်း ပါတီအလံအား ပြောင်းလဲရန် မရှိဟုဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် မှတ်ပုံတင်ထားသည့် အခြားပါတီတခုက ခမောက်တံဆိပ် အသုံးပြုထားသဖြင့် NLD ပါတီ၏ အမှတ်တံဆိပ်ကို အခြားတံဆိပ်ဖြင့် ပြောင်းလဲ မှတ်ပုံတင်ရန်  စီစဉ်နေခြင်းဟုလည်း သိရသည်။
NLDlogo
ပါတီ၏ အမှတ်တံဆိပ် ပြောင်းရန်နှင့် ပါတီမှတ်ပုံတင်ရေး လုပ်ငန်းစဉ်များအတွက် လာမည့် သီတင်းပတ်အတွင်း ဗဟိုအလုပ်မှုဆောင်များ အစည်းအဝေး ကျင်းပမည် ဖြစ်သည်။ ပါတီ ပြန်လည်မှတ်ပုံတင်ကာ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် NLD၏ ဗဟိုကော်မတီဝင်များက ဆုံးဖြတ် ခဲ့ကြသည်။
NLD သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ ၉၃ ပါတီအနက် ခမောက်ကို ရွေးကောက်ပွဲ ဝင် သင်္ကေတအဖြစ် အသုံးပြုသည့် တခုတည်းသော ပါတီဖြစ်သည်။ ထို့ပြင် နှစ်ပေါင်း ၂၀ ကျော် ဖြတ်သန်းခဲ့သည့် ပါတီသက်တမ်းတလျှောက်တွင်လည်း ခမောက်တံဆိပ်ကို အစဉ်တစိုက် အသုံးပြုခဲ့သည်။
သို့သော် ၂၀၁၀ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့်  ရွေးကောက်ပွဲတွင် NLD ပါတီ ခေါင်းဆောင်ဟောင်းများ ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF)က ခမောက်ပုံအား ပါတီ အမှတ်တံဆိပ် အဖြစ် အသုံးပြုသဖြင့် NLDက ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်ရာ ရှုံးနိမ့်ခဲ့သည်။
ပါတီ၏ အမည်၊ အလံနှင့် အမှတ်တံဆိပ်တို့ကို ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ရာတွင် မှတ်ပုံတင်ပြီးသည့် အခြားပါတီတခု၏ အမည်၊ အလံ၊ အမှတ်တံဆိပ်တို့နှင့် တူညီလျှင် သို့မဟုတ် ဆင်တူရိုးမှား ဖြစ်နေလျှင် ကွဲပြားစေ ရန် ကော်မရှင်က ညွှန်ကြားရမည်ဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
Sunday, November 20, 2011
ပြန်ကြားရေးက နေပြည်တော်တိုင်းမ်ဂျာနယ် ထုတ်ဝေ။
အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ စာပေဗိမာန် စာအုပ်တိုက်မှ နေပြည်တော်တိုင်မ်း ဟု အမည်ပေးထားသည့် အပတ်စဉ်ထုတ် ဂျာနယ်သစ် တစောင်ကို သောကြာနေ့တွင် စတင် ထုတ်ဝေဖြန့်ချိ လိုက်ပြီ ဖြစ်သည်။
ဂျာနယ်တွင် အစိုးရဆောင်ရွက်ချက်များကို ဦးစားပေး ဖေါ်ပြထားသည်ဟု အဆိုပါ ဂျာနယ်၏ အမည်မဖေါ်လိုသူ အယ်ဒီတာတဦးက ပြောသည်။
“အစိုးရ လုပ်ဆောင်နေတာတွေ၊ အစိုးရ ဖော်ဆောင်နေတာတွေကို ဒီဂျာနယ်ကနေ တဆင့် ပြည်သူလူထုကြားထဲ
ရောက်အောင် ဖော်ပြချင်တဲ့ သဘောတွေ့ရပါတယ်။ ဘာလို့လည်းဆိုတော့ ဒီဂျာနယ်မှာ ပြန်ကြားရေးဝန်ကြီးရဲ့ အင်တာဗျူးတွေက ဖော်ပြခွင့် ရနေတယ်။ တခြားဂျာနယ်မှာ မပါဘူး။”ဟု မဇ္စျိမကို ပြောသည်။
ပထမဆုံးအကြိမ် ထုတ်ဝေသည့် ဂျာနယ်တွင် The Wall Street ဂျာနယ်မှ ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် အရှေ့တောင်အာရှ ဌာခွဲ၏ ဒေသဆိုင်ရာ အကြီးအကဲ မစ္စတာ ဂျွန်ပတ်ထရစ်ဘာတွန် Mr John Patrick Barta တို့၏ အင်တာဗျူးကို အချပ်ပိုအဖြစ် ငါးမျက်နှာစာ ထည့်ခွင့် ရရှိသည်။
Naypyidawpic
အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနအောက် စာပေဗိမာန်က နေပြည်တော်တိုင်မ်းဟု အမည် ပေးထားသော အပတ်စဉ် ထုတ်ဂျာနယ်သစ် စတင် ထုတ်ဝေဖြန့်ချိ (ဓါတ်ပုံ မဇ္ဈိမ)
ယခုလ ၂၀ ရက်နေ့ ကျရောက်မည့် ၉၁ ကြိမ် အမျိုးသားနေ့ အထိမ်းအမှတ် ထုတ်ဝေသဖြင့် အမျိုးသားနေ့နှင့် ပတ်သက်သည့် အထူးဆောင်းပါးများ ထည့်သွင်း ဖော်ပြထားသည်ဟုလည်း ပြည်တွင်းမှ အယ်ဒီတာ တဦးက
ပြောသည်။
မြန်မာဘုရင်များထဲမှ သီပေါမင်း၏ မျိုးဆက်တော် ဘုရားလေး၏သမီး ဒေါ်ဒေဝီသန့်ဇင်ကို သီပေါ်မင်း ပါတော်မူနေ့၊ နယ်ချဲ့ဆန့်ကျင်ရေးနေ့ အကြောင်း အမေးအဖြေ ကဏ္ဍကို အထူးကဏ္ဍအဖြစ် ထည့်သွင်း ဖော်ပြထားသည်ဟု သူက ဆက်ပြောသည်။
“ဦးနေဝင်း လက်ထက်မှာ ပိတ်ထားတာတွေ ပြန်ဖော်ထုတ်ဖို့ ပြောထားတာတွေ တွေ့ရတယ်။”ဟု သူက မဇ္စျိမကို
ပြောသည်။
ထို့ပြင်သတင်း၊ ဆောင်းပါး၊ ကဗျာ နိုင်ငံတကာရေးရာ ဘာသာပြန်၊ သုံးသပ်ချက်၊ အနုပညာသတင်း စသည့် ကဏ္ဍများ ပါဝင်သည်။ သို့သော် ယနေ့ ဖြန့်ချိလိုက်သော အမျိုးသားနေ့ အထိမ်းအမှတ်နေ့တွင် ဖြန့်ချိလိုက်သဖြင့် အမျိုးသားနေ့ အထူးပြုသတင်းများ ဖော်ပြထားသည်ဟု သိရသည်။
ဂျာနယ်၏ မူဝါဒရေးရာနှင့် ပတ်သက်၍ “ပေါ်လစီမူကလည်း မူအရတော့ တတ်နိုင်သလောက် သတင်းဂျာနယ်တွေ အတိုင်းပဲ လုပ်တာပါ။”ဟု လည်း အမည်မဖော်လိုသူ အယ်ဒီတာအဖွဲ့ဝင်က ပြောသည်။
နေပြည်တော်တိုင်မ်းဂျာနယ် အယ်ဒီတာအဖွဲ့ကို စာတည်းချုပ်အဖြစ် စာပေဗိမာန်မှ စာတည်းမှူးချုပ် ဦးမျိုးထွန်းနှင့် ရန်ကုန်မီဒီယာအုပ်စုတွင် လုပ်ခဲ့ဖူးသူ  အယ်ဒီတာ ကိုစောလင်းအောင်က တာဝန်ခံ အယ်ဒီတာအဖြစ် တာဝန်ယူ သွားမည် ဖြစ်သည်။
ရုံးချုပ်ကို စာပေဗိမာန် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၃၇ လမ်းနှင့် ကုန်သည်လမ်းထောင့်တွင် ဖွင့်လှစ် ထားသည်။ ဝန်ထမ်းများမှာ ရန်ကုန်မြို့ရှိ ဂျာနယ်များမှ သတင်းစာဆရာများဖြစ်ပြီး စုစုပေါင်း ၂၅ ဦး ထားရှိသည်။
နေပြည်တော်တိုင်မ်း ဂျာနယ်ကို ပုံမှန်အားဖြင့် တနင်္ဂနွေနေ့တိုင်း ဖြန့်ချိသွားမည် ဖြစ်သော်လည်း ပထမဆုံး အကြိမ် အဖြစ် အမျိုးသားနေ့မတိုင်မီ သောကြာနေ့တွင် ဖြန့်ချိလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
ထိုဂျာနယ်၏ မတည်ငွေကို ပြန်ကြားရေး ဝန်ကြီးဌာနအောက် စာပေဗိမာန်မှ ထုတ်ယူသုံးစွဲမှာ ဖြစ်သည်။ သို့သော် အခြားဂျာနယ်များနည်းတူ ပြန်ကြားရေးဝန်ကြီး ဌာနအောက်ရှိ ဆင်ဆာတည်းဖြတ်ရေး အဖွဲ့ကို စာမူတင် ဖြတ်သန်း ပြီးမှ ဖြန့်ချိခွင့် ရမည်ဖြစ်ကာ တစောင်လျှင် ကျပ် ၅၀၀ ဖြင့်ရောင်းချနေသည်။ စောင်ရေ မည်မျှ ဖြန့်ချိသည်ကိုမူ
ပြောဆိုခြင်း မရှိပေ။
၁၉၃၇ ခုနှစ် ဗြိတိသျှ ကိုလိုနီခေတ်က ဦးထွန်းရွှေနှင့် လူငယ်တစုက နဂါးနီစာပေတိုက်ကို ထူထောင်ခဲ့ပြီး နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး စာပေများကို ထုတ်ဝေဖြန့်ချိနိုင်ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် နဂါးနီ စာပေတိုက်ကို စာပေဗိမာန်အဖြစ် ပြောင်းလဲခဲ့သည်။ အစိုးရ ခေတ်အဆက်ဆက် ထိန်းချုပ်ခဲ့ပြီး လက်ရှိ အရပ်သား အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနအောက်တွင် ရှိသည်။
လက်ရှိတွင် အစိုးရအာဘော် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေနေသော မြန်မာ့အလင်း၊ ကြေးမုံသတင်းစာ တို့ရှိပြီး သတင်းစာစောင်ရေ သုံးသိန်းကျော် ဖြန့်ဝေနေပြီး မြဝတီ သတင်းစာကိုလည်း နေ့စဉ် ဖြန့်ဝေလျက်ရှိသည်။
ရန်ကုန်မြို့တွင် အပတ်စဉ်ထုတ် ဂျာနယ်နှင့် မဂ္ဂဇင်းပေါင်း၁၇၆ စောင်ရှိရာမှ ၈၂ စောင်ကို ပြီးခဲ့သည့် ဇွန်လက ထုတ်တင်စနစ်သို့ ပြောင်းလဲခဲ့ပြီးလက်ရှိ ဂျာနယ်ပေါင်း ၉၄ စောင်မှာ ဆင်ဆာဘုတ် အဖွဲ့ကို ဖြတ်သန်းပြီးမှ ထုတ်ဝေဖြန့်ချိရသည်။
အဝေးရောက် ညွန့်ပေါင်းအစိုးရ ဆက်ရှိဖို့ မလိုတော့ကြောင်း ဒေါက်တာစိန်ဝင်းပြော။
ဒီကနေ့ မြန်မာပြည်တွင်း နိုင်ငံရေးဖြစ်စဉ် တိုးတက်ပြောင်းလဲမှုတွေအရ ပြည်ပရောက် အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ NCGUB အနေနဲ့ ဆက်လက် ရပ်တည်စရာ မလိုတော့ကြောင်း ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲတခုတွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း မိန့်ခွန်း ပြောကြားနေစဉ်။(RFA)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာလိုက်တဲ့အတွက် ပြီးခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ပရောက် အမျိုးသား ညွန့်ပေါင်းအစိုးရ NCGUB ဟာ ဆက်လက် ရပ်တည်စရာ မလိုအပ်တော့ဘူးလို့ ဒေါက်တာစိန်ဝင်းက သူ့အမြင်ကို ပြောပြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြောတာတော့ လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်။ လာမယ့် ရွေးကောက်ပွဲကိုမှ ဝင်ရောက်ယှဉ်ပြိုင်တဲ့နောက်တော့ ၁၉၉ဝ ရွေးကောက်ပွဲရလာဒ်ကို ဆက်ပြီးတော့ ဖြစ်ရမယ်ဆိုတဲ့ ပုံစံမျိုး လုပ်လို့ မရဘူးပေါ့။ ကျနော်တို့ အနေနဲ့ကတော့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုရင်တော့၊ တကယ်လည်း စပြီး ယှဉ်ပြိုင်ပြီ ဆိုရင်တော့ အဝေးရောက်ညွန့်ပေါင်းအစိုးရ NCGUB အနေနဲ့ ဆက်လက်ပြီးတော့ တည်ရှိဖို့လိုမယ်လို့ မထင်ဘူး”
ဒါပေမယ့် လုပ်ထုံးလုပ်နည်းအရ ပြည်ပရောက် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ MPU ခေါ် လွှတ်တော်အမတ်များ သမဂ္ဂ ကနေ NCGUB အမျိုးသားညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်တွေကို ရွေးချယ်ထားတာဖြစ်တဲ့အတွက် MPU အဖွဲ့ကသာ ဆုံးဖြတ်ရမှာ ဖြစ်ကြောင်း ဒေါက်တာစိန်ဝင်းက ပြောပါတယ်။
အဝေးရောက် ညွန့်ပေါင်းအစိုးရ NCGUB အဖွဲ့ကို ပေါက်ခေါင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်ဝင်း ဦးဆောင်ပြီး ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ အမတ်တွေနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ဌာနချုပ်ရှိရာ မာနယ်ပလောစခန်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ထောက်ခံမှုနဲ့ ၁၉၉ဝ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
မောင်တောတွင် ကောလဟာလ သတင်းများနှင့် မတည်ငြိမ်မူများဖြစ်ပွား။
မြန်မာ နောက်ဘက်နယ်စပ် မောင်တောမြို့တွင် ကောလဟလ သတင်းများ ပျံ့နှံ့နေသဖြင့် မတည်ငြိမ်မူများ ဖြစ်ကာ မြို့ခံများ အကြား စိုးရိမ်နေကြကြောင်း သိရသည်။
" မနေ့က ညဥ့် ၁၂ နာရီမှာ မွတ်ဆလင်တွေက စုရုံးပြီး မြို့ကို ဖြိုမယ်ဆိုတဲ့ သတင်းတွေ ထွက်လာ ပါတယ်။ ကညင်တန်းမှာ စုနေကြပြီ ဆိုပြီး သတင်းတွေ ထွက်လာတဲ့အတွက် ကျွန်မတို့ တရွာလုံး အိပ်ရာကထပြီး အခြေအနေကို စောင့်ကြည့်နေခဲ့ကြပါတယ်။ ကာဗျူး ထုတ်တယ်လို့ ကြားရတယ်" ဟု မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။
တခြား အောင်ဗလ ရပ်ကွက်မှ အမျိုးသမီးတစ်ဦးကလည်း အဆိုပါ သတင်းကြောင့် သူတို့ရွာတွင် တအိမ်တယောက်ကျ အစည်းအဝေး ခေါ်ယူခဲ့ကြောင်းကို ယခုလို ပြော သည်။
" ဒီသတင်းတွေကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒီကနေ့မှာ အစည်း အဝေး ခေါ်ပြီး ပြောတယ်။ ဒီိနေ့ ညနေကစပြီး တစ်အိမ် တစ်ယောက်ကျ ကင်းစောင့်ရမယ်လို့ ပြောပါတယ်" ဟု ပြောသည်။
မောင်တောမြို့ ၀ိမလရပ်ကွက် တဘက်ကမ်း ရခိုင် ပြားသားရွာကို မွတ်ဆလင်များ မနေ့ ညဉ့်က ၀င်ရောက်တိုက်ခိုက်ကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့ကြောင်း လူငယ် တစ်ဦးက ပြောသည်။
" ကျွန်တော်တို့ ကြားတာက ပြားသားရွာကို မွတ်ဆလင်တွေ ဖြိုတယ်ဆိုပြီး ကြား တယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ သတင်းတွေက အမျိုးမျိုး ပြန့်နေပါတယ်" ဟုသူက ဆိုသည်။
ယခုကဲ့သို့ သတင်းများ ထွက်ပေါ်နေသဖြင့် မောင်တောတွင် ဆိုင်ခန်း တစ်ချို့လည်း ပိတ်ထားကြောင်း၊ သို့သော်လည်း အထက်တန်းကျောင်းမှာ ဖွင့်ထားကြောင်း မြို့ခံ မျက်မြင်များက ပြောသည်။
ထိုကဲ့သို့ သတင်းများ ထွက်ပေါ်နေသဖြင့် မောင်တောမြို့ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကို မေးမြန်းရာ ဘာမှ မဟုတ်ကြောင်း၊ မောင်တောမှာ အေးအေးဆေးဆေး ရှိကြောင်း၊ ကာဗျူး ထုတ်ထား သည်မှာလည်း မဟုတ်မှန်ကြောင်း ပြောဆိုသည်။
သို့သော်လည်း မောင်တောမြို့ခံများမှာ ကောလဟာလ သတင်းများ ပျံ့နှံ့နေသဖြင့် စိုးရိမ်ပူပန်မူများ တိုးပွားနေကြောင်း သိရသည်။
Saturday, November 19, 2011
မြန်မာ့ ရေသယံဇာတမှ တစ်နှစ်လျှင် အမြတ် အမေရိကန်ဒေါ်လာသန်း ၈၀ဝ ခန့် ထိုင်းနိုင်ငံ ရနေ ။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံပိုင် ရေသယံဇာတမှ တစ်နှစ်လျှင် ကန်ဒေါ်လာသန်း ၇၀ဝ မှ ၈၀ဝ ကြား အမြတ် ရနေသည်ဟု MFI IV LTD မှ ဥက္ကဋ္ဌဖြစ်သူ ပြင်သစ် နိုင်ငံသား Mr.Jean PICHON က ပြောသည်။  ထိုင်းနိုင်ငံ သည် ၁၉၆၀-၆၁ ခုနှစ်ကတည်းက ၄င်းတို့တွင် ငါးသယံဇာတ မရှိတော့ကြောင်း ကမ္ဘာ ကသိအောင် ကြေညာ ထားသည့် နိုင်ငံဖြစ်သော်လည်း ထိုင်းနိုင်ငံတွင် ငါးသယံဇာတ ပေါကြွယ်ဝပြီး ကမ္ဘာ ပေါ်တွင် နံပါတ်တစ် အိတ်စပို့လုပ် နိုင်သည့် နိုင်ငံဖြစ်နေကြောင်း၊ ထိုင်း နိုင်ငံမှ ငါးအားလုံးသည် မြန်မာနိုင်ငံ မှ လာရောင်းသည့် ငါးများဖြစ်ပြီး မြန် မာနိုင်ငံ၏ အလုပ်သမားငါးသိန်းခန့ သည် ထိုင်းနိုင်ငံ၏ ငါးစက်ရုံများ တွင် အလုပ်လုပ် နေကြသည်ဟု Mr. Jean PICHON ကဆက်လက် ပြောသည်။
ရနောင်းမြို့က လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကဆိုရင် သေးသေးလေးပဲ။ အားမနာတမ်း ပြောရရင် မြန်မာနိုင်ငံ ကြောင့် အခုဆိုရင် အရမ်းဖွံ့ဖြိုးတိုးတက် သွားတာ။ သူတို့တွေမှာ အမြတ် အစွန်းတွေ အများကြီး ရပေမယ့် မြန်မာနိုင်ငံမှာ ကျတော့ အအေးခန်း စက်ရုံတွေ ပိတ်ထားရတယ်ဟု ၄င်း က ပြောသည်။ တနင်္သာရီတိုင်း ဒေသကြီးတွင် တိုင်းရင်းသားအမည်ခံ ထိုင်းငါး ဖမ်းသင်္ဘော ၅၀ဝ ခန့်သည်တရား မဝင် စည်းကမ်းမဲ့ ငါးဖမ်းယူမှုများ ကြောင့် မြန်မာနိုင်ငံ သယံဇာတများ တဖြည်းဖြည်းရှားပါးလာပြီး ငါးမရှိ တော့ကြောင်း၊ ကမ္ဘာသိအောင် ကြေညာထားရသည့် ထိုင်းနိုင်ငံတွင် ငါးများပေါနေကြောင်း ၊ မြန်မာနိုင်ငံတွင်နိုင်ငံတကာအဆင့် အတန်း မီ ငါးလေလံဈေးနှင့်အအေးခန်းစက်ရုံ များပိတ်ထားရသည့် အခြေအနေ မျိုးဖြစ်နေကြောင်း အထက်ပါပုဂ္ဂိုလ် ထံမှ သိရသည်။
လူတွေက ကျွန်းသစ်တွေ နိုင်ငံမှာမရှိတော့ဘူး၊ သယံဇာတ တွင်းထွက်ပစ္စည်းတွေမရှိနိုင်တော့ဘူး လို့သာပြောနေကြတာ ငါးကိုအာရုံမစိုက်ကြဘူး။ အခုလို ငါးတွေကို တရားမဝင် ရောင်းနေတာတွေ၊ အမည်ခံလှေတွေ မြန်မာပြည်မှာ ဝင်ဖမ်းနေတာ မြစ်ဆုံကိစ္စတမျှအ ရေးကြီးပါတယ်။ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့ အသည်းနှလုံး ဖြစ်သလို မြန်မာ့ပင်လယ်ပြင်ကြီး ဟာလည်း မြန်မာ့အသည်းနှလုံး ဖြစ်ပါတယ်။ ဒါကို သေသေချာချာမ ကိုင်တွယ်ဘဲ ဒီအတိုင်းဆက်သွား မယ်ဆို နောက်ဆိုရင် ရေငန်ငါး ပျောက်တော့မယ်။
ဒီကိစ္စတွေကို သက်ဆိုင်ရာ အကြီးအကဲတွေ အာရုံစိုက်ဖို့လိုပါတယ်။ ပင်လယ် ပြင်ကြီးထဲက တရားမဝင်ငါးဖမ်းမှု၊ အမည်ခံငါးဖမ်းမှုတွေကို အဖြစ် လောက်ပဲ စစ်ဆေးတာတွေကို မျက်ကွယ်ပြုထားရင် အရမ်း အန္တရာယ်ရှိပါတယ်ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။ တနင်္သာရီ တိုင်းဒေသကြီးတွင် မြန်မာအမည်ခံ ငါးဖမ်းသင်္ဘောများ အပြင် နိုင်ငံခြားပိုင်ငါးဖမ်း သင်္ဘော များကိုလည်း ပုတ်ပြတ်စနစ်ဖြင့် မြန်မာ့ ပင်လယ်ပြင်တွင် ငါးဝင်ဖမ်းခွင့်ပြု ထားကြောင်း၊ အဆိုပါ ငါဖမ်း သင်္ဘော များသည် မြန်မာ့ပင်လယ် ပြင်တွင် ရက်အကန့်အသတ်ဖြင့် ပိုက်ဆံပေးကာ ငါးဖမ်းပြီး ၄င်းတို့ နိုင်ငံများတွင် ပြန်ရောင်းကြကြောင်း၊ ထိုကဲ့သို့ မိမိနိုင်ငံ၏ ကုန်ကြမ်း လိုအပ်ချက်ကို တခြားနိုင်ငံမှ ကုန် ကြမ်းဖြင့်တိုက် ရိုက်ဖြည့်ဆည်းခြင်း သည် ကမ္ဘာပေါ်တွင်မည်သည့် နိုင်ငံတွင်မှ မရှိတော့သော်လည့်း မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင် နေဆဲဖြစ်သဖြင့် စဉ်းစားရန်လို အပ်ကြောင်း ၄င်းကပြောသည်။ ထိုင်းနိုင်ငံရနောင်းသို့ တနင်္သာ ရီတိုင်းဒေသကြီးမှငါးတန်ချိန် ၁၅၀ဝ မှ ၂၀ဝ၀ အကြားရောင်းချလျက်ရှိ နေကြောင်း Mr. Jean PICHON က ပြောသည်။
Thursday, November 17, 2011
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြန်လည်မှတ်ပုံတင်ရေးပါတီဗဟိုကော်မတီတွေဆွေးနွေးပြီ။
နိုဝင်ဘာ ၁၈ရက် နေ့ မနက် ၁၀နာရီဝန်းကျင်တွင် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပါတီပြန်လည်မှတ်ပုံတင်ရန်အတွက် စီစီအစည်းဝေးခေါ်ယူကာ ဆုံးဖြတ်ချက်ချမှတ်မည့် အစီအစဉ် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ပါတီမှတ်ပုံတင်ရေးကိစ္စဆွေးနွေးခြင်းအခမ်းအနားတွင် စီစီကော်မတီဝင် ၁၀၇ ဦးရှိရမှ ၁၀၁ဦးသာ တက်ရောက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် အန်အယ်လ်ဒီဥက္ကဌ ဦးတင်ဦးမှ ပြောကြားပြီး အစီအစဉ် ၈ရပ်ဖြင့် ပြုလုပ်နေကြောင်းသိရှိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် ပါတီမှတ်ပုံရေးအတွက်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့်စီစီအဖွဲ့ဝင်များ မည်သို့ ဆုံးဖြတ်မည်ကို စောင့်မျှော်သူ ဦးရေ နှစ်သောင်းခန့်ုရှိနေသည်။
NLD ပါတီမှတ်ပုံတင်ရေးကိုကန့်ကွက်သည့်လက်ကမ်းစာစောင်များကို ဒေါ်နော်အုန်းလှက NLD
ရုံးချုပ်ရှေ့တွင်လိုက်လံဝေငှနေကြောင်း NLD ရုံးချုပ်ရှေ့တွင်သတင်းရယူရန်ရောက်ရှိနေသည့်
The Messenger အကြီးတန်းသတင်းထောက်ကသတင်းပေးပို့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမြန်မာနိုင်ငံသို့လာရောက်မည်။
b33_25
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အာဆီယံထိပ်သီးအစည်းအဝေးပွဲ တက်ရောက်ရန် ဘာလီသို့ နိုဝင်ဘာ(၁၇) ရက်နေ့က ရောက်ရှိလာစဉ်
အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဟီလာရီကလင်တန် သည်  ဒီဇင်ဘာလအတွင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေ စဉ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ယင်းဆုံးဖြတ်ချက်မချမီတွင် အိုဘားမားသည် နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်စကားပြောခဲ့ကြောင်း သိရသည်။ ဟီလာရီကလင်တန်နှင့် အတူ  ဘာလီတွင်ကျင်းပနေသည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်ဆွေးနွေးပွဲများသို့ တက်ရောက်လာသည့် အိုဘားမားက မြန်မာနိုင်ငံ တွင်ဖိနှိပ်မှုများနှစ်ပေါင်းများစွာ ကြုံ တွေ့ရပြီးသည့်နောက်ပိုင်း အစိုးရ သည် ပြောင်းလဲလာသည့်လက္ခဏာ များပြသလာခဲ့ကြောင်း ပြောကြားခဲ့သည်။
အစိုးရသည်အရေးပါသော ခြေလှမ်းများဖြစ်သည့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ မီဒီယာများအပေါ် ကန့်သတ်မှုများ လျှော့ချခြင်းများ ပြုလုပ်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။
''ဒါတွေဟာ နှစ်ပေါင်းများစွာ အတွင်း မြန်မာနိုင်ငံမှာအပြောင်း အလဲဆီကိုလှမ်းတဲ့အရေးပါဆုံးခြေ လှမ်းတွေပါ။နောက်ထပ်လုပ်စရာ တွေအများကြီး လည်းရှိပါသေးတယ် '' ဟုအိုဘားမားကပြောကြားခဲ့သည်။
သို့ရာတွင် မြန်မာနိုင်ငံသည် အပြည့်အဝအသွင်ကူးပြောင်းရန် ပြင်ဆင်ထားခြင်းရှိ၊မရှိမှာ မရှင်း လင်းသေးကြောင်းအိုဘားမားက ပြောကြားခဲ့သည်။
သို့ရာတွင်  တောက်ပသောအနာဂတ်အတွက် ဖြစ်တန်စွမ်းများကို လျစ်လျူရှုရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ''အမှောင်ကာလကိုနှစ်ပေါင်း များစွာဖြတ်သန်းပြီးတဲ့နောက် လွန် ခဲ့တဲ့ရက်သတ္တပတ်တွေမှာ တိုးတက် မှုရောင်စဉ်တန်းတွေကိုမြင်တွေ့ခဲ့ရ ပါတယ် ''ဟု အိုဘားမားက မြန်မာနိုင်ငံ အခြေအနေနှင့်ပတ်သက်ပြီး ပြောကြားသွားခဲ့သည်။ ယခုခရီးစဉ်သည် အမေရိကန်-မြန်မာဆက်ဆံရေးတွင် စိတ်ဝင်စားစရာအကောင်းဆုံး အပြောင်းအလဲ တစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း လေ့လာသူတို့ကသုံးသပ်သည်။
အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာနေလာပြီးနောက်ပိုင်း ရွေးကောက်ပွဲများကျင်းပပြီး  စစ်ဘက်ခေါင်းဆောင်ဟောင်းများ ပါဝင်သော အရပ်သားအစိုးရသစ် တက်လာပြီးနောက်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးဆောင်ရွက်မှုများ စတင်ပြုလုပ်လာခဲ့သည်။
ဟီလာရီကလင်တန်သည် ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့်အရေး နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့တွင်တိုးတက်မှုရှိစေရေး အမေရိကန်က မည်သို့ကူညီနိုင်မည်ကို လေ့လာသွားမည်ဖြစ်သည် ဟု အမေရိကန်အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ နောက်ဆုံးလာရောက်ခဲ့သော အမေရိကန်မှအဆင့် အမြင့်ဆုံးပုဂ္ဂိုလ်မှာ မက်ဒလင်း အောဘရိုက် ဖြစ်ပြီး ၁၉၉၅ ခုနှစ် က အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂဆိုင်ရာသံအမတ်အဖြစ်လာ ရောက်ခဲ့ခြင်း ဖြစ်သည်။မက်ဒလင်းကို ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ တွင်မှ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးအဖြစ် ထိုစဉ်က  အမေရိကန်သမ္မတ ဘီလ်ကလင် တန်ကခန့်အပ်ခဲ့ခြင်းဖြစ်ပြီး  မြန်မာနိုင်ငံသို့လာရောက် စဉ်က သံအမတ်သာ ဖြစ်သေးသည်။
ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်လိုသော ဦးဇဉ်းငါးပါးအား မန္တလေးမြို့မှ နှင်ထုတ်ခြင်းခံရ။
နိုဝင်ဘာလ ၁၇ရက်နေ့တွင် မဟာသံဃာနာယက(မဟန)မှ  ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်လိုသော ဦးဇဉ်းငါးပါးအား မန္တလေးမြို့တွင် နေထိုင်ခွင့်မပြုတော့ဘဲ မုံရွာသို့ ပြောင်းရွှေ့ခိုင်းခဲ့ကြောင်းသိရှိရသည်။
“တိုင်းက သံဃာနာယကတို့ကနေပြီးတော့ မစိုးရိမ်တိုက်ဟောင်းမှာ ဒီနေ့မနက်က ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ဦးဇဉ်းငါးပါးကို ဆွမ်းကပ်တယ် သြ၀ါဒပေးတယ်ပေါ့ နောက်ညနေ လေးနာရီလောက်မှာ မဟန(မဟာသံဃာနာယက)အဖွဲ့ကနေ စာရောက်တယ် ဒီဦးဇဉ်းငါးပါးကို မန္တလေးမြို့မှာ နေခွင့်မပြုဘူး တခြားကို ပြောင်းပါဆိုပြီးစာကျလို့ ဦးဇဉ်းတွေကို တခြားဘုန်းကြီးကျောင်းတိုက်ကို ပြောင်းရွှေ့သွားကြတယ်”ဟု မန္တလေးတိုင်းဒေသကြီးမှ ဒေသခံတစ်ဦးက ပြောသည်။
မဟာသံဃာနာယကအဖွဲ့၏ ထုတ်ပြန်ကြေညာချက်ကြောင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်လိုသော ဦးဇဉ်းငါးပါးမှာ မန္တလေးတိုင်းဒေသကြီး ရေတော်တိုက်မှ မုံရွာမြို့ရှိ ဇောတိကကျောင်းတိုက်သို့ ပြောင်းရွှေ့ခြင်းခံခဲ့ရကြောင်း သိရှိရသည်။
 မုံရွာ ဇောတိကကျောင်းတိုက်မှ ကျောင်းထိုင်ဘုန်းဘုန်းသည် အဆိုပါဦးဇဉ်းများအား သီတင်းသုံးခွင့်ပြုသော်လည်း နိုင်ငံတော်သမ္မတမှ သဘောမတူခြင်းမရှိသောကြောင့် ဦးဇဉ်းငါးပါး၏ နေရပ်သို့ ည ၇နာရီခွဲခန့်တွင် ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
 “၇နာရီ ၁၅လောက်မှာ မုံရွာက ဇောတိက ကျောင်းတိုက်ကို ရောက်တယ် ရောက်တော့ ကျောင်းထိုင်ဘုန်းဘုန်းကတော့ ဦးဇဉ်းငါးပါးကို သီတင်းသုံးခွင့်ပြုတယ် ဒါပေမဲ့ နိုင်ငံတော်က သဘောမတူဘူး အဲ့ဒါကြောင့် ညတွင်းချင်းဘဲ သံဃာတော်တွေကို ကိုယ့်နေရပ်ကို လိုက်ပို့ပေးလိုက်တယ်”ဟု မန္တလေးတိုင်းဒေသကြီးမှ အကူအညီပေးရေးအဖွဲ့တာဝန်ခံ တစ်ဦးက ပြောသည်။
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်လိုသော ဦးဇဉ်းငါးပါးမှ တစ်ပါးမှာ ယင်းမာပင်မြို့နယ်မှ ဖြစ်ပြီး ကျန်လေးပါးမှာ မုံရွာမြို့ကန္နီကျေးရွာမှ ဖြစ်ကြောင်း သိရှိရသည်။
 ဦးဇဉ်းငါးပါးတောင်းဆိုခဲ့သော ပြည်တွင်းစစ်ချက်ချင်းရပ် ၊ နိုင်ငံရေးအကျဉ်းသား ချက်ချင်းလွှတ် ၊ ကမ္ဘာကြီးငြိမ်းချမ်းပါစေ ၊ ဟူသော အချက်များကို လက်ခံသော်လည်း ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်များကို လက်ခံသဘောတူညီခြင်းမရှိသေးသောကြောင့် ယခုကဲ့သို့ ဦးဇဉ်းငါးပါးအား ပြန်လည်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
Wednesday, November 16, 2011
ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသား တချို့ ထောင်ပြောင်း။
ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ယောက် ဖြစ်တဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး ကို ပူတာအို ထောင် ကနေ တောင်ငူထောင်ကို ရွှေ့ပြောင်း လိုက်တယ်လို့ သိရပါတယ်။
ထောင်ဒဏ် ၉၃ နှစ် ကျခံ နေရတဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကို ဗုဒ္ဓဟူးနေ့က ပူတာအို အကျဉ်းထောင် ကနေ ခေါ်လာပြီး ပူတာအို လေဆိပ် ကတဆင့် မြစ်ကြီးနားကို ပို့ဆောင် လိုက်တယ်လို့ SNLD ပါတီ ပြောရေး ဆိုခွင့် ရှိသူ ဦးစိုင်းလိတ်က ဘီဘီစီကို ပြော ပါတယ်။
အဲဒီ ပြောင်းရွှေ့မှုနဲ့ ပက်သက်ပြီး မိသားစုဝင် တွေကို အာဏာပိုင် တွေက အကြောင်း ကြားတာမျိုး မရှိဘူးလို့ ဦးစိုင်းလိတ်က ပြောပါတယ်။
ရပ်ဝေး ထောင်တွေမှာ အကျဉ်း ကျခံ နေကြရတဲ့ တခြား SNLD ခေါင်းဆောင် ဦးစိုင်းညွန့်လွင်နဲ့ ဦးစိုင်းလှအောင်တို့ ကတော့ ထောင်ပြောင်းရွှေ့ ခံရသူတွေထဲမှာ ပါမပါ မသိရသေး ပါဘူး။
ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင် နဲ့ ဦးစိုင်းလှအောင်တို့ သုံးဦးဟာ တခြား ရှမ်း တိုင်းရင်းသား ခေါင်းဆောင် ၆ ဦး တို့နဲ့ အတူ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က ရှမ်းပြည် အတိုင်ပင်ခံ အဖွဲ့ ဖွဲ့စည်းမှု တို့နဲ့ စွပ်စွဲခံခဲ့ကြရပြီး နှစ်ရှည် ထောင်ဒဏ်တွေ ချခံ ကြရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁၄ ရက်နေ့ တုန်းက မြန်မာ အစိုးရ က တတိယအသုတ် အနေနဲ့ ထပ်လွှတ်ပေး ဖွယ်ရှိတဲ့ အကျဉ်းသား တွေထဲမှာ သူတို့ ပါမယ် ဆိုတဲ့ သတင်းတွေ ကြားခဲ့ရ ပါတယ်။
တခြား ထင်ရှားတဲ့ ခေါင်းဆောင်များ
ကျိုင်းတုံ ထောင်က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ကတော့ ဗုဒ္ဓဟူး နေ့က ပြောင်း ရွှေ့တဲ့ အထဲမှာ မပါသေးဘဲ ကျိုင်းတုံ ထောင်ထဲမှာ ရှိနေသေးပြီး ကြာသပတေး နေ့ ကျမှ ပြောင်းရွှေ့မယ်လို့ ထောင် အသိုင်း အဝိုင်းက သိရတဲ့ အကြောင်း ကျိုင်းတုံ မြို့ခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
ကိုမင်းကိုနိုင်ကို အင်းစိန် ထောင် ကနေ တဆင့် သရက် ထောင်ကို ပြောင်းရွှေ့ သွားဖို့ ရှိတယ်လို့လည်း အကျဉ်း ဦးစီး ဌာနနဲ့ နီးစပ်တဲ့ အသိုင်း အဝိုင်းက ပြော ပါတယ်။၈၈ မျိုးဆက် ကျောင်းသူ တစ်ယောက် ဖြစ်တဲ့ မနီလာသိန်း ကိုတော့ သရက်ထောင် ကနေ သာယာဝတီ ထောင်ကို ပြောင်းရွှေ့ လိုက်ပြီလို့ သိရ ပါတယ်။
ကလေးမြို့ အကျဉ်း ထောင်မှာ ထောင်ဒဏ် ၆၃ နှစ် ကျခံ နေရတဲ့ ၂၀၀၇ သံဃာ့ လှုပ်ရှားမှု ခေါင်းဆောင် ဆရာတော် တပါး ဖြစ်သူ ဦးဂမ္ဘီရ ကိုလည်း ဗုဒ္ဓဟူးနေ့က ထောင် ပြောင်းလိုက် ပါတယ်။
သားဖြစ်သူ ပြန်လွတ်လာနိုးနဲ့ ကလေးမြို့ အကျဉ်း ထောင်မှာ သွားရောက် စောင့်စား နေတဲ့ ဆရာတော်ရဲ့ မိခင် ဒေါ်ရေးက သားဖြစ်သူကို ရန်ကုန် အင်းစိန် ထောင်ကို ပြောင်းရွှေ့ လိုက်တယ်လို့ ကြားရပြီး ဆက်စုံစမ်း ဦးမယ်လို့ ပြောပါတယ်။အခုချိန် ထိတော့ နိုင်ငံရေး အကျဉ်း သား တစ်ယောက်မှ ပြန်လည် လွတ်မြောက် လာတယ် လို့ မကြား ရသေး ပါဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့် အရေး ကော်မရှင်ကနေ ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူတွေကို ပြန်လွှတ် ပေးဖို့နဲ့ ပြန်မလွှတ် နိုင် သေးဘူး ဆိုရင်တောင် မိသားစု တွေနဲ့ နီးရာ ထောင်တွေဆီ ပြောင်းရွှေ့ ပေးဖို့ သမ္မတဆီ စာရေး ပန်ကြားခဲ့ပြီး မကြာခင်မှာပဲ အခုလို အကျဉ်းထောင် အရွှေ့ အပြောင်း သတင်းတွေ ကြားလာ ရတာ ဖြစ်ပါတယ်။
သူမဘဝ ရုပ်ရှင်ကားကို ကြည့်ရှုရန် သတ္တိ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝန်ခံ ။
ဒေါ်အောင်ဆန်းစုကြည်သည် သူမဘဝ အတ္ထုပ္ပတ္တိ အခြေခံ ရုပ်ရှင်ကား The Lady နိုဝင်ဘာ လကုန်တွင် ရုံမတင်မီ ဇာတ်ကားမိတ္တူ တစ်ခုပေးရန် ဒါရိုက်တာ လပ်ဘက်ဆန် အား ပြောကြားခဲ့ရာ ဒါရိုက်တာက ပေးပို့ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်က ဇာတ်ကား မိတ္တူပေးပို့မှုအတွက် ကျေးဇူး တင်ကြောင်း၊ သို့သော် မိမိ သည် ဇာတ်ကားကို မကြည့်ရ သေးကြောင်း လပ်ဘက်ဆန်အား ပြောကြားခဲ့ သည်။
The Lady ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်းနှင့် သူမ နေအိမ် အကျယ်ချုပ်ဖြင့် နေရစဉ် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည့် ခင်ပွန်း ဗြိသိသျှ အကယ်ဒမစ် ပညာရှင် မိုက်ကယ်အဲရစ် ၏ အကြောင်းကိုပါ ဖော်ပြထားသည်။The Lady ဇာတ်ကားကို ကြည့်ရှုခဲ့သည့် ဒေါ်အောင်ဆန်း စုကြည်၏ သားများအနက် တစ်ဦးက ဂျိမ်းစ်ဘွန်းမင်းသမီးဟောင်း မီရှဲယို ပါဝင် သရုပ်ဆောင်ထားသည့်ဇာတ်ကားအား ကြည့်ရှုပြီး အလွန်တရာ စိတ်လှုပ်ရှားမိ ကြောင်း ပြောပြသည်။
မစ္စတာဘက်ဆန်နှင့် အသက် ၄၈ နှစ်ရှိ ဟောလီးဝုဒ်ရုပ်ရှင် မင်းသမီးတို့ပါ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်တွင်တွေဆုံခဲ့ကြသည်။ ဒါရိုက် တာက ၄င်းသည်The Lady ဇာတ်ကားကို ထိုင်းနိုင်ငံတွင် ရိုက်ကူးခဲ့ကြောင်း၊ အင်းလျားကန်ဘေးရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်နှင့်တူစေရန် အသေးစိတ် ဖန်တီးရိုက်ကူးခဲ့ကြောင်း ပြောပြသည်။
Tomorrow Never Dies ဇာတ်ကားတွင် တရုတ်သူလျှိုတစ်ဦးအဖြစ် သရုပ် ဆောင်ခဲ့သော မီရှဲယိုသည် ဇွန်လတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံတွေ့ဆုံဖို့ မြန်မာနိုင်ငံသို့ လာရောက်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ မစ္စတာ ဘက်ဆန်သည် ၄င်း၏ဇာတ်ကား တိုးတက်မှုနှင့်ပတ်သက်ပြီး မက်ဆေ့ခ်ျပို့ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ ဘက်ဆန်က သူမက ကျွန်တော့်ကို ပြောပါတယ်။ ကျွန်မ သတ္တိရှိလာတဲ့အခါ ဇာတ်ကားကို ကြည့်ပါမယ်တဲ့ဟု ၄င်း၏ပရိသတ်ကို ပြောကြားခဲ့သည်။
မြန်မာ အနောက်ဘက် နယ်စပ် နတ်မြစ်မှ ရဟန်းတော် တစ်ပါး အလောင်းကို ဆယ်ယူ ရရှိ။
နတ်မြစ်အတွင်းမှ အမည်မသိ ရဟန်းတော် တစ်ပါး၏ အလောင်းတစ်လောင်းကို ဆယ်ယူရရှိပြီး ယခုအခါ အဆိုပါ အလောင်းကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ကော့ဘဇားဆေးရုံသို့ ပို့ဆောင် လိုက်ကြောင်း သတင်း ရရှိသည်။
ကော့ဘဇားမြို့မှ ကိုကျော်ငြိမ်းက " ဆရာတော် အလောင်းက အခု ကော့ဘဇားဆေးရုံကို ရောက်နေပါပြီ။ မြန်မာဘက်က ဆရာတော်လား၊ ဒီဘက်က ဆရာတော်လား ဆိုတာ သည်းကွဲစွာ မသိရသေးဘူး။ အာဏာပိုင်တွေက စုံစမ်း စစ်ဆေးနေတာကို တွေ့ရပါတယ်" ဟု ပြောသည်။
၎င်းပြင် သေဆုံးသူ ဆရာတော်၏ အလောင်းမှာ အနည်းငယ် ပုတ်ပွနေပြီ ဖြစ်ကြောင်း သူက ပြောသည်။
" သေဆုံးနေပေမယ့် သင်္ကန်းတွေပါ ပါလာတဲ့ အတွက် ဆရာတော် တစ်ပါး ဖြစ်တယ်ဆိုတာကို အသေအချာ သိရပါတယ်။ အခု အလောင်းကို ဆေးစစ်ဆေးချက် ယူဖို့ လုပ်နေပါတယ်" ဟု သူက ဆက်ပြောသည်။
အဆိုပါ ဆရာတော် အလောင်းအား ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်း ခေါင်းတုံးဘက် နတ်မြစ်အဖျားတွင် မျောပါနေစဉ် ဒေသခံများက အကြောင်းကြားသဖြင့် ဘင်္ဂလာဒေခ်ျ့ရဲနှင့် နယ်ခြားစောင့်တပ်ဖွဲ့မှ ဆယ်ယူခဲ့ပြီး ကော့ဘဇား ဆေးရုံသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အခုအခါ ဒေသခံ ရခိုင် ဗုဒ္ဓဘာသာများမှ သတင်းမေးမြန်းရန် ဆေးရုံ အနီးတ၀ိုက်တွင် စုရုံး ရောက်ရှိနေကြောင်း သိရသည်။ ဆရာတော် သေဆုံးရခြင်း အကြောင်း အရင်းကို သဲကွဲစွာ မသိရှိရသေးကြောင်း တခြား ရခိုင်လူငယ် တစ်ဦးက ပြောသည်။
Monday, November 14, 2011
မန္တလေးမှာ ဘုန်းတော်ကြီးများဆန္ဒပြမှု့နှင့်ဆိုင်သော အခြားသတင်းတပုဒ်။
နိုဝင်ဘာ ၁၅ ရက်ဒီနေ့မနက် ၆နာရီကစတင်ပြီး မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးဝန်းအတွင်းမှာရှိတဲ့ မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီးပေါ်မှာ သံဃာတော် ၅ပါးက ဦးဆောင်ပြီး ပြည်တွင်းစစ်ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးနဲ့ လွတ်လပ်စာဟောပြောခွင့်တွေပေးရေး တောင်းဆိုနေပါတယ်။
ဆရာတော်တွေကိုယ်တိုင် ဗိမာန်တော်ကြီးကို အတွင်းမှ ပိတ်ထားတာဖြစ်တဲ့အတွက် အတွင်းကိုဘယ်သူမှ ၀င်လို့မရပါဘူး ခုလက်ရှိအခြေနေမှာ မြတောင်တိုက်က ရွှေဝါ၀န်းကျောင်းဆရာတော်နဲ့ မစိုးရိမ်တိုက်က ဆရာတော်တို့ လာရောက်ဆွေးနွေးနေတယ်လို့ ဆန္ဒပြတဲ့အထဲမှာပါဝင်တဲ့ ဆရာတော်တပါးက မိန့်ပါတယ်။ 
ဆွမ်းကွမ်းအတွက်တော့ ခေါက်ဆွဲထုတ်တွေ ရေဗူးတွေယူဆောင်လာတာကြောင့် ဒီနေ့အဖို့တော့ မပူရဘူးလို့မိန့်ပါတယ်။ တောင်းဆိုချက်တွေ မရမချင်း တိုက်ပွဲဝင်သွားမယ်လို့ ဆရာတော် ၅ပါးလုံး တညီတညွတ်တည်း ဆုံးဖြတ်ချက်ချထားတယ်လို့ သိရပါတယ်။ ကျန်သံဃာများလည်း လာရောက်ပူးပေါင်းကြပါလို့ တိုက်တွန်းသွားပါတယ်ခင်များ
မန္တလေးမှာ ဘုန်းတော်ကြီးများဆန္ဒပြမှု့နောက်ဆက်တွဲ။
နေ့လည် (၁၂) နာရီတွင် ခေတ္တ ရပ်ဆိုင်းထားပြီး နေ့လယ် ၁ နာရီ ၁၅ တွင် ပြန်လည် စတင်မည်ဖြစ်သည်..။
နေ့လယ်ပိုင်းတွင် ဆန္ဒပြ သံဃာတော်များက ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းဆက် ဆွေးနွေးပြီး ဆွေးနွေးမှု ရလဒ်များကို ထုတ်ပြန်သွားမည်ဖြစ်သည်..။
သံဃာ့ နာယက ဆရာတော်ဘုရားများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှာလည်း ညှိနှိုင်း ဆွေးနွေးလျက်ရှိပြီး ဆွေးနွေးမှုမှာ နေ့လည် (၃)နာရီတွင် ပြီးစီးမည်ဖြစ်သည်။ မဟာမုနိဘုရားဝင်းအတွင်း ဆန္ဒပြမှု ဆက်လက်ဖြစ်မဖြစ်ကို အဆိုပါ ဆွေးနွေးပွဲ ရလဒ် အရ ပြောင်းလဲနိုင်ကြောင်း သိရသည်။
မန္တလေးမှာ ဘုန်းတော်ကြီးများဆန္ဒပြ။
နိုဝင်ဘာ ၁၅ ရက် နံနက် အာရုဏ်တက်ချိန် ၅း၃၀ နာရီခွဲလောက်က စတင်ပြီး မန္တလေးမြို့ ဘုရားကြီးဝင်း မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီးကို ပိတ်ထားလိုက်ပြီး အတွင်းမှာ သံဃာတော်တွေ စုဝေးဆန္ဒပြနေပါတယ်။
ပြည်တွင်းစစ်ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရရှိရေး အချက်သုံးချက်ကို ဦးတည် တောင်းဆိုနေကြတာဖြစ်ပါတယ်။ အကျဉ်းထောင်တွေအတွင်းမှာ ရှိတဲ့ ဘုန်းတော်ကြီးတွေကို ပြန်လွှတ်ပေးဖို့ကိုလဲ တောင်းဆိုနေကြပါတယ်။
ဗိမာန်တော်ကြီးကို အတွင်းမှ ပိတ်ထားတာဖြစ်တဲ့အတွက် သံဃာတော် ဘယ်နှပါး အတွင်းမှာ ဆန္ဒပြနေတာကို သတင်းမရရှိသေးပေမဲ့ လက်ကိုင်အသံချဲ့စက်ဟွန်းတွေနဲ့ တောင်းဆိုနေတာကို ကြားသိရပါတယ်။
အာဏာပိုင်တွေက ဆန္ဒပြဘုန်းကြီးတွေကို လာရောက်ညှိနှိုင်းနေတယ်လို့လဲ မန္တလေးမြို့ခံက ဘားမားဗီဂျေကို ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ရာထူးကြီးတခုယူဖို့ သမ္မတ ဦးသိန်းစိန်ကမ်းလှမ်း။
ဒေါ်အောင်ဆန်းစုကြည်ကို ရာထူးကြီးတခုခု ယူဖို့ သမ္မဦးသိန်းစိန်က ကမ်းလှမ်းထားတဲ့အကြောင်း Al Jazeera ရုပ်မြင်သံကြား သတင်းဌာနက ယမန်နေ့က လွှင့်ထုတ်သွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ရာထူးကြီးတခုခု ယူဖို့ အစိုးရက ကမ်းလှမ်းထားတဲ့အကြောင်း အဖွဲ့ချုပ် အရာရှိတဦးက Al Jazeera ရုပ်မြင်သံကြားဌာနကို ပြောတယ်လို့ Al Jazeera သတင်းထောက် Wayne Hay က ချင်းမိုင်မြို့ကနေ သတင်းပို့ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုရာထူးမျိုးကို သမ္မတ ဥိးသိန်းစိန်က ကမ်းလှမ်းထားသလဲဆိုတာကိုတော့ သတင်းထောက်က တိတိကျကျ ပြောမသွားပါဘူး။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို အမြင့်ဆုံး ပြည်ထောင်စုဝန်ကြီး ရာထူးထက်ပိုပီး အစိုးရက ကမ်းလှမ်းနိုင်စရာမရှိဘူးလို့ အာအက်အေ မြန်မာပိုင်း ရေဒီယိုကနေ မကြာခင်က ပြောသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သာ ပြည်ထောင်စုဝန်ကြီးရာထူးတခုခု လက်ခံမယ်ဆိုရင် အခြေခံဥပဒေအရ ပါတီခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရှိမှာမဟုတ်သလို လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကလဲ နှုတ်ထွက်ပေးရမှာ ဖြစ်ပါတယ်။
Sunday, November 13, 2011
နာရေးကူညီမှု့အသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူနှင့်ဇနီးအားဧမာနွေလဘုရားရှိခိုကျောင်းမှဂုဏ်ပြုဆုအပ်နှင်း။
ဂုဏ်ပြုဆုအဆောင်အယောင်များဝတ်ဆင်ထားသောဦးကျော်သူနှင့်ဇနီးဒေါ်မြင့်မြင့်ခင်ဖေ။ ဓါတ်ပုံ(ဒီမိုဝေယံ)
နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူနှင့်ဇနီး မမြင့်မြင့်ခင်ဖေတို့အား ဧမာနွေလ နှစ်ခြင်း ခရစ်ယာန် ဘုရား ရှိခိုးကျောင်းမှ( Doctor of Humane Social Services) ဆုချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဒုလပန်းခြံလမ်း ဆူးလေစေတီတော်နှင့် ရန်ကုန်မြို့တော်ခန်းမ အနီးရှိ ဧမာနွေလ နှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူနှင့်ဇနီး မမြင့်မြင့်ခင်ဖေတို့အား လူမှုရေးဆိုင်ရာ ဒေါက်တာဘွဲ့ (Doctor of Humane Social Services) ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်..။ အဆိုပါ အခမ်းအနားအား ယနေ့(၁၃.၁၁.၂၀၁၁)ညနေ ၄နာရီမှ ညနေ(၆)နာရီအထိ အဆိုပါ ဘုရားရှိခိုးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။
အန်တီစုရဲ့လွတ်မြောက်ခြင်းတနှစ်ပြည့်သတင်းစာရှင်းလင်းပွဲဖိတ်ကြားခြင်း။
(၁၃.၁၁.၂၀၁၁)တနလာင်္နေ့မှာ ကျရောက်မဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သန်းရွေခေါင်း ဆောင်တဲ့ စစ်အုပ်စုက မတရားဖမ်းဆီးချုပ်နှောင်ထားရာမှ ပြန်လည်လွတ်မြောက်လာခြင်း တနှစ်ပြည့်အထိမ်း အမှတ်အနေနဲ့ လူထုခေါင်းဆောင်မှ သတင်းစားရှင်းလင်ပွဲတရပ်ကို အောက်ပါအစီ အစဉ်အတိုင်း ပြုလုပ်သွား မှာဖြစ်ကြောင်း သိရပါတယ်။
ဘဏ်ချေးငွေဖြင့် တိုက်ခန်း ဝယ်ယူနိုင်တော့မယ်ဆိုဘဲ။
မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များ၏ ချေးငွေဖြင့် တိုက်ခန်းများကို ဝယ်ယူနိုင်တော့မည် ဖြစ်ကြောင်း  ဆောက်လုပ်ရေး လုပ်ငန်း သတင်းရပ်ကွက်မှ  သတင်းရရှိသည်။ ယင်းသို့ တိုက်ခန်းများ ဝယ်ယူရာတွင် Hire Purchase အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်ပြီး နိုင်ငံတကာတွင် ကျင့်သုံးသည့် စနစ်အတိုင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဆောက်လုပ်ရေးကတော့ ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်ထားပါတယ်။ ခြောက်နှစ်ကြာ အရစ်ကျစနစ်နဲ့ ရောင်းပေးမယ်။ ဥပမာ အခန်းတစ်ခန်းကို ကျပ်သိန်း ၁၅၀ တန်တယ်ဆိုရင် ဘဏ်အတိုးနှုန်းဖြင့် တိုက်ခန်းတန်ဖိုး သုံးပုံတစ်ပုံကို အရင်ဆုံး ပေးသွင်းရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ငွေကို လစဉ်ပေးသွားရမှာ ဖြစ်တယ်။ ခြောက်နှစ်ထိ ကြာနိုင်ခွင့်ရှိတယ်။ ကျန်ငွေက ကျပ်သိန်း ၁၀၀ ဆိုရင် ကျပ်သိန်း ၁၀၀ ကို ခြောက်နှစ်ဆပ်ရမယ့် သဘောကို ပြောတာပါ” ဟု Shine ဆောက်လုပ်ရေး၏ တာဝန်ရှိသူက ၂-၁၁-၂၀၁၁ ရက်တွင် ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလကပင် အဆိုပါ Hire Purchase စနစ်ကို အသုံးပြုနိုင်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိကဘဏ်များ အနေဖြင့် တိုက်ခန်းများအပြင် လျှပ်စစ်ဆက်သွယ်ရေးနှင့် အိမ်သုံးပစ္စည်း၊ လယ်ယာသုံးပစ္စည်း စသည်တို့ကို ဝန်ဆောင်မှု ပေးခဲ့ပြီးနောက် ယခုကဲ့သို့ တိုက်ခန်းများ ဝယ်ယူမှုကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
မော်တော်ကား Show Room များ ပေါ်လာပြီးနောက် မော်တော်ကားများကိုလည်း အဆိုပါစနစ်ဖြင့် ဝယ်ယူနိုင်စေရန် ဘဏ်များက ဝန်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။ တိုက်ခန်း ဝယ်ယူလိုသူများ အနေဖြင့် မိမိတို့ ကုမ္ပဏီကဖြစ်စေ၊ ဆောက်လုပ်ရေး ကုမ္ပဏီက ဖြစ်စေ အာမခံပေးရမည် ဖြစ်ကြောင်း၊ ယခုအခါ AGD ဘဏ်က အဆိုပါ အစီအစဉ်ကို စတင်တော့မည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေး အကျဉ်းသားဟောင်း သံဃာတော်များ သိက္ခာထပ်ပွဲ ကျင်းပ ။
အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော် ၁၂ ပါးအတွက် သိက္ခာထပ်၊ သိမ်တက် မင်္ဂလာပြုပွဲ အခမ်းအနားကို ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မကွေးပရိယတ္တိစာသင်တိုက် မှာ ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက် မနက် ၉ နာရီက ကျင်းပရာမှာ ပရိသတ် တထောင်နီးပါး တက်ရောက်တယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော်များအား သိမ်ထပ်မင်္ဂလာ ပြုလုပ်သော အခမ်းအနားနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်အား သူရသတ္တိရွှေတံဆိပ်ဆု ချီးမြှင့်သည့် အခမ်းအနားကို ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ဒဂုံမြို့သစ်အရှေ့ပိုင်း မကွေး ပရိယတ္တိ စာသင်တိုက်တွင် ကျင်းပစဉ်။
ဒီအခမ်းအနားနဲ့ ပတ်သက်ပြီး ပွဲစီစဉ်သူတဦးဖြစ်တဲ့ ဒေါ်နော်အုံးလှက အခုလို ပြောပြပါတယ်။
“မနက် ၉ နာရီခွဲကျော်မှာ သိမ်ဆင်းလောင်းပြီးတော့ ၁ဝ နာရီကျော်မှာ အခမ်းအနား စပါတယ်။ အခမ်းအနားဖွင့်၊ ငါးပါးသီလ ခံယူ၊ ပရိတ်တရားနာပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေ အတွက်၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးအတွက် ဆုတောင်းပွဲ လုပ်ပါတယ်”
သိက္ခာထပ်ခံ ရဟန်းတော်တွေထဲမှာ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်း အဖမ်းခံခဲ့ရတဲ့ သံဃာတော်တွေနဲ့ ၁၉၉ဝ သပိတ်မှောက် ကံဆောင်ပွဲမှာ ပါဝင်ခဲ့တဲ့ သက်တော် ၉၆ နှစ်ရှိ ရွှေဘုံးပွင့်ဘုရားကျောင်း ဆရာတော် ဦးသြဘာသနဲ့ ဦးဝိစိတ္တ တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။ အဲ့ဒီ အခမ်းအနားမှာပဲ အကျဉ်းကျနေဆဲ နိုင်ငံရေးအကျဉ်းသားတွေ မိသားစု ၄၃ စုအတွက် စာအုပ်စာတမ်း၊ အင်္ကျီနဲ့ တခြားပစ္စည်းတွေ လှူဒါန်းတဲ့ပွဲကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ အခမ်းအနားမှာ မကွေး ပရိယတ္တိ စာသင်တိုက်ဆရာတော် ဦးပါမောက္ခက ရွှေတကျပ်သားနဲ့ ထုလုပ်ထားတဲ့ ခွပ်ဒေါင်းပုံပါ “သူရသတ္တိဆု” တံဆိပ်ကို NLD ခေါင်းဆောင် ဦးဝင်းတင်ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ဦးဝင်းတင်ဟာ ၁၉၈၈ အရေးတော်ပုံ ကာလက စပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မဆုတ်မနစ် အားသွန်ဆောင်ရွက်ခဲ့ပြီး ကိုယ်တိုင်လည်း နှစ်ရှည် ထောင်ဒဏ် ကျခံခဲ့ရတဲ့အပြင် ထောင်က လွတ်မြောက်လာချိန်မှာလည်း NLD အဖွဲ့ချုပ်မှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တာဝန်တွေကို ဆက်လက်ဆောင်ရွက်နေကြောင်း၊ အဲဒီလို စွဲစွဲမြဲမြဲ သတ္တိရှိရှိ လုပ်တဲ့အတွက် အခုလို “သူရသတ္တိဆု” ကို ချီးမြှင့်တာဖြစ်ကြောင်း စာသင်တိုက်ဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။
အစီအစဉ် နောက်ဆုံးအနေနဲ့ ဆရာတော် ဦးပါမောက္ခက အနုမောဒနာ တရားချီးမြှင့်ပြီး သိက္ခာထပ် သိမ်တက်မင်္ဂလာပြုပွဲကို နေ့လည် ၁၂ နာရီမှာ ရုတ်သိမ်းခဲ့ပါတယ်။ ဒီအခမ်းအနားကို နိုင်ငံရေး အကျဉ်းသား မိသားစုတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ မျိုးဆက်ဟောင်း မျိုးဆက်သစ် ကျောင်းသားတွေ အပါအဝင် အလွှာအသီးသီးက နိုင်ငံရေး အင်အားစုတွေ တက်ရောက်တယ်လို့ သိရပါတယ်။
ဒီနေ့ကျင်းပတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း သံဃာတော်များ သိက္ခာထပ်ပွဲနဲ့ ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
ရခိုင်ပြည်နယ်၊ မင်းပြား မြို့မဈေးတခုလုံး မီးလောင် သိန်းပေါင်း သောင်းချီ၍ ဆုံးရှုံး။
ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ယနေ့(နိုဝင်ဘာလ ၁၂ရက်နေ့) ညနေ ၇နာရီ အချိန်ခန့်တွင် မီးလောင်မှုတခုဖြစ်ပွါးခဲ့ရာ မင်းပြားမြို့မဈေးကြီးတခုလုံးမှာ မီးလောင်ပြာကျသွားကြောင်း သိရသည်။
မီးလောင်ကျွမ်းပုံနှင့် ပတ်သက်ပြီး ဈေးအနီးအနားတွင် နေထိုင်သူ ဒေသခံအမျိုးသမီးတဦးက ယခုကဲ့သို့ ပြောသည်။
"ဈေးမီးလောင်တယ်လို့ စသိရတာက ညနေ ၇နာရီလောက် ရှိမယ်ထင်ပါတယ်။ မီးအားကပြင်းတော့ ဘယ်လိုမှ ငြိမ်းမရပါဘူး။ အခု(ည ၁၀နာရီ ဒေသစံတော်ချိန်)ထိ မီးက လောင်းကျွမ်းနေတုန်းပါပဲ။ ဈေးကြီးတခုလုံးလည်း ပြာကျသွားပါပီ။"
မည်ကဲ့သို့ စတင်လောင်ကျွမ်းသည်ကိုမူ သူမအနေဖြင့် အတိအကျမသိရှိကြောင်းလည်း ပြောသည်။
"ဘယ်လို စတင်လောင်ကျွမ်းတယ်ဆိုတာကတော့ ကျမလည်း အတိအကျမပြောတတ်ပါဘူး။ လူတွေကတော့ အမျိုးမျိုးပြောနေကြတာပါပဲ။ ကျမတို့လည်း ဈေးနဲ့ နီးတယ်ဆိုတော့ အိမ်မှာရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီး လူတွေ ဘေးလွတ်ရာကို ပြေးလွားနေရင်း မသိလိုက်ပါဘူး။ မီးသတ်ကား ရောက်လာခဲ့လား မရောက်လာခဲ့ဘူးလား ဆိုတာတောင် ကျမတို့ မသိလိုက်ပါဘူး။ အခုတော့ ဈေးကြီးတခုလုံး ပြာကျသွားပါပြီ။" ဟု ဆက်ပြောသည်။
မည်ကဲ့သို့ မီးစတင်လောင်ကျွမ်းသည်ကို အတိအကျပြေဆိုရန် ခက်ခဲ့သော်လည်း လျှပ်စစ်ပစ္စည်း ရောင်းဝယ်သည့် ဆိုင်တဆိုင်မှ စတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု တခြား ဒေသခံတဦးက ဆိုသည်။
"လျှပ်စစ်ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တဆိုင်က စလောင်တာပါ။ ဘယ်လို လောင်ကျွမ်းတာလဲ့တော့ မသိပါဘူးခင်ဗျား။ ဈေးက တခုလုံးနီးပါး လောင်ကျွမ်းသွားပါတယ်။ အကောင်းစားရော အညံ့စားရော အဝတ်အထည်ရောင်းတဲ့ ဆိုင်တန်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တန်းတွေ၊ ငါးခြောက်တန်းတွေ၊ စက်အင်ဂျင်တွေနဲ့ စက်ပစ္စည်းအပိုပစ္စည်းရောင်းတဲ့ ဆိုင်တန်းတွေ အကုန်းလုံး လောင်ကျွမ်းသွားပါတယ်။ အိုးဆိုးခွက်ဆိုးတွေ ရောင်းဝယ်တဲ့ ဆိုင်ခန်းတွေပဲ ကျန်ခဲ့ပါတယ်။ ဈေးထဲမှာက ဓာတ်ဆီ၊ ဒီဇယ် အရောင်းဆိုင်တို့ ရှိတယ်ဆိုတော့ မီးလောင်ကျွမ်းအားကောင်းသွားတာပေါ့။"
အဆိုပါ ဈေးကြီးမှာ မင်းပြားမြို့၏ အဓိက မြို့မဈေးကြီးဖြစ်ပြီး ဈေးတခုလုံး လောင်ကျွမ်းသွားသောကြောင့် ကာလပေါက်ဈေးတန်ဖိုးအားဖြင့် အနည်းဆုံး သိန်းပေါင်း တသောင်းခန့် ရှိနိုင်ကြောင်း မြို့ခံများအပြောအရ သိရှိရသည်။
မင်းပြားမြို့ မီးသတ်ဌာနသို့ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။
နိုင်ငံရေး အကျဉ်း သားတွေ ထပ်လွှတ် မည်။
ပြီးခဲ့တဲ့ အောက်တိုဘာလ က နိုင်ငံရေး အကျဉ်းသား တွေ ပြန်လွတ်ပေး ရာ မှာ ကိုဇာဂနာ အပါဝင် ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသား အချို့  ပြန်လည် လွှတ်ပေး ခဲ့ ပေ မယ့် နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် သာ ပါတဲ့ အတွက် ကန့် ကွက် မှု ဝေဖန်မှု  တွေ ပေါ်ထွက် ခဲ့ ပါတယ်။
လတ်တလေ ဟာဝိုင်ယီ မှာ ကျင်းပ နေတဲ့ အာရှ-ပိစိဖိတ် အစည်း အဝေး မှာ အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီး ဟီလာရီ ကလင်တန် က မြန်မာ နိုင်ငံ မှာ စစ်မှန် တဲ့ အပြောင်းအလဲ တွေ ဖြစ်လာ ဖို့  အတွက် ဒီထက် ပို လုပ် ရမယ် လို့  ပြောခဲ့ ပါတယ်။ နောက် သူမ က မြန်မာ ပြည်သူ အားလုံး တိုင်း ပြည် ရဲ့  နိုင်ငံရေး မှာ ပါဝင် နိုင် ဖို့  မျှော် လင့် တယ် လို့  ဆိုပါတယ်။
ဒီနေ့  တနင်္ဂနွေ နေ့ ထုတ် ကြေးမုံ သတင်း စာမှာလည်း မြန်မာ စိုးရ က ဖွဲ့  စည်းထား တဲ့ လူ့ အခွင့် အရေး ကော်မရှင် က နိုင်ငံရေး အကျဉ်းသား တွေ ကို လွှတ်ပေး ဖို့  တောငး ဆို ခဲ့ ပါတယ်။
မြန်မာ ပြည်ရဲ့  အာဆီယံ ဥက္ကဌ နေရာကို ဒေသတွင်း နိုင်ငံ တွေ က မဆုံး ဖြတ် ခင် အတွင်း မှာနဲ့ အမေရိကန် သမ္မတ အိုဘားမား တက် ရောက် မယ့် အင်ဒိုနီးရှား ဘာလီ ကျွန်း က အာဆီယံ အစည်းအဝေး မစ ခင် မှာ နိုင်ငံ ရေး အကျဉ်းသား တွေ လွှတ်ပေး မယ် ဆိုတဲ့ ဒီကြေငြာချက် ကို ထုတ် ပြန်လိုက်တာ ဖြစ်ပါတယ်။
NLD ရွေးကောက်ပွဲဝင်ရေးအပေါ် ဦးဝင်းတင်အမြင်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ ပါတီ မှတ်ပုံတင်ရေးကိစ္စနဲ့ပတ်သက်လို့ ဘာမှ ပြောစရာမရှိပေမဲ့ ရွေးကောက်ပွဲဝင်ရေး ကိစ္စကိုတော့ အများကြီး စဉ်းစားရလိမ့်မယ်လို့ NLD ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။ ရွေးကောက်ပွဲဝင်ရေး ကိစ္စဟာ ၂၀၀၈ အခြေခံဥပဒေအပေါ် သဘောထားနဲ့ သက်ဆိုင်တယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
NLD ပါတီ မှတ်ပုံတင်ရေးကိစ္စနဲ့ တပါတည်း ပါတီရွေးကောက်ပွဲ ၀င်သင့်မ၀င်သင့် ဆိုတဲ့ အကြောင်းအရာတွေက မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ အခုတလော အတော်လေး လူပြောများလာနေတဲ့ ကိစ္စပါ။ ဒီကိစ္စကို NLD ဗဟိုကော်မီတီဝင်တွေ စည်းဝေးထိုင်ပြီးမှ ဆုံးဖြတ်မှာဖြစ်ပေမဲ့ ပါတီမှတ်ပုံတင်ရေး ကိစ္စအတွက် ဘာမှ အငြင်းပွားစရာ မရှိပေမဲ့ မှတ်ပုံတင်ပြီး နောက်ဆက်တွဲဖြစ်လာမယ့် ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးဆိုတဲ့ကိစ္စကတော့ အများကြီး စဉ်စားကြရမယ်လို့ ဗဟိုကော်မီတီဝင်တစ်ဦးဖြစ်သူ ဦးဝင်းတင်က သူ့သဘောထားကို အခုလို ထုတ်ဖော် ပြောဆိုလာတာပါ။
“ဒီကိစ္စက အပိုင်းနှစ်ပိုင်းရှိတယ်လို့ ကျနော် ယူဆတယ်။ တစ်ပိုင်းက မှတ်ပုံတင်ရေးကိစ္စ၊ တစ်ပိုင်းက ရွေးကောက်ပွဲဝင်ရေးကိစ္စပေါ့။ ရွေးကောက်ပွဲဝင်ရေးကိစ္စနဲ့ ပတ်သက်လာပြီဆိုရင်တော့ အတော်ကို စဉ်းစားရမယ့်ကိစ္စတွေ၊ စဉ်းစားစရာတွေ၊ မေးခွန်းထုတ်စရာတွေ၊ ဒွိဟ သံသယတွေ တော်တော်များများ ပေါ်နိုင်လိမ့်မယ်လို့ ထင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲဝင်တဲ့ကိစ္စက ကျနော်တို့က ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ကျနော်တို့ လက်ခံသလား၊ လက်မခံဘူးလား ဆိုတဲ့ဟာနဲ့ စဉ်းစားရမယ့်ဟာကိုး။ ဒါကတစ်ချက်။ နောက်တစ်ချက်က ကျနော်တို့တွေ ၀င်သွားမယ့်လွှတ်တော်ဆိုတော့ နေရာဒေသကလည်း ဘာပဲပြောပြော ၂၀၀၈  အခြေခံဥပဒေလွှမ်းမိုးနေတဲ့ နေရာဒေသဖြစ်တဲ့အခါကျတော့ ကျနော်တို့ အဲဒီလွှတ်တော်ထဲကို ၀င်သွားဖို့အတွက် ရွေးကောက်ပွဲ ၀င်ကြမယ်ဆိုတဲ့ကိစ္စမှာ ကျနော်တို့ ပါတီဝင်ထုကြားထဲမှာ အများကြီး စဉ်းစားတဲ့သူတွေ ဒွိဟ သံသယတွေ ပေါ်နိုင်တယ်လို့ ကျနော်ထင်တယ်။”
ရွေးကောက်ပွဲဝင်ရေးကိစ္စအတွက် ပါတီတွင်းမှာ ကွဲလွဲတဲ့ အယူအဆတွေ ရှိနိုင်တာကြောင့် သူ့အနေနဲ့ အခုလို ပြောတာဖြစ်တယ်လို့ ဦးဝင်းတင်က ဆက်ပြောပါတယ်။
“ကျနော် ပြောနိုင်တာတစ်ခုကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီ မှတ်ပုံတင်ကိစ္စရော၊ ရွေးကောက်ပွဲဝင်ရေး ကိစ္စရောမှာ သေချာတာတစ်ခုကတော့ ကျနော်တို့မှာ ကွဲလွဲတဲ့အယူအဆတွေ၊ ကွဲလွဲတဲ့ အမြင်တွေ၊ သဘောထားတွေ၊ ရပ်တည်ချက်တွေ၊ တောင်းဆိုချက်တွေ စသည်ဖြင့် အများကြီး ကွဲလွဲမှုတွေ ရှိနိုင်တယ်။ ဒါ သေချာတယ်။ ဒါကို ကျနော်တို့ ဘာမှငြင်းစရာမလိုဘူး။ သို့သော် အဲဒီကွဲလွဲမှုတွေ အားလုံးကို ကျနော်တို့ ပါတီရဲ့ အစဉ်အလာရှိတဲ့အတိုင်းပဲ ဆုံးဖြတ်ချက်မှာတော့ ကျနော်တို့ပါတီဟာ တညီတညွတ်တည်း ဆုံးဖြတ်နိုင်တဲ့အစဉ်အလာအတိုင်းပဲ ဆုံးဖြတ်လိမ့်မယ်လို့ ကျနော်ကတော့ ထင်မြင်တယ်ဗျာ။”
ပါတီမှတ်ပုံတင်ရေးကိစ္စနဲ့ပတ်သက်လို့ မကြာခင်ရက်ပိုင်းအတွင်း ဗဟိုကော်မီတီ စည်းဝေးထိုင်ပြီး ဆုံးဖြတ်ဖို့ရှိတယ်ဆိုတာ သိရပေမဲ့ ဘယ်နေ့ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။
၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီများ မှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေစဉ်းမျဉ်းတွေအပေါ် သဘောမတူတဲ့အတွက် NLD က မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပေမဲ့ အခု အဲဒီဥပဒေတွေကို ပြီးခဲ့တဲ့လကုန်ပိုင်းအတွင်း ပြင်ဆင်ဖို့ လွှတ်တော်က ဆုံးဖြတ်ပြီး သမ္မတက လက်မှတ်ထိုးလိုက်ပြီ ဖြစ်တာကြောင့် ပါတီမှတ်ပုံတင်ရေး ကိစ္စအတွက်တော့ အလွယ်တကူ ဆုံးဖြတ်ချက် ကျနိုင်လိမ့်မယ်လို့ ဦးဝင်းတင်က ပြောပါတယ်။
“မှတ်ပုံတင်ရေးကိစ္စနဲ့ပတ်သက်လို့ကတော့ ကျနော်တို့တွေ အရင်တုန်းက ၂၀၁၀ တုန်းက ငြင်းဆန်ခဲ့တဲ့ ပါတီမှတ်ပုံတင်ခြင်း ဆိုတဲ့နေရာမှာ ရွေးကောက်ပွဲဥပဒေအရ သတ်မှတ်ထားတဲ့ စည်းကမ်းတွေပေါ့ဗျာ၊ စကားလုံးတွေ သက်သာအောင်လုပ်ပေးတဲ့ သက်သာပျော့ပြောင်းတဲ့ ပေါ့ဗျာ စည်းကမ်းချက်များ ဖြစ်တဲ့အတွက် ကျနော် ထင်တယ်၊ ကျနော်တို့ ပါတီဝင်ထုတွေကြားထဲမှာ ဒီကိစ္စက သိပ်ပြီးတော့ ပြဿနာရှိလိမ့်မယ်လို့ ကျနော် သိပ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တွေက ဒီမိုကရေစီပါတီ ဖြစ်တယ်၊ တောခိုမယ့်ပါတီလည်း မဟုတ်ဘူးဗျာ၊ မြေသျှိုးမယ့်ပါတီလည်း မဟုတ်ဘူးဆိုတဲ့အခါကျတော့ ကျနော်တို့ဟာ ဒီမိုကရေစီပါတီပီပီ ဥပဒေဘောင်အတွင်းမှာ နေချင်ကြတာပေါ့။”
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် ပြောပြခဲ့တာပါ။
ပြည်နယ်တိုင်းတွေမှာရှိတဲ့ NLD အဖွဲ့ဝင်တွေက လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဗွီအိုအေ မြန်မာပိုင်းကို ပြောပြခဲ့တဲ့ သဘောထားတွေအရကတော့ မှတ်ပုံတင်ရေးကိစ္စအတွက် ပါတီဝင်အများစုက ယေဘုယျအားဖြင့် သဘောတူကြပေမဲ့ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးဆိုတဲ့ကိစ္စအပေါ်မှာ သဘောထားကွဲပြားမှုတွေ ရှိနေတယ် ဆိုတာကို ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။
Wednesday, November 9, 2011
ရုပ်ရှင်ဇာတ်ကားတိုပြိုင်ပွဲ မူလအစီအစဉ်အတိုင်း လုပ်ဆောင်မည်။
ဟာသသရုပ်ဆောင် ကိုဇာဂနာနဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ ပူးပေါင်းပြီး လွတ်လပ်မှုကိုဖော်ကျူးတဲ့ ရုပ်ရှင်ဇာတ်ကားတို ပြိုင်ပွဲတစ်ရပ် လွတ်လပ်ရေးနေ့မှာ ကျင်းပဖို့ စီစဉ်နေကြောင်း အာရ်အက်ဖ်အေက ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။
လွတ်လပ်ခြင်း အနုပညာပွဲတော်လို့ အမည်ပေးထားတဲ့ အဲဒီပြိုင်ပွဲကို ၂၀၁၂ခု ဇန်န၀ါရီလ ၁ ရက် ကနေ ၄ ရက် အထိ ကျင်းပမှာ ဖြစ်ပြီး ဆုရဇာတ်ကားတွေကို ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက် မြန်မာ့အလင်း သတင်းစာမှာတော့ မြန်မာ့ရုပ်ရှင်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့်နဲ့ ကိုဇာဂနာတို့ တွေ့ဆုံခဲ့ပုံနဲ့ လွတ်လပ်ခြင်း အနုပညာပွဲတော်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဇာတ်ကားတွေကို ဆင်ဆာ လုပ်ထုံးလုပ်နည်းနဲ့ အညီ ကူညီ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြိုင်ပွဲဝင် ဇာတ်လမ်းတိုတွေကို ဆင်ဆာတင်ပြဖို့ အစီအစဉ် ရှိမရှိ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကို မေးမြန်းရာမှာ-
“ကျွန်တော်တို့ ပြောင်းလဲဖို့ လုံးဝရှိမှာ မဟုတ်ပါဘူး။ သတင်းစာ ရှင်းလင်းပွဲနေ့က ကိုသူရ ပြောတဲ့အတိုင်းပါပဲ။ ဆင်ဆာဩဇာ တစ်ခုခု သက်ရောက်တဲ့ ရုပ်ရှင်ပွဲတော် ဖြစ်လာမှာ မဟုတ်ပါဘူး”
လွပ်လပ်ခြင်း အနုပညာ ရုပ်ရှင်ဇာတ်လမ်းတို ပြိုင်ပွဲကို မူလအစီအစဉ်အတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပေမဲ့ ပွဲမစခင် အကြိုနေ့မှာတော့ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိ လူကြီးတွေကို ဖိတ်ကြားဖို့ အစီအစဉ် ရှိနိုင်ကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောကြားပါတယ်။
ဦးဝင်းတင်ကို “သူရသတ္တိ” ရွှေတံဆိပ်ဆု ချီးမြှင့်မည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သော ဦးဝင်းတင်အား ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင် တိုင်းပြည်အတွက် အနစ်နာခံ လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ မကွေး ပရိယတ္တိကျောင်းတိုက် ဆရာတော်မှ “သူရသတ္တိ” ရွှေတံဆိပ်ဆု ပေးအပ်မည်ဟု သိရသည်။
ပြည်တွင်းတွင် ပထမဦးဆုံးအကြိမ် ပေးအပ်ခံရမည့် “သူရသတ္တိ” ရွှေတံဆိပ်ဆုမှာ ရင်ထိုးအမျိုးအစားဖြစ်ပြီး အလေး ချိန် တကျပ်သားရှိ ရွှေပြားပေါ်တွင် “သူရသတ္တိ” ဟူသော စကားလုံးနှင့် “ခွပ်ဒေါင်းပုံ” ပါဝင်သည်။ ယင်းဆုကိုလည်း ဆရာတော်တဦးတည်းမှ အကုန်အကျခံသော ဆုတံဆိပ်ကို နိုဝင်ဘာ ၁၂ ရက်နေ့တွင် ပေးအပ်မှာ ဖြစ်သည်။
အခမ်းအနားကို ကျောင်းတိုက်တည်ရှိရာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ၁ ရပ်ကွက်၊ အနော်ရထာလမ်းတွင် ကျင်းပ မည်ဖြစ်ကာ တဆက်တည်းပင် စက်တင်ဘာ သံဃာ့ အရေးအခင်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် သံဃာတော်များအား ပြန်လည် သိက္ခာထပ်ပွဲကို ပူးတွဲကျင်းပမည် ဖြစ်သည်။
“ဒီမိုကရေစီသွားတဲ့ နေရာမှာ အကွေ့အကောက်၊ အတိမ်းအစောင်း၊ အကြောက်အရွံ့မရှိပဲနဲ့ ဦးဝင်းတင်ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရဲရဲဝင့်ဝင့်ဖြင့် ရင်ဆိုင်သွားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲဒါကြောင့် ဘုန်းကြီးက ဦးဝင်းတင်ကို ရွေးချယ်ရခြင်း ဖြစ်ပါတယ်” ဟု မကွေး ပရိယတ္တိကျောင်းတိုက် ဆရာတော် အရှင်ပါမောက္ခက မဇ္ဈိမကို မိန့်သည်။
“ခွပ်ဒေါင်းဆိုတဲ့ သဘောတရားက မဟုတ်ရင် ဘယ်သူ့ကိုမှ မခံဘူး။ သူက အကုန်လုံး ခွပ်ပြီးတော့ သတ်မယ်ဆိုတဲ့ သဘောတရားကို ဆောင်တယ်။ မဟုတ်တဲ့နေရာမှာ ခွပ်ဒေါင်းဟာ သူ့အပေါ်မှာ ကျရောက်လာတဲ့ အန္တရာယ် မှန်သမျှကို အကုန်လုံး တိုက်ခိုက်နိုင်တဲ့ စွမ်းရည်သတ္တိ ရှိပါတယ်။ ဦးဝင်းတင်ကလည်း အဲဒီလို ခွပ်ဒေါင်းရုပ်နဲ့ ခွပ်ဒေါင်း စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်မို့လို့” ဟု ဆရာတော်က ဆက်လက်မိန့်ဆိုသည်။
အသက် ၈၁ နှစ်အရွယ် ဦးဝင်းတင်မှာ သတင်းစာသမား ဘဝမှပင် တိုင်းပြည်နှင့် ပြည်သူ့အကျိုးအတွက် တစိုက် မက်မက် လုပ်ဆောင်ခဲ့သည့် အပြင် နိုင်ငံရေးသမားဘဝတွင်လည်း ဒီမိုကရေစီ ပေါ်ထွန်းရေး အတွက် NLD နှင့်အတူ စိုက်လိုက်မက်တပ် လုပ်ဆောင်ခဲ့သည်။
အတိုက်အခံနိုင်ငံရေး လှုပ်ရှားမှုကြောင့် ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် ဖမ်းဆီးခံခဲ့ရကာ ၁၉ နှစ်ကျော်ကြာပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။
“အန်ကယ် ဦးဝင်းတင်က တကယ့်ကို ယုံမှားသံသယ မရှိကောင်းတဲ့ တကယ့်ဒီမိုကရက်တစ် တယောက် ဖြစ်တယ်။ ပုဂ္ဂိုလ်ရေး ဘဝအရပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီရေး ခံယူချက်အရပဲ ဖြစ်ဖြစ် လူထုနဲ့ တသားတည်း ရှိပြီးတော့ ဒီကနေ့ အချိန်အထိ မားမားမတ်မတ် ရပ်တည်နေတဲ့အတွက် သူဟာ ဒီဆုနဲ့ ပတ်သက်ပြီး ထိုက်တန်တဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တယ်” ဟု နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက် တာဝန်ခံ ကိုအောင်ဇော်ထွန်းက မဇ္ဈိမကို ပြောသည်။
ဦးဝင်းတင်မှာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့မှ ပေးအပ်သည့် Guillermo Cano ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ရေးဆု - Guillermo Cano World Press Freedom Prize၊ ကမ္ဘာ့သတင်းစာများ အသင်း၏ လွတ်လပ်ရေး အတွက် ရွှေကလောင်ဆု - Newspapers' Golden Pen of Freedom နှင့် နယ်စည်းမခြား သတင်းထောက်များဆု - Winner of Reporters Without Border များ ချီးမြှင့် ခံထားရသူလည်း ဖြစ်သည်။
ဆုပေးပွဲကို တခမ်းတနားဖြင့် မလုပ်ပေးစေလိုကြောင်း ဦးဝင်းတင်က အကြောင်းပြန်ခဲ့သည်ဟု သွားရောက် အကြောင်းကြားခဲ့သူ ကိုအောင်ဇော်ထွန်းက ပြန်ပြောပြသည်။
သိက္ခာထပ်ပွဲကို နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်၊ အင်္ဂါဝတ်ပြုဆုတောင်း အဖွဲ့နှင့် ဒီမိုကရေစီ အင်အားစုများက စုပေါင်းပြုလုပ်ခြင်းဖြစ်ကာ လက်ရှိတွင် သိက္ခာထပ်မည့် သံဃာတော် ၂၄ ပါး ရှိပြီဟု သိရသည်။ ယင်းအပြင် ပွဲသို့ လာရောက်မယ့် အကျဉ်းကျခံ မိသားစုများအတွက် စာအုပ်စာတမ်းနှင့် အခြားထောက်ပံ့ရေး ပစ္စည်းများကို ကူညီသွားမည် ဖြစ်သည်။
ရန်ကုန်မြို့ပတ်ရထားခ ၁၀ ဆတက်။
ရန်ကုန်မြို့တွင်းနဲ့ဆင်ခြေဖုံးမြို့နယ်တွေကို ပြေးဆွဲနေတဲ့ မြို့ပတ်ရထားခနှုန်းတွေကို နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး ၁၀ ဆတိုးမြှင့်လိုက်တယ်လို့မြန်မာ့မီးရထားဌာနကတာဝန်ရှိသူတဦး ကပြောပါတယ်။
ရန်ကုန်မြို့တွင်းနဲ့ဆင်ခြေဖုံးမြို့နယ်တွေကို ပြေးဆွဲနေတဲ့ မြို့ပတ်ရထားခနှုန်းတွေကို နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး ၁၀ ဆတိုးမြှင့်လိုက်တယ်လို့မြန်မာ့မီးရထားဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။
မြို့ပတ်ရထားခ လူတဦးလျှင် ၁၀ ကျပ်သတ်မှတ်ထားရမှ ကျပ် ၁၀၀ ထိ တိုးမြှင့်လိုက်တာဖြစ်ပြီး လက်မှတ် တစောင်ဝယ်ယူထားရင် အသွားအပြန် စီးနိုင်မယ်လို့သိရပါတယ်။
ရထားခတိုးမြှင့်ရတဲ့ကြောင်းရင်းနဲ့ပတ်သက်ပြီး ရန်ကုန်ဘူတာကြီးက အဆင့်မြင့် အရာရှိတဦးက ခုလို ပြောပါတယ်။
“ဆီဈေး ၁၅၀ တုန်းက သတ်မှတ်ထားတဲ့ နှုန်းထားတွေလေ။ အခုကျတော့ ဆီဈေး ၃၀၀၀ ကျော်သွားပြီလေ။ အဲဒါကြောင့် အရမ်းရှုံးတော့တာပေါ့။ တကယ်တမ်းကျတော့ ကျနော်တို့က ၃ ဆပဲ တက်သွားတာလေ။ ဆီဈေးက အဆ ၂၀ တက်သွားတာ။ အရှုံးကာမိသွားတာပေါ့။ နည်းနည်းကာမိအောင် လုပ်ရတာ။”
မြန်မာ့မီးရထားဌာနဟာ ရန်ကုန်မြို့ပတ်ရထားကို နေ့စဉ် နံနက် ၄နာရီကနေ ည ၁၀ နာရီအထိ တနေ့ကို မြို့ပတ်ရထားတွဲအစီးရေ ၂၀ ကျော်နဲ့ခေါက်ရေ ၂၀၀ ခန့် ပြေးဆွဲနေပြီး တနေ့ကို ခရီးသည်ပေါင်း ၁ သိန်းကျော်လောက် စီးနင်းအသုံးပြုတာပါ။
ရထားခတွေ ခုလိုတိုးမြှင့်လိုက်တဲ့အပေါ် ဆင်ခြေဖုံးနဲ့ မြို့သစ်တွေမှာ နေထိုင်သူတွေ၊ အထူးသဖြင့် ဈေးနှုန်းသက်သာတဲ့ မြို့ပတ်ရထားကို အားထားပြီး ခရီးသွားနေကြတဲ့ လက်လုပ်လက်စား ဆင်းရဲသားတွေရဲ့ ဝင်ငွေထိခိုက်နစ်နာဖို့ရှိနေတယ်လို့ခရီးသည်တွေကပြောပါတယ်။
မြို့ပတ် ရထားစီးခရီးသည်တဦးဖြစ်တဲ့ ဦးသုဝေက “အမှန်ကတော့ ဒီလို မြို့ပတ်ရထားတို့ဆိုတာ အစိုးရ အဆက်ဆက်ပေါ့ဗျာ။ အရင် အင်္ဂလိပ်ခေတ်ကတည်းက စပြီးတော့ ဆင်းရဲတဲ့ လူထုအတွက်ကို တမင်ကို လျှော့ပြီးတော့ ထားပေးရတာ။ အခုမှ တခါတည်း ၁၀ ဆတိုးလိုက်တယ်ဆိုတော့ လူတွေက နည်းနည်း ညည်းနေကြပြီ ဘယ်လိုလုပ်ရမယ် မပြောတတ်ဘူး” လို့ပြောပါတယ်။
ဒါပေမယ့် မြို့ပြင်ကနေ ရန်ကုန်မြို့ထဲကို ခရီးသွားရင် ဘတ်စကားခ အနည်းဆုံး ကုန်ကျစရိတ် အသွားအပြန် ကျပ် ၅၀၀ လောက် ရှိနေတာမို့ခုလို ရထားခတွေ ကျပ် ၁၀၀ တိုးသွားပေမယ့် ရထားစီးသူ အရေအတွက် လျော့ကျသွားဖွယ်တော့ မရှိဘူးလို့ ဆိုပါတယ်။
အလားတူ ရန်ကုန်နဲ့အခြားမြို့တွေကိုပြေးဆွဲနေတဲ့ စာပို့ရထား၊ လော်ကယ်ရထား စတဲ့ အခြေခံလူထုတွေ အသုံးပြုနေတဲ့ ရထားခတွေလည်း ၃ ဆ တိုးမြှင့်လိုက်ပါတယ်။ ဒါပေမယ့် ရန်ကုန်-မန္တလေး အထူးအမြန်ရထားခကတော့ ၂ ဆလောက်ပဲ တက်သွားပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ မြို့ပတ်ရထားကို အရှုံးခံပြေးဆွဲ ပေးနေတာ ဖြစ်ပြီး လောင်စာဆီဖိုးဟာ ရထားပြေးဆွဲဖို့ကုန်ကျစရိတ်ရဲ့ တဝက်ကျော် ရှိကြောင်းနဲ့လူတဦး ရထားစီးတိုင်း ၅၅ ကျပ် အစိုးရက ရှုံးနေတယ်လို့ ဩဂုတ်လကုန်က စာနယ်ဇင်းတွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့ဖူးပါတယ်။
မြို့ပတ်ရထားအတွက် လစဉ်ကုန်ကျစရိတ် ကျပ်ငွေ ၂၆၁ သန်းရှိပြီး ဝင်ငွေက ၄၂ သန်းရှိတယ်လို့လည်း မြန်မာ့မီးရထားက သတင်းထုတ်ပြန်ထားပါတယ်။
တဖက်မှာလည်း ရန်ကုန်မြို့ပတ်ရထားကို ပုဂ္ဂလိကလက် လွှဲပြောင်းလုပ်ပိုင်ခွင့် ပေးမယ်လို့ သတင်းတွေထွက်နေတာ လအတန်ကြာရှိနေပြီဖြစ်ပေမယ့် အကောင်အထည်ဖော် ဆောင်ရွက်တာ မတွေ့ရသေးပါဘူး။