မြစ်ဆုံရေကာတာ တည်ဆောက်မှုနှင့် ပတ်သက်၍ နိုင်ငံတကာ ပညာရှင်များနှင့်ပြန်လည်   သုတေသန ပြုလုပ်ရန်နှင့် သုတေသန ပြုလုပ်နေစဉ်အတွင်း စီမံကိန်းများ    ရပ်ဆိုင်းထားရန် အတွက် စင်္ကာပူရောက် မြန်မာများက လက်မှတ်ထိုး တောင်းဆိုရေး    လှုံ့ဆော်မှုများ ပြုလုပ်လျက် ရှိသည်။
မြန်မာနိုင်ငံ၌ ၈၈   မျိုးဆက်ကျောင်းသားများမှ ဦးဆောင်ပြုလုပ်နေသည့်  "ဧရာဝတီ ထာဝရ   ရှင်သန်လိုသူများ" လက်မှတ်ထိုး တောင်းဆိုမှုအား  ထောက်ခံပံ့ပိုးသည့်  အနေဖြင့်  လမ်းပြကြယ် စာကြည့်တိုက်မှ ကမကထပြု၍  သြဂုတ်လ  ၁၆ ရက်နေ့တွင်  စတင်ခဲ့ခြင်း  ဖြစ်သည်။
ရေအားလျှပ်စစ် မီဂါဝပ် ၆,၀၀၀  ထုတ်လွှတ်ပေးနိုင်မည့်  “မြစ်ဆုံ ရေကာတာ  စီမံကိန်း” အရ မေခမြစ်  အပိုင်းတွင်တာ ငါး ခု၊ မလိခမြစ်မှာ  နှစ်ခု ပိတ်ရမည်  ဖြစ်ပြီး မြစ်ဆုံဆည်  နယ်မြေ အကျယ်အဝန်းမှာ စတုရန်း မိုင်  ၁၈,၀၀၀ ရှိသည်။  ဆည်အမြင့်မှာ ၁၅၂  မီတာ (ပေ ၅၀၀) နှင့် အထက်၊  ရေလှောင်ကန်အမြင့်မှာ ၂၉၉   မီတာ (ပေ ၉၈ဝ)  ရှိကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး  ကွန်ယက်အဖွဲ့ KDNG က  ထုတ်ပြန်ထားသည်။
ရွှေ့ပြောင်းခံရသည့်  လူဦးရေများမှာ ၁၅, ၀၀၀ ခန့်နှင့် ရေသိုလှောင်မှု အကျယ်အဝန်းမှာ  စင်္ကာပူနိုင်ငံထက် ကျယ်သည့် မြစ်ဆုံရေကာတာ စီမံကိန်းဆည်နှင့်   ရေလှောင်ကန် တည်ဆောက်မှုကြောင့် ရေလွှမ်းမိုး နစ်မြုပ်ခံရမည့် နေရာ    အကျယ်အဝန်းသည် စင်္ကာပူနိုင်ငံထက် ကျယ်ပြီး စီမံကိန်းကြောင့်    ရွှေ့ပြောင်းခံရမှုက လူဦးရေ ၁၅,၀၀၀ ခန့်အထိ ထိခိုက် နစ်နာဖွယ် ရှိနေသည်ဟု    ယင်းအဖွဲ့က ထောက်ပြထားသည်။
“အခုလက်ရှိတောင်မှ သောင်  တအားထွန်းနေပြီ။  တကယ်လို့သာ အဓိက  ရေဝင်နှုန်းဖြစ်တဲ့ မြစ်ဆုံကို  ပိတ်လိုက်မယ် ဆိုရင်  ဧရာဝတီက ဒီထက်မက  ရေခန်းသွားတော့မယ်။” ဟု  ဦးဆောင်ခဲ့သူ စင်္ကာပူနိုင်ငံရှိ  လမ်းပြကြယ်  စာကြည့်တိုက်မှ ကိုညီညီမျိုးက  ပြောသည်။
ပြီးခဲ့သည့်  တနင်္ဂနွေနေ့ကလည်း  ပင်နင်ဆူလာပလာဇာနှင့်  မြန်မာအများစုနေထိုင်သော  ရပ်ကွက်များတွင် ဆည်  တည်ဆောက်မှုကြောင့်  ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ  ဖော်ပြထားသည့်  လက်ကမ်းစာစောင်များကို  ဖြန့်ဝေခဲ့ကြသည်။
"လူတိုင်းကို လိုက်စကားပြောပြီး ဝေတဲ့အခါကျတော့မှသာ လူတော်တော်များများဟာ 'သြော် ဒါမျိုးတွေ ဖြစ်နေလား၊သြော် ဒါမျိုးတွေ ဖြစ်နိုင်လား' ဆိုပြီးတော့ တအံ့တသြနဲ့ အများကြီးတွေ့ရတယ်” ဟု ကိုညီညီမျိုးက ဆိုသည်။
စင်္ကာပူတွင်  မြန်မာအလုပ်သမားပေါင်း တသိန်းခန့်ရှိကြောင်း   ခန့်မှန်းထားကြစဉ်  လက်ရှိအချိန်အထိ လက်မှတ် ၃ဝဝ ကျော်သာ ကောက်ခံရရှိသေးရာ   လုံခြုံရေးကြောင့်  နည်းပါးခြင်း ဖြစ်သည်ဟု ကင်ပိန်းလှုံ့ဆော်သူများကထောက်ပြကြသည်။
မြစ်ဆုံရေအားလျှပ်စစ်   စီမံကိန်း အစပျိုးစဉ်ကပင် မြန်မာအစိုးရ အဆက်ဆက်သည်  မိမိတို့၏   အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ရန် ပျက်ကွက်ခဲ့သည်ဟူသော    ကချင်အမျိုးသားတို့၏ ခံယူချက်များ ပိုမိုနက်ရှိုင်းလာခဲ့ပါသည်” ဟု    ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်မှတ်များကို   စက်တင်ဘာလ ၁၇၊ ၁၈ ရက်များတွင် စင်္ကာပူရှိ မြန်မာသံရုံး  အပါအဝင်   တရုတ်သံရုံးသို့ ပေးပို့ သွားမည့် အပြင် ပြည်တွင်းရှိ    လှုပ်ရှားနေသူများထံလည်း မိတ္တူများ ပေးပို့မည် ဖြစ်သည်။ စက်တင်ဘာလ ၅ ရက်နေ့    ကလည်း ကချင်ပြည်နယ် မိုးညှင်းမြို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး    ဆွေးနွေးပွဲတခုကို ဗေဒါကျောင်းဆင်းများဖြင့် ဖွဲ့စည်းထားသည့်   မိုးညှင်းသားများ ကွန်ယက်အဖွဲ့မှ  ဦးဆောင်ပြုလုပ်ခဲ့ကြောင်း ဗေဒါကျောင်းမှ   ဆရာဦးမြင့်ဦးက ဆိုသည်။
ဆွေးနွေးပွဲတွင် မြစ်ဆုံရေကာတာ   ဆိုးကျိုးများနှင့် ပတ်သက်၍  ရန်ကုန်မြို့ရှိ ဗေဒါကျောင်းသင်တန်းမှ   ကိုမျိုးရန်နောင်သိန်းက  ဟောပြောခဲ့ပြီး အမျိုးသား ဒီမိုကရေစီ  အဖွဲ့ဝင်များ၊  တိုင်းရင်းသား  ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများမှ  လူဦးရေ ၂၀၀ ကျော်   တက်ရောက်ခဲ့သည်ဟု သိရသည်။
No comments:
Post a Comment