ကမ္ဘာပေါ်ရှိ ရွှေနှင့် ပလက်တီနမ်သတ္တုရိုင်း (ရွှေဖြူ) အားလုံးသည် လွန်ခဲ့သည့် နှစ်ပေါင်း လေးဘီလီယံကျော်အတွင်းက အာကာသအပြင်ဘက်မှ ကြီးမားသော ဥက္ကာခဲကြီးများ ကမ္ဘာပေါ်သို့ကျဆင်းလာရာမှ စတင်တည်ရှိခဲ့ခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင်များက စက်တင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ သိပ္ပံပညာရှင်များ၏အဆိုအရ ကမ္ဘာမြေကြီး၏အတွင်း၌ ရှိသော ရွှေနှင့် ရွှေဖြူ ပမာဏသည် ကမ္ဘာ့မြေမျက်နှာပြင်တစ်ခုလုံးအား လေးမီတာအထူရှိသည့် ရွှေသားအလွှာနှင့် ဖုံးအုပ်ရန် လုံလောက်လျက်ရှိသည်ဟု သိရသည်။ ကမ္ဘာမြေကြီး စတင်ဖွဲ့စည်းချိန်၌ အပူကြောင့် အရည်ပျော်နေသည့် သံများသည် ကမ္ဘာမြေကြီး၏အတွင်းပိုင်းသို့ စိမ့်ဝင်သွားရာတွင် ၄င်းတို့နှင့်အတူ ရွှေများကိုပါ တစ်ပါတည်းသယ်ဆောင်သွားခဲ့ကြသည်။ နှစ်သန်းပေါင်း ၂၀၀ ကြာမြင့်ပြီးနောက်တွင်လည်း တန်ချိန် ၂၀ ဘီလီယံရှိသည့် ရွှေနှင့် ရွှေဖြူအပါအ၀င် ဥက္ကာခဲများသည် ကမ္ဘာမြေပေါ်သို့ ကျဆင်းလာခြင်းဖြစ်ကြောင်း ဗြိတိန်နိုင်ငံ ဘရစ်စတိုတက္ကသိုလ်မှ ဘူမိဗေဒပညာရှင်များက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သိပ္ပံပညာရှင်များသည် ကမ္ဘာကြီးစတင်ဖွဲ့စည်းချိန်က ဖြစ်ပေါ်ခဲ့သည့် ဂရင်းလန်းဒ်ရှိ ကျောက်တုံးနမူနာများကို စမ်းသပ်လေ့လာခဲ့ရာ ၄င်းကျောက်ခဲများတွင် ယခုခေတ် သာမန်ကျောက်တုံးများထက် အလွန်အပူခံနိုင်သည့် တန်စတင် သတ္တုဒြဒ်စင် ပါဝင်မှု အချိုးအစား အနည်ငယ်မြင့်မားလျက်ရှိကြောင်း တွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် ယနေ့ခေတ်တွင် တွေ့ရသည့် ကျောက်တုံးများသည် ကမ္ဘာမြေပေါ်သို့ ကျဆင်းလာခဲ့သည့် ဥက္ကာခဲများမှ ဖြစ်ပေါ်လာခဲ့ပြီး ရွှေနှင့် ရွှေဖြူသိုက်များသည် အာကာသအပြင်ဘက်မှ ကမ္ဘာမြေပေါ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သုတေသနလုပ်ငန်းအား ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည့် ဒေါက်တာ မက်သီးယက်ဝဲဘိုးဒ်က ပြောကြားခဲ့သည်။
No comments:
Post a Comment