ဗိုလ်ချုပ်မှူးကြီး  သန်းရွှေမိသားစု ဦးစီး ထီးတော်တင်ပြီး  မကြာမီ  ပြိုကျသွားသော  ရန်ကုန်မြို့ပြင်ရှိ သမိုင်းဝင် ဓနုတ်စေတီ ပြန်လည်   တည်ဆောက်ရန် အလှူငွေ  အများအပြား လိုအပ်နေသဖြင့် ရွှေတိဂုံဘုရားတွင်   အလှူခံလျက်ရှိသည်။သို့သော်လည်း အလှူငွေ အနည်းငယ်သာ ရသေးသည်ဟု ဓနုတ်စေတီဂေါပကအဖွဲ့ ထံမှ သိရသည်။ 
 “စေတီတော်ကြီးပြန်တည်ဖို့ လိုတာက ကျပ်သိန်းပေါင်း ၁၃၀၀၀  လိုတယ်။ အခု   ရွှေတိဂုံမှာ အလှူခံနေပါတယ်။ တနေ့ကို သုံးသိန်းလောက် ရတယ်။  ဒါပေမဲ့လည်း   လိုအပ်တဲ့ အလှူငွေကို ရဖို့ နှစ်ပေါင်းများစွာ အလှူခံရမလို  ဖြစ်နေတယ်” ဟု   အလှူခံရာတွင်ပါဝင်သည့် ဂေါပကအဖွဲ့  ၀င်တဦးက ပြောသည်။
ဒလမြို့နယ်ရှိ  ဓနုတ်စေတီကြီး ပြိုကျပြီး ၂ နှစ်ခွဲကျော်  အကြာတွင်  ဒေသခံများနှင့်  ဘုရားဂေါပကအဖွဲ့က ပြန်လည် တည်ဆောက်ရေး အလှူငွေ  စတင်   ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။
ဒလမြို့နယ်ဒေသခံတဦးက  “စေတီ  ပြန်တည်ဖို့ မြေတိုင်းတာတွေဘာတွေကိုတော့ ရွှေသံ လွင်ကုမ္ပဏီက  လုပ်ပါတယ်။  သို့သော်လည်း ကုမ္ပဏီဘက်ကလည်း  သိပ်ပြီးတော့ တက်တက်ကြွကြွ  မရှိဘူး။  ဘယ်အချိန်မှ စေတီကြီး  ပြန်တည်နိုင်မလဲ ဆိုတာ တိတိကျကျ ရေရေရာရာ  မရှိဘူး” ဟု   ဆိုသည်။
၂၀၀၉  ခုနှစ် မေလ ၇ ရက်နေ့က  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ဇနီး  ဒေါ်ကြိုင်ကြိုင်  ဦးစီးပြီး ထီးတော်  တင်လှူခဲ့သော ဓနုတ်စေတီကြီးသည် ၂၃  ရက်အကြာတွင်  ပြိုကျခဲ့သည်။ 
 ယခုနှစ် မတ်လကုန်ပိုင်းက စစ်အစိုးရအဖွဲ့ကို  ဖျက်သိမ်းပြီးနောက်   ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် မိသားစု၏  လှုပ်ရှားမှုများကို   အစိုးရမီဒီယာများတွင် ဖော်ပြခြင်း မရှိတော့ပေ။ 
သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဓာတ်ပုံကို အစိုးရ၀န်ကြီးရုံးများ အပါအ၀င် ဌာနဆိုင်ရာများတွင် ချိတ်ဆွဲထားဆဲဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုက စေတီမပြိုကျမီ မွမ်းမံပြင်ဆင်မှု၊ ထီးတော်တင်မှုတို့တွင် ပါဝင်ခဲ့သော်လည်း ယခု ပြန်လည် တည်ဆောက်ရေး အစီအစဉ်တွင် ပါဝင်လှူဒါန်းမှု မပြုလုပ်တော့ကြောင်း သိရသည်။
ဓနုတ်စေတီပြိုကျမှုတွင် လူ ၂၀ ထက် မနည်း သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။
အစိုးရ၏ ထုတ်ပြန်ချက်တွင်မူ သေဆုံးသူ ၂ဦး၊ ဒဏ်ရာရသူ ၃၄ ဦး ရှိသည်ဟု ဖော်ပြခဲ့သည်။
စေတီကို မူလပုံစံအတိုင်း ဖြစ်စေရန် တည်ဆောက်ရာမှ မျှော်မှန်းမထားသည့် ၀န်ပိုများ ရှိခဲ့ကြောင်း၊ မိုးမကျမီ ပြင်ဆင်မှုလုပ်ငန်း အပြီးသတ်ရန် ကြိုးစားရာတွင် အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ ရှိခဲ့ကြောင်း စသည်ဖြင့် စေတီ ပြိုကျရသည့် အကြောင်းရင်းကို အစိုးရက ထုတ်ပြန်ခဲ့သည်။
ဓနုတ်စေတီကြီးကို သာသနာ သက္ကရာဇ် ၂၄၀ ပြည့်နှစ်တွင် သထုံမင်း စူဠသီရိမာသောက အထောက်အပံ့ ဖြင့်တည်ထားခဲ့ကြောင်း၊ ဒုန္နိဂ္ဂဟ စေတီ ဟူသော ဘွဲ့အမည် တွင်ခဲ့ပြီး နောင်တွင် ဓနုတ်စေတီဟု ပြောင်းလဲလာကြောင်း ဘုရားသမိုင်းတွင် ဖော်ပြထားသည်။
 
စေတီကြီးကို  ဗညားဦး၊ သုတသောမ ရာဇဓိရာဇ်၊  ရှင်စောပု၊ ဓမ္မစေတီ၊  တပင်ရွှေထီး၊  ဘုရင့်နောင်၊ သာလွန်မင်း၊ မင်းရဲကျော်ထင်၊  ဘိုးတော်မင်းတရား  စသည့် မွန်၊  မြန်မာ ဘုရင် အဆက်ဆက်က ပြုပြင်  ကိုးကွယ်ခဲ့ကြောင်း  မှတ်တမ်းများတွင်  ဖော်ပြထားသည်။
No comments:
Post a Comment