ဧရာဝတီမြစ်နှင့် သဘာဝဂေဟစနစ်များကို ပျက်စီးသွားစေမည့် အကြီးစားစီမံကိန်းကို ပြန်လည်စဉ်းစား သုံးသပ်ရန် မေတ္တာရပ်ခံတောင်းဆို နေကြသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများနှင့် တိုင်းရင်းသားအုပ်စုများအား ဒီမိုကရေစီ လိုလားသော ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က အင်အားဖြည့် ပူးပေါင်းလိုက်ပြီ ဖြစ်သည်။
ဧရာဝတီမြစ်ပေါ်မှ ရေလှောင်တမံစီမံကိန်းကို အမျိုးသားရေးအကျိုးစီးပွားနှင့် နိုင်ငံတကာ သဟဇာတဖြစ်မှုတို့ဖြင့် ပြန်လည် ချိန်ညှိသုံးသပ် စစ်ဆေးရန် မြန်မာနှင့် တရုတ်အစိုးရများကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်က ဧရာဝတီစီးဆင်းမှုကို မိမိတို့နိုင်ငံ၏ အရေးယူ အထင်ရှားဆုံး ပထဝီဝိသေသ လက္ခဏာဟု ခေါ်ဝေါ် ပြောဆိုခဲ့ သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စုများ၊ ကချင်တိုင်းရင်းသားများနှင့် ဧရာဝတီမြစ်ဝှမ်းတလျှောက် နေထိုင်သူ ဒေသခံများက “ကချင်ပြည်နယ်ရှိ မြစ်ဆုံ မြန်မာ-တရုတ် ရေအားလျှပ်စစ် စီမံကိန်းသည် ဒေသခံကျေးလက်ပြည်သူများကို အိုးမဲ့အိမ်မဲ့ ဖြစ်စေမည့် အပြင် အရေးကြီးသော စားနပ်ရိက္ခာ ရင်းမြစ်ဒေသ၏ သဘာဝဂေဟစနစ်ကို ကမောက်ကမ ဖြစ်စေလိမ့်မည်” ဟု ပြောကြားလျက် ရှိသည်။
ကချင်ပြည်နယ်၏ ရင်နှစ်သည်းချာဒေသတွင် တရုတ်တို့ ဆောက်လုပ်နေသော ဒေါ်လာ ၃.၆ ဘီလျံ ရေလှောင်တမံ စီမံကိန်းသည် စင်ကာပူနိုင်ငံ အရွယ်ပမာဏရှိသော ဧရိယာကို ရေလွှမ်းသွားစေလိမ့်မည် မျှော်လင့်ရသည်။ မြန်မာအစိုးရက တရုတ်နိုင်ငံသို့ လျှပ်စစ်စွမ်းအင် မည်ရွေ့ မည်မျှ ရောင်းချမည်ဆိုသည်ကို ပြောကြားခြင်းကား မရှိသေးပါ။
စီမံကိန်းအတွက် နေရာဖယ်ပေးရသော ကျေးရွာပေါင်း ၆၃ ရွာမှ ဒေသခံပြည်သူ ၁၂၀၀၀ ခန့်ကို နေရာပြန်လည် ချထားပြီးဖြစ်သော်လည်း မျှတသည့် လျော်ကြေး ရရှိခြင်း ရှိ/မရှိကိုမူ တိကျစွာ မသိရဟု ဒေါ်အောင်ဆန်းစုကြည်က သူမ၏ မေတ္တာရပ်ခံလွှာတွင် ဖော်ပြထားသည်။ အစိုးရကမူ ကျေးရွာ ၅ ရွာမှ လူပေါင်း ၂၁၄၆ ဦးမျှသာ နေရာရွှေ့ပေးရသည်ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ မြောက်မြားစွာသော တိုင်းရင်းသားအုပ်စုများသည် ယင်းတို့၏ ဒေသများရှိ သယံဇာတများကို ပိုမို ထိန်းချုပ်နိုင်ရေးနှင့် ပိုမို လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် ဆယ်စုနှစ်များစွာ ပြောက်ကျားစစ် ဆင်နွှဲကာ တိုက်ပွဲဝင်လျက်ရှိကြသည်။ ပြီးခဲ့သောလအတွင်းက အင်အား ၈၀၀၀ ကျော်ရှိသော ကချင်စစ်တပ်နှင့် မြန်မာအစိုးရ စစ်တပ်များအကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့ပြီး ယင်းပဋိပက္ခသည် တရုတ်တို့ လာရောက် တည်ဆောက်နေသော ရေလှောင်တမံများ၊ အကြီးစားစီမံကိန်းများနှင့် ဆက်စပ်နေသည်ဟု သိရှိရသည်။
No comments:
Post a Comment